ကျမ်းစာများ
၃ နီဖိုင်း ၅


အခန်းကြီး ၅

နီဖိုင်း​အမျိုးသားတို့သည် နောင်တ​ရ၍၊ သူတို့၏​အပြစ်များကို စွန့်​ပစ်ကြ၏—မော်မုန်သည် မိမိလူမျိုးတို့၏​သမိုင်း​ကြောင်းကို ရေး၍၊ ထာဝရ​တည်မြဲသော​နှုတ်ကပတ်​တော်ကို သူတို့အား ဟော​ကြား၏—ဣသရေလ​အမျိုးသည် ၎င်း၏​ကြာ​မြင့်လှသော ပြန့်​ကျဲခြင်းမှ စုဝေးခံရလိမ့်မည်။ အေဒီ ၂၂–၂၆ ခန့်။

ယခု​မူကား၊ ရှုလော့၊ ခပ်သိမ်းသော​နီဖိုင်း​လူမျိုးတို့၌၊ ဟော​ပြောခဲ့သူ သန့်ရှင်းသော ပရောဖက် ခပ်သိမ်းတို့၏​စကားများကို အနည်း​ငယ်မျှပင် ယုံမှား​သံသယ​ဖြစ်သည့် အသက်​ရှင်သူ တစ်ဦးမျှ​မရှိ။ အကြောင်း​မူကား၊ သူတို့သည် ထိုစကားများ ပြီးပြည့်စုံ​စေရမည်မှာ လိုအပ်​ကြောင်းကို သိကြ၏။

ပရောဖက်တို့၏​စကားများ​အတိုင်း ပေး​ထားတော်မူ​လေသည့် များစွာသော နိမိတ်​လက္ခဏာ​များကြောင့် ခရစ်တော်​ကြွ​လာတော်မူရန် မဖြစ်​မနေ​လိုအပ်ကြောင်းကို​လည်း သိကြ၏။ ဖြစ်​ပျက်ပြီးနှင့်​လေသော​အရာ​များကြောင့်၊ ဟော​ပြော​ပြီးလေသည့်​အတိုင်း၊ ခပ်သိမ်းသော​အရာတို့ ဖြစ်ပျက်​လာရမည်မှာ လို​အပ်ကြောင်းကို​လည်း သိကြ၏။

ထို့ကြောင့်၊ သူတို့သည် သူတို့၏​ခပ်သိမ်းသော​အပြစ်များ၊ ထို့အတူ သူတို့၏​စက်ဆုပ်​ရွံရှာဖွယ်​အမှုများ၊ ထို့အတူ သူတို့၏​မတရားသော​မေထုန်​အမှုများကို စွန့်ပစ်၍၊ ဘုရားသခင်ကို လုံ့လ​ဝီရိယရှိသမျှနှင့် နေ့ရော ညပါ အစေ​ခံကြ၏။

ယခုမူကား၊ အချိန်​တန်​လာသော​အခါ၊ သူတို့သည် ဓားပြ​ခပ်သိမ်းကို စစ်​အကျဉ်း​သားများ​အဖြစ် ဖမ်း​ဆီးလေ​ပြီးလျှင်၊ ကွပ်မျက်​မခံရသောသူ အဘယ်​သူမျှ ထွက်​မပြေးနိုင်​စေကြောင်း၊ မိမိတို့ စစ်​အကျဉ်း​သားများကို ထောင်ထဲ၌ လှောင်​ထား၍၊ သူတို့​ထံသို့ ဘုရားသခင်၏​နှုတ်ကပတ်တော်ကို ဟော​ပြော​စေ၏။ မိမိတို့​အပြစ်များမှ နောင်တ​ရ၍၊ လူ့​အသက်ကို မသတ်​တော့ဟူသော ပဋိညာဉ်ကို ပြုလို​သူမှန်သမျှ​သည်​လည်း လွတ်​လပ်၏။

