ကျမ်းစာများ
မောဇိယ ၂၀


အခန်းကြီး ၂၀

လာမန်​အမျိုးသားတို့၏​သမီး​အချို့သည် နောဧ၏​ယဇ်ပုရောဟိတ်များ၏​အဓမ္မ​ခေါ်ဆောင်​သွားခြင်းကို ခံရကြ၏—လာမန်​အမျိုးသားတို့သည် လင်မဟိနှင့် သူ၏​လူတို့ကို စစ်တိုက်ကြ၏—လာမန်​အမျိုးသား​ဗိုလ်ခြေတို့သည် ခုခံတိုက်ခိုက်ခံရကြ၏၊ စိတ်ပြေသွားကြ၏။ ဘီစီ ၁၄၅–၁၂၃ ခန့်။

ယခုတွင်၊ ရှေမလုန်၌ လာမန်​အမျိုးသားတို့၏​သမီးများ သူတို့ကိုယ်​သူတို့ အတူတကွ​စုဝေးပြီး သီချင်းဆို၍၊ က၍ ပျော်မွေ့ရာ နေရာ​တစ်ခု​ရှိ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ တစ်နေ့တွင် သူတို့မှ အနည်း​ငယ်သော​သူတို့သည် သီချင်း​ဆို၍​ကခြင်းငှာ အတူတကွ​စုဝေး​ကြ၏။

ယခုမူကား၊ နောဧမင်းကြီး၏​ယဇ်ပုရောဟိတ်တို့သည် နီဖိုင်းမြို့သို့ ပြန်သွားရန် ရှက်ကြောက်ကြ၊ ထိုမှတစ်ပါး၊ သူတို့ကို လူတို့​ကွပ်မျက်မည်ကို ကြောက်ရွံ့ကြ၏။ ထို့ကြောင့်၊ သူတို့သည် မိမိတို့၏​ဇနီးများနှင့် သားသမီးများထံသို့ မပြန်ဝံ့ကြ။

သူတို့သည် တောရိုင်းထဲ၌ တည်းခိုလျက်၊ လာမန်​အမျိုးသားတို့၏​သမီးများကို တွေ့ရှိသဖြင့်၊ ချောင်းမြောင်း၍ ကြည့်ကြ၏။

အနည်းငယ်သော​သူတို့​သာလျှင် ကရန်​အတူတကွ​စုဝေးသော​အခါ၊ သူတို့သည် ပုန်းကွယ်ရာမှ ထွက်လာပြီး တောရိုင်းထဲသို့ ဆောင်ယူ​သွားကြ၏။ အထူး​သဖြင့်၊ လာမန်​အမျိုးသားတို့၏ သမီး​နှစ်ဆယ်​လေးယောက်ကို တောရိုင်း​ထဲသို့ ဆောင်ယူ​သွားကြ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာမန်​အမျိုးသားတို့သည် မိမိတို့၏ သမီးများ​ပျောက်နေသည်ကို သိလျှင်၊ လင်မဟိ၏​လူတို့ကို အမျက်​ထွက်ကြ၏။ အကြောင်းမူကား၊ ထိုအမှုကို လင်မဟိ၏​လူများ​ပြုသည်ဟု တွေး​ထင်ကြ၏။

ထို့ကြောင့်၊ သူတို့၏​တပ်များကို စေလွှတ်၍၊ အမှန်စင်စစ်၊ မင်းကြီး​ကိုယ်တိုင်ပင် သူ၏​လူများ​ရှေ့မှ​သွား၍၊ လင်မဟိ၏​လူများကို ဖျက်ဆီးခြင်းငှာ နီဖိုင်းပြည်သို့ တက်သွား​ကြ၏။

