ကျမ်းစာများ
၃ နီဖိုင်း ၁၃


အခန်းကြီး ၁၃

ယေရှုသည် နီဖိုင်း​အမျိုးသားတို့အား ကိုယ်တော်ရှင်၏​ဆုတောင်းခြင်းကို သွန်သင်၏—သူတို့သည် ကောင်းကင်ဘုံ၌ ဘဏ္ဍာများကို သို​ထားရကြ​မည်—တပည့်တော်​တစ်ဆယ်​နှစ်ပါးတို့သည် မိမိတို့​အမှုတော်​ဆောင်ခြင်း၌ ဇာတိ​ပကတိ​အရာတို့​အတွက် မစိုးရိမ်ရန် မိန့်တော်မူခံရ၏—မဿဲအခန်းကြီး ၆ နှင့် နှိုင်း​ယှဉ်ပါ။ အေဒီ ၃၄ ခန့်။

သင်တို့ကို ငါ​အမှန်၊ အမှန်​ဆိုသည်ကား၊ သင်တို့သည် ဆင်းရဲသားတို့အား အလှူဒါန​ပေးစေရန် ငါ​အလို​ရှိ၏။ သို့ရာတွင်၊ သင်တို့သည် သင်တို့၏​အလှူဒါနကို လူတို့​ရှေ့၌​မြင်​စေခြင်းငှာ မပြု​ရမည်ကို သတိ​ပြုကြလော့။ သို့မဟုတ်လျှင်၊ သင်တို့သည် ကောင်းကင်ဘုံ၌​ရှိတော်မူသော သင်တို့​အဘ​ထံမှ အကျိုးကို မခံ​မရကြ။

ထို့ကြောင့်၊ သင်တို့သည် သင်တို့၏​အလှူဒါနကို ပေးကြသော​အခါ၊ သူတော်​ကောင်း​ယောင်​ဆောင်သော​သူတို့က တရား​ဇရပ်များ၌​လည်း​ကောင်း၊ လမ်းများ၌​လည်း​ကောင်း၊ သူတို့သည် လူတို့၏​ချီးမွမ်းခြင်းကို ခံရနိုင်​စေခြင်းငှာ ပြုကြ​သကဲ့သို့ သင်တို့​ရှေ့ ၌ တံပိုး​ကို မမှုတ်ကြနှင့်။ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့​အကျိုးကို ရကြပြီ။

သို့ရာတွင်၊ သင်တို့သည် အလှူဒါနကို ပြုကြသော​အခါ၊ သင်၏​လက်ယာ​လက်​ပြုသည့်​အမှုကို လက်ဝဲ​လက် မသိ​စေနှင့်။

သင်၏​အလှူဒါနကို မထင်ရှားနိုင်​စေကြောင်း​ပြုလော့။ မထင်ရှားသော​အရာကို မြင်တော်မူသော သင်၏​အဘ​သည်​လည်း သင့်အား အကျိုးကို သူကိုယ်တိုင် ထင်ရှားစွာ​ပေးလတ္တံ့။

သင်သည် ဆုတောင်းသော​အခါ၊ သူတော်​ကောင်း​ယောင်​ဆောင်သော​သူများ​နည်း​တူ မပြုနှင့်။ သူတို့သည် မိမိတို့ကို လူတို့​မြင်နိုင်​စေခြင်းငှာ တရား​ဇရပ်များ၌ လည်း​ကောင်း၊ လမ်း​ထောင့်များ၌ လည်း​ကောင်း ရပ်လျက် ဆုတောင်းခြင်းငှာ အလို​ရှိကြ၏။ သင့်ကို ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကို ရကြပြီ။

သို့ရာတွင်၊ သင်မူကား၊ ဆုတောင်းသော​အခါ၊ သင်၏​ဆိတ်ညံရာ​အခန်းငယ်သို့ ဝင်၍၊ တံခါးကို ပိတ်ပြီးမှ မထင်​ရှားသော​အရပ်၌​ရှိတော်မူသည့် သင်၏​အဘကို ဆုတောင်းလော့။ မထင်ရှားသော​အရာကို မြင်တော်မူသော သင်၏​အဘ​သည်​လည်း သင့်အား အကျိုးကို ထင်ရှားစွာ ပေးလတ္တံ့။