သို့ရာတွင်၊ ပဋိညာဉ်ကို​မပြုဘဲ၊ သူတို့​စိတ်နှလုံး၌ ထိုလျှို့​ဝှက်သော​လူ့​အသက်​သတ်ခြင်းကို ဆက်၍​ပြုမြဲ​ရှိသူ​မှန်သမျှ၊ ထိုမှတစ်ပါး၊ သူတို့​၏ညစ်အစ်ကိုတို့ကို ဆန့်​ကျင်၍၊ ခြိမ်း​ခြောက်လျက် ပြင်းစွာ​ပြောဆိုလျက်ရှိသည်ကို တွေ့​ရ​သူ​မှန်သမျှသည် ဥပဒေ​အတိုင်း ပြစ်​ဒဏ်​ချမှတ်၍၊ အပြစ်​ဒဏ်​ပေး​ခံရ၏။

ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် အလွန်​များစွာသော​ဆိုးညစ်ခြင်းနှင့် အလွန်​များစွာသော လူ့​အသက်​သတ်ခြင်းတို့ကို လွန်ကျူးသော ထို​ဆိုးညစ်၍၊ လျို့ဝှက်၍ စက်ဆုပ်​ရွံရှာဖွယ်​ကောင်းသည့် ဂိုဏ်းခပ်သိမ်းတို့ကို အဆုံး​သတ်ကြ၏။

ထိုကဲ့သို့​အားဖြင့်၊ နှစ်ဆယ်​နှစ်​နှစ်မြောက်နှင့် နှစ်ဆယ်​သုံး​နှစ်မြောက်၊ ထို့အတူ၊ နှစ်ဆယ်လေး​နှစ်မြောက်၊ ထို့အတူ နှစ်ဆယ်ငါး​နှစ်မြောက် ကုန်လွန်​သွား၏။ ထိုကဲ့သို့​အားဖြင့်၊ နှစ်ဆယ်​ငါး​နှစ်မြောက် ကုန်​လွန်​သွား၏။

များစွာသော​အရာတို့ ဖြစ်ပျက်​သည်မှာ​လည်း၊ အချို့သော​သူတို့၏​အမြင်၌ ကြီး​မြတ်၍ အံ့ဩဖွယ်​ကောင်းပေ​လိမ့်မည်။ သို့သော်လည်း၊ ထိုအရာခပ်သိမ်းကို ဤကျမ်းထဲ၌ မရေးနိုင်။ ထိုမှတစ်ပါး၊ နှစ်ဆယ်ငါး​နှစ်​ကာလ​အတွင်း၌ အလွန်​များစွာသော​လူမျိုးတို့၌ ဖြစ်ပျက်သည့်​အရာတို့၏ အနည်း​ငယ်မျှပင် ဤကျမ်း၌ မပါ​ရှိနိုင်။

သို့ရာတွင်၊ ရှုလော့၊ ဤလူမျိုးတို့၏ ခပ်သိမ်းသော​လုပ်​ဆောင်မှုများ ပါဝင်သည့် မှတ်​တမ်းများ ရှိ၏။ ပို၍​တိုသော်လည်း မှန်​ကန်သည့် မှတ်​တမ်းကို နီဖိုင်း​ရေး​သား​ထားခြင်း​ဖြစ်၏။

၁၀ ထို့ကြောင့်၊ ငါသည် ဤအရာတို့၏​အကြောင်း ငါ၏​မှတ်တမ်းကို နီဖိုင်း၏​ပုရပိုက်​ပြားများဟု​ခေါ်သည့် ပုရပိုက်​ပြား​များပေါ်၌ ရေး​ထွင်းသော နီဖိုင်း၏​မှတ်တမ်း​အတိုင်း ပြုစု၏။

၁၁ ရှုဦးလော့၊ ငါသည် ငါ့​လက်ဖြင့်​ပြု​လုပ်​ထားသော ပုရပိုက်​ပြားများ​ပေါ်၌ မှတ်တမ်းကို ပြု​စု၏။