ယခုမူကား၊ လင်မဟိသည် လင့်စင်ဆီမှ​နေ၍ သူတို့ကို တွေ့ရှိလေ၏။ သူတို့၏​စစ်တိုက်ခြင်း​အတွက် ပြင်ဆင်ခြင်း​မှန်သမျှကိုပင် တွေ့ရှိခဲ့၏။ ထို့ကြောင့်၊ မိမိလူများကို အတူတကွ​စုဝေး၍၊ လယ်ကွင်းများနှင့် တောများထဲ၌ ထိုသူတို့ကို ချောင်းမြောင်း၍​စောင့်ကြ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာမန်​အမျိုးသားတို့ ရောက်လာ​လေလျှင်၊ လင်မဟိ၏​လူတို့သည် စောင့်လျက်​ရှိသည့်​နေရာများမှ တိုက်ခိုက်​စပြုပြီး၊ ကွပ်မျက်​စပြုကြ၏။

၁၀ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ စစ်တိုက်ခြင်းသည် အလွန်​ပြင်းထန်​လာ၏။ အကြောင်းမူကား၊ သူတို့သည် ခြင်္သေ့များ​သားကောင်ကို တိုက်ခိုက်​သကဲ့သို့ တိုက်ခိုက်​ကြ၏။

၁၁ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လင်မဟိ၏​လူတို့သည် လာမန်​အမျိုးသားတို့ကို သူတို့ရှေ့မှ​နှင်ထုတ်​စပြုကြ၏။ သို့သော်လည်း၊ သူတို့သည် လာမန်​အမျိုးသားတို့၏ တစ်ဝက်မျှပင် အမြောက်​အမြားမရှိ။ သို့ရာတွင်၊ သူတို့သည် မိမိတို့​အသက်​အတွက်၊ မိမိတို့ ဇနီးများ​အတွက်နှင့် မိမိတို့​သားသမီးများ​အတွက် တိုက်ခိုက်​ကြ၏။ ထို့ကြောင့်၊ သူတို့သည် ကြိုးပမ်း​အားထုတ်၍၊ နဂါးများ​ကဲ့သို့ တိုက်ခိုက်​ကြ၏။

၁၂ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် လာမန်​အမျိုးသားတို့၏​မင်းကြီးကို ထိုသူတို့၏​အသေ​ကောင်များ​ကြား၌ တွေ့​ရှိကြ၏။ မသေ​သေးသော်လည်း၊ ဒဏ်ရာ​ရလျက်၊ မြေကြီး​ပေါ်၌ ကျန်ရစ်​ခဲ့သည့်​တိုင်အောင် သူ့လူမျိုးတို့၏​ထွက်ပြေးခြင်းကား မြန်ဆန်​လှ၏။

၁၃ သူ့ကို ခေါ်၍​ဒဏ်ရာများကို​စည်းပြီးလျှင်၊ လင်မဟိ၏​ရှေ့သို့ ဆောင်ယူခဲ့ပြီး ဆိုကြသည်ကား၊ ရှုလော့၊ ဒီမှာ လာမန်​အမျိုးသားတို့၏​မင်းကြီး​ဒဏ်ရာ​ရ၍ အသေ​ကောင်များ​ကြား၌ လဲကျသဖြင့်၊ သူတို့​ချန်ထား​ခဲ့လေပြီ။ ရှုဦးလော့၊ အကျွန်ုပ်တို့သည် သူ့ကို သင့်ရှေ့သို့ ဆောင်ယူခဲ့​လေပြီ။ ယခု​မူကား၊ သူ့ကို အကျွန်ုပ်တို့​ကွပ်မျက်​ကြကုန်အံ့။

၁၄ သို့ရာတွင်၊ လင်မဟိက သင်တို့ သူ့ကို မကွပ်မျက်နှင့်၊ သူ့ကို ငါကြည့်နိုင်ရန် ဤအရပ်သို့သာ ဆောင်ယူခဲ့​လော့ဟု ဆို၏။ သူတို့ကလည်း ဆောင်ယူခဲ့ကြ၏။ လင်မဟိကလည်း သူ့ကို ဆိုလေသည်ကား၊ သင်တို့သည် ငါ၏​လူတို့ကို အဘယ်​အကြောင်းကြောင့် လာ၍ စစ်တိုက်​ကြသနည်း။ ရှုလော့၊ သင်တို့ကို ငါပြုထား​လေသော ကျိန်ဆိုခြင်းကို ငါ၏​လူတို့​မဖောက်ဖျက်​လေကြ။ ထို့ကြောင့်၊ သင်တို့သည် ငါ၏​လူတို့နှင့် ပြုထားလေသော​ကျိန်ဆိုခြင်းကို အဘယ်ကြောင့် ဖောက်ဖျက်​ရသနည်း။

