ကျမ်းစာများ
မောဇိယ ၂၁


အခန်းကြီး ၂၁

လင်မဟိ၏​လူတို့သည် လာမန်​အမျိုးသားတို့​အားဖြင့် တိုက်ခိုက်​နှိမ်နှင်းပြီး အနိုင်​ခံရကြ၏—လင်မဟိ၏​လူတို့သည် အမ္မုန်နှင့်​တွေ့၍ ပြောင်းလဲကြ၏—သူတို့သည် အမ္မုန်အား ယာရက်​အမျိုး၏​ပုရပိုက်ပြား​နှစ်ဆယ်လေးပြား​အကြောင်းကို ပြောပြ၏။ ဘီစီ ၁၂၂–၁၂၁ ခန့်။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လင်မဟိနှင့် သူ၏​လူတို့သည် နီဖိုင်းမြို့သို့ ပြန်လာ၍၊ ထိုပြည်၌ တစ်ဖန်​ငြိမ်းချမ်းစွာ​နေ​စပြု၏။

ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ ရက်ပေါင်းများစွာ​ကြာလေ​ပြီးနောက်၊ လာမန်​အမျိုးသားတို့သည် နီဖိုင်း​အမျိုးသားတို့ကို တစ်ဖန်​အမျက်​ထွက်​စပြု၍၊ ထိုပြည်​ပတ်ဝန်းကျင်၏​နယ်နိမိတ်ထဲသို့ ဝင်​စပြုခဲ့​ကြ၏။

ယခုမူကား၊ လင်မဟိသို့ မိမိတို့မင်းကြီး ပြုထားလေသော ကျိန်ဆိုခြင်းကြောင့် သူတို့ကို မကွပ်မျက်​ဝံ့ချေ။ သို့ရာတွင်၊ သူတို့၏ ပါးကိုရိုက်ကြ၏၊ ထို့အတူ သူတို့အပေါ် အခွင့်အာဏာကို ကျင့်သုံးကြ၏။ ထို့အတူ လေးသော​ဝန်များကို သူတို့၏​ကျောပေါ်တင်စပြုပြီး သူတို့ကို စကား​မပြော​နိုင်သော​မြည်းကဲ့သို့ မောင်းနှင်ကြ၏—

အမှန်စင်စစ်၊ အလုံးစုံသော​ဤအရာတို့ကို ပြုလေသည်ကား၊ ကိုယ်တော်ရှင်၏ နှုတ်ကပတ်တော်ကို ပြီးပြည့်စုံ​စေခြင်းငှာ​ပေတည်း။

ယခုမူကား၊ နီဖိုင်း​အမျိုးသားတို့၏​ဆင်းရဲ​ဒုက္ခများမှာ ကြီးမားလှပြီး၊ လာမန်​အမျိုးသားတို့က အရပ်ရပ်မှ ဝိုင်း​ထားသော​ကြောင့်၊ မိမိတို့​ကိုယ်ကို သူတို့​လက်မှ ကယ်လွှတ်နိုင်ရာ​နည်းလမ်း​မရှိ။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လူတို့သည် မိမိတို့​၏ဆင်းရဲ​ဒုက္ခများကြောင့်၊ မင်းကြီးကို ညည်းညူ​အပြစ်​တင်​စပြုကြ၏။ ထိုသူတို့ကို ဆန့်ကျင်၍ စစ်တိုက်ခြင်းငှာအလို​ရှိစလည်းပြု၏။ မိမိတို့၏ အပြစ်​တင်ခြင်းများဖြင့် မင်းကြီး​ကိုလည်း ပြင်းစွာ ဒုက္ခ​ပေးကြ၏။ ထို့ကြောင့်၊ သူတို့​အလို​အတိုင်း​ပြုရစေခြင်းငှာ သူအခွင့်​ပေး၏။