၁၂ ရှုဦးလော့၊ ငါ့ကို မော်မုန်ဟု​ခေါ်၏၊ လူမျိုးတို့၌ အယ်လမာ တည်​ထောင်သည့် အသင်းတော်၊ အထူးသဖြင့်၊ သူတို့၏​လွန်ကျူးခြင်း​နောက်တွင်၊ သူတို့၌ တည်​ထောင်သည့် ပထမ​ဦးဆုံး​အသင်းတော် တည်​ရှိရာ​ပြည်​ဖြစ်သည့် မော်မုန်​ပြည်​အတိုင်း ခေါ်၏။

၁၃ ရှုလော့၊ ငါသည် ဘုရားသခင်၏​သားတော်​ယေရှုခရစ်တော်၏ တပည့်တော်​တစ်ပါး​ဖြစ်၏။ ငါသည် သူ၏​လူမျိုးတို့ ထာဝရ​တည်မြဲသော​အသက်ကို ရရှိနိုင်ကြ​စေခြင်းငှာ၊ သူတို့၌ သူ၏​နှုတ်ကပတ်တော်ကို ဟော​ကြားစေရန် သူ့​အားဖြင့် ခေါ်​သွင်း​တော်မူခြင်းကို ခံရ၏။

၁၄ ငါသည် ထို​ကွယ်လွန်​သွားပြီးသူ၊ သန့်​ရှင်း​သူများ​ဖြစ်သော​သူတို့၏ ဆုတောင်းခြင်း​များကို သူတို့၏​ယုံကြည်ခြင်း​အတိုင်း ပြီးပြည့်​စေခြင်းငှာ၊ ဖြစ်ပျက်​လေသည့် ဤအရာတို့​အကြောင်း​မှတ်​တမ်းကို ဘုရားသခင်၏ အလိုတော်​အတိုင်း၊ ပြု​စုရမည်မှာ သင့်​လျော်​လာပေ၏—

၁၅ အထူးသဖြင့်၊ လေဟိ ယေရုရှလင်မြို့ကို စွန့်ခွာသည့်​အချိန်မှ​စ၍၊ မျက်မှောက်​ကာလ​အထိပင် ဖြစ်ပျက်​လေသော​အရာတို့​အကြောင်း မှတ်​တမ်းငယ်တစခုဖြစ်၏။

၁၆ ထို့ကြောင့်၊ ငါသည် ငါ​မတိုင်မီမှ ငါ့​အသက်​တာ​အစ​အထိ ရှိလေသော​သူများ​ရေးလေသည့် မှတ်​တမ်းများမှ​ထုတ်၍ ငါ၏​မှတ်​တမ်းကို ပြု​စု၏။

၁၇ ထိုနောက်တွင်၊ ငါ့​မျက်စိဖြင့် မြင်​ရလေသည့်​အရာများ အကြောင်း​မှတ်တမ်းကို ပြု​စု၏။

၁၈ ငါ​ပြု​စုသည့် မှတ်​တမ်းမှာ ဖြောင့်​မတ်​မှန်ကန်သော မှတ်​တမ်း​တစ်ခု​ဖြစ်​ကြောင်းကို​လည်း သိ၏။ သို့​သော်​လည်း၊ ငါတို့၏​ဘာသာစကားကြောင့်၊ ငါတို့​မရေးနိုင်သည့်​အရာ​များစွာ​ရှိ၏။

၁၉ ယခုမူကား၊ ငါ​၏စကားကို လက်​စသတ်၍၊ ငါ​မတိုင်မီက ရှိ​ပြီး​လေသော​အရာများ​အကြောင်း​ဖြစ်သည့် ငါ၏​မှတ်တမ်းကို ဆက်၍​ရေး၏။

