ကျမ်းစာများ
မောဇိယ ၈


အခန်းကြီး ၈

အမ္မုန်သည် လင်မဟိ၏​လူမျိုးတို့ကို သွန်သင်၏—သူသည် ယာရက်​အမျိုး၏​ပုရပိုက်ပြား နှစ်ဆယ် လေးပြား​အကြောင်းကို သိရ၏—ရှေးမှတ်တမ်းများကို မြင်သော​သူတို့​အားဖြင့် ဘာသာပြန်နိုင်၏—မြင်သော​သူဖြစ်ရခြင်းထက် ကြီးမြတ်သော​ဆုကျေးဇူး​မရှိ။ ဘီစီ ၁၂၁ ခန့်။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လင်မဟိ​မင်းကြီးသည် သူ၏​လူမျိုးတို့အား ပြောဆိုခြင်းကို လက်​စသတ်လေပြီးနောက်၊ များစွာသော​အရာတို့ကို ဟောပြောသဖြင့်၊ ထိုအရာတို့မှ အနည်းငယ်တို့ကို​သာလျှင်၊ ဤကျမ်း၌ ငါရေးထား၏။ သူသည် မိမိလူမျိုးတို့အား၊ ဇရဟင်မလပြည်​ရှိ သူတို့​ညီအစ်ကိုများနှင့်​စပ်လျဉ်းသည့် အရာ​ခပ်သိမ်းတို့ကို ပြောပြ၏။

သူသည် အမ္မုန်ကိုလည်း လူအစုအဝေး၏​ရှေ့၌ ရပ်စေ၍၊ ဇေနိဖ်​ထိုပြည်မှ ထွက်သွားသည့်​အချိန်မှ​စ၍၊ သူကိုယ်တိုင် ထိုပြည်မှ​ထွက်ခဲ့သည့်​အချိန်ထိ​တစ်လျှောက်လုံး၊ သူတို့၏​ညီအစ်ကိုများ၌ ဖြစ်ပျက်ခဲ့​လေသည်များကို ပြောပြစေ၏။

အမ္မုန်သည် ဗင်္ယာမိန်​မင်းကြီး​ထိုသူတို့ကို သွန်သင်ခဲ့သည့် နောက်ဆုံးသော​စကားများကိုလည်း ပြောပြခဲ့ပြီး၊ ထိုစကားများကို လင်မဟိ​မင်းကြီး၏​လူမျိုးတို့အား ရှင်းပြခဲ့​သည်မှာ၊ သူပြောသည့် စကား​ခပ်သိမ်းတို့ကို သူတို့​နားလည်နိုင်​ကြစေခြင်းငှာ​ပေတည်း။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဤအရာ​ခပ်သိမ်းကို သူပြုလေ​ပြီးနောက်၊ လင်မဟိ​မင်းကြီးသည် လူအစု​အဝေးကို ပြန်ခွင့်ပေး၍၊ လူတိုင်းကို ကိုယ့်အိမ်ကိုယ် ပြန်စေခဲ့၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူသည် မိမိတို့ ဇရဟင်မလပြည်ကို စွန့်ခွာခဲ့သည့်​အချိန်မှ​စ၍၊ သူ၏​လူမျိုးတို့​အကြောင်း မှတ်တမ်းများ​ပါရှိသော ပုရပိုက်ပြားများကို၊ အမ္မုန်​ဖတ်နိုင်​စေခြင်းငှာ ရှေ့သို့ ယူလာစေ၏။

ယခုတွင်၊ မှတ်တမ်းကို အမ္မုန်​ဖတ်၍ ပြီးလျှင်ပြီးချင်း၊ ဘာသာစကားများကို အနက်ဖွင့်​နိုင်ခြင်း​ရှိမရှိ မင်းကြီးက မေးလျှင်၊ အမ္မုန်က သူမဖွင့်​နိုင်ကြောင်း ပြော၏။

