ကျမ်းစာများ
၃ နီဖိုင်း ၂၅


အခန်းကြီး ၂၅

ဒုတိယ​အကြိမ် ကြွ​လာတော်မူသော​အခါ၌ မာန​ကြီးသော​သူနှင့် ဆိုးညစ်သော​သူတို့သည် ရိုး​ပြတ်​ကဲ့သို့ လောင်မြိုက်ခံရလိမ့်မည်—ဧလိယသည် ထို​ကြီးစွာသော​ကြောက်​မက်​ဖွယ်​နေ့ရက်​မတိုင်မီ ပြန်​လာ​လိမ့်မည်—မာလခိ အခန်းကြီး ၄ နှင့် နှိုင်း​ယှဉ်ပါ။ အေဒီ ၃၄ ခန့်။

အကြောင်း​မူကား၊ ရှုလော့၊ မီးဖို၌ လောင်မြိုက်​သကဲ့သို့ လောင်မြိုက်သော​ကာလ ကျ​ရောက်​လာ​လိမ့်မည်။ ထိုမှတစ်ပါး၊ မာန​ကြီးသော​သူ​ခပ်သိမ်းနှင့် ဆိုးညစ်စွာ​ပြုသော သူ​ခပ်သိမ်းတို့သည် ရိုး​ပြတ်​ဖြစ်​လိမ့်မည်။ ကျ​ရောက်​လာသည့်​ကာလ၌ ထိုသူတို့ကို လောင်မြိုက်​စေသဖြင့် အရင်း​အဖျားမျှ​ချန်​ထားလိမ့်မည်​မဟုတ်ဟု ကောင်းကင်​ဗိုလ်ခြေ​ကိုယ်တော်ရှင် မိန့်​တော်မူ၏။

သို့ရာတွင်၊ ငါ၏​နာမတော်ကို ကြောက်ရွံ့သော​သင်တို့၌​ကား၊ ဖြောင့်မတ်ခြင်း၏​သားတော်သည် အနာ​ပျောက်​စေသော​အတောင်တို့ဖြင့် ပေါ်​ထွန်း​တော်မူမည်။ သင်တို့သည် ထွက်​သွား၍ တင်းကုပ်၌ နွား​သငယ်များကဲ့သို့ ကြီး​ထွားကြ​လိမ့်မည်။

သင်တို့သည် ဆိုးညစ်သော​သူတို့ကိုလည်း နင်း​ချေလိမ့်မည်။ ဤသို့ ငါ​ပြုတော်မူမည့်​နေ့ရက်၌ သူတို့သည် သင်တို့​ခြေ​ဖဝါး​အောက်၌ ပြာ​ဖြစ်ကြ​လိမ့်မည်ဟု ကောင်းကင်​ဗိုလ်ခြေ​ကိုယ်တော်ရှင် မိန့်​တော်မူ၏။

ဣသရေလ​အမျိုး​ခပ်သိမ်းတို့​အဖို့ ဟော​ရပ်​အရပ်၌ ငါ​မှာ​ထားသော၊ ငါ့​ကျွန်​မောရှေ၏​ပညတ်​တရားတည်း​ဟူသော ထုံး​ဥပဒေသ​များနှင့် စီရင်​တော်မူချက်​များကို သင်တို့​အောက်​မေ့ကြ​လော့။

ရှုလော့၊ ကိုယ်တော်ရှင်၏​ကြီးစွာသော​ကြောက်​မက်ဖွယ်​နေ့​မကျရောက်လာမီ၊ ပရောဖက်​ဧလိယကို သင်တို့​ရှိရာသို့ ငါ​စေလွှတ်မည်။

ငါလာ၍ မြေကြီးကို ကျိန်ခြင်းဖြင့် ဒဏ်​မခတ်မည့်​အကြောင်း၊ သူသည် ဘိုးဘေးတို့၏​စိတ်နှလုံးကