ကျမ်းစာများ
မောဇိယ ၃


အခန်းကြီး ၃

ဗင်္ယာမိန်​မင်းကြီးသည် မိန့်ခွန်းကို ဆက်၍​ဟော၏—ကိုယ်တော်ရှင်​အနန္တတန်ခိုး​ရှင်သည် မြေဖြင့်​ပြုသော​တဲကိုယ်ခန္ဓာဖြင့် လူသားတို့၌ အမှုတော်​ဆောင်လိမ့်မည်—လောကီ​သားတို့၏​အပြစ်များ​အတွက် အပြစ်​ဖြေတော်မူ​စဉ်တွင်၊ ချွေးပေါက်​မှန်သမျှတို့မှ အသွေးတော်​ထွက်လိမ့်မည်—သူ၏​နာမတော်သည်၊ ကယ်တင်ခြင်း​ရောက်လာရာ တစ်ခုတည်းသော နာမတော်​ဖြစ်၏—လူသားတို့သည် ဇာတိပကတိ​လူကို ချွတ်ပယ်၍၊ အပြစ်ဖြေခြင်းမင်္ဂလာ​အားဖြင့် သန့်ရှင်းသူများ ဖြစ်လာနိုင်ကြ၏—ဆိုးညစ်သူတို့၏​စိတ်ဆင်းရဲ​ကိုယ်ဆင်းရဲ​ဖြစ်ခြင်းသည် ကန့်နှင့်​ရောသော မီးအိုင်ကဲ့သို့ ဖြစ်လိမ့်မည်။ ဘီစီ ၁၂၄ ခန့်။

ထိုမှတစ်ဖန်၊ ငါ၏​ညီအစ်ကိုတို့၊ သင်တို့​သတိမူကြစေကြောင်း ငါအလို​ရှိ၏။ အကြောင်းမူကား၊ ငါ့၌ သင်တို့ကို ထပ်၍​ပြောစရာ အတော်အသင့်​ရှိ၏။ ရှုလော့၊ ဖြစ်လာမည့်​အရာနှင့် စပ်လျဉ်း၍၊ သင်တို့ကို ပြောစရာများ​ရှိ၏။

သင်တို့ကို​ငါပြောမည့် အရာများကိုလည်း ဘုရားသခင်ထံမှ ကောင်းကင်​တမန်​အားဖြင့်၊ ငါ့ထံသို့ ဖော်ပြထား၏။ နိုးလော့ဟု ငါ့ကို မြွက်ဆို၍၊ နိုးလျှင် ငါ့ရှေ့ ၌ သူရပ်သည်ကို မြင်ရ၏။

ငါ့ကို မြွက်ဆိုသည်ကား၊ နိုးလော့၊ ငါပြောမည့်​စကားများကို ကြားနာလော့။ အကြောင်းမူကား၊ ရှုလော့၊ ကြီးစွာသော​ဝမ်းမြောက်ခြင်း၏ ဝမ်းသာ​စရာသတင်းကို သင့်အား ဟောကြားခြင်းငှာ ငါလာ၏။

အကြောင်းမူကား၊ ကိုယ်တော်ရှင်သည် သင်၏​ဆုတောင်းခြင်းများကို ကြားတော်မူ၍၊ သင်၏​ဖြောင့်မတ်ခြင်းကို တရားစီရင်တော်မူ၏၊ သင်ရွှင်လန်း ဝမ်းမြောက်နိုင်​စေခြင်းငှာ ဟောကြားစေရန်လည်း ငါ့ကို စေလွှတ်​တော်မူလေပြီ။ သင်၏ လူမျိုးတို့ကို သင်ဟောကြား၍၊ သူတို့ကိုလည်း ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံ​စေခြင်းငှာ​ပေတည်း။

