ကျမ်းစာများ
အယ်လမာ ၂၇


အခန်းကြီး ၂၇

ကိုယ်တော်ရှင်သည် အမ္မုန်ကို အန္တိနီဖိုင်းလေဟိ​လူမျိုးတို့အား ဘေးလွတ်ရာသို့ ပို့ဆောင်စေရန် မိန့်တော်မူ၏—အယ်လမာကို တွေ့သော​အခါ၊ အမ္မုန်၏​ဝမ်းမြောက်ခြင်းက သူ၏​ခွန်အားကို ကုန်​ခန်းစေ၏—နီဖိုင်း​အမျိုးသားတို့က အန္တိနီဖိုင်းလေဟိ​အမျိုးသားတို့အား ယေရှုန်​ပြည်ကို ပေး၏—သူတို့ကို အမ္မုန်​လူမျိုးဟု ခေါ်ကြ၏။ ဘီစီ ၉၀–၇၇ ခန့်။

ယခုတွင်၊ အချိန်တန်​လာသော​အခါ၊ နီဖိုင်းအမျိုးသားတို့ကို ဆန့်ကျင်၍ စစ်တိုက်ခြင်းငှာ​သွားခဲ့လေသော လာမန်​အမျိုးသားတို့သည် ဖျက်ဆီးခြင်းငှာ၊ များစွာသော​ရုန်းကန်မှုများ ပြီးလေသော​နောက်တွင်၊ ဖျက်ဆီးရန် ကြိုးစားခြင်းမှာ အချည်းနှီး​ဖြစ်လေကြောင်း၊ တွေ့ရှိလေ၍ နီဖိုင်းပြည်သို့ တစ်ဖန်​ပြန်လာကြ၏။

ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ အာမလက်​လူတို့သည် သူတို့၏​ဆုံးရှုံးခြင်း​များကြောင့်၊ လွန်စွာ​အမျက်​ထွက်ကြ၏။ သူတို့သည် နီဖိုင်း​အမျိုးသားတို့​အပေါ် လက်တုံ့​မပြန်​နိုင်ကြောင်း သိမြင်ကြသော​အခါ၊ လူတို့ကို သူတို့၏​ညီအစ်ကို အန္တိနီဖိုင်းလေဟိ​လူမျိုးတို့ တစ်ဖက်၌ အမျက်​ထွက်​စေခြင်းငှာ နှိုးဆော်​စပြုကြ၏။ ထို့ကြောင့်၊ သူတို့ကို ဖျက်ဆီးရန် တစ်ဖန်​အစ​ပြုကြပြန်၏။

ယခုတွင်၊ ဤလူတို့သည် သူတို့​လက်နက်များကို စွဲကိုင်ရန် တစ်ဖန်​ငြင်းပယ်လျက်၊ သူတို့​ရန်သူများ၏​အလို​ဆန္ဒအတိုင်း ကွပ်မျက်​ခံရ​စေခြင်းငှာ၊ သူတို့​ကိုယ်သူတို့ အခွင့်​ပေးကြ၏။

ယခုတွင်၊ အမ္မုန်နှင့် သူ၏​ညီအစ်ကိုတို့သည် ဤပျက်စီးခြင်း​အမှုကို သူတို့​အလွန်​ချစ်သော၊ ထို့အတူ သူတို့ကို အလွန်​ချစ်သည့်​သူများ၌ တွေ့မြင်​ရလေလျှင်—ထာဝရ​တည်မြဲသော​ပျက်စီးခြင်းမှ သူတို့ကို ကယ်တင်ရန် ဘုရားသခင်ထံမှ စေလွှတ်သော ကောင်းကင်​တမန်​များကဲ့သို့ ပြုစု​ခံရလေ​သဖြင့်—ထို့ကြောင့်၊ အမ္မုန်နှင့် သူ၏​ညီအစ်ကိုတို့က ဤကြီးစွာသော​ပျက်စီးခြင်း​အမှုကို တွေ့မြင်​ရလေလျှင်၊ သနားခြင်း​စိတ်ရှိ၍ မင်းကြီးကို ဆိုလေသည်မှာ၊

