ကျမ်းစာများ
မောဇိယ ၁၂


အခန်းကြီး ၁၂

အဘိနဒိသည် လူတို့၏​ပျက်စီးခြင်းနှင့် နောဧမင်းကြီး၏​သေခြင်းကို ပရောဖက်ပြု၍​ဟောခြင်းကြောင့် ထောင်ထဲ၌ လှောင်ထားခံရ၏—ယဇ်ပုရောဟိတ်​အတု​အယောင်တို့သည် ကျမ်းစာများကို ကိုးကား၍၊ မောရှေ၏​ပညတ်တရားကို စောင့်ထိန်း​ယောင်ဆောင်ကြ၏—အဘိနဒိသည် သူတို့အား ပညတ်တော်​ဆယ်ပါးကို သွန်သင်ပေး​စပြု၏။ ဘီစီ ၁၄၈ ခန့်။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အဘိနဒိသည် ခြားနားသော​အယောင်ကို​ဆောင်၍၊ ထိုသူတို့​အထဲသို့ လာသဖြင့်၊ သူ့ကို သိခြင်း​မရှိကြ။ သူတို့၌ ပရောဖက်ပြု၍​ဟော​စပြုလေ​သည်မှာ၊ ထိုကဲ့သို့ ကိုယ်တော်ရှင်သည် ငါ့ကို မိန့်တော်မူ​လေသည်ကား—အဘိနဒိ၊ ငါ၏​လူမျိုးတို့​ထံသို့ သွား၍၊ ဤအမှုကို ပရောဖက်ပြု၍​ဟောပြောလော့။ အကြောင်းမူကား၊ သူတို့သည် ငါ၏​နှုတ်ကပတ်တော်ကို ဆန့်ကျင်၍၊ သူတို့​စိတ်နှလုံးကို မာကျော​စေကြလေပြီ။ သူတို့၏ ဆိုးသော​အမှုများမှ နောင်တရခြင်း​မရှိကြ။ ထို့ကြောင့်၊ ငါသည် သူတို့ကို အမျက်ထွက်၍၊ ဆုံးမ​တော်မူမည်။ အမှန်စင်စစ်၊ ငါ၏​ပြင်းစွာသော​အမျက်ဖြင့်၊ သူတို့၏​ဒုစရိုက်များနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုများကို ဆုံးမ​တော်မူမည်။

ထိုမှတစ်ပါး၊ ဤမျိုး​ဆက်သည် အမင်္ဂလာရှိ၏။ ကိုယ်တော်ရှင်က ငါ့ကို မိန့်တော်မူသည်ကား၊ သင်၏​လက်ကို​ဆန့်၍၊ ပရောဖက်ပြု၍​ဟောကြားလော့။ ဆိုရမည်ကား၊ ကိုယ်တော်ရှင်​မိန့်တော်မူ​သည်မှာ၊ အချိန်တန်​လာလတ္တံ့သော​အခါ၊ ဤမျိုးဆက်သည် သူတို့​ဒုစရိုက်များကြောင့် ကျွန်​ပြုခြင်းသို့ ဆောင်ယူခံရ​လိမ့်မည်။ ပါးကိုလည်း အရိုက်ခံရ​လိမ့်မည်။ ထိုမှတစ်ပါး၊ လူတို့၏​မောင်းထုတ်ခြင်းကို​ခံရ၍၊ ကွပ်မျက်​ခံရလိမ့်မည်။ မိုးကောင်းကင်မှ​လင်းတများ၊ ခွေးများနှင့် တောသားရဲတို့​သည်လည်း သူတို့​အသားကို ကိုက်စား​ကြလိမ့်မည်။

ဤသို့အားဖြင့်​အချိန်တန်​လာလတ္တံ့သော​အခါ၊ နောဧမင်းကြီး၏​အသက်​တာသည် ပူလှသော မီးပြင်းဖိုထဲက အဝတ်တန်ဆာ​တစ်ခုမျှ​လောက်သာ အဖိုး​ထိုက်လိမ့်မည်။ အကြောင်းမူကား၊ ငါသည် ကိုယ်တော်ရှင်​ဖြစ်တော်မူကြောင်း သူသိလိမ့်မည်။

