ကျမ်းစာများ
မောဇိယ ၂၂


အခန်းကြီး ၂၂

လူတို့ လာမန်​အမျိုးသားတို့ထံ​ကျွန်ခံရာမှ လွတ်မြောက်ရန် အကြံ​အစည်များ ကိုပြုလုပ်ထား၏—လာမန်​အမျိုးသားတို့ကို ယစ်မူး​စေ၏—လူတို့သည် လွတ်မြောက်၍၊ ဇရဟင်မလပြည်သို့ ပြန်လာ​ကြပြီး၊ မောဇိယ​မင်းကြီး၏ ဩဇာခံ​ဖြစ်လာ​ကြ၏။ ဘီစီ ၁၂၁–၁၂၀ ခန့်။

ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ အမ္မုန်နှင့် လင်မဟိ​မင်းကြီးတို့သည် မိမိတို့ကိုယ်ကို ကျွန်ခံရာမှ အဘယ်နည်း​အားဖြင့်​ကယ်လွှတ်​ရမည့်အကြောင်း လူတို့နှင့် တိုင်ပင်​နှီးနှော​ကြ၏။ အကယ်စင်စစ်၊ သူတို့သည် လူခပ်သိမ်းတို့ကို သူတို့ကိုယ်​သူတို့ အတူတကွ​စုဝေးစေ၏။ ဤအမှုကို သူတို့​ပြုကြ​သည်မှာ၊ အမှုနှင့်​စပ်လျဉ်း၍ လူတို့၏​ဆန္ဒကို ရယူခြင်းငှာ​ဖြစ်၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် သူတို့၏​မိန်းမများနှင့်​ကလေးများ၊ သူတို့၏​သိုးစုများ၊ သူတို့၏​နွားစုများနှင့် သူတို့၏​တဲများကို​ယူ၍၊ တောရိုင်းထဲသို့ ထွက်ခွာ​သွားကြခြင်း​မှတစ်ပါး၊ ကျွန်ခံရာမှ သူတို့ကိုယ်ကို​ကယ်လွှတ်ရန် နည်းလမ်းကို ရှာ၍​မတွေ့နိုင်ကြ။ အကြောင်းမူကား၊ လာမန်​အမျိုးသားတို့မှာ အလွန်​မြောက်မြား​လှ၍၊ လင်မဟိ၏​လူများ​အတွက် ကျွန်ခံရာမှ သူတို့ကိုယ်ကို ဓားလက်​နက်ဖြင့် ကယ်လွှတ်ခြင်းငှာ စဉ်းစားလျက် တိုက်ခိုက်ရန်မှာ မဖြစ်​နိုင်ပေ။

ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ ဂိဒေါင်သည် မင်းကြီး​ရှေ့သို့ သွား၍​ရပ်ပြီး​ဆိုလေသည်ကား၊ အို အရှင်​မင်းကြီး၊ အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏​ညီအစ်ကို လာမန်​အမျိုးသားတို့နှင့် တိုက်ခိုက်​နေသော​အချိန်၌၊ ကိုယ်တော်သည် ယခု​တိုင်အောင်၊ အကျွန်ုပ်၏​စကားများကို အကြိမ်များစွာ စေ့စေ့နားထောင်​တော်မူလေပြီ။

ယခုမူကား၊ အို အရှင်​မင်းကြီး၊ ကိုယ်တော်သည် အကျွန်ုပ်ကို အသုံး​မရသော​ကျွန်​အဖြစ် မတွေ့​ရှိလျှင်၊ သို့မဟုတ်၊ ကိုယ်တော်သည် ယခု​တိုင်အောင် အကျွန်ုပ်၏​စကားများကို တစ်စုံ​တစ်ခုသော ပမာဏ​အထိ နားထောင်​တော်မူ​လေလျှင်၊ ၎င်းတို့သည် ကိုယ်တော်​အတွက် အသုံးရ​လေပြီ။ ထိုကဲ့သို့ပင်၊ ဤအကြိမ်၌​လည်း အကျွန်ုပ်၏​စကားများကို ကိုယ်တော်​နားထောင်​တော်မူရန် အကျွန်ုပ်​အလို​ရှိပါ၏။ အကျွန်ုပ်​သည်လည်း ကိုယ်တော်၏​ကျွန်ဖြစ်​ပါမည်။ ဤလူတို့ကိုလည်း ကျွန်ခံရာမှ ကယ်လွှတ်​ပါမည်။

မင်းကြီးကလည်း သူ့အား စကား​ပြောရန် အခွင့်ပေး​တော်မူ၏။ ဂိဒေါင်က ဆိုလေ​သည်ကား၊

ထိုမြို့၏​နောက်ဘက်ပိုင်း၊ နောက်ဘက်တံတိုင်းတစ်လျှောက်​ရှိ၊ နောက်ဘက်​လမ်းကို ကြည့်ရှု​ဆင်ခြင်​ပါလော့။ လာမန်​အမျိုးသားတို့၊ သို့မဟုတ် လာမန်​အမျိုးသားတို့၏​အစောင့်​များသည် ညဉ့်​အချိန်၌ ယစ်မူးကြ၏။ ထို့ကြောင့်၊ ဤလူ​ခပ်သိမ်းတို့ သူတို့၏​သိုးစုနှင့် နွားစုများကို အတူတကွ​စုဝေး၍၊ ညဉ့်​အချိန်၌ တောရိုင်းထဲသို့ မောင်းနှင်​သွားနိုင်ကြ​စေခြင်းငှာ သူတို့၌ ကြေညာခြင်းကို အကျွန်ုပ်တို့ ပြုကြ​ကုန်အံ့။