၂၀ ငါသည် မော်မုန်ဖြစ်၏၊ လေဟိ၏​အမျိုး​အနွယ်​အစစ်လည်း ဖြစ်၏။ ငါ၏​ဘုရားသခင်နှင့် ငါ၏​ကယ်တင်ရှင်​ယေရှု​ခရစ်တော်ကို ငါ​ချီး​မွမ်းစရာ အကြောင်း​ရှိသည်မှာ ငါတို့​ဘိုးဘေးတို့ကို ယေရုရှလင်​နယ်မြေမှ ဆောင်ယူ​တော်မူခဲ့​သော​ကြောင့်​၊ (ထိုအမှုကို သူကိုယ်တိုင်နှင့် ထိုပြည်မှ သူ​ဆောင်ယူ​ခဲ့သော​သူတို့​မှတစ်ပါး အဘယ်​သူမျှ​မသိကြ) ငါနှင့် ငါ၏​လူမျိုးတို့အား ငါတို့​စိတ်​ဝိညာဉ်များ၏​ကယ်တင်ခြင်း​အတွက် အလွန်​များစွာသော အသိ​ပညာကို ပေးတော်မူခဲ့​သောကြောင့်ပေတည်း။

၂၁ သူသည် ယာကုပ်​အမျိုး​သားတို့ကို ဧကန်​အမှန် ကောင်းချီး​ပေး​တော်မူ၍၊ ယောသပ်၏​အမျိုး​အနွယ်ကိုလည်း ကရုဏာ​ကြီးတော်မူ၏။

၂၂ လေဟိ၏​သားသမီးတို့​သည်​လည်း သူ၏​ပညတ်တော်များကို စောင့်​ထိန်းကြ​သမျှ၊ သူတို့ကို ကောင်းချီး​ပေးလျက်၊ သူ၏​စကားများ​အတိုင်း သူတို့ကို အောင်မြင်​စေတော်မူ၏။

၂၃ ထိုမှတစ်ပါး၊ ယောသပ်​အမျိုး​အနွယ်၏ ကျန်​ကြွင်းသော​သူတို့ကို သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်အကြောင်းကို သိခြင်းပညာသို့ ဧကန်​အမှန် တစ်ဖန်​ဆောင်ယူ​တော်မူ​လိမ့်မည်။

၂၄ ကိုယ်တော်ရှင်​အသက်​ရှင်တော်မူသည့်​အတိုင်း၊ မြေကြီး​မျက်နှာ​ပြင်​တစ်ခုလုံး​ပေါ်၌ ကွဲပြား​ပြန့်ကျဲသည့် ယာကုပ်​အမျိုး​နွယ်၏​ကျန်​ကြွင်းသော​သူခပ်သိမ်းတို့ကို မြေကြီး​လေးမျက်​နှာမှ စုဝေး​လိမ့်မည်။

၂၅ သူသည် ယာကုပ်​အမျိုး​သား​ခပ်သိမ်းတို့နှင့် ပဋိညာဉ်​ပြုသဖြင့်၊ ထိုကဲ့သို့ပင်၊ ယာကုပ်​အမျိုးသားတို့နှင့် သူ​ပြုတော်မူသည့် ပဋိညာဉ်သည် သူ၏​ကာလ​အချိန်​တန်​သော​အခါ၌ ပြီးပြည့်​စုံလိမ့်မည်မှာ၊ ယာကုပ်​အမျိုး​သားခပ်သိမ်းတို့ကို၊ သူတို့နှင့် ပြုတော်မူသည့် ပဋိညာဉ်အကြောင်းကို​သိခြင်းပညာသို့ ပြန်လည်​ဆောင်ယူသည့်​တိုင်အောင်​ပင်တည်း။

၂၆ ထို့နောက်တွင်၊ သူတို့သည် သူတို့၏​ရွေးနှုတ်ရှင်၊ ယေရှု​ခရစ်တော်တည်းဟူသော၊ ဘုရားသခင်၏​သားတော်ကို သိကြလိမ့်မည်။ ထိုနောက်တွင်၊ ပြန့်ကျဲရာ​အရပ်မှ၊ မြေကြီး​လေးမျက်နှာတို့မှ သူတို့၏နေရင်း​ပြည်များသို့ စုဝေးခံရလိမ့်မည်။ ထိုမှတစ်ပါး၊ ကိုယ်တော်ရှင်​အသက်​ရှင်တော်မူသည့်​အတိုင်း၊ ထိုအမှု ဖြစ်လိမ့်မည်။ အာမင်။