ဤသို့​အားဖြင့်​အချိန်တန်​လာလတ္တံ့သော​အခါ၊ ငါသည် ဤလူမျိုးတို့ကို ပြင်းထန်သော ဆင်းရဲ​ဒုက္ခများ၊ ထိုမှတစ်ပါး၊ ငတ်မွတ်​ခေါင်းပါးခြင်း​ဘေးနှင့် ကာလ​နာဘေးတို့ဖြင့် ဒဏ်ခတ်​တော်မူမည်။ ထို့အတူ၊ သူတို့ကို တစ်နေ့လုံး ညည်းတွား​မြည်တမ်း​နေစေမည်။

ထိုမှတစ်ပါး၊ သူတို့၏​ကျောပေါ်၌ ဝန်ကို​ချည်နှောင်ထား​စေမည်။ သူတို့​သည်လည်း စကား​မပြောနိုင်သော​မြည်းကဲ့သို့ ရှေ့မှာထား၍၊ မောင်းနှင်​ခံရလိမ့်မည်။

ဤသို့​အားဖြင့်​အချိန်တန်​လာလတ္တံ့သော​အခါ၊ သူတို့၌ မိုးသီးကို​ကျစေ၍၊ ထိခိုက်လိမ့်မည်။ အရှေ့လေ​အားဖြင့် တိုက်ခိုက်ခြင်းကိုလည်း သူတို့​ခံရလိမ့်မည်။ ပိုးမွှားများသည်လည်း သူတို့​ပြည်ကို နှောင့်ယှက်၍၊ သူတို့​စပါးများကို ကိုက်စား​ကြလိမ့်မည်။

သူတို့သည် ကြီးစွာသော​ကာလ​နာဘေးဖြင့် ဒဏ်ခတ်​ခံရလိမ့်မည်—ထို့အတူ၊ ခပ်သိမ်းသော​ဤအရာတို့ကို ငါပြုမည်ကား၊ သူတို့၏​ဒုစရိုက်များနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုများကြောင့်​ပေတည်း။

ဤသို့​အားဖြင့်​အချိန်တန်​လာလတ္တံ့သော​အခါ၊ သူတို့​နောင်တမရလျှင်၊ ငါသည် သူတို့ကို မြေကြီး​မျက်နှာပြင်မှ ရှင်းရှင်း​ဖျက်ဆီးတော်မူမည်။ သို့သော်လည်း၊ သူတို့​နောက်၌ မှတ်တမ်း​တစ်ခုကို သူတို့​ချန်ထားလိမ့်မည်။ ပြည်ကို ပိုင်ဆိုင်မည့် အခြားသော​လူမျိုးတို့ အတွက် ထိုအရာတို့ကို ငါထိန်းသိမ်း​စောင့်ရှောက်​ထားမည်။ ထိုမှတစ်ပါး၊ ဤအရာကို ငါပြုဦးမည်မှာ၊ ဤလူတို့၏​စက်ဆုပ်​ရွံရှာဖွယ်​အမှုများကို အခြားသော​လူမျိုးတို့အား ဖော်ပြနိုင်ခြင်းငှာ​ပေတည်းဟု မိန့်တော်မူ၏။ များစွာသော​အရာတို့ကိုလည်း အဘိနဒိက ဤလူတို့ကို ဆန့်ကျင်ပြီး ပရောဖက်​ပြု၍​ဟော၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် အဘိနဒိကို အမျက်​ထွက်၍၊ ဆောင်ယူ​သွားကြပြီး၊ မင်းကြီး၏​ရှေ့၌ ချည်နှောင်​ထား၍၊ မင်းကြီးကို လျှောက်ကြ​လေသည်ကား၊ ရှုလော့၊ ကိုယ်တော်၏​လူတို့နှင့်​စပ်လျဉ်းပြီး၊ မကောင်းသော​အရာကို ပရောဖက်ပြု၍​ဟောလျက်၊ သူတို့ကို ဘုရားသခင်​ဖျက်ဆီးတော်မူမည့်​အကြောင်း ပြောသည့်​သူကို ကိုယ်တော်ရှေ့သို့ အကျွန်ုပ်တို့​ဆောင်ယူခဲ့ပါပြီ။

