ကျမ်းစာများ
၃ နီဖိုင်း ၂၇


အခန်းကြီး ၂၇

ယေရှုသည် သူတို့အား အသင်းတော်ကို သူ၏​နာမတော်​အားဖြင့် ခေါ်ရန် မိန့်မှာ၏—သူ၏​သာသနာ​ပြုခြင်းနှင့် အပြစ်​ဖြေခြင်း​ယဇ်တို့ဖြင့် သူ၏​ဧဝံဂေလိ​တရားတော်ကို ဖွဲ့စည်း​တည်ထောင်၏—လူသားတို့သည် သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် သန့်ရှင်းစင်ကြယ်​နိုင်စေခြင်းငှာ နောင်တ​ရ၍၊ ဗတ္တိဇံ​ခံရန် မိန့်မှာခံရ၏—သူတို့သည် ယေရှုကဲ့သို့ပင် ဖြစ်ရ​မည်။ အေဒီ ၃၄–၃၅ ခန့်။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ယေရှု၏​တပည့်တော်တို့​သည် ခရီး​သွား၍၊ သူတို့ ကြားရ၊ မြင်​ရသည့်​အရာတို့ကို ဟော​ပြောလျက်၊ ယေရှု၏​နာမတော်၌ ဗတ္တိဇံ​ပေးလျက်​ရှိစဉ်တွင်၊ အချိန်​တန်​လာသော​အခါ၊ တပည့်တော်​တို့သည် အတူတကွ​စုဝေး၍၊ အားကြီးသော​ဆုတောင်းခြင်းနှင့် အစာ​ရှောင်ခြင်းတို့၌ စည်းလုံးကြ၏။

ယေရှုကလည်း တစ်​ဖန်​ကိုယ်ထင်ပြတော်မူ၏။ အကြောင်း​မူကား၊ သူတို့သည် သူ၏​နာမတော်​အားဖြင့် ခမည်းတော်​ထံသို့ ဆုတောင်းလျက်​ရှိကြ၏။ ယေရှု​သည်လည်း သူတို့​အလယ်၌ လာ​ရပ်၍၊ သင်တို့အား အဘယ်​အရာကို ပေး​စေလို​သနည်းဟု မေးတော်မူလျှင်၊

သူတို့ကလည်း ကိုယ်တော်ရှင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့အား ဤအသင်းတော်ကို ခေါ်ရမည့် အမည်ကို မိန့်တော်မူပါ။ အကြောင်း​မူကား၊ ဤအမှုနှင့်​စပ်လျဉ်း၍ လူတို့၌ ငြင်း​ခုံခြင်းများ​ရှိပါ၏ဟု လျှောက်ကြ၏။

ကိုယ်တော်ရှင်ကလည်း သူတို့ကို မိန့်တော်မူ​သည်မှာ၊ သင်တို့ကို ငါ​အမှန်၊ အမှန်​ဆိုသည်ကား လူတို့သည် ဤအမှုကြောင့်၊ အဘယ်သို့​အားဖြင့် ညည်း​ညူ​အပြစ်​တင်၍ ငြင်း​ခုံကြ​သနည်း။

သင်တို့သည် ငါ၏​နာမတော်​တည်း​ဟူသော ခရစ်တော်၏​နာမတော်ကို သင်တို့​အပေါ်၌ ခံယူ​ရမည်ဟု ဆိုလေသည့် ကျမ်းစာများကို သူတို့​မဖတ်ကြ​သလော။ အကြောင်း​မူကား၊ ဤနာမတော်​အားဖြင့် သင်တို့သည် နောက်​ဆုံးသော​နေ့၌ အခေါ်​ခံရလိမ့်မည်။

အကြင်​သူသည် မိမိ​အပေါ်၌ ငါ၏​နာမတော်ကို ခံယူ၍၊ အဆုံး​တိုင်အောင် တည်​ကြည်၏။ ထိုသူသည် နောက်ဆုံးသော​နေ့ ၌ ကယ်​တင်ခြင်းသို့ ရောက်​လိမ့်မည်။

ထို့ကြောင့်၊ သင်တို့​ပြုသမျှသော​အရာတို့ကို ငါ၏​နာမတော်​အားဖြင့် ပြုကြလော့။ ထို့ကြောင့်၊ သင်တို့သည် အသင်းတော်ကို ငါ၏​နာမတော်​အားဖြင့် ခေါ်​ရမည်။ ငါ့​အဖို့ အသင်းတော်ကို ခမည်းတော်​ကောင်းချီး​ပေးတော်မူ​စေခြင်းငှာ၊ သင်တို့သည် သူ့ထံသို့ ငါ၏​နာမတော်​အားဖြင့် ပဌာန​ပြုကြလော့။