အကျွန်ုပ်တို့သည် ကိုယ်တော်ရှင်၏​ဤလူမျိုးတို့ကို အတူတကွ​စုဝေးကြကုန်အံ့။ အကျွန်ုပ်တို့​သည် ဇရဟင်မလ​ပြည်ရှိ အကျွန်ုပ်တို့​ညီအစ်ကို နီဖိုင်း​အမျိုးသားတို့​ရှိရာသို့ ဆင်းသွား​ကြကုန်အံ့၊ ဖျက်ဆီး​မခံရ​စေခြင်းငှာ၊ အကျွန်ုပ်တို့​ရန်သူများ​လက်မှ ထွက်ပြေး​ကြကုန်အံ့။

သို့ရာတွင်၊ မင်းကြီး​ဆိုလေသည်ကား၊ ရှုလော့၊ နီဖိုင်း​အမျိုးသားတို့ကို ဆန့်ကျင်၍ ငါတို့​ပြုလေသည့် လူ့အသက်​သတ်ခြင်း​များစွာနှင့် အပြစ်များကြောင့်၊ ငါတို့ကို သူတို့​ဖျက်ဆီး​လိမ့်မည်။

အမ္မုန်ကလည်း အကျွန်ုပ်သည် ကိုယ်တော်ရှင်ထံ သွား၍ မေးလျှောက်​ပါမည်။ အကယ်၍၊ အကျွန်ုပ်တို့ကို၊ အကျွန်ုပ်တို့​ညီအစ်ကို​များဆီသို့ ဆင်းသွားလော့ဟု သူမိန့်တော်မူလျှင်၊ အသင်တို့​သွားမည်​လောဟု ဆို၏။

မင်းကြီးကလည်း ဟုတ်ပေ၏။ အကယ်၍ ကိုယ်တော်ရှင်က ငါတို့ကို သွားလော့ဟု​ဆိုလျှင်၊ ငါတို့​ညီအစ်ကို​များဆီသို့ ငါတို့​ဆင်းသွား​ကြမည်။ သူတို့ကို ဆန့်ကျင်၍၊ ငါတို့​ကျူးလွန်ခဲ့သည့် လူ့အသက်​သတ်ခြင်း​များစွာနှင့် အပြစ်များ​အတွက် ပေးလျော်​ပြီးသည့်​တိုင်အောင်၊ ငါတို့သည် သူတို့၏​ကျွန်များ ဖြစ်ရ​လတ္တံ့ဟု ဆို၏။

သို့ရာတွင်၊ အမ္မုန်က ဆိုသည်မှာ၊ ထိုအမှုသည်၊ သူတို့၌ ကျွန်တစ်ဦးမျှ​မရှိရ​ဟူသော အကျွန်ုပ်၏​အဘ​တည်ထောင်​ထားသည့် အကျွန်ုပ်တို့​ညီအစ်ကိုတို့၏​ဥပဒေနှင့် ဆန့်ကျင်၏။ ထို့ကြောင့်၊ အကျွန်ုပ်တို့ ဆင်းသွားပြီး၊ အကျွန်ုပ်တို့​ညီအစ်ကိုတို့၏ ကရုဏာများ​အပေါ် မှီခိုကြ​ကုန်အံ့။

၁၀ သို့ရာတွင်၊ မင်းကြီးက ဆိုလေသည်ကား၊ ကိုယ်တော်ရှင်ထံ မေးလျှောက်လော့၊ အကယ်၍ ငါတို့ကို သွားလော့ဟု သူ​မိန့်တော်မူလျှင်၊ ငါတို့​သွားမည်။ သို့မဟုတ်လျှင်၊ ဤပြည်ထဲ၌ ငါတို့ပျက်စီး​လိမ့်မည်။

၁၁ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အမ္မုန်က ကိုယ်တော်ရှင်​ထံသွား၍ မေး​လျှောက်​သဖြင့်၊ ကိုယ်တော်ရှင်​မိန့်တော်မူ​လေသည်ကား၊

၁၂ ဤလူမျိုးတို့ မပျက်စီး​စေခြင်းငှာ၊ သူတို့ကို ဤပြည်မှ ထွက်စေလော့။ အကြောင်းမူကား၊ လာမန်​အမျိုးသားတို့အား သူတို့၏​ညီအစ်ကိုတို့ကို ဆန့်ကျင်ပြီး၊ အမျက်​ထွက်စေ၍၊ ကွပ်မျက်​စေခြင်းငှာ နှိုးဆော်သည့် အာမလက်​လူတို့၏ စိတ်နှလုံးကို စာတန်သည် ကြီးစွာ​လွှမ်းမိုးလေပြီ။ ထို့ကြောင့်၊ သင်သည် ဤပြည်မှ ထွက်လော့။ ဤလူမျိုးတို့​သည်လည်း ယခု​မျိုးဆက်၌ မင်္ဂလာ​ရှိ၏။ အကြောင်းမူကား၊ သူတို့ကို ငါကာကွယ်​စောင့်မ​တော်မူမည်။