၁၀ သူသည် ကိုယ်တော်၏​ဘဝနှင့်​စပ်လျဉ်း၍၊ မကောင်းသော​အရာကိုလည်း ပရောဖက်​ပြု၍​ဟော၏။ ကိုယ်တော်၏​ဘဝသည် မီးပြင်း​ဖိုထဲက အဝတ်တန်ဆာ​တစ်ခုကဲ့သို့ ဖြစ်လိမ့်မည်ကိုလည်း ပြော၏။

၁၁ ထိုမှတစ်ဖန်၊ ကိုယ်တော်သည် စပါးပင်ကဲ့သို့၊ သားရဲတို့​အထက်မှ​ပြေးသွားခြင်းကို ခံရသည့်​လယ်ကွင်းထဲမှ စပါးပင်​အခြောက်ကဲ့သို့ပင် ခြေဖြင့်​နင်းချေ​ခံရမည်ဟုလည်း သူဆို၏။

၁၂ ထိုမှတစ်ဖန်၊ ကိုယ်တော်သည် လေတိုက်လျှင်၊ ဆူးပင်၏​လုံးလုံး​ရင့်ရော်သော​အပွင့်များ မြေ​မျက်နှာ​ပြင်ပေါ်၌ လွင့်ပါသွားသကဲ့သို့ ဖြစ်လိမ့်မည်ဟု သူဆို၏။ ထိုအရာကို ကိုယ်တော်ရှင်​ပြောလေသယောင် သူဟန်ဆောင်၏။ ကိုယ်တော်နောင်တမရလျှင်၊ ဤအရာခပ်သိမ်းတို့ ကိုယ်တော်​အပေါ် ကျရောက်​လာ၍၊ ဤအမှုသည်ကား၊ ကိုယ်တော်၏​ဒုစုရိုက်များကြောင့်​ဖြစ်ကြောင်းကိုလည်း သူဆို၏။

၁၃ ယခုမူကား၊ အို အရှင်မင်းကြီး၊ ကိုယ်တော်သည် အဘယ်ကြီးစွာသော မကောင်းမှုကို ပြုလေ၍၊ သို့မဟုတ်၊ ကိုယ်တော်၏​လူတို့သည် အဘယ်ကြီးစွာသော အပြစ်များကို ကျူးလွန်၍၊ အကျွန်ုပ်တို့သည် ဘုရားသခင်၏ ပြစ်ဒဏ်​ချမှတ်တော်မူခြင်းကို ခံရကြ၊ သို့မဟုတ်၊ ဤလူ၏ ပြစ်တင်​ရှုတ်ချခြင်းကို ခံရကြ​မည်နည်း။

၁၄ ယခုမူကား၊ အို အရှင်မင်းကြီး၊ ရှုလော့၊ အကျွန်ုပ်တို့သည် အပြစ်​ကင်းပါ၏။ အရှင်​မင်းကြီးသည်လည်း အပြစ်​မပြုလေခဲ့။ ထို့ကြောင့်၊ ဤလူသည် ကိုယ်တော်​အကြောင်းကို မုသား​ပြော၍ အချည်းနှီး​ပရောဖက်​ပြု၍ ဟောလေပြီ။

၁၅ ရှုဦးလော့၊ အကျွန်ုပ်တို့သည် အားကြီး၍၊ ကျွန်ပြုခြင်းထဲသို့ မရောက်ရ၊ သို့မဟုတ်၊ အကျွန်ုပ်တို့၏ ရန်သူများ​အားဖြင့်၊ ဖမ်းဆီး​ချုပ်နှောင် မခံရ။ ထိုမှတစ်ပါး၊ ကိုယ်တော်သည် ထိုပြည်၌၊ အောင်မြင်လေပြီ။ ထပ်၍​လည်း အောင်မြင်​ပေဦးမည်။

