ကျမ်းစာများ
မောဇိယ ၅


အခန်းကြီး ၅

သန့်ရှင်းသူတို့သည် ယုံကြည်ခြင်း​အားဖြင့်၊ ခရစ်တော်၏​သားသမီးများ​ဖြစ်လာကြ၏—ထို့နောက်၊ သူတို့ကို ခရစ်တော်၏​နာမတော်​အားဖြင့် ခေါ်ကြ၏—ဗင်္ယာမိန်​မင်းကြီးက သူတို့ကို ကောင်းမြတ်သော​အမှုများ၌ မြဲမြံပြီး မတိမ်းယိမ်း​ဘဲရှိကြစေရန် တိုက်တွန်း၏။ ဘီစီ ၁၂၄ ခန့်။

ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ ဗင်္ယာမိန်​မင်းကြီးသည် မိမိလူမျိုးတို့အား ထိုသို့​ဟောပြော​လေပြီးလျှင်၊ ဟောပြော​လေပြီးသော​စကားများကို သူတို့​ယုံကြည်ခြင်း​ရှိမရှိ သိလို၍ သူတို့ထံ စေလွှတ်ခဲ့၏။

သူတို့ကလည်း တစ်သံ​တည်းဖြင့် အော်ဟစ်၍၊ ဆိုကြသည်ကား၊ ဟုတ်ကဲ့။ အကျွန်ုပ်တို့အား အသင်​ဟောပြောလေသည့် စကားမှန်သမျှကို အကျွန်ုပ်တို့ ယုံကြည်ပါ၏။ ၎င်းတို့၏​ဧကန်​အမှန်​ဖြစ်ခြင်းနှင့် သမ္မာ​တရားကိုလည်း အကျွန်ုပ်တို့​သိပါ၏။​အကျွန်ုပ်တို့၌ သို့မဟုတ် အကျွန်ုပ်တို့​စိတ်နှလုံး၌ ကြီးစွာသော​ပြောင်းလဲခြင်းကို ပြုပြင်​စီရင်တော်မူသည့် ကိုယ်တော်ရှင်​အနန္တတန်ခိုးရှင်၏​ဝိညာဉ်တော်ကြောင့်၊ အကျွန်ုပ်တို့သည် မကောင်းမှုကို ပြုရန်စိတ်ညွတ်ခြင်းမရှိတော့၊ ကောင်းမှုကိုသာ အစဉ်မပြတ်​ပြုလိုကြပါ၏။

အကျွန်ုပ်တို့​ကိုယ်တိုင်သည် ဘုရားသခင်၏​အတိုင်း​မသိသော​ကောင်းမြတ်ခြင်းနှင့် သူ့ဝိညာဉ်တော်၏ ထင်ရှားစွာ​ပြတော်မူခြင်းတို့​အားဖြင့်၊ ခပ်သိမ်းသော​အရာတို့​အကြောင်းကို ပရောဖက်ပြု၍ ဟောနိုင်ရန်​အလို​ရှိအပ်သော၊ ဖြစ်လာမည့်​အရာတို့​အကြောင်း၊ အရေး​ပါသည့်​အမြင်များ​ကိုလည်း ရရှိကြပါ၏။

အကျွန်ုပ်တို့၏​မင်းကြီး​ဟောပြောသည့်​အရာများနှင့်​စပ်လျဉ်း၍ အကျွန်ုပ်တို့​ထားရှိသော ယုံကြည်ခြင်းက ဤကြီးစွာသော​အသိပညာသို့ ဆောင်၍၊ အကျွန်ုပ်တို့သည် ထိုကဲ့သို့ အလွန်​ကြီးစွာသော​ဝမ်းမြောက်ခြင်းဖြင့် ရွှင်လန်း​ဝမ်းမြောက်နိုင်​ကြပါ၏။