မင်းကြီးကလည်း သူ့ကို ဆိုသည်ကား၊ ငါ့လူမျိုးတို့၏​ဆင်းရဲ​ဒုက္ခများကြောင့်၊ ငါသည် ဝမ်းနည်း​ပူဆွေးလျက်၊ ငါ၏​လူလေးဆယ့်သုံးယောက်ကို တောရိုင်းထဲသို့​ခရီးသွားစေသည်မှာ၊ ထိုသို့​အားဖြင့်၊ ဇရဟင်မလ​ပြည်ကို သူတို့တွေ့​ရှိကြ​စေခြင်းငှာနှင့်၊ ငါတို့ကို ကျွန်ခံရာမှ ကယ်လွှတ်ရန် ငါတို့​ညီအစ်ကိုများထံ တောင်းဆိုနိုင်​စေခြင်းငှာ​ပေတည်း။

သူတို့သည်လည်း တောရိုင်းထဲ၌ ရက်ပေါင်းများစွာ​ကြာအောင် ပျောက်ဆုံးကြ၏။ သို့သော်လည်း၊ သူတို့သည် လုံ့လဝီရိယ​ရှိ၍၊ ချောင်း၊ များစွာသောရေများ​ရှိသည့် ပြည်၌ ခရီးသွားခဲ့​ကြလေပြီးနောက်၊ လူသေနှင့် သားရဲ​အသေတို့၏ အရိုးများနှင့်​ဖုံးလွှမ်းထားသည့်၊ ထို့အတူ၊ အမျိုးမျိုးသော အဆောက်​အအုံတို့၏ ပြိုပျက်ရာများနှင့်လည်း ဖုံးလွှမ်းထားသည့်​ပြည်ကို ရှာဖွေတွေ့​ရှိလေပြီးနောက်၊ ဣသရေလ​အမျိုး၏​ဗိုလ်ခြေတို့​ကဲ့သို့ပင်၊ အမြောက်အမြား​ရှိလှသော လူမျိုးတို့​နေထိုင်ခဲ့​လေသည့်​ပြည်ကို ရှာဖွေတွေ့​ရှိလေပြီးနောက်၊ ဇရဟင်မလ​ပြည်ကို တွေ့ခြင်း​မရှိဘဲ ဤပြည်သို့ ပြန်လာခဲ့ကြ၏။

သူတို့​ပြောလေသည့်​အရာများ​မှန်ကန်သည့်​အကြောင်း၊ သက်သေခံ​အဖြစ်၊ ရေးထွင်းခြင်းများနှင့် ပြည့်သော​ပုရပိုက်ပြား နှစ်ဆယ်လေးပြားကို ယူဆောင်​လာကြလေ၏။ ထိုပုရပိုက်ပြားများသည် ရွှေစင်​ဖြစ်၏။

၁၀ ရှုဦးလော့၊ သူတို့သည် ကြီးမားသော ရင်အုပ်​တန်ဆာများကိုလည်း ယူဆောင်​လာကြလေ၏။ ထိုအရာတို့​သည်ကား၊ ကြေးနီ၊ ကြေးဝါများ​ဖြစ်၍၊ စုံလင်စွာ​ကောင်းမွန်၏။

၁၁ ထိုမှတစ်ဖန်၊ သူတို့သည် ဓားများကို​ယူဆောင်​လာခဲ့ကြ၏။ ဓားရိုးသည် ပျက်စီး၍၊ ဓားသွားမှာ သံချေးလှိုက်စား​လျက်ရှိ၏။ ပုရပိုက်ပြားများပေါ်​ရှိ ထိုဘာသာစကား၊ သို့မဟုတ်၊ ရေးထွင်းခြင်းများကို အနက်ဖွင့်​နိုင်သောသူ တစ်ဦး​တစ်ယောက်မျှလည်း၊ ဤပြည်၌​မရှိ။ ထို့ကြောင့်၊ သင် ဘာသာပြန်နိုင်​သလောဟု ငါမေး၏။