ငါ၏​နာမတော်​အားဖြင့် မခေါ်​လျှင်၊ အဘယ်သို့​အားဖြင့် ငါ၏​အသင်းတော် ဖြစ်​နိုင်မည်နည်း။ အကြောင်း​မူကား၊ အသင်းတော်​တစ်ပါးကို မောရှေ၏​နာမ​အားဖြင့် ခေါ်​လျှင်၊ ထို​အသင်းတော်သည် မောရှေ၏​အသင်းတော်​ဖြစ်ပေမည်။ သို့မဟုတ်၊ အသင်းတော်​တစ်ပါးကို လူ​တစ်ဦး၏​နာမ​အားဖြင့် ခေါ်လျှင်၊ ထို​အသင်းတော်သည် လူ​တစ်ဦး၏​အသင်းတော် ဖြစ်ပေမည်။ သို့ရာတွင်၊ ထို​အသင်းတော်ကို ငါ၏​နာမ​အားဖြင့် ခေါ်​လျှင်၊ ငါ၏​အသင်းတော် ဖြစ်ပေ၏။ ထိုသို့ဆိုလျှင်၊ သူတို့သည် ငါ၏​ဧဝံဂေလိ​တရားတော်၌ တည်​ထောင်ကြခြင်း​ဖြစ်၏။

သင်တို့ကို ငါ​အမှန်​ဆို​သည်ကား၊ သင်တို့ကို ငါ၏​ဧဝံဂေလိ​တရားတော်​အပေါ်၌ တည်​ထောင်ထား၏။ ထို့ကြောင့်၊ သင်တို့သည် ပြုသမျှသော​အရာတို့ကို ငါ၏​နာမတော်​အားဖြင့် ခေါ်ရကြမည်။ ထို့ကြောင့်၊ သင်တို့သည် အသင်းတော်​အတွက်၊ ခမည်းတော်​ထံသို့ ပဌနာ​ပြုကြသော​အခါ၊ ငါ၏​နာမတော်​အားဖြင့် ပြုကြလျှင်၊ ခမည်းတော်​ကြားတော်​မူလိမ့်မည်။

၁၀ အသင်းတော်ကို ငါ၏​ဧဝံဂေလိ​တရားတော်​အပေါ်၌ တည်ဆောက်လျှင်၊ ခမည်းတော်သည် သူ၏​အမှုတော်တို့ကို ထို​အသင်းတော်၌ ဖော်​ပြ​တော်မူ​လိမ့်မည်။

၁၁ သို့ရာတွင်၊ ထို​အသင်းတော်သည် ငါ၏​ဧဝံဂေလိ​တရားတော်​အပေါ်၌ တည်ဆောက်​ထားခြင်း​မဟုတ်ဘဲ၊ လူတို့၏​အကျင့်များ​အပေါ်၌ သို့မဟုတ် နတ်ဆိုး၏​အကျင့်များ​အပေါ်၌ တည်ဆောက် ထားလျှင်၊ သင်တို့ကို ငါ​အမှန်​ဆို​သည်​ကား၊ သူတို့သည် သူတို့၏​အကျင့်များ၌ ကာလ​အတန်အရာ ဝမ်း​မြောက်ခြင်း​ရှိကြမည်။ မကြာမီ အဆုံးသို့​ရောက်၍၊ ခုတ်လှဲ၍ မီးထဲသို့ ပစ်ချခံရကြ၏၊ ထိုနေရာမှ ပြန်​လမ်း​မရှိ။

၁၂ အကြောင်း​မူကား၊ သူတို့၏ အကျင့်များသည် သူတို့​နောက်က လိုက်ကြ၏။ သူတို့၏​အကျင့်​များကြောင့် သူတို့ခုတ်လှဲ​ခံရကြ၏။ ထို့ကြောင့်၊ သင်တို့အား ငါ​ပြော​ပြတော်မူသော​အရာတို့ကို သတိ​ရကြ​လော့။

၁၃ ရှုလော့၊ ငါသည် သင်တို့အား ငါ၏​ဧဝံဂေလိ​တရားတော်ကို ပေးတော်မူ၍၊ သင်တို့​ထံသို့ ငါ​ပေးတော်မူသည့် ဤဧဝံဂေလိ​တရားတော်​သည်ကား—ငါသည် ငါ့​ခမည်းတော် ငါ့ကို စေလွှတ်​တော်မူ​သော​ကြောင့်၊ ငါ့​ခမည်းတော်၏ အလိုကို ဆောင်ရွက်ခြင်းငှာ လောက​ထဲသို့ ကြွ​လာ​တော်မူ၏။