၁၃ ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ အမ္မုန်သည် သူ့ကို ကိုယ်တော်ရှင်​မိန့်တော်မူ​လေသည့် စကား​မှန်သမျှကို မင်းကြီးထံသို့​သွား၍ ပြောပြ၏။

၁၄ သူတို့​သည်လည်း သူတို့၏​လူမျိုး​မှန်သမျှ၊ အထူးသဖြင့် ကိုယ်တော်ရှင်၏​လူမျိုး​မှန်သမျှကို အတူတကွ စုဝေး၍၊ သူတို့၏ သိုးစုများနှင့် နွားစုများကို အတူတကွ​စုဝေး၍ ထိုပြည်မှ ထွက်​ခွာကြ၏၊ နီဖိုင်း​ပြည်နှင့် ဇရဟင်မလ​ပြည်ကို ပိုင်းခြား​ထားသည့် တောရိုင်းထဲသို့ ဝင်လာခဲ့ပြီး၊ ထိုပြည်၏ နယ်နိမိတ်​အနီးသို့ ရောက်​လာကြ၏။

၁၅ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အမ္မုန်က ဆိုလေ​သည်ကား၊ ရှုလော့၊ ငါနှင့် ငါ၏​ညီအစ်ကိုတို့သည် ဇရဟင်မလ​ပြည်ထဲသို့ သွားကြမည်။ သင်တို့သည် ငါတို့​ပြန်လာသည့်​တိုင်အောင် ဤနေရာမှာ နေကြပါ။ ငါတို့​ညီအစ်ကိုများက သင်တို့ကို သူတို့​ပြည်ထဲသို့ ဝင်ရောက်​လာစေကြောင်း လိုလားခြင်း ရှိ​မရှိကိုလည်း သူတို့​စိတ်နှလုံးကို ငါတို့​စုံစမ်း​ကြမည်။

၁၆ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အမ္မုန် ထိုပြည်ထဲသို့ သွား​စဉ်တွင်၊ သူနှင့် သူ၏​ညီအစ်ကိုတို့သည် အယ်လမာကို ယခင်​ပြောထား​လေသည့် နေရာ၌ တွေ့ကြ၏။ ရှုလော့၊ ဤအရာ​သည်ကား၊ ရွှင်လန်းအား​ရသော တွေ့ဆုံခြင်း​ပေတည်း။

၁၇ ယခုတွင်၊ အမ္မုန်၏​ဝမ်းမြောက်ခြင်းသည်၊ အလွန်​ကြီးမား၍ သူ့၌ ပြည့်​လျှံလျက်ပင် ရှိ၏။ ထိုမှတစ်ပါး၊ သူသည် ခွန်အား​ကုန်ခန်းသည့်​တိုင်အောင်ပင် မိမိဘုရားသခင်၌ ဝမ်းမြောက်ခြင်းဖြင့် လွှမ်းမိုးခြင်းကို ခံရလေ၍၊ မြေကြီးသို့ တစ်ဖန်​လဲကျ​ပြန်၏။

၁၈ ယခုတွင်၊ ဤအမှုမှာ၊ အလွန်​ဝမ်းမြောက်ခြင်း မဟုတ်​လေသလော။ ရှုလော့၊ ဤအမှု​သည်ကား၊ အမှန်ပင်​နောင်တရ၍၊ နှိမ့်ချပြီး ပျော်ရွှင်မှုကို ရှာသည့်​သူတို့​မှတစ်ပါး၊ အဘယ်သူမျှ မရရှိလေသည့် ဝမ်းမြောက်ခြင်း​ပေတည်း။

၁၉ ယခုတွင်၊ အယ်လမာ၏​ညီအစ်ကိုများကို တွေ့ရာ၌ သူ၏​ဝမ်းမြောက်ခြင်း၊ ထို့အတူ၊ အာရုန်၊ ဩမနာနှင့် ဟိမနိတို့၏​ဝမ်းမြောက်ခြင်း​သည်ကား၊ အမှန်ပင် ကြီးမားလှ၏။ သို့ရာတွင်၊ သူတို့၏​ဝမ်းမြောက်ခြင်းသည် သူတို့၏​ခွန်အားထက် သာလွန်ခြင်း​မရှိ။