အကျွန်ုပ်တို့သည် ဘုရားသခင်၏​အလိုတော်ကို ဆောင်ဖို့ သူနှင့်​ပဋိညာဉ်ပြုရန်၊ အရာရာ၌ သူမိန့်တော်မူမည့်​ပညတ်တော်တို့ကိုလည်း အကျွန်ုပ်တို့​ဘဝ၏​ကျန်ကြွင်းချိန်​တစ်လျှောက်​လုံးနာခံရန် လိုလိုလားလား​ရှိကြသည်မှာ ကောင်းကင်တမန်​မြွက်ဆို​ထားလေသကဲ့သို့ အဘယ်တော့မျှ အဆုံး​မရှိသည့် စိတ်ဆင်းရဲ​ကိုယ်ဆင်းရဲ​ဖြစ်ခြင်းကို အကျွန်ုပ်တို့​ကိုယ်တိုင်​အပေါ်​မရောက်နိုင်​စေခြင်းငှာ၊ ဘုရားသခင်၏​အမျက်တော်​ဖလားကို မသောက်ရနိုင်​စေခြင်းငှာဖြစ်ပါ၏။

ယခုမူကား၊ ဤအရာတို့မှာ သူတို့ထံမှ ဗင်္ယာမိန်​မင်းကြီး အလို​ရှိသော​စကားများဖြစ်၏။ ထို့ကြောင့်၊ သူဆိုလေသည်ကား၊ သင်တို့သည် ငါအလို​ရှိသော​စကားများကို ပြောကြလေပြီ။ သင်တို့​ပြုလေသော​ပဋိညာဉ်သည်လည်း ဖြောင့်မတ်သော​ပဋိညာဉ်​ဖြစ်၏။

ယခုမူကား၊ သင်တို့​ပြုထားလေသော​ပဋိညာဉ်ကြောင့်၊ သင်တို့သည် ခရစ်တော်၏​သားသမီးများ၊ သူ၏​သားများနှင့် သူ၏​သမီးများဟု အခေါ်​ခံရလိမ့်မည်။ အကြောင်းမူကား၊ ရှုလော့၊ သူသည် ဤနေ့၌၊ သင်တို့ကို ဝိညာဉ်ပကတိ​အားဖြင့်၊ ဖွားစေတော်မူပြီ။ သူ၏​နာမတော်၌ ယုံကြည်ခြင်း​အားဖြင့်၊ သင်တို့၏​စိတ်နှလုံး​ပြောင်းလဲကြပြီဟု သင်တို့​ဆိုကြ၏။ ထို့ကြောင့်၊ သင်တို့ကို သူ့အားဖြင့်၊ ဖြစ်ဖွားစေ၍၊ သူ၏​သားများနှင့် သူ၏​သမီးများ ဖြစ်လာကြလေပြီ။

ဤနာမအောက်၌ သင်တို့ကို လွတ်လပ်စေ​ပြီဖြစ်၍၊ သင်တို့ကို လွတ်လပ်နိုင်စေရာ အခြားနာမ မရှိ။ ကယ်တင်ခြင်း​ရောက်လာစေသည့် ပေးထားသော​အခြားနာမ မရှိ။ ထို့ကြောင့်၊ သင်တို့​ဘဝ၏ အဆုံး​တိုင်အောင်​နာခံမည့်​အကြောင်း၊ ဘုရားသခင်နှင့် ပဋိညာဉ်​ပြုထားလေသည့် သင်တို့​အားလုံးသည် သင်တို့​အပေါ်၌ ခရစ်တော်၏​နာမတော်ကို ခံယူစေရန် ငါအလို​ရှိ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာလတ္တံ့သော​အခါ၊ ဤအရာကို ပြုသော​သူမှန်သမျှတို့ကို ဘုရားသခင်၏​လက်ယာတော်​ဘက်၌ တွေ့ရလိမ့်မည်။ အကြောင်းမူကား၊ ထိုသူသည် အခေါ်ခံရသည့်​အမည်ကို သိလိမ့်မည်။ ခရစ်တော်၏​နာမတော်​အားဖြင့် အခေါ်​ခံရလိမ့်မည်။

၁၀ ယခုမူကား၊ အချိန်တန်​လာလတ္တံ့သော​အခါ၊ ကိုယ်ပေါ်၌ ခရစ်တော်၏​နာမတော်ကို ခံယူခြင်း​မရှိကြသော​သူမှန်​သမျှသည် အခြားသော​နာမအချို့​အားဖြင့် အခေါ်​ခံရမည်။ ထို့ကြောင့်၊ သူသည် မိမိကိုယ်ကို ဘုရားသခင်၏​လက်ဝဲတော်ဘက်၌ တွေ့ရ၏။