၁၄ ငါ၏​ခမည်းတော်​က​လည်း၊ ငါ့ကို လက်​ဝါး​ကပ်​တိုင်ပေါ်၌ မြှောက်​ထား​ခံရစေရန် စေလွှတ်တော်မူ၏။ လူသားတို့​ကောင်း​သည်​ဖြစ်စေ၊ ဆိုးသည်​ဖြစ်စေ၊ သူတို့​အကျင့်များ​အတိုင်း တရား​စီရင်​ခံရ​စေရန် ငါ့​ရှေ့၌ ရပ်စေခြင်းငှာ ခမည်းတော်​အားဖြင့် မြှောက်​ထား​ခံရမည်မှာ၊ လူသားတို့​အားဖြင့် ငါ​မြှောက်​ထား​ခံရသကဲ့သို့ပင်၊ လက်ဝါး​ကပ်တိုင်​ပေါ်၌ မြှောက်​ထား ခံရ​ပြီးနောက်၊ ခပ်သိမ်းသော လူသားတို့ကို ငါ့​ထံသို့ ဆွဲ၍​ခေါ်နိုင်​စေခြင်းငှာ​ပေတည်း—

၁၅ ဤအကြောင်း​ရင်း​ကြောင့်ပင်၊ ငါသည် မြှောက်​ထား​ခံရလေပြီ။ ထို့ကြောင့်၊ ခမည်းတော်၏​တန်ခိုးတော်အတိုင်း၊ ငါသည် ခပ်သိမ်းသော လူ​သားတို့ကို၊ သူတို့၏​အကျင့်များ​အတိုင်း တရား​စီရင်​ခံရစေရန် ငါ့ထံသို့ ဆွဲ၍​ခေါ်​တော်မူမည်။

၁၆ ဤသို့​အားဖြင့်​အချိန်​တန်​လာလတ္တံ့သော​အခါ၊ နောင်တ​ရ၍၊ ငါ၏​နာမတော်၌ ဗတ္တိဇံ​ခံသော​သူသည် သန့်ရှင်းသော​ဝိညာဉ်တော်နှင့် ပြည့်လိမ့်မည်။ ထိုသူသည် အဆုံး​တိုင်အောင် တည်​ကြည်လျှင်၊ ရှုလော့၊ ငါသည် လောကကို တရား​စီရင်ခြင်းငှာ ရပ်တော်မူမည့် ထိုနေ့၌ သူ့ကို ငါ့​ခမည်းတော်၏​ရှေ့၌ အပြစ်​ကင်း​သည်ဟု မှတ်​ယူမည်။

၁၇ အကြင်​သူသည် အဆုံး​တိုင်​အောင်​မတည်​ကြည်လျှင်၊ ထိုသူ​သည်ကား ခုတ်လှဲ၍ မီးထဲသို့ ပစ်ချခံရသောသူဖြစ်၏၊ ခမည်းတော်၏​တရား​စီရင်​တော်မူခြင်း​ကြောင့်၊ ထိုအရပ်မှ သူတို့​ပြန်​မလာနိုင် ကြတော့။

၁၈ ဤအရာ​သည်ကား၊ လူသားတို့အား သူ​ပေးတော်မူသည့် နှုတ်ကပတ်တော်​ဖြစ်၏။ ဤ​အကြောင်း​ကြောင့်ပင်၊ သူသည် ပေးတော်မူသည့် နှုတ်ကပတ်တော်တို့ကို ပြီးပြည့်စုံ​စေ၏၊ မုသား​ပြောခြင်း​မရှိ၊ သူ၏​နှုတ်ကပတ်တော်​အားလုံးကိုသာ ပြီးပြည့်စုံ​စေတော်မူ၏။

၁၉ မစင်​ကြယ်သော​အရာသည် သူ၏​နိုင်ငံတော်​ထဲသို့ မဝင်နိုင်။ ထို့ကြောင့်၊ သူတို့၏​ယုံကြည်ခြင်း၊ ထို့အတူ၊ သူတို့၏​အပြစ်များမှ နောင်တ​ရခြင်း၊ ထို့အတူ သူတို့၏​အဆုံး​တိုင်အောင် သစ္စာ​ရှိခြင်းတို့​ကြောင့် သူတို့၏​အဝတ်တန်ဆာများကို ငါ၏​အသွေး​တော်ဖြင့် လျှော်ဖွတ်သော​သူတို့​မှတစ်ပါး၊ အဘယ်အရာမျှ သူ၏​ချမ်းသာခြင်း​ထဲသို့ မဝင်နိုင်။