၂၀ ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ အယ်လမာသည် သူ၏​ညီအစ်ကိုတို့ကို ဇရဟင်မလ​ပြည်သို့​ပြန်၍ ပို့ဆောင်သည်မှာ၊ သူ၏​အိမ်သို့ ရောက်သည့်​တိုင်အောင်​ပင်တည်း။ သူတို့သည် နီဖိုင်း​ပြည်တွင်၊ သူတို့၏​ညီအစ်ကို လာမန်​အမျိုးသားတို့၌ ဖြစ်ပျက်ခဲ့​လေသမျှသော​အရာတို့ကို တရား​သူကြီး​ချုပ်ထံသို့လည်း သွား၍ ပြောပြ၏။

၂၁ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ တရား​သူကြီးချုပ်သည် အန္တိနီဖိုင်းလေဟိ​လူမျိုးများ ဖြစ်လေသော သူတို့​ညီအစ်ကိုများကို ဝင်ရောက်ခွင့်​ပြုခြင်းနှင့်​စပ်လျဉ်း၍ လူတို့၏​မဲဆန္ဒကို တောင်းခံလျက်၊ ထိုပြည်​တစ်လျှောက်လုံးသို့ ကြေညာချက်ကို ထုတ်ပြန်၏။

၂၂ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လူတို့၏​မဲဆန္ဒကို ရရှိ၍ ဆိုကြ​လေသည်ကား၊ ရှုလော့၊ ငါတို့သည် ပင်လယ်၏​အရှေ့​အရပ်၌ ရှိသော၊ အလျှံပယ်​ပြည်ကို ဆက်သည့်၊ အလျှံပယ်​ပြည်၏​တောင်ဘက်၌​ရှိသည့် ယေရှုန်​ပြည်ကို စွန့်လွှတ်မည်​ဖြစ်၍၊ ဤယေရှုန်​ပြည်သည်ကား၊ ငါတို့က ငါတို့၏​ညီအစ်ကိုတို့အား အမွေခံရာ​အဖြစ် ပေးမည့်ပြည်​ဖြစ်၏။

၂၃ ရှုဦးလော့၊ ငါတို့သည် ယေရှုန်​ပြည်ရှိ ငါတို့​ညီအစ်ကိုများကို ကာကွယ်နိုင်​စေခြင်းငှာ၊ ယေရှုန်​ပြည်နှင့် နီဖိုင်း​ပြည်ကြား၌၊ ငါတို့​တပ်များကို ချထားမည်။ ငါတို့​၏ညီအစ်ကိုတို့​အတွက် ဤသို့​ပြုရသည်မှာ သူတို့​အပြစ်​ကျူးလွန်​ရမည်ကို စိုးရိမ်၍၊ သူတို့၏​ညီအစ်ကိုတို့ကို ဆန့်ကျင်၍ လက်နက်​စွဲကိုင်မည်ကို ကြောက်ရွံ့​သောကြောင့်​ပေတည်း။ ဤကြီးစွာသော ကြောက်ရွံ့ခြင်း ကျရောက်လာ​ရသည်မှာ၊ သူတို့၏ လူ့အသက်​သတ်ခြင်းများစွာနှင့် သူတို့၏​အလွန်​ဆိုးရွားသော ဆိုးညစ်ခြင်း​တို့ကြောင့် သူတို့၌​ရှိလေသည့် ပြင်းစွာသော​နောင်တရခြင်းကြောင့်​ပင်တည်း။

၂၄ ယခုမူကား၊ ရှုလော့၊ ဤအမှုကို ငါတို့​ညီအစ်ကိုများ​အတွက် ငါတို့​ပြုမည်ကား၊ ယေရှုန်​ပြည်ကို သူတို့​အမွေခံနိုင်​စေခြင်းငှာ​ပေတည်း။ ငါတို့​တပ်များကို ငါတို့​ထိန်းသိမ်းနိုင်​စေခြင်းငှာ ငါတို့ကို ကူမရန် သူတို့၏​ဥစ္စာမှ တစ်စိတ်​တစ်ပိုင်းကို ငါတို့အား သူတို့​ပေးရမည်​ဟူသော ပြဌာန်းချက်ဖြင့် ငါတို့​တပ်များဖြင့် သူတို့ကို သူတို့​ရန်သူများ​ဘေးမှလည်း ကာကွယ်ကြမည်။