သို့ရာတွင်၊ သင်တို့သည် ဆုတောင်းသော​အခါ၊ သာသနာပလူနည်းတူ အချည်း​နှီးသော​စကားဖြင့် အထပ်​ထပ် မမြွက်ကြနှင့်။ အကြောင်းမူကား၊ ထိုသူတို့သည် များစွာသော​စကား​အားဖြင့် သူတို့​ဘုရားများ ကြားလိမ့်မည်ဟု ထင်​မှတ်ကြ၏။

သင်တို့သည် ထိုသူတို့နည်းတူ မပြုကြနှင့်။ အကြောင်း​မူကား၊ သင်တို့၏​အဘသည် သူ့ထံသို့ သင်တို့​မတောင်းမီကပင် သင်တို့​အသုံး​လိုသည့်​အရာများကို သိတော်မူ၏။

ထို့ကြောင့်​သင်တို့သည် ဤကဲ့သို့​အားဖြင့် ဆုတောင်း​ရမည်မှာ၊ ကောင်းကင်ဘုံ၌​ရှိတော်မူသော အကျွန်ုပ်တို့​အဘ၊ ကိုယ်တော်၏​နာမတော်အား ရိုသေ​လေးမြတ်ခြင်း ရှိပါ​စေသော။

၁၀ ကိုယ်တော်၏​အလို​တော်သည် ကောင်းကင်ဘုံမှာ​ကဲ့သို့ မြေကြီး​ပေါ်မှာ ပြည့်စုံ​ပါစေသော။

၁၁ အကျွန်ုပ်တို့ကို ပြစ်မှားသော​သူများကို အကျွန်ုပ်တို့ ခွင့်​လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏​အပြစ်များကိုလည်း ခွင့်​လွှတ်​တော်မူပါ။

၁၂ အကျွန်ုပ်တို့ကို သွေး​ဆောင်​ဖြားယောင်းခြင်း​ထဲသို့ မလိုက်​မပါစေနှင့်၊ မကောင်းမှု​မှ​သာ ကယ်​နှုတ်​တော်မူပါ။

၁၃ အကြောင်း​မူကား၊ ကိုယ်တော်၏​နိုင်ငံတော်၊ တန်ခိုးတော်နှင့် ဘုန်းတော်သည် ကာလ​အစဉ်​အဆက်​ရှိတော်မူ၏။ အာမင်။

၁၄ အကြောင်း​မူကား၊ သင်တို့သည် သူ​တစ်ပါးတို့၏​လွန်ကျူးခြင်းများကို ခွင့်​လွှတ်လျှင်၊ သင်တို့၏​ကောင်းကင်ဘုံ​ရှင်အဘသည်လည်း သင်တို့ကို ခွင့်လွှတ်​တော်မူ​လိမ့်မည်။

၁၅ သို့ရာတွင်၊ သင်တို့သည် လူတို့အား သူတို့၏​လွန်ကျူးခြင်းများကို ခွင့်​လွှတ်ခြင်း​မရှိလျှင်၊ သင်တို့၏​အဘ​သည်လည်း သင်တို့၏​လွန်ကျူးခြင်းများကို ခွင့်​လွှတ်​လိမ့်မည်​မဟုတ်။

၁၆ ထိုမှတစ်ဖန်၊ သင်တို့သည် အစာ​ရှောင်ခြင်း​အကျင့်ကို ကျင့်သော​အခါ၊ ညှိုးငယ်သော​မျက်နှာထား​ရှိသည့် သူတော်​ကောင်း​ယောင်​ဆောင်သော​သူများန​ည်းတူ မဖြစ်ကြနှင့်။ အကြောင်း​မူကား၊ ထိုသူတို့သည် အစာ​ရှောင်​သည်ကို လူတို့ရှေ့မှာ​ထင်ရှား​စေခြင်းငှာ မိမိတို့​မျက်နှာကို ဖျက်​တတ်ကြ၏။ သင့်ကို ငါ​အမှန်​ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့​အကျိုးကို ရကြပြီ။

၁၇ သို့ရာတွင်၊ သင်မူကား၊ အစာ​ရှောင်သော​အခါ၊ သင်၏​ခေါင်းကို ဆီလိမ်း၍၊ သင့်​မျက်နှာကို သစ်လော့။