အကြောင်းမူကား၊ ရှုလော့၊ အချိန်​ကာလ​ကျရောက်​လာ၍၊ အလွန်​မဝေးသော​အခါ၌၊ ထာဝရ​ကာလတစ်ခုလုံးမှ ထာဝရ​ကာလတစ်ခုလုံးသို့ တိုင်အောင်​ရှိလေပြီး၊ ယခုလည်းရှိ၍ အုပ်စိုး​တော်မူ​လေသည့် ကိုတော်ရှင်​အနန္တတန်ခိုး​ရှင်သည် ကောင်းကင်​ဘုံမှနေ၍၊ လူသားတို့၌ ဆင်းလာ​တော်မူပြီး၊ မြေဖြင့်​ပြုသော​တဲကိုယ်ခန္ဓာ၌​နေလျက်၊ ဖျားနာသူများကို အနာကင်းစေခြင်း၊ သေသူများကို ထမြောက်စေခြင်း၊ ခြေမစွမ်းသော​သူတို့ကို လှမ်းသွားစေခြင်း၊ မျက်စိကန်းသော​သူတို့ကို မျက်စိ​အမြင်ရရှိစေခြင်း၊ နားပင်းသော​သူတို့ကို နားကြားရစေခြင်း၊ ရောဂါ​အမျိုးမျိုးတို့ကို ပျောက်စေခြင်း​စသည့် ကြီးစွာသော​အလွန်​တရာအံ့ဩဖွယ်​အမှုများကို ပြုတော်မူလျက်၊ တန်ခိုးတော်နှင့် လူသားတို့၌ သွားလာလိမ့်မည်။

လူသားတို့၏​စိတ်နှလုံး၌ နေထိုင်လျက်​ရှိသော နတ်ဆိုးများ သို့မဟုတ် မကောင်းသော​ဝိညာဉ်များကိုလည်း နှင်ထုတ်​တော်မူလိမ့်မည်။

ကြည့်ဦးလော့။ သူသည် စုံစမ်းခြင်းများနှင့် ကိုယ်ခန္ဓာ၏​နာကျင်မှု၊ အစာငတ်ခြင်း၊ ရေငတ်ခြင်းနှင့် ပင်ပန်းခြင်းတို့ကို သေခြင်းသို့​ရောက်သည့်​တိုင်အောင်​မှတစ်ပါး၊ လူသား​ခံစားနိုင်သည်​ထက်ပင် ခံစားတော်မူ၏။ အကြောင်းမူကား၊ ရှုလော့၊ ချွေးပေါက်​မှန်သမျှမှ သွေးများ​ထွက်၏။ ပြင်းစွာသော​စိတ်ဆင်းရဲမှု အလွန်​ကြီးမားလှသည်မှာ သူ့လူမျိုးတို့၏​ဆိုးညစ်ခြင်းနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုတို့ကြောင့်ပင်တည်း။

သူ့ကိုလည်း ယေရှုခရစ်တော်၊ ဘုရားသခင်၏​သားတော်၊ ကောင်းကင်နှင့်​မြေကြီး၏​အဘ၊ ရှေးဦးစွာ​ကတည်းက၊ အရာခပ်သိမ်းတို့၏ ဖန်ဆင်းရှင် ဟုခေါ်လိမ့်မည်။ သူ၏​မယ်တော်ကိုလည်း မာရိဟု ခေါ်လိမ့်မည်။

ကြည့်ဦးလော့၊ သူ၏​နာမတော်၌ ယုံကြည်ခြင်း​အားဖြင့်ပင်၊ လူသားများသို့ ကယ်တင်ခြင်း​ရောက်ရှိ​စေခြင်းငှာ သူ၏လူမျိုးတို့ထံသို့ ကြွ​လာတော်မူ၏။ ဤအရာခပ်သိမ်းတို့ နောက်၌ပင် သူတို့သည် သူ့ကို လူသားဟုထင်မှတ်၍၊ နတ်ဆိုးစွဲသောသူပါတကားဟု ဆိုလျက်၊ ရိုက်ပုတ်ကြပြီး၊ လက်ဝါး​ကပ်တိုင်၌ ကွပ်မျက်ကြလိမ့်မည်။

၁၀ သူသည်လည်း သုံးရက်​မြောက်သော​နေ့ ၌ သေရာမှ ထမြောက်​တော်မူလိမ့်မည်။ ရှုဦးလော့၊ သူသည် လောကကို တရားစီရင်ခြင်းငှာ၊ ရပ်တော်မူ၏။ ရှုဦးလော့၊ ဤအရာခပ်သိမ်း​တို့ကို ပြုသည်မှာ ဖြောင့်မတ်သော​တရားစီရင်ခြင်းကို လူသားတို့​အပေါ် ကျရောက်​စေခြင်းငှာ​ပေတည်း။

၁၁ အကြောင်းမူကား၊ ရှုလော့၊ အာဒံ၏​လွန်ကျူးမှုကြောင့် ကျရှုံးလေသော​သူများ၊ မိမိတို့နှင့်​စပ်လျဉ်းသည့် ဘုရားသခင်၏​အလိုတော်ကို မသိဘဲ​သေသူများ၊ သို့မဟုတ် မသိဘဲနှင့် ပြစ်မှားသော​သူတို့၏​အပြစ်များ​အတွက် သူ၏​အသွေးတော်က အပြစ်​ဖြေတော်မူ၏။