၂၅ ယခုတွင်၊ အချိန်တန်​လာသော​အခါ၊ အမ္မုန်သည် ဤအမှုကို​ကြားလျှင်၊ အန္တိနီဖိုင်းလေဟိ​လူမျိုးတို့​ရှိရာ တောရိုင်းထဲသို့ အယ်လမာနှင့်​အတူ ပြန်လာ၏။ သူတို့သည် ထိုနေရာ၌ သူတို့​တဲများကို ဆောက်လေပြီး၊ ဤအရာခပ်သိမ်း​တို့ကို ဖော်ပြ၏။ အယ်လမာသည် အမ္မုန်၊ အာရုန်၊ မိမိ​ညီအစ်ကိုတို့နှင့်​အတူ သူ၏​ပြောင်းလဲခြင်းကိုလည်း သူတို့အား ပြန်လည်​ပြောပြ၏။

၂၆ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ထိုအမှုသည် သူတို့၌ ကြီးစွာသော​ဝမ်းမြောက်ခြင်းကို ဖြစ်စေ၏။ သူတို့သည် ယေရှုန်​ပြည်ထဲသို့ ဆင်းသွားလျက်၊ ယေရှုန်​ပြည်ကို သိမ်းယူကြ၏။ နီဖိုင်း​အမျိုးသားတို့က သူတို့ကို အမ္မုန်​လူမျိုးများဟု ခေါ်ကြ၏။ ထို့ကြောင့်၊ သူတို့ကို ထိုအချိန်မှ​စ၍၊ ထိုအမည်​အားဖြင့် အစဉ်​အဆက်​ခွဲခြားကြ၏။

၂၇ သူတို့သည် နီဖိုင်း​လူမျိုးတို့​ကြား၌ ရှိလေပြီး၊ ဘုရားသခင်၏​အသင်းတော်မှ လူတို့၌လည်း ရေတွက်​ခံရ၏။ ထို့အတူ၊ ဘုရားသခင်​အတွက်နှင့် လူသားများ​အတွက်လည်း သူတို့၏ စိတ်​အားကြီးမှုကြောင့် သူတို့ကို ခွဲခြား၏။ အကြောင်းမူကား၊ သူတို့သည် အရာရာ၌ ပြည့်စုံစွာ​ရိုးသားလျက်၊ ဖြောင့်မှန်​ကြလေ၏။ သူတို့သည် ခရစ်တော်ကို ယုံကြည်ခြင်း၌လည်း အဆုံး​တိုင်အောင်ပင် ခိုင်မြဲ​ကြလေ၏။

၂၈ သူတို့​ညီအစ်ကိုများ၏ အသွေး​သွန်းလောင်းခြင်းကို အကြီး​မားဆုံးသော စက်ဆုပ်​ရွံရှာခြင်း​အဖြစ် သူတို့​မှတ်ယူကြ၏။ သူတို့၏​ညီအစ်ကိုတို့ကို ဆန့်ကျင်၍ လက်နက်​စွဲကိုင်​စေခြင်းငှာလည်း တစ်ခါမျှ​သွေးဆောင်၍​မရနိုင်ခဲ့စဖူး။ ခရစ်တော်နှင့် ရှင်ပြန်​ထမြောက်ခြင်း​အကြောင်း သူတို့၏​မျှော်လင့်ခြင်းနှင့် နားလည်ခြင်းတို့ကြောင့် သူတို့သည် သေခြင်းကိုလည်း ကြောက်မက်​စိတ်​တစ်စုံ​တစ်ရာဖြင့်ပင်​အဘယ်တုန်းကမျှ မမှတ်ယူကြ။ ထို့ကြောင့်၊ သူတို့​အတွက်မူကား၊ သေခြင်းကို ခရစ်တော်၏​အောင်နိုင်ခြင်း​အားဖြင့် ကျော်လွှား၏။

၂၉ ထို့ကြောင့်၊ သူတို့ကို ခုတ်ဖြတ်ရန် ဓားသို့မဟုတ်၊ ဓားကောက်ကို မယူမီ သူတို့​ညီအစ်ကိုတို့ စီရင်နိုင်သည့် အဆိုး​ရွားဆုံးသော၊ စိတ်ပျက်ဖွယ်​နည်းဖြင့် သေခြင်းကို သူတို့​ခံစားရ​လိမ့်မည်။

၃၀ ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် စိတ်​အားကြီးသည့် ချစ်လှစွာသော​လူမျိုးများ၊ ကိုယ်တော်ရှင်​အလွန်​နှစ်သက်​တော်မူသည့် လူမျိုးများ​ဖြစ်လေ​သတည်း။