၁၈ သင်သည် အစာ​ရှောင်သည်ကို လူများရှေ့၌ မထင်ရှား​စေ၊ မထင်ရှားသော​အရပ်၌ ရှိတော်မူသည့် သင်တို့​အဘ​ရှေ့တော်၌သာ ထင်ရှား​စေခြင်းငှာ​ပေတည်း။ မထင်​ရှားသော​အရာကို မြင်တော်မူသော သင်၏​အဘ​သည်​လည်း သင့်အား​အကျိုးကို ထင်ရှားစွာ​ပေးလတ္တံ့။

၁၉ သံချေး၊ ပိုးရွ​ဖျက်ဆီး၍၊ သူခိုး​ထွင်း​ဖောက်​ခိုးယူရာ မြေကြီးပေါ်၌ ဘဏ္ဍာကို သင်တို့​အတွက် သို​ထားခြင်း မရှိကြနှင့်။

၂၀ သို့ရာတွင်၊ သံချေး၊ ပိုးရွ​မဖျက်​ဆီး၍၊ သူခိုး မထွင်း​ဖောက် မခိုး​မယူရာ ကောင်းကင်ဘုံ၌ သင်တို့​အတွက် ဘဏ္ဍာကို သို​ထားကြ​လော့။

၂၁ အကြောင်း​မူကား၊ အကြင်​အရပ်၌ သင်တို့၏​ဘဏ္ဍာရှိ၏။ ထိုအရပ်သို့ သင်တို့၏​စိတ်နှလုံး​ရောက်​တတ်၏။

၂၂ ကိုယ်၏​အလင်းကား၊ မျက်စိ​ဖြစ်၏။ ထို့ကြောင့်၊ သင်၏မျက်စိ စူးစိုက်မှုရှိလျှင်၊ တစ်ကိုယ်​လုံးသည် အလင်းနှင့် ပြည့်လိမ့်မည်။

၂၃ သို့ရာတွင်၊ သင်၏​မျက်စိသည် အဆိုး​ဖြစ်လျှင်၊ သင်၏​တစ်ကိုယ်​လုံးသည် မှောင်မိုက်နှင့် ပြည့်​လိမ့်မည်။ ထို့ကြောင့်၊ သင့်ကိုယ်​ထဲ၌​ရှိသော​အလင်းသည် မှောင်မိုက်​ဖြစ်လျှင်၊ ထို​မှောင်​မိုက်သည် အလွန်​ကြီးလှ​ပေစွ​တကား။

၂၄ အဘယ်သူမျှ သခင်​နှစ်ဦး၏​အစေကို မခံနိုင်။ အကြောင်း​မူကား၊ အကြင်​သူသည် သခင်​တစ်ဦးကို မုန်း၍ တစ်ဦးကို ချစ်မည်။ သို့မဟုတ်လျှင်၊ သူသည် တစ်ဦး၌ စွဲမြဲ၍ တစ်ဦးကို မထီမဲ့မြင်ပြုမည်။ သင်တို့သည် ဘုရားသခင်၏​အစေနှင့် လောကီ​စည်းစိမ်၏​အစေကို အတူ​မခံနိုင်ကြ။

၂၅ ယခုမူကား၊ အချိန်​တန်​လာသော​အခါ၊ ယေရှုသည် ဤစကားများကို ဟောလေ​ပြီးလျှင်၊ သူ​ရွေးကောက်​ခဲ့သော​တစ်ဆယ်​နှစ်ပါးကို ကြည့်ရှု​တော်မူ၍ မိန့်တော်မူ​လေသည်ကား၊ ငါ​မိန့်တော်မူ​လေသော စကားများကို သတိ​ရကြလော့။ ရှုလော့၊ သင်တို့​သည်ကား၊ ဤလူမျိုးတို့ကို အမှုတော်​ဆောင်​စေခြင်းငှာ၊ ငါ​ရွေးကောက်​ထားသော​သူများ ဖြစ်ကြ၏။ ထို့ကြောင့်၊ သင်တို့ကို ငါ​ဆိုသည်​ကား၊ သင်တို့ အဘယ်သို့​စားရမည်၊ သို့မဟုတ် သင်တို့ အဘယ်သို့ သောက်​ရမည်ဟု သင်တို့၏ အသက်​အဖို့၊ မစိုး​ရိမ်ကြနှင့်။ သင်တို့ အဘယ်သို့​ဝတ်​ရမည်ဟု သင်တို့၏​ကိုယ်​အဖို့​မစိုး​ရိမ်ကြနှင့်။ အစာထက် အသက်​မြတ်သည်​မဟုတ်လော၊ အဝတ်​ထက် ကိုယ်​မြတ်သည်​မဟုတ်လော။