၁၆ ရှုလော့၊ သည်မှာ ထိုလူ​ရောက်ပါပြီ။ အကျွန်ုပ်တို့သည် သူ့ကို ကိုယ်တော်​လက်သို့ အပ်ပါ၏။ ကိုယ်တော်​ကောင်းမြတ်သည်ဟု မှတ်ယူသည့်​အတိုင်း ပြုနိုင်ပါ၏။

၁၇ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ နောဧမင်းကြီးသည် အဘိနဒိကို ထောင်ထဲ၌ လှောင်ထားစေ၏။ သူ့ကို အဘယ်ကဲ့သို့ ပြုရမည့်​အကြောင်း တိုင်ပင်နိုင်ခြင်းငှာ၊ ယဇ်ပုရောဟိတ်တို့အား သူတို့ကိုယ်သူတို့ အတူတကွ​စုဝေးရမည့်အကြောင်း​ကိုလည်း အမိန့်​ပေး၏။

၁၈ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ထိုယဇ်ပုရောဟိတ်တို့က ငါတို့ သူ့ကို​မေးမြန်းနိုင်ရန်၊ ဤနေရာသို့ ဆောင်ယူခဲ့လော့ဟု မင်းကြီးကို ဆိုလျှင်၊ သူတို့​ရှေ့သို့ ဆောင်ယူခဲ့စေရန် မင်းကြီးက အမိန့်​ပေး၏။

၁၉ သူတို့သည် အဘိနဒိအား သူ့ကိုယ်ကို ဆန့်ကျင်​ယုံမှား​သံသယခြင်း​ရှိစေခြင်းငှာ၊ ထိုနည်း​အားဖြင့် စွပ်စွဲကြခြင်းငှာ မေးမြန်း​စပြုကြ၏။ သို့ရာတွင်၊ သူသည် ရဲရင့်စွာ​ဖြေ၏။ သူတို့၏​မေးခွန်း​မှန်သမျှကိုလည်း ငြင်းဆို၍၊ သူတို့အမှန်ပင် အံ့ဩကြလေ၏။ အကြောင်းမူကား၊ သူတို့၏​မေးခွန်း​မှန်သမျှကို ငြင်းဆို၏။ သူတို့၏​စကား​မှန်သမျှတို့ကိုလည်း ချေပ၏။

၂၀ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ ထိုသူတို့​အထဲ​မှတစ်ဦးက သူ့ကို ဆင့်ဆို​လေသည်မှာ၊ ရေးထားသော​စကားများ၊ ငါတို့​ဘိုးဘေးတို့​သွန်သင်ခဲ့သော စကားများသည် အဘယ်သို့​ဆိုလိုသနည်း၊ ထိုစကားများ​သည်ကား၊

၂၁ ဝမ်းမြောက်စရာ​သတင်းကို ဆောင်ယူ​လာသောသူ၊ ငြိမ်းချမ်းခြင်းကို ပြောကြားသော​သူ၊ ကောင်းမြတ်ခြင်း၏ ဝမ်းမြောက်စရာ​သတင်းကို ဆောင်ယူ​လာသောသူ၊ ကယ်တင်ခြင်းကို ပြောကြားသော​သူ၊ သင်၏​ဘုရားသခင် စိုးစံတော်မူ၏ဟု ဇိအုန်မြို့ကို ပြောသော​သူ၏ ခြေတို့သည်ကား၊ တောင်ပေါ်မှာ အလွန်​တင့်တယ်​လှပေစွ​တကား။

၂၂ သင်၏​ကင်းစောင့်တို့သည် ကြွေးကြော်ကြ၍၊ တညီ​တညွတ်​တည်းသော​အသံဖြင့်၊ သီဆိုကြလိမ့်မည်။ အကြောင်းမူကား၊ ကိုယ်တော်ရှင်က ဇိအုန်မြို့ကို ပြန်လည်​တည်ရှိ​စေတော်မူသော​အခါ သူတို့သည် ကိုယ်တိုင်​မြင်ရလိမ့်မည်။