၁၂ သို့ရာတွင်၊ ဘုရားသခင်ကို သိလျက်နှင့်​ဆန့်ကျင်​ပုန်ကန်သော​သူသည် အမင်္ဂလာ၊ အမင်္ဂလာ​ရှိ၏။ အကြောင်းမူကား၊ နောင်တရခြင်းနှင့် ကိုယ်တော်ရှင်​ယေရှုခရစ်တော်​အပေါ်ယုံကြည်ခြင်း​အားဖြင့်​မှတစ်ပါး၊ ကယ်တင်ခြင်းသည် ဤသို့သော​သူအဘယ်​သူ့ဆီသို့မျှ မရောက်နိုင်။

၁၃ ဤအရာတို့ကို၊ အမျိုးစု၊ ပြည်သား၊ အသီးသီး​ဘာသာစကားကို​ပြောသူ​မှန်သမျှတို့ထံ ဟောကြား​စေခြင်းငှာ၊ ကိုယ်တော်ရှင်​ဘုရားသခင်သည် သူ၏​သန့်ရှင်းသော​ပရောဖက်များကို ခပ်သိမ်းသော လူသားတို့ထံ စေလွှတ်​တော်မူလေပြီ။ ထိုသို့​အားဖြင့်၊ ခရစ်တော်​ကြွလာ​လိမ့်မည်ဟု ယုံကြည်သူ​မှန်သမျှသည် သူတို့၏​အပြစ်များမှ​လွှတ်ခြင်းကို​ရရှိ၍၊ သူတို့၌ သူကြွလာ​တော်မူနှင့်လေပြီး​သကဲ့သို့ပင် အလွန်​ကြီးစွာသော​ဝမ်းမြောက်ခြင်းဖြင့်လည်း ရွှင်လန်း​ဝမ်းမြောက်ကြ၏။

၁၄ အဘယ်သို့​ပင်ဖြစ်စေ၊ ကိုယ်တော်ရှင်​ဘုရားသခင်သည် မိမိလူမျိုးတို့ လည်ပင်း​ခိုင်မာသည်ကို သိတော်မူ၍၊ သူတို့​အဖို့ ပညတ်တရား၊ မောရှေ၏​ပညတ်တရားကိုပင် စီရင်ပေး​တော်မူ၏။

၁၅ သူ၏​ကြွလာ​တော်မူခြင်းနှင့်​စပ်လျဉ်းသည့် များစွာသော​နိမိတ်​လက္ခဏာများ၊ အံ့မခန်း​ချီးမွမ်းဖွယ်​အမှုများ၊ သင်္ကေတများနှင့် ပုံပမာတို့ကိုလည်း သူတို့ကို ပြတော်မူ၏။ သန့်ရှင်းသော​ပရောဖက်တို့ကလည်း၊ သူ၏​ကြွလာ​တော်မူခြင်း​အကြောင်းကို ဟောပြောကြ၏။ သို့သော်လည်း သူတို့သည် စိတ်နှလုံးကို မာကျောစေလျက်၊ သူ့​အသွေးတော်ဖြင့် အပြစ်ဖြေခြင်းမင်္ဂလာ​အားဖြင့်​မှတစ်ပါး၊ မောရှေ၏​ပညတ်တရားမှာ တစ်စုံတစ်ရာမျှ​အကျိုး​မရှိကြောင်းကို နားလည်ခြင်း​မရှိကြ။

၁၆ ကလေးသူငယ်များသည် အပြစ်ပြု၍ ကယ်တင်ခြင်းသို့ မရောက်နိုင်​ဟုထင်စရာရှိ၏။ သို့ရာတွင်၊ ငါဆိုသည်ကား၊ သူတို့သည် ကောင်းချီး​ခံစားရကြ၏။ အကြောင်းမူကား၊ ရှုလော့၊ အာဒံကဲ့သို့၊ သို့မဟုတ် အလို​အလျောက် သူတို့ကျရှုံး၍၊ ထိုကဲ့သို့ပင် ခရစ်တော်၏​အသွေးတော်က သူတို့၏​အပြစ်များ​အတွက် အပြစ်​ဖြေတော်မူ၏။