၂၀ ယခုတွင်၊ ဤပညတ်တော်​သည်ကား၊ နောင်တရကြလော့၊ ခပ်သိမ်းသော အသင်မြေကြီးစွန်း​သား​တို့။ သင်တို့သည် သန့်ရှင်းသော​ဝိညာဉ်တော်ကို လက်​ခံရ​ရှိခြင်း​အားဖြင့်၊ သန့်ရှင်း စင်ကြယ် နိုင်စေ​ခြင်းငှာ​လည်း​ကောင်း၊ နောက်ဆုံးသော​နေ့၌ ငါ့​ရှေ့၌၊ အပြစ်​ကင်းစင်လျက် ရပ်နိုင်​စေခြင်းငှာ​လည်း​ကောင်း ငါ့​ထံသို့​လာ၍၊ ငါ၏​နာမတော်၌ ဗတ္တိဇံ​ခံကြလော့။

၂၁ သင်တို့ကို ငါ​အမှန်၊ အမှန်​ဆို​သည်ကား၊ ဤအရာသည် ငါ၏​ဧဝံဂေလိ​တရားတော် ဖြစ်၏။ သင်တို့​သည်လည်း ငါ၏​အသင်းတော်၌ ပြုရမည့်​အရာတို့ကို သိကြ၏။ အကြောင်း​မူကား၊ ငါ​ပြု​တော်မူ​သည်ကို သင်တို့​မြင်ရသည့် အမှုတို့​ကိုလည်း သင်တို့​ပြုကြ​လိမ့်မည်။ ငါ​ပြု​တော်မူ​သည်ကို သင်တို့​မြင်ရသည့်​အမှုတို့ကိုပင် သင်တို့​ပြုကြ​လိမ့်မည်။

၂၂ ထို့ကြောင့်၊ သင်တို့သည် ဤအရာတို့ကို ပြုလျှင်၊ မင်္ဂလာ​ရှိကြ၏။ အကြောင်း​မူကား၊ သင်တို့သည် နောက်ဆုံးသော​နေ့၌ ချီးမြှောက်​တော်မူခြင်း ခံရကြ​လိမ့်မည်။

၂၃ တား​မြစ်​ထား​တော်မူသော​အရာတို့​မှတစ်ပါး၊ သင်တို့​မြင်ရ၊ ကြား​ရလေသော​အရာတို့ကို ရေးကြလော့။

၂၄ ဖြစ်လေ​ပြီးသော​အရာတို့ကို ရေးသည့်​နည်းတူ နောင်တွင်​ဖြစ်မည့် ဤလူမျိုးတို့၏ အကျင့်တို့ကို ရေးလော့။

၂၅ အကြောင်း​မူကား၊ ရှုလော့၊ ရေး​ထားလေ၍၊ ထို့အတူ ရေးလိမ့်မည်​လည်း​ဖြစ်သည့် ဤကျမ်းတို့​အားဖြင့် ဤလူမျိုးတို့သည် တရား​စီရင်​ခံရလိမ့်မည်၊ အကြောင်းမူကား၊ ၎င်းကျမ်းတို့အားဖြင့်၊ သူတို့၏​အကျင့်များကို လူသားတို့ထံ ဖော်​ပြလိမ့်မည်။

၂၆ ရှုဦးလော့၊ ခမည်းတော်သည် ခပ်သိမ်းသော​အရာတို့ကို ရေး​ထား​စေတော်မူ၏။ ထိုကြောင့်၊ ရေးမည့် ကျမ်းတို့​အားဖြင့် လောကသည် တရား​စီရင် ခံရ​လိမ့်မည်။

၂၇ သင်တို့အား ငါ​ပေးတော်မူမည့် တရားမျှ​တမည့်​အရာတည်း​ဟူသော တရား​စီရင်​ခြင်း​အတိုင်း သင်တို့သည် ဤလူမျိုးတို့၏ တရား​သူကြီးများ​ဖြစ်မည်ကို သိကြ​လော့။​ထို့ကြောင့်၊ သင်တို့သည် အဘယ်သို့​သောလူမျိုး ဖြစ်​သင့်သနည်း။ သင်တို့ကို ငါ​အမှန်​ဆို​သည်ကား ငါ​ကဲ့သို့ပင်တည်း။