၁၅ ယခုမူကား၊ မင်းကြီးက​ဆိုလေသည်မှာ၊ သင်၏​လူတို့က ငါ့လူတို့၏​သမီးများကို သယ်ဆောင်​သွားခဲ့ကြသောကြောင့် ကျိန်ဆိုခြင်းကို ငါဖောက်​ဖျက်၏။ ထို့ကြောင့်၊ ငါသည် အမျက်​ထွက်၍ ငါ၏​လူတို့အား သင်၏​လူတို့ကို လာ၍​စစ်တိုက်​စေ၏။

၁၆ ယခုမူကား၊ လင်မဟိသည် ဤအမှု​အကြောင်းကို တစ်စုံ​တစ်ခုမျှ​မကြားလေခဲ့။ ထို့ကြောင့်၊ ငါ၏​လူတို့၌ ငါရှာဖွေ၍၊ ဤအမှုကို​ပြုသူ အဘယ်သူ​မဆို ပျက်စီး​ရမည်ဟု ဆို၏။ ထို့ကြောင့် သူသည် မိမိ​လူတို့၌ ရှာဖွေခြင်းကို ပြုစေ၏။

၁၇ ယခုတွင်၊ ဂိဒေါင်က ဤအရာတို့ကို ကြားလေလျှင်၊ သူသည် မင်းကြီး၏​ဗိုလ်ဖြစ်လျက် ရှေ့သို့​ထွက်၍ ပြောလေသည်ကား၊ ကိုယ်တော်ကို အကျွန်ုပ်​တောင်းပန်​ပါ၏။ ရှောင်ကြဉ်​တော်မူပါ။ ဤလူတို့၌ မရှာဖွေ​ပါနှင့်။ ဤအမှုကို သူတို့၌ စွဲချက်​တင်​တော်မမူ​ပါနှင့်။

၁၈ အကြောင်းမူကား၊ ဤလူတို့​ဖျက်ဆီးရန်​ကြိုးစားအားထုတ်ခဲ့ကြသည့် ကိုယ်တော့်အဘ၏ ယဇ်ပုရောဟိတ်များကို ကိုယ်တော်​မအောက်မေ့သလော။ သူတို့သည် တောရိုင်းထဲ၌​မရှိသလော။ သူတို့သည်ကား၊ လာမန်​အမျိုးသားတို့၏​သမီးများကို ခိုးယူ​သွားလေသော​သူများ​မဟုတ်သလော။

၁၉ ယခုမူကား၊ ရှုလော့၊ မင်းကြီးကိုလည်း ဤအရာတို့​အကြောင်းကို ပြောပြ​ပါလော့။ ထိုသို့ဆိုလျှင်၊ သူ၏​လူတို့အား အကျွန်ုပ်တို့ကို စိတ်ပြေနိုင်​စေကြောင်း မိန့်မှာ​ပေလိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် အကျွန်ုပ်တို့ကို လာ၍​တိုက်ခိုက်ရန် ပြင်ဆင်လျက်​ရှိနှင့်လေပြီ။ ရှုဦးလော့၊ အကျွန်ုပ်တို့မှာလည်း အင်အား​များစွာ​မရှိပါ။

၂၀ ရှုဦးလော့၊ သူတို့သည် မြောက်မြားစွာသော​ဗိုလ်ခြေတို့နှင့် လာ၍၊ မင်းကြီးက သူတို့အား အကျွန်ုပ်တို့ကို စိတ်ပြေစေရန်​မပြုလျှင်၊ အကျွန်ုပ်တို့​ပျက်စီး​ရပေမည်။