၂၃ ဝမ်းမြောက်စွာ ကြွေးကြော်​ကြလော့၊ အတူတကွ သီချင်း​ဆိုကြလော့၊ ယေရုရှလင်ရှိ ပြိုပျက်​ရာအရပ်တို့။ အကြောင်းမူကား၊ ကိုယ်တော်ရှင်သည် မိမိလူမျိုးတို့ကို နှစ်သိမ့်​စေတော်မူလေပြီ၊ ယေရုရှလင်ကို ရွေးနှုတ်​တော်မူလေပြီ။

၂၄ ကိုယ်တော်ရှင်သည် သူ၏​သန့်ရှင်းသော​လက်တော်ကို ခပ်သိမ်းသော ပြည်သားတို့​ရှေ့၌ ဖွင့်ပြ​ထားတော်မူ၏။ မြေကြီး​စွန်းသား​ခပ်သိမ်းတို့​သည်လည်း ငါတို့​ဘုရားသခင်၏ ကယ်တင်ခြင်းကို မြင်ရ​လိမ့်မည်။

၂၅ ယခုမူကား၊ အဘိနဒိက သူတို့ကို ဆိုလေသည်မှာ၊ အသင်​ယဇ်ပုရောဟိတ်တို့သည် ဤလူတို့ကို သွန်သင်​ပေးခြင်းငှာနှင့် ပရောဖက်​ပြု၍​ဟောခြင်း​ဝိညာဉ်ကို နားလည်ခြင်းငှာ ဟန်ဆောင်ကြ​သော်လည်း၊ ဤအရာများ​အဘယ်သို့ ဆိုလိုသည်ကို ငါ့ထံမှ သိလို​ကြသလော။

၂၆ သင်တို့ကို ငါဆိုသည်ကား၊ ကိုယ်တော်ရှင်၏လမ်းစဉ်များကို မှောက်လှန်ကြသော​ကြောင့် သင်တို့သည် အမင်္ဂလာ​ရှိ၏။ အကြောင်းမူကား၊ သင်တို့သည် ဤအရာများကို နားလည်ကြ​သော်လည်း သွန်သင်​မပေးလေကြ။ ထိုကြောင့်၊ သင်တို့သည် ကိုယ်တော်ရှင်၏​လမ်းစဉ်များကို မှောက်လှန်​ကြလေပြီ။

၂၇ သင်တို့သည် သင်တို့၏စိတ်နှလုံးကို နားလည်ခြင်းသို့ မပေးဆပ်ကြ။ ထို့ကြောင့်၊ ဉာဏ်ပညာ​မရှိလေကြ။ ထို့ကြောင့်၊ သင်တို့သည် ဤလူတို့အား အဘယ်အရာကို သွန်သင်​ကြသနည်း။

၂၈ သူတို့ကလည်း၊ ငါတို့သည် မောရှေ၏​ပညတ်တရားကို သွန်သင်၏ဟု ဆိုကြ၏။

၂၉ ထိုမှတစ်ဖန်၊ သူဆိုလေသည်ကား၊ သင်တို့သည် မောရှေ၏​ပညတ်တရားကို သွင်သင်​ပေးကြလျှင်၊ အဘယ်ကြောင့် ထိုပညတ်​တရားကို မစောင့်ထိန်း​ကြသနည်း။ သင်တို့သည် အဘယ်ကြောင့် သင်တို့စိတ်နှလုံးကို စည်းစိမ်​ဥစ္စာများ​အပေါ်၌ ထားကြ​လေသနည်း။ သင်တို့သည် အဘယ်ကြောင့် မတရားသော​မေထုန်အမှုများကို ကျူးလွန်၍၊ ပြည့်တန်ဆာများနှင့် သင်တို့၏​အင်အားကို ဖြုန်တီး၍၊ ထိုမှတစ်ပါး၊ ဤလူတို့ကို အပြစ်​ကျူးလွန်စေ​ကြသနည်း။ သို့ဖြစ်၍၊ ဤလူတို့​တစ်ဖက်၌ ကြီးစွာသော​မကောင်းမှုကိုပင် ပရောဖက်​ပြုဟောစေခြင်းငှာ၊ ကိုယ်တော်ရှင်က ငါ့ကို စေလွှတ်ခဲ့ပေပြီ။