၂၈ ယခုမူကား၊ ငါသည် ခမည်းတော်ထံသို့ သွားတော်မူမည်။ ထို့အတူ၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ငါ၏​နာမတော်​အားဖြင့် ခမည်းတော်​ထံသို့ သင်တို့​တောင်းသမျှသော​အရာတို့ကို သင်တို့​ထံသို့ ပေး​တော်မူ​လိမ့်မည်။

၂၉ ထို့ကြောင့်၊ တောင်းကြလော့၊ သင်တို့​ရကြ​လိမ့်မည်။ ခေါက်ကြ​လော့၊ သင်တို့အား ဖွင့်​ပေးလိမ့်မည်။ အကြောင်း​မူကား၊ တောင်းသော​သူသည် ရ၏။ ခေါက်သော​သူ​အဖို့လည်း ဖွင့်​ပေးလိမ့်မည်။

၃၀ ယခုမူကား၊ ရှုလော့၊ သင်တို့နှင့် ဤမျိုး​ဆက်တို့​ကြောင့်လည်း ငါ၏​ဝမ်း​မြောက်ခြင်းသည် ကြီးလှ၏။ ထိုမှတစ်ပါး၊ ခမည်းတော်နှင့် သန့်ရှင်းသည့် ကောင်းကင်​တမန်​အပါင်းတို့​သည်လည်း သင်တို့နှင့် ဤမျိုး​ဆက်တို့​ကြောင့် ရွှင်လန်း​ဝမ်း​မြောက်ကြ၏။ အကြောင်း​မူကား၊ အဘယ်သူမျှ မပျောက်​ဆုံးကြ။

၃၁ ရှုလော့၊ ငါသည် သင်တို့​နားလည်​စေရန် အလို​ရှိ၏။ အကြောင်း​မူကား၊ ဤမျိုး​ဆက်မှ အသက်​ရှင်လျက်​ရှိသော​သူတို့ကို ဆို​လို၏။ အဘယ်​သူမျှလည်း မပျောက်​ဆုံးကြ။ သူတို့ ၌ ငါသည် ဝမ်း​မြောက်ခြင်း​အပြည့်​အစုံ​ရှိ၏။

၃၂ သို့ရာတွင်၊ ရှုလော့၊ ဤမျိုး​ဆက်မှ လေး​ဆက်​မြောက်​မျိုး​ဆက်ကြောင့် ငါ့ကို ဝမ်း​နည်းစေ၏။ အကြောင်း​မူကား၊ သူတို့သည် ပျက်စီးခြင်း၏​သားကဲ့သို့ပင်၊ သူ့အားဖြင့် ဖမ်းဆီး​ချုပ်နှောင်၍ ဆောင်​သွားခြင်းကို ခံရ​ကြ၏။ သူတို့သည် ငါ့ကို ငွေအတွက်​လည်း​ကောင်း၊ ရွှေအတွက်​လည်း​ကောင်း၊ ထို့အတူ၊ ပိုးရွ​ဖျက်ဆီး၍၊ သူခိုးတို့ ဖောက်​ထွင်း​ခိုး​ယူသည့် အရာ​အတွက်​လည်း​ကောင်း ရောင်းကြလိမ့်မည်။ ထိုနေ့၌၊ ငါသည် သူတို့​အကျင့်များ သူတို့​ဦးခေါင်းပေါ်သို့ ရောက်​စေခြင်း​ဖြင့်ပင် သူတို့ကို ဆုံး​မတော်မူမည်။

၃၃ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ယေရှုသည် ဤစကားများကို အဆုံး​သတ်လေ​ပြီးနောက်၊ သူ၏​တပည့်​တော်တို့ကို မိန့်တော်မူ​လေသည်​ကား၊ သင်တို့သည် ကျပ်​တည်းသော​တံခါးမှ ဝင်ကြလော့။ အကြောင်း​မူကား၊ အသက်​ရှင်ခြင်းသို့​ရောက်သော​တံခါးသည် ကျပ်တည်း​၏၊ လမ်းသည် ကျဉ်းမြောင်း၍၊ တွေ့​ဝင်သော​သူ နည်း၏။ သို့ရာတွင်၊ သေခြင်းသို့​ရောက်သော​တံခါးသည် ကျယ်၏၊ လမ်းသည် ကျယ်​ဝန်း၍ အဘယ်​သူမျှ​အမှု​မပြုနိုင်သည့် အချိန်​တိုင်အောင် ထိုတံခါးမှ သွားလာသူ များ၏။