၂၆ မိုး​ကောင်းကင်ငှက်များကို ကြည့်ရှု​ဆင်ခြင်ကြလော့။ အကြောင်း​မူကား၊ ထိုငှက်တို့သည် မျိုးစေ့ကို စိုက်ကြဲခြင်း​မရှိ။ စပါးကို မရိတ်၊ ကျီ၌ မစုမသွင်း။ သို့သော်လည်း၊ သင်တို့၏​ကောင်းကင်ဘုံရှင်အဘသည် သူတို့ကို ကျွေး​မွေး​တော်မူ၏။ သင်တို့သည် ထိုငှက်တို့ထက် သာ၍ အလွန်​မြတ်သည်​မဟုတ်လော။

၂၇ အဘယ်​သူသည် စိုးရိမ်ခြင်း​အားဖြင့် မိမိ​အရပ်ကို တစ်တောင်​ခန့်မျှ တိုးပွား​စေနိုင်​သနည်း။

၂၈ သင်တို့သည် အဝတ်​အတွက် အဘယ့်ကြောင့် စိုးရိမ်​ရသနည်း။ တောနှင်းပင်တို့ အဘယ်သို့​အားဖြင့် ကြီးပွား​သည်ကို ဆင်ခြင်​အောက်​မေ့ကြလော့။ ထိုအပင်တို့သည် အလုပ်လည်း​မလုပ်၊ ချည်​ဖြစ်​စေခြင်းငှာ၊ မငင်မဝင့်။

၂၉ သို့သော်လည်း၊ သင်တို့ကို ငါ​ဆိုသည်ကား၊ ရှောလမုန်​မင်းကြီးသည် သူ့​ဘုန်း​အသ​ရေ​ခပ်သိမ်းတို့ဖြင့်၊ ဤအပင်​တစ်ပင်မျှ​လောက် တင့်​တယ်စွာ ဝတ်ဆင်​ထားခြင်း​မရှိ။

၃၀ သို့ဖြစ်၍၊ ယနေ့​အသက်​ရှင်လျက် နက်ဖြန်​မီးဖိုထဲသို့​ရောက်သော လယ်​ကွင်း​ထဲမှ မြက်ပင်ကို ဘုရားသခင်သည် ထိုကဲ့သို့ ဝတ်​ဆင်​တော်မူလျှင်၊ သင်တို့သည် ယုံကြည်ခြင်း​အားနည်းသော​သူများ မဟုတ်ကြလျှင်၊ ထိုကဲ့သို့ပင် သူသည် သင်တို့ကို ဝတ်​ဆင်​တော်မူ​လိမ့်မည်။

၃၁ ထို့ကြောင့်၊ ငါတို့​အဘယ်သို့ စားရ​အံ့နည်း။ ငါတို့​အဘယ်သို့ သောက်ရ​အံ့နည်း။ သို့မဟုတ်၊ ငါတို့​အဘယ်​အရာနှင့် ဝတ်​ဆင်ရ​အံ့နည်းဟု​ဆို၍ မစိုး​ရိမ်ကြနှင့်။

၃၂ အကြောင်း​မူကား၊ သင်တို့သည် ဤအရာခပ်သိမ်းတို့ကို အသုံး​လိုကြကြောင်း သင်တို့၏​ကောင်းကင်ဘုံ​ရှင်အဘ​သိတော်မူ၏။

၃၃ သို့ရာတွင်၊ သင်တို့သည် ဘုရားသခင်၏​နိုင်ငံတော်နှင့် သူ၏​ဖြောင့်​မတ်ခြင်းကို ရှေ့ဦးစွာ​ရှာကြလော့။ နောက်မှ ဤအရာခပ်သိမ်း​တို့ကို သင်တို့​ထံသို့ ထပ်၍​ပေး​တော်မူ​လတ္တံ့။

၃၄ ထို့ကြောင့်၊ နက်ဖြန်​အဖို့ မစိုး​ရိမ်ကြနှင့်။ အကြောင်း​မူကား၊ နက်​ဖြန်နေ့သည် မိမိ​အဖို့ စိုးရိမ်လိမ့်မည်။ ယခု​နေ့၌​ရှိသော မကောင်းသော​အရာသည် ယခု​နေ့အဖို့ လုံ​လောက်ပေ၏။