၃၀ သင်တို့သည် ငါသမ္မာတရားကို ပြောကြောင်း သိခြင်း​မရှိကြသလော။ ဟုတ်ပေ၏။ သင်တို့သည် ငါသမ္မာ​တရားကို ပြောကြောင်း သိကြ၏။ သင်တို့သည် ဘုရားသခင်​ရှေ့၌ တုန်လိမ့်မည်။

၃၁ ဤသို့​အားဖြင့်​အချိန်တန်​လာလတ္တံ့သော​အခါ၊ သင်တို့၏​ဒုစရိုက်များကြောင့် ဒဏ်ခတ်​တော်မူခြင်းကို ခံရကြလိမ့်မည်။ အကြောင်းမူကား၊ သင်တို့သည် မောရှေ၏​ပညတ်တရားကို သွန်သင်​ပေးကြောင်း ပြော​ကြလေပြီ။ မောရှေ၏​ပညတ်​တရားနှင့်​စပ်လျဉ်း၍​လည်း အဘယ်​အရာကို သင်တို့​သိသနည်း။ ကယ်တင်ခြင်းသည် မောရှေ၏​ပညတ်​တရား​အားဖြင့် ရောက်​လာသလော။ အဘယ်​အရာကို သင်တို့​ပြောသနည်း။

၃၂ ကယ်တင်ခြင်းသည် မောရှေ၏​ပညတ်တရား​အားဖြင့် ရောက်လာကြောင်း သူတို့​ဖြေ၏။

၃၃ သို့ရာတွင်၊ ယခုမူကား၊ အဘိနဒိ​ဆိုသည်မှာ၊ သင်တို့သည် ဘုရားသခင်၏​ပညတ်တော်များကို စောင့်ထိန်း​ကြလျှင်၊ ကယ်တင်ခြင်းသို့ ရောက်ကြမည်ကို ငါသိ၏။ အထူး​သဖြင့်၊ သိနာ​တောင်ပေါ်၌ မောရှေအား ကိုယ်တော်ရှင်​ဟောတော်မူခဲ့သည့်​ပညတ်တော်တို့ကို သင်တို့​စောင့်ထိန်းကြလျှင်၊ မိန့်တော်​မူလေသည်မှာ၊

၃၄ ငါသည်ကား၊ သင့်ကို အဲဂုတ္တုပြည်မှ​ဝေးရာသို့၊ ကျွန်ခံရာမှ​ဝေးရာသို့ ဆောင်ယူတော်မူ​ခဲ့လေသော သင်၏​ဘုရားသခင်​ကိုယ်တော်ရှင်​ဖြစ်၏။

၃၅ သင်သည် ငါမှတစ်ပါး အခြားသော​ဘုရားသခင်ကို မကိုးကွယ်နှင့်။

၃၆ အထက်​ကောင်းကင်၌​လည်းကောင်း၊ အောက်အရပ်​မြေကြီးပေါ်၌​လည်းကောင်း ရှိသော​အရာနှင့် ပုံသဏ္ဌာန်​တူအောင် ရုပ်တုဆင်းတုကို ကိုယ့်အဖို့ မလုပ်နှင့်။

၃၇ ယခုတွင်၊ အဘိနဒိက ဆိုလေသည်ကား၊ သင်တို့သည် ဤအရာခပ်သိမ်းတို့ကို ပြုလေ​ကြပြီလော။ မဟုတ်ပေဟု သင်တို့ကို ငါဆို၏။ သင်တို့​မပြုလေကြ။ ဤလူတို့အား ခပ်သိမ်းသော ဤအရာတို့ကို ပြုစေခြင်းငှာ သင်တို့​သွန်သင်​ပေးလေကြ​ပြီလော။ မဟုတ်ပေဟု ငါဆို၏။ သင်တို့​မသွန်သင်လေကြ။