သူတို့သည်လည်း သူတို့ကိုယ်သူတို့တစ်ဖန်​အတူတကွ​စုဝေး၍၊ မိမိတို့၏​ချပ်ဝတ်​တန်ဆာများကို ဝတ်ဆင်၍၊ လာမန်​အမျိုးသားတို့ကို မိမိတို့​ပြည်မှ​နှင်ထုတ်ခြင်းငှာ သွား၍ တိုက်ခိုက်​ကြ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာမန်​အမျိုးသား​တို့သည် သူတို့ကို​နှိမ်နှင်း​အောင်မြင်ကြ၏၊ ထို့အတူ ပြန်၍​မောင်းထုတ်ကြ၏၊ သူတို့၏​လူများစွာကိုလည်း ကွပ်မျက်ကြ၏။

ယခုမူကား၊ လင်မဟိ၏​လူတို့၌ ကြီးစွာသော ငိုကြွေး​မြည်တမ်းခြင်းနှင့် မြည်တမ်းခြင်း၊ မုဆိုးမသည် မိမိခင်ပွန်း​အတွက် ငိုကြွေး​မြည်တမ်းခြင်း၊ သားနှင့်​သမီးသည် မိမိတို့​အဘ​အတွက် ငိုကြွေး​မြည်တမ်းခြင်း၊ ညီအစ်ကိုတို့သည် မိမိတို့​ညီအစ်ကိုများ​အတွက် ငိုကြွေး​မြည်တမ်းခြင်းတို့ ရှိလေ၏။

၁၀ ယခုတွင်၊ ထိုပြည်၌ များစွာသော​မုဆိုး​မများရှိ၏။ သူတို့သည် မိမိတို့ကို​လာမန်​အမျိုးသားတို့ လာ၍​တိုက်ခိုက်​မည်ကို ကြီးစွာ​စိုးသောရိမ်ခြင်း​ကြောင့်၊ နေ့တိုင်း​မပြတ်​ပြင်းစွာ ငိုကြွေး​ကြ၏။

၁၁ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့၏​အဆက်​မပြတ်​ငိုကြွေးခြင်း​များက၊ ကျန်ကြွင်းသော​လင်မဟိ၏​လူတို့အား လာမန်​အမျိုးသားတို့၏​တစ်ဖက်၌ အမျက်ကို နှိုးဆော်သဖြင့်၊ စစ်တိုက်ခြင်းငှာ၊ တစ်ဖန်​သွားကြ၏။ သို့ရာတွင်၊ သူတို့သည် များစွာ​ဆုံးရှုံးခြင်းကို ခံစားရလျက်၊ တစ်ဖန်​ပြန်၍ မောင်းထုတ်​ခံရလေ၏။

၁၂ ထိုမှတစ်ပါး၊ သူတို့သည် တတိယ​အကြိမ်ပင် တစ်ဖန်​သွား၍၊ ယခင်နည်းတူ ခံစားရ၏။ ကွပ်မျက်​မခံရသော​သူတို့သည်လည်း နီဖိုင်းမြို့သို့ တစ်ဖန်​ပြန်လာ​ကြ၏။

၁၃ သူတို့​ကိုယ်သူတို့ မြေမှုန့်သို့​တိုင်အောင်ပင် နှိမ့်ချကြ၏။ သူတို့​ကိုယ်သူတို့ ကျွန်ခံရာ​ထမ်းပိုး၏​လွှမ်းမိုးခြင်းကို​ခံလျက်၊ သူတို့​ရန်သူများ၏​အလို​ဆန္ဒများ​အတိုင်း၊ ပြင်းစွာ​အရိုက်​ခံရစေရန်၊ အရပ်ရပ်သို့​နှင်ထုတ်​ခံရစေရန်နှင့် လေးသော​ဝန်ကို ထမ်းစေရန် သူတို့​ကိုယ်သူတို့​အခွင့်​ပေးလျက်​ရှိကြ၏။