အကျွန်ုပ်​သည်လည်း ကိုယ်တော်၏​အမိန့်​အတိုင်း သွား၍၊ နောက်ဆုံးသော​အခွန်​ဖြစ်သည့် စပျစ်ရည်ကို လာမန်​အမျိုးသားတို့အား ပေးဆက်​ပါမည်။ သူတို့​သည်လည်း ယစ်မူးကြ​ပါလိမ့်မည်။ သူတို့​ယစ်မူး၍ အိပ်ပျော်​နေသော​အချိန်တွင်၊ အကျွန်ုပ်တို့​သည်လည်း သူတို့​တပ်စခန်း၏​လက်ဝဲ​ဘက်ရှိ၊ လျှို့ဝှက်​လမ်းမှ လျှောက်၍​သွားကြ​ပါမည်။

ထိုကဲ့သို့​အားဖြင့်၊ အကျွန်ုပ်​တို့သည် အကျွန်ုပ်တို့၏​မိန်းမများနှင့် အကျွန်ုပ်တို့၏​သားသမီးများ၊ အကျွန်ုပ်တို့၏​သိုးစုများ၊ အကျွန်ုပ်တို့၏​နွားစုများနှင့် တောရိုင်းထဲသို့ ထွက်ခွာ​သွားကြ​ပါမည်။ ထို့အတူ၊ အကျွန်ုပ်တို့သည် ရှိလုမ်ပြည်​တစ်ဝိုက်၌ ခရီးသွား​ကြမည်။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ မင်းကြီးသည် ဂိဒေါင်၏​စကားများကို စေ့စေ့နားထောင်၏။

၁၀ လင်မဟိ​မင်းကြီးသည် သူ၏​လူတို့အား မိမိတို့၏​သိုးစုများကို အတူတကွ​စုဝေး​စေ၏။ အခွန်​စပျစ်ရည်ကိုလည်း လာမန်​အမျိုးသားတို့​ထံပို့၏။ ပို၍​များသော စပျစ်ရည်ကိုလည်း သူတို့ထံ လက်ဆောင်​အဖြစ် ပို့၏။ သူတို့​သည်လည်း မိမိတို့ထံ လင်မဟိ​မင်းကြီး​ပို့သော စပျစ်ရည်ကို လွတ်လပ်စွာ​သောက်​ကြ၏။

၁၁ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လင်မဟိ​မင်းကြီး၏​လူတို့သည် မိမိတို့၏​သိုးစုများ၊ မိမိတို့၏​နွားစုများနှင့် ညဉ့်အချိန်၌ တောရိုင်းထဲသို့ ထွက်ခွာ​သွားပြီး၊ တောရိုင်းထဲတွင် ရှိလုမ်ပြည်​တစ်ဝိုက်၌ ခရီးသွား၍၊ အမ္မုန်နှင့် သူ၏​ညီအစ်ကိုများ​ကဦးဆောင်၍ သူတို့၏​လမ်းကြောင်းကို ဇရဟင်မလပြည်​ဘက်သို့ လှည့်ကြ၏။

၁၂ သူတို့သည် မိမိတို့​သယ်ယူနိုင်သည့် မိမိတို့၏​ခပ်သိမ်းသော​ရွှေ၊ ငွေနှင့် မိမိတို့၏​အဖိုး​ထိုက်သော​အရာများ၊ ထို့အတူ မိမိတို့၏​ရိက္ခာများကို မိမိတို့နှင့်​အတူ တောရိုင်းထဲသို့ ယူဆောင်ခဲ့​လေပြီး၊ မိမိတို့​လမ်းခရီးကို ဆက်၍​သွားကြ၏။

၁၃ တောရိုင်းထဲ၌ ရက်ပေါင်းများစွာ​ကြာခဲ့ပြီးနောက်၊ သူတို့သည် ဇရဟင်မလပြည်သို့ ရောက်၍၊ မောဇိယ၏​လူများနှင့် ပေါင်းစည်းလျက် သူ၏​ဩဇာခံများ​ဖြစ်​လာကြ၏။

၁၄ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ မောဇိယသည် သူတို့ကို ဝမ်းမြောက်စွာ​လက်ခံ၍၊ သူတို့၏​မှတ်တမ်းများ၊ ထို့အတူ၊ လင်မဟိ၏​လူများတွေ့​ရှိသော​မှတ်တမ်းများ​ကိုလည်း ရရှိခဲ့၏။

၁၅ ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ ညဉ့်​အချိန်၌ လင်မဟိ၏​လူများ​ထိုပြည်မှ ထွက်ခွာ​သွားသည်ကို လာမန်​အမျိုးသားတို့တွေ့​ရှိလျှင်၊ သူတို့​ကို လိုက်စေခြင်းငှာ တပ်တစ်​တပ်ကို စေလွှတ်​ကြ၏။

၁၆ သူတို့ကို နှစ်ရက်​ကြာအောင်​လိုက်လေ​ပြီးနောက်၊ ခြေရာကို မလိုက်နိုင်တော့။ ထို့ကြောင့်၊ သူတို့သည် တောရိုင်းထဲ၌ ပျောက်ဆုံး​ကြ၏။