၁၂ သင့်ကို ငါတစ်ဖန်​ဆိုသည်မှာ၊ ဘာသာပြန်​နိုင်သောသူ တစ်စုံ​တစ်ဦးကို သင်သိသလော။ အကြောင်းမူကား၊ ဤမှတ်တမ်းများကို ငါတို့၏​ဘာသာစကားသို့ ဘာသာပြန်စေရန် ငါအလို​ရှိ၏။ ဤမှတ်တမ်းများသည် ၎င်းတို့ဖြစ်လာရာအရပ်မှ ဖျက်ဆီး​ခံရလေသူ ကျန်ကြွင်းသော​လူမျိုးတို့​အကြောင်း သိခြင်းကို ပေးကောင်း​ပေးပေလိမ့်မည်။ သို့မဟုတ်၊ ဖျက်ဆီး​ခံရလေသည့် ထပ်တူ​ထပ်မျှ​ဖြစ်သော ဤလူမျိုးတို့​အကြောင်း​သိခြင်းကို ပေးကောင်း​ပေးပေလိမ့်မည်။ သူတို့​ပျက်စီးခြင်း၏​အကြောင်း​ရင်းကိုလည်း ငါသိလို၏။

၁၃ ယခုတွင်၊ အမ္မုန်ဆိုသည်ကား၊ အို အရှင်မင်းကြီး၊ ထိုမှတ်တမ်းများကို ဘာသာပြန်နိုင်သည့် သူတစ်ဦးကို အကျွန်ုပ်​အမှန်​ပြောနိုင်ပါ၏။ အကြောင်းမူကား၊ ရှေးကျသော မှတ်တမ်း​အားလုံးတို့ကို ကြည့်၍ ဘာသာပြန်နိုင်သည့်​အရာ​တစ်ခု ထိုသူ၌​ရှိ၏။ ထိုအရာ​သည်ကား၊ ဘုရားသခင်ထံမှ ဆုကျေးဇူး​တစ်ခု​ဖြစ်၏။ ထိုအရာတို့ကို အနက်​ဖွင့်သော​အရာများ​ဟုခေါ်၍၊ မိန့်မှာထားခြင်း​ခံရသော​သူမှတစ်ပါး၊ အဘယ်သူမျှ ထိုအရာတို့၏​အတွင်းကို မကြည့်နိုင်​သည်ကား၊ မကြည့်​သင့်သော​အရာကို ကြည့်၍၊ ပျက်စီးမည်ကို စိုးရိမ်သောကြောင့်​ဖြစ်၏။ ထိုအရာတို့၏ အတွင်းကို ကြည့်ရှုရန် မိန့်မှာ​ထားတော်မူခြင်း​ခံရသူ​မှန်သမျှကို မြင်သော​သူဟု​ခေါ်၏။

၁၄ ရှုဦးလော့၊ ဇရဟင်မလ​ပြည်ရှိ​လူမျိုးတို့၏​ရှင်ဘုရင်သည်ကား၊ ဤအရာတို့ကို​ပြုရန် မိန့်မှာ ခံရသည့်​သူဖြစ်၍၊ ဘုရားသခင်ထံမှ ဤအလွန်​ကြီးမြတ်သည့် ဆုကျေးဇူး​ရရှိသူ​ဖြစ်၏။

၁၅ မြင်သော​သူသည် ပရောဖက်ထက်​သာ၍​ကြီးမြတ်ကြောင်း မင်းကြီး​ဆို၏။

၁၆ အမ္မုန်​ဆိုသည်ကား၊ မြင်သော​သူသည် ဗျာဒိတ်​ဟောသူ​ဖြစ်၍၊ ပရောဖက်လည်း​ဖြစ်၏။ အဘယ်သူမျှ မရရှိနိုင်သော ဘုရားသခင်၏​တန်ခိုးတော်ကို မပိုင်ဆိုင်လျှင်၊ သာ၍​ကြီးမြတ်သော​ဆုကျေးဇူးကို အဘယ်သူမျှ​မရရှိနိုင်။ သို့သော်လည်း၊ လူသားသည် ဘုရားသခင်ထံမှ ပေးထားသည့် ကြီးစွာသော​တန်ခိုးကို ရရှိနိုင်၏။