၂၁ အကြောင်းမူကား၊ အကျွန်ုပ်တို့​တစ်ဖက်၌ အဘိနဒိ​ပရောဖက်ပြု၍​ဟောခဲ့သော စကားများ ပြီးပြည့်စုံ​စေပြီ​မဟုတ်သလော—ဤအမှု​ခပ်သိမ်းတို့​သည်လည်း၊ အကျွန်ုပ်တို့သည် ကိုယ်တော်ရှင်၏​နှုတ်ကပတ်တော်များကို စေ့စေ့နားမထောင်လိုကြ၊ ထို့အတူ အကျွန်ုပ်တို့၏​ဒုစရိုက်များကို မစွန့်ပစ်လို​သောကြောင့် မဟုတ်​သလော။

၂၂ ယခုမူကား၊ အကျွန်ုပ်တို့သည် မင်းကြီးကို စိတ်ပြေစေ၍၊ သူနှင့်​အကျွန်ုပ်တို့​ပြုခဲ့လေသည့် ကျိန်ဆိုခြင်းကို ပြီးပြည့်စုံ​စေကြကုန်အံ့။ အကြောင်းမူကား၊ အကျွန်ုပ်တို့​ကျွန်ခံရခြင်းက အကျွန်ုပ်တို့၏ အသက်များဆုံး​ရှုံးရခြင်းထက် သာ၍​ကောင်းပေ၏။ ထို့ကြောင့်၊ အကျွန်ုပ်တို့သည် များစွာသော အသွေး​သွန်းလောင်းခြင်းတို့ကို ရပ်တန့်​စေကြကုန်အံ့။

၂၃ ယခုမူကား၊ လင်မဟိသည် မိမိအဘနှင့်၊ ထို့အတူ၊ တောရိုင်းထဲသို့ ထွက်ပြေး​သွားသည့် ယဇ်ပုရောဟိတ်တို့နှင့်​စပ်လျဉ်းသည့် အရာ​ခပ်သိမ်းတို့ကို မင်းကြီး​အားပြော​ပြ၏၊ သမီးတို့အား သယ်ဆောင်​သွားခြင်းကိုလည်း ထိုသူတို့အား စွပ်စွဲ၏။

၂၄ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ မင်းကြီးသည် သူ၏​လူတို့ကို စိတ်ပြေ၍၊ ဆိုသည်ကား၊ ငါတို့သည် ငါ၏​လူတို့ကို တွေ့ခြင်းငှာ၊ လက်နက်များ​မပါဘဲ သွားကြ​ကုန်အံ့။ သင်၏​လူတို့ကို ငါ၏​လူတို့​ကွပ်မျက်မည်​မဟုတ်ကြောင်း၊ သင်တို့ကို ကျိန်ဆိုခြင်းဖြင့် ငါကျိန်ဆို၏။

၂၅ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် မင်းကြီးနှင့်​လိုက်သွား၍၊ လာမန်​အမျိုးသားတို့နှင့် တွေ့ခြင်းငှာ၊ လက်နက်များ​မပါဘဲ​သွားကြ၏။ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် လာမန်​အမျိုးသားတို့နှင့်​တွေ့ကြ၏။ လာမန်​အမျိုးသားတို့၏​မင်းကြီး​သည်လည်း၊ ထိုသူတို့ရှေ့ ၌ သူ့ကိုယ်ကို ညွှတ်၍ လင်မဟိ၏​လူတို့ကိုယ်စား တောင်းပန်၏။

၂၆ လာမန်​အမျိုးသားတို့​သည်လည်း လင်မဟိ၏​လူတို့၌ လက်နက်များ​မပါသည်ကို မြင်ကြသော​အခါ သနားခြင်း​ရှိ၍၊ သူတို့​အပေါ်​စိတ်ပြေသဖြင့်၊ သူတို့​မင်းကြီးနှင့်​အတူ သူတို့နေရင်းပြည်သို့ ငြိမ်းချမ်းစွာ​ပြန်သွား​ကြ၏။