၁၄ သူတို့ကိုယ်​သူတို့ နက်လှစွာသော​နှိမ့်ချခြင်း​ဖြင့်ပင် နှိမ့်ချ၍၊ ဘုရားသခင်​ထံသို့ စိတ်အား​ထက်သန်စွာ​တောင်းလျှောက်​ကြ၏။ ထိုမှတစ်ပါး၊ သူတို့၏​ဆင်းရဲ​ဒုက္ခများမှ ကယ်လွှတ်​တော်မူမည့်​အကြောင်း၊ သူတို့၏​ဘုရားသခင်ထံ တစ်နေ့လုံး​တောင်းလျှောက်​ကြ၏။

၁၅ ယခုမူကား၊ ကိုယ်တော်ရှင်သည် သူတို့၏​ဒုစရိုက်များကြောင့်၊ သူတို့၏​တောင်းလျှောက်ခြင်းကို​ကြားရန် နှေးကွေး​တော်မူ၏။ အဘယ်သို့ပင်​ဖြစ်စေ၊ ကိုယ်တော်ရှင်သည် သူတို့၏​တောင်းလျှောက်ခြင်းများကို ကြားတော်မူ၍၊ လာမန်​အမျိုးသားတို့၏​စိတ်နှလုံးကို ပျော့ပျောင်းစေ​တော်မူလျှင်၊ သူတို့၏​ဝန်များကို ပေါ့စပြု​စေ၏။ သို့သော်လည်း၊ ကိုယ်တော်ရှင်သည် သူတို့ကို ကျွန်ခံရာမှ ကယ်လွှတ်ရန် သင့်လျော်သည်ဟု မဆင်ခြင်ပေ။

၁၆ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် ထိုပြည်၌ တရွေ့ရွေ့​အောင်မြင်​စပြု​လာလျက်၊ ဆန်စပါး၊ သိုးစု၊ နွားစုတို့ကို သာ၍​မြောက်မြားစွာ စိုက်ပျိုး​မွေးမြူ​စပြုသဖြင့်၊ အစာ​ငတ်မွတ်ခြင်းကို မခံစား​ရပေ။

၁၇ ယခုတွင်၊ များစွာသော​မိန်းမတို့၏​အရေ​အတွက်သည် ယောက်ျားတို့ထက် ပို၍​များလေ၏။ ထိုကြောင့်၊ ယောက်ျား​တိုင်းသည် မုဆိုး​မများနှင့် သူတို့၏​သားသမီးများ​အစာ​ငတ်မွတ်ခြင်းကြောင့် မပျက်စီး​စေခြင်းငှာ၊ ထောက်မရန် မျှ၍​ပေးရမည်ဟု လင်မဟိ​မင်းကြီး​အမိန့်​ပေး၏။ ဤအမှုကို သူတို့​ပြုခြင်း​သည်ကား၊ ကွပ်မျက်​ခံရလေသော​သူတို့၏​အရေ​အတွက်များ​လှခြင်းကြောင့်​ပေတည်း။

၁၈ ယခုတွင်၊ လင်မဟိ၏​လူတို့သည် အုပ်စု​တစ်ခု​တည်းတွင် ဖြစ်နိုင်သမျှ​အတူတကွ​ရှိလျက်၊ မိမိတို့၏​ဆန်စပါးများနှင့် သိုးစုတို့ကို ကာကွယ်​စောင့်ရှောက်​ကြ၏။

၁၉ မင်းကြီး​ကိုယ်တိုင်​သည်ပင် မြို့တံတိုင်း​အပြင်​ဘက်၌ မိမိ၏​ကိုယ်ရံတော်ကို သူနှင့်​အတူ မခေါ်​ခဲ့ရလျှင်၊ လာမန်​အမျိုးသားတို့၏​လက်အတွင်းသို့ တစ်နည်းနည်းဖြင့် ကျရောက်မည်ကို စိုးရိမ်၍ သူ့ကိုယ်​သူယုံကြည်ခြင်း​မရှိချေ။