၁၇ သို့ရာတွင်၊ မြင်သော​သူသည် အတိတ်မှ​အရာများနှင့် ဖြစ်လာမည့်​အရာတို့ကိုလည်း သိနိုင်ပြီး၊ ၎င်းတို့​အားဖြင့် ခပ်သိမ်းသော​အရာတို့ကို ဖော်ပြ​လိမ့်မည်၊ သို့မဟုတ်၊ လျှို့ဝှက်သော​အရာများကို ထင်ရှားစွာ​ပြလိမ့်မည်။ ဝှက်ထားသော​အရာများလည်း ပေါ်လာလိမ့်မည်၊ မသိသော​အရာများကို ၎င်းတို့​အားဖြင့် ဖော်ပြလိမ့်မည်။ ၎င်းတို့​အားဖြင့်မှ​မဟုတ်လျှင်၊ သိနိုင်ခဲ့မည်​မဟုတ်သည့်​အရာများကိုလည်း ဖော်ပြလိမ့်မည်။

၁၈ ဘုရားသခင်သည် ထိုကဲ့သို့ နည်းလမ်းကို ပေးသနား​တော်မူ၍၊ လူသားသည် ယုံကြည်ခြင်း​အားဖြင့်၊ ကြီးစွာသော​အလွန်တရာ​အံ့ဩဖွယ်​အမှုများကို ပြုနိုင်၏။ ထို့ကြောင့်၊ သူသည် သူ၏​အပေါင်း​အဖော်များ​အတွက် ကြီးစွာ​အကျိုး​ပြုသူ ဖြစ်လာ၏။

၁၉ ယခုမူကား၊ အမ္မုန်သည် ဤစကားများ ပြောဆိုခြင်းကို လက်​စသတ်​လေပြီးလျှင်၊ မင်းကြီးသည် လွန်စွာရွှင်လန်း​ဝမ်းမြောက်၍၊ ဘုရားသခင်ကို ကျေးဇူးတော်​ချီးမွမ်း၍ ဆိုလေသည်ကား၊ ဤပုရပိုက်ပြားများတွင်၊ ကြီးစွာသော​နက်နဲခြင်း​ပါရှိသည်ကို ယုံမှား​သံသယမဖြစ်။ လူသားများသို့ ထိုကဲ့သို့သော နက်နဲခြင်းများကို ဖွင့်ပြခြင်း​ဟူသည့် ကြံရွယ်ချက်​အတွက် ဤအနက်ဖွင့်သော အရာများကို ပြင်ဆင်​ထားကြောင်း ယုံမှား​သံသယမဖြစ်။

၂၀ အို ကိုယ်တော်ရှင်၏​အမှုတော်တို့​သည်ကား၊ အံ့ဩဖွယ်​ကောင်းပေစွတကား၊ သူသည် မိမိလူမျိုးတို့ကို အဘယ်မျှ​ကြာအောင် သည်းခံမည်နည်း။ ထိုမှတစ်ပါး၊ လူသားတို့၏ နားလည်ခြင်း​သည်ကား၊ မမြင်ကြ၍၊ ပိတ်ဆီး​နေခြင်း​ရှိလှပေစွတကား။ အကြောင်းမူကား၊ သူတို့သည် ဉာဏ်ပညာကို မရှာကြ၊ သူတို့​အပေါ် ဉာဏ်ပညာ၏​အုပ်စိုးမှုကိုလည်း အလို​မရှိကြ။

၂၁ ထိုမှတစ်ပါး၊ သူတို့သည် သိုးထိန်းထံမှ၊ ထွက်ပြေးသော သိုရိုင်းစု​ကဲ့သို့​ဖြစ်ကြ၏။ ကွဲပြား​ပြန့်ကျဲပြီး၊ နှင်ထုတ်​ခံရကြ၏၊ တောသားရဲတို့၏​ကိုက်စားခြင်းကိုလည်း ခံရကြ၏။