၁၇ ထိုမှတစ်ဖန်၊ သင်တို့ကို ငါဆိုသည်ကား၊ ခရစ်တော်၊ ကိုယ်တော်ရှင်​အနန္တတန်ခိုးရှင်၏​နာမတော်၌နှင့် နာမတော်​အားဖြင့်​မှတစ်ပါး၊ လူသားတို့ထံ ကယ်တင်ခြင်းကို ရောက်နိုင်စေသည့်၊ အခြားနာမသော်လည်းကောင်း၊ အခြားလမ်းတစ်စုံတစ်ခုသော်လည်းကောင်း၊ နည်းလမ်း​သော်လည်းကောင်း မရှိလတ္တံ့။

၁၈ အကြောင်းမူကား၊ ရှုလော့၊ သူသည် တရားစီရင်​တော်မူ၏၊ သူ၏​တရား​စီရင်ခြင်းသည် တရားမျှတ၏။ ကလေး​ဘဝ၌ သေသော ကလေးငယ်သည် ပျက်စီးခြင်း​မရှိရ။ သို့ရာတွင်၊ လူသားတို့သည် မိမိတို့​ကိုယ်ကို နှိမ့်ချလျက်၊ ကလေးသူငယ်များကဲ့သို့​ဖြစ်လာပြီး၊ ကယ်တင်ခြင်းသည် ခရစ်တော်၊ ကိုယ်တော်ရှင်​အနန္တတန်ခိုး​ရှင်၏ အပြစ်ဖြေရာ​အသွေးတော်၌နှင့် အသွေးတော်​အားဖြင့် ရှိလေခဲ့၊ ရှိလျက်၊ ရှိလိမ့်မည်ဟု ယုံကြည်ခြင်း​မရှိကြလျှင်၊ သူတို့​ကိုယ်တိုင်၏​ဝိညာဉ်သို့ အပြစ်ဒဏ်ရောက်ခြင်းကို သောက်ကြ၏။

၁၉ အကြောင်းမူကား၊ ဇာတိပကတိလူသည် ဘုရားသခင်၏ ရန်သူဖြစ်၏၊ အာဒံ၏ ကျရှုံးခြင်း​မှ စ၍ ဖြစ်လေပြီ၊ သူသည် သန့်ရှင်းသော​ဝိညာဉ်တော်၏ သွေးဆောင်​တော်မူခြင်းကို ဝန်ခံခြင်း၊ ထို့အတူ ဇာတိပကတိ​လူ၏ ကိုယ်ကို ချွတ်ပယ်ပြီး၊ ခရစ်တော်​ကိုယ်တော်ရှင်၏ အပြစ်ဖြေခြင်းမင်္ဂလာ​အားဖြင့် သန့်ရှင်းသူ​တစ်ယောက်​ဖြစ်​လာခြင်း၊ ထို့အတူ ကျိုးနွံသော၊ သိမ်မွေ့​အောက်ကျို့သော၊ နှိမ့်ချသော၊ သည်းခံ​တတ်သော၊ ချစ်ခြင်းနှင့်​ပြည့်ဝသော ကလေးငယ်တစ်ယောက်ကဲ့သို့ ဖြစ်လာခြင်း၊ သူ့အပေါ် ချမှတ်ရန် သင့်လျော်သည်ဟု ကိုယ်တော်ရှင်​ဆင်ခြင်​တော်မူသော အရာ​မှန်သမျှကိုလည်း ကလေးငယ်တစ်ဦး မိမိအဘကို လိုက်နာ​သကဲ့သို့ပင်၊ လိုက်နာရန် လိုလိုလားလား​ရှိခြင်းတို့ မရှိလျှင်၊ ကာလ​အစဉ်အဆက်​အမြဲဖြစ်လိမ့်မည်။

၂၀ ထိုမှတစ်ဖန်၊ သင့်ကို ငါဆိုသည်ကား၊ ပြည်သား၊ အမျိုးစု၊ အသီးသီး​ဘာသာစကားကို​ပြောသူနှင့် လူမျိုး​မှန်သမျှ၌ ကယ်တင်ရှင်​အကြောင်း အသိပညာ ပျံ့နှံ့သည့်​အချိန် ကျရောက်​လာလိမ့်မည်။