၂၀ လာမန်​အမျိုးသားတို့၏​သမီးများကို ခိုးယူ​သွားလေသူများ​ဖြစ်သည့် တောရိုင်းထဲသို့ ထွက်ပြေး​သွားခဲ့သည့်၊ ထို့အတူ၊ မိမိတို့​အပေါ် ထိုကဲ့သို့ ကြီးစွာသော ဖျက်ဆီးခြင်းကို​ကျရောက် စေခဲ့လေသည့် ထိုယဇ်ပုရောဟိတ်များကို တစ်နည်းနည်းဖြင့် ဖမ်းဆီး​နိုင်ခြင်းငှာ၊ မိမိလူတို့အား ပတ်ဝန်း​ကျင်ရှိ​ပြည်ကို စောင့်ကြည့်​စေခဲ့၏။

၂၁ အကြောင်းမူကား၊ ထိုသူတို့ကို အပြစ်ဒဏ်​ပေးနိုင်​ကြခြင်းငှာ၊ ဖမ်းဆီး​လိုကြ၏။ ထိုသူတို့က နီဖိုင်းပြည်ထဲသို့ ညဉ့်​အချိန်၌​ဝင်လာပြီး၊ သူတို့၏​ဆန်​စပါးများနှင့် သူတို့၏​အဖိုး​ထိုက်သည့် အရာ​များစွာတို့ကို သယ်ဆောင်​သွားကြသောကြောင့်​ဖြစ်၏။ ထို့ကြောင့်၊ သူတို့သည် ချောင်းမြောင်း၍ စောင့်ကြ၏။

၂၂ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အမ္မုန်နှင့် သူ၏​ညီအစ်ကိုများ ထိုပြည်ထဲသို့ ဝင်လာကြသည့်​အချိန်​အထိ​တိုင်အောင်ပင်၊ လာမန်​အမျိုး​သားများနှင့် လင်မဟိ၏​လူတို့​ကြား၌​နှောင့်ယှက်ခြင်း မရှိတော့​ချေ။

၂၃ မင်းကြီး​သည်လည်း မိမိ၏​ကိုယ်​ရံတော်နှင့်​အတူ မြို့တံခါး၏​အပြင်​ဘက်၌​ရှိလေသော​အခါ၊ အမ္မုန်နှင့် သူ၏​ညီအစ်ကို​များကို တွေ့ရှိ၏။ သူတို့ကို နောဧ၏​ယဇ်ပုရောဟိတ်များဟု ထင်မှတ်၏။ ထို့ကြောင့်၊ သူတို့ကို ဖမ်းဆီး ချည်နှောင်၍၊ ထောင်ထဲ၌ လှောင်ထား​စေ၏။ အကယ်၍၊ သူတို့သည် နောဧ၏​ယဇ်ပုရောဟိတ်များ​ဟုတ်လေလျှင်၊ အသေ​သတ်ခံရစေမည်​ဖြစ်၏။

၂၄ သို့ရာတွင်၊ သူတို့​မဟုတ်လေဘဲ၊ သူ၏​ညီအစ်ကိုများ​ဖြစ်၍၊ ဇရဟင်မလပြည်မှ လာကြ​လေသည်ကို တွေ့ရသော​အခါ၊ သူသည် အလွန်​ကြီးစွာသော​ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံ၏။

၂၅ ယခုတွင်၊ အမ္မုန်​မရောက်မီ၌ လင်မဟိ​မင်းကြီးသည် ဇရဟင်မလပြည်ကို ရှာဖွေခြင်းငှာ၊ အနည်း​ငယ်သော​လူတို့ကို စေလွှတ်လေ၏။ သို့ရာတွင်၊ သူတို့သည် ထိုပြည်ကို မတွေ့ရှိ​နိုင်ကြဘဲ၊ တောရိုင်းထဲ၌ ပျောက်ဆုံး​ကြ၏။

၂၆ သို့သော်လည်း၊ သူတို့သည် လူများ​နေထိုင်ခဲ့​လေသည့်ပြည်၊ ထိုမှတစ်ပါး၊ အရိုး​ခြောက်များဖြင့် ဖုံးလွှမ်း​ထားသည့်ပြည်၊ ထိုမှတစ်ပါး၊ လူများ​နေထိုင်ခဲ့​လေပြီး၊ ဖျက်ဆီး​ခံရလေသည့်​ပြည်ကို တွေ့ရှိ၏။ သူတို့​သည်လည်း ထိုပြည်ကို ဇရဟင်မလပြည်ဟု ထင်မှတ်၍ နီဖိုင်းပြည်သို့ ပြန်သွားလျက်၊ အမ္မုန်​မရောက်ခင် ရက်များစွာ​မတိုင်မီတွင် ထိုပြည်၏ နယ်နိမိတ်သို့ ရောက်​ရှိကြ၏။

၂၇ သူတို့သည်လည်း မှတ်တမ်း​တစ်ခု၊ သူတို့တွေ့​ရှိလေသည့် အရိုး​ကျန်ခဲ့သော​လူတို့၏ မှတ်တမ်း​တစ်ခုကိုပင် သူတို့နှင့်​အတူ ယူဆောင်​ခဲ့ကြ၏။ ထိုမှတ်တမ်းကို သတ္တု​ရိုင်းပြားများ​ပေါ်၌ ရေးထွင်း​ထား၏။

၂၈ ယခုမူကား၊ မောဇိယ​မင်းကြီး၌ ဘုရားသခင်ထံမှ ဆုကျေးဇူး​တစ်ခု​ရှိ၍၊ ထိုဆုကျေးဇူး​အားဖြင့် ယင်းကဲ့သို့သော​ရေးထွင်းခြင်းများကို သူအနက်ဖွင့်​နိုင်ကြောင်း အမ္မုန်နှုတ်​မြွက်၍ သိရသော​အခါ လင်မဟိသည် ဝမ်းမြောက်ခြင်းနှင့် တစ်ဖန်​ပြည့်စုံ၏။ အမ္မုန်​သည်လည်း ရွှင်လန်း​ဝမ်းမြောက်၏။

၂၉ သို့သော်လည်း၊ သူတို့၏​များစွာသော​ညီအစ်ကိုတို့​ကွပ်မျက်​ခံရလေသောကြောင့်၊ အမ္မုန်နှင့် သူ၏​ညီအစ်ကို​တို့သည် ဝမ်းနည်းမှုနှင့်​ပြည့်လေ၏။

၃၀ နောဧမင်းကြီးနှင့် သူ၏​ယဇ်ပုရောဟိတ်တို့က လူတို့ကို ဘုရားသခင်အား ဆန့်ကျင်၍ အလွန်​များစွာသော​အပြစ်များနှင့် ဒုစရိုက်များကို ကျူးလွန်စေသော​ကြောင့်လည်း ဖြစ်၏။ အဘိနဒိ​သေခြင်းကြောင့်​လည်းကောင်း၊ ဘုရားသခင်၏​ခွန်အားနှင့် တန်ခိုးတော်၊ ထို့အတူ၊ အဘိနဒိ​ပြောထားသော စကားများကို ယုံကြည်ခြင်း​တို့အားဖြင့် ဘုရားသခင်၏​အသင်းတော်ကို တည်ထောင်သူ အယ်လမာနှင့်​အတူ သွားသူများ ထွက်ခွာ​သွားခြင်းကြောင့်​လည်းကောင်း သူတို့သည် ငိုကြွေး​မြည်တမ်းကြ၏။

၃၁ ထိုမှတစ်ပါး၊ သူတို့ အဘယ်​အရပ်သို့ ထွက်ပြေး​သွားကြသည်ကို သိခြင်း​မရှိသောကြောင့်၊ ထွက်ခွာ​သွားခြင်း​အတွက် ငိုကြွေး​မြည်တမ်းကြ၏။ ယခုတွင်၊ သူတို့နှင့် ဝမ်းပန်း​တသာ ပေါင်းစည်းကြ၏။ အကြောင်းမူကား၊ သူတို့သည် ဘုရားသခင်ကို အစေခံ၍၊ သူ၏​ပညတ်တော်များကို စောင့်ထိန်းခြင်းငှာ၊ သူတို့​ကိုယ်တိုင် သူနှင့်ပဋိညာဉ်​ပြုကြလေ၏။

၃၂ ယခုမူကား၊ အမ္မုန်​ရောက်​ကတည်းက လင်မဟိ​မင်းကြီးနှင့်​အတူ၊ သူ၏​လူများစွာတို့​သည်လည်း ဘုရားသခင်ကို အစေခံ၍၊ သူ၏​ပညတ်တော်များကို စောင့်ထိန်းကြခြင်းငှာ သူနှင့် ပဋိညာဉ်​ပြုကြ​လေ၏။

၃၃ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လင်မဟိ​မင်းကြီးနှင့် သူ၏​လူများမှ များစွာသော သူတို့သည် ဗတ္တိဇံခံရန် အလို​ရှိကြ၏။ သို့ရာတွင်၊ ဘုရားသခင်ထံမှ အခွင့်​အာဏာ​ရရှိထားသူ တစ်ယောက်မျှ ထိုပြည်၌ မရှိ။ အမ္မုန်သည်လည်း မိမိကိုယ်ကို မထိုက်​တန်သော​ကျွန်ဟု ထင်မှတ်သောကြောင့်၊ ဤအမှုအား ပြုခြင်းကို ငြင်းဆို၏။

၃၄ ထို့ကြောင့်၊ သူတို့သည် သူတို့ကိုယ်တိုင် အသင်းတော်​တစ်ခု​အဖြစ် မတည်ထောင်ဘဲ ကိုယ်တော်ရှင်၏​ဝိညာဉ်တော်ကို မျှော်လင့်​နေခဲ့ကြ၏။ ယခုတွင်၊ သူတို့သည် တောရိုင်းထဲသို့ ထွက်ပြေး​သွားလေသော အယ်လမာနှင့် သူ၏​ညီအစ်ကိုများ​ကဲ့သို့ပင် ဖြစ်လာရန် အလို​ရှိကြလေ၏။

၃၅ သူတို့သည် ဘုရားသခင်ကို သူတို့၏​စိတ်နှလုံး​အကြွင်းမဲ့ဖြင့် အစေခံရန် လိုလိုလားလား​ရှိကြောင်း သက်သေနှင့် သက်သေခံချက်​အဖြစ် ဗတ္တိဇံခံရန် အလို​ရှိကြ၏။ သို့သော်လည်း၊ သူတို့သည် အချိန်​ဆွဲကြ၏။ သူတို့၏​ဗတ္တိဇံ​အကြောင်း မှတ်တမ်းကိုလည်း နောင်​ကာလမှ ရေးဦးမည်။

၃၆ ယခုမူကား၊ အမ္မုန်နှင့် သူ၏​လူများ၊ ထို့အတူ၊ လင်မဟိ​မင်းကြီးနှင့် သူ၏​လူတို့၏ အလုံး​စုံသော​ကြံစည်​အားထုတ်ခြင်း​သည်ကား၊ သူတို့​ကိုယ်သူတို့ လာမန်​အမျိုးသားတို့၏ လက်မှ​လည်းကောင်း၊ ကျွန်ခံရာမှ​လည်းကောင်း ကယ်လွှတ်ခြင်း​ငှာပေတည်း။