၁၁ ဤအရာသည်ကား၊ လွန်ကျူးခြင်းကြောင့်​မှတစ်ပါး၊ အဘယ်သော​အခါမျှ၊ ပယ်ဖျောက် ခံရမည်​မဟုတ်သည့်​အမည်၊ သင်တို့ကို ငါပေးမည်ဟု ပြောခဲ့သော​အမည်​ဖြစ်ကြောင်း၊ သင်တို့​သတိရကြ​စေခြင်းငှာလည်း ငါအလို​ရှိ၏။ ထို့ကြောင့်၊ သင်တို့​မလွန်ကျူး​ကြစေခြင်းငှာ၊ ထိုနာမကို သင်တို့၏​စိတ်နှလုံးမှ ပယ်ဖျောက်​မခံရစေခြင်းငှာ သတိပြု​ကြလော့။

၁၂ ငါဆိုသည်ကား၊ ရေးထားလေသော​အမည်ကို သင်တို့​စိတ်နှလုံး၌ အစဉ်​အမြဲ​သတိရစေရန် အောက်မေ့​ကြစေခြင်းငှာ ငါအလို​ရှိ၏။ ထိုသို့အားဖြင့် သင်တို့ကို ဘုရားသခင်၏​လက်ဝဲတော်ဘက်၌ မတွေ့ရဘဲ၊ သင်တို့သည် မိမိကို ခေါ်မည့်​အသံ၊ ထို့အတူ၊ သူခေါ်မည့်အမည်ကိုလည်း ကြား၍၊ သိကြ၏။

၁၃ အကြောင်းမူကား၊ လူသည် မိမိအစေမခံသော​သခင်၊ ထို့အတူ မိမိအဖို့ သူတစိမ်း​ဖြစ်သော​သူနှင့် မိမိစိတ်နှလုံး၏​အတွေးများနှင့် အကြံအစည်များမှ ဝေးသော​သူကို အဘယ်သို့​အားဖြင့် သိမည်နည်း။

၁၄ ထိုမှတစ်ဖန်၊ လူသည် ကိုယ်နှင့်စပ်ဆိုင်သောသူ​ပိုင်သည့် မြည်းကို ယူ၍ ထိန်းသိမ်း​ထားမည်လော။ မဟုတ်ပေဟု သင်တို့ကို ငါဆို၏။ သူ၏​သိုးစုများ၌ ထိုမြည်းအား အစာ​ကျွေးခြင်းကိုပင် အခွင့်​ပေးမည်​မဟုတ်ဘဲ၊ အဝေးသို့​မောင်းထုတ်၍၊ နှင်ထုတ်​ပေမည်။ ငါဆိုသည်ကား၊ သင်တို့သည် အခေါ်​ခံရသည့်​နာမကို သိခြင်း​မရှိလျှင်၊ ထို​ကဲ့သို့ပင် ဖြစ်လိမ့်မည်။

၁၅ ထို့ကြောင့်၊ သင်တို့မြဲမြံပြီး မတိမ်းယိမ်းဘဲ​ရှိလျက်၊ ကောင်းမြတ်သော အမှုတို့နှင့် အစဉ်​အမြဲ​ကြွယ်ဝလျက် ရှိကြစေခြင်းငှာ ငါအလို​ရှိ၏၊ ခရစ်တော်၊ ကိုယ်တော်ရှင်​ဘုရားသခင်​အနန္တတန်ခိုးရှင်က သင်တို့ကို သူ၏​လူများ​အဖြစ် တံဆိပ်ခတ်စေကြောင်း၊ ကောင်းကင်ဘုံသို့ သင်တို့ဆောင်ယူ​ခံရကြစေကြောင်းနှင့် ကောင်းကင်နှင့် မြေကြီးရှိ ခပ်သိမ်းသောအရာတို့၏ ဖန်ဆင်းတော်မူသော​အရှင်၊ အရာ​အားလုံးတို့ထက် မြင့်မြတ်​တော်မူသော ဘုရားသခင်၏ ဉာဏ်ပညာ​အားဖြင့်​လည်းကောင်း၊ တန်ခိုးတော်​အားဖြင့်​လည်းကောင်း၊ တရားမျှတတော်မူခြင်း အားဖြင့် လည်းကောင်း၊ ကရုဏာတော်​အားဖြင့် လည်းကောင်း၊ ထာဝရ​တည်မြဲသော​ကယ်တင်ခြင်းနှင့် ထာဝရ​အသက်ကို သင်တို့ရရှိစေကြောင်းပေတည်း။ အာမင်။