၂၁ ရှုဦးလော့၊ ထိုအချိန်​ကျရောက်​လာသော​အခါ၊ နောင်တရခြင်းနှင့် ကိုယ်တော်ရှင်​ဘုရားသခင်​အနန္တတန်ခိုးရှင်၏ နာမတော်အပေါ် ယုံကြည်ခြင်း​မရှိလျှင်၊ ကလေးသူငယ်များ​မှတစ်ပါး၊ ဘုရားသခင်ရှေ့၌ အဘယ်သူမျှ အပြစ်တင်ခွင့်နှင့် ကင်းလွတ်​လိမ့်မည်​မဟုတ်။

၂၂ သင်သည် သင်၏​လူမျိုးတို့ကို သင်၏​ဘုရားသခင်​ကိုယ်တော်ရှင် မိန့်တော်မူလေသည့်​အရာတို့ကို သွန်သင်​ပေးလေပြီးသည့် ဤအချိန်၌ပင်၊ သင့်ကို ငါပြောထားလေသော စကားများ​အတိုင်း​မှတစ်ပါး၊ သူတို့ကို ဘုရားသခင်၏​အမြင်၌ အပြစ်တင်ခွင့်နှင့်​ကင်းလွတ်ခြင်း မရှိရကြတော့။

၂၃ ယခုမူကား၊ ငါ့ကို ကိုယ်တော်ရှင်​ဘုရားသခင်​မိန့်တော်မူလေသည့် နှုတ်ကပတ်တော်တို့ကို ငါဟောပြော​ပြီးလေပြီ။

၂၄ ကိုယ်တော်ရှင်​မိန့်တော်မူ​သည်ကား၊ တရားစီရင်​တော်မူရာ​နေ့၌၊ ထိုအရာတို့သည် ဤလူမျိုးတို့​တစ်ဖက်တွင် ထင်ရှားသော​သက်သေ​အဖြစ် ရှိလိမ့်မည်။ သို့ဖြစ်၍​၊ လူသားတိုင်းသည် ကောင်းသည်​ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ မိမိအကျင့်များ​အတိုင်း တရားစီရင်​ခံရလိမ့်မည်။

၂၅ သူတို့သည် ဆိုးလျှင်၊ သူတို့ကိုယ်တိုင်၏​အပြစ်ရောက်ခြင်းနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုများ၏ အလွန်​ဆိုးရွားသော​အဖြစ်ကို မှတ်မိ၍​နေရကြ၏။ ထိုအဖြစ်က၊ သူတို့ကို ကိုယ်တော်ရှင်၏​မျက်မှောက်မှ ပြန်လမ်း​မရှိနိုင်တော့သည့် ဝမ်းနည်း​ပူဆွေးမှုနှင့် အဆုံး​မရှိသည့် စိတ်ဆင်းရဲ​ကိုယ်ဆင်းရဲ​ဖြစ်ခြင်းတို့၏ အခြေအနေသို့​ရောက်စေ၏။ သို့ဖြစ်၍၊ သူတို့​ကိုယ်တိုင်၏​ဝိညာဉ်သို့ အပြစ်ဒဏ်ရောက်ခြင်းကို သောက်ကြလေပြီ။

၂၆ ထို့ကြောင့်၊ သူတို့သည် ဘုရားသခင်၏ အမျက်တော်​ဖလားကို သောက်ကြလေပြီ၊ ထိုအမှုသည်ကား၊ အာဒံသည် တားမြစ်​ထားသော​အသီးကို သုံးဆောင်ခြင်းကြောင့် ကျရှုံးရသည်ဟု တရားတော်မူခြင်းက ငြင်းဆိုနိုင်ခြင်းထက်၊ သူတို့​အတွက် မငြင်းဆိုနိုင်​သောအမှုဖြစ်၏။ ထို့ကြောင့်၊ ကရုဏာတော်သည် သူတို့​အပေါ်၌ အဘယ်သော​အခါမျှ သက်ရောက်ခြင်း​မရှိနိုင်တော့။

၂၇ သူတို့၏ စိတ်ဆင်းရဲ​ကိုယ်ဆင်းရဲ​ဖြစ်ခြင်းသည်လည်း၊ မငြိမ်းနိုင်သော​မီးလျှံများနှင့် ကာလ​အစဉ်​အဆက်​အမြဲ​တက်သည့် မီးခိုးတို့၏ ကန့်နှင့်​ရောသော​မီးအိုင်ကဲ့သို့ ဖြစ်၏။ ထိုကဲ့သို့ ကိုယ်တော်ရှင်သည် ငါ့ကို မိန့်တော်မူလေ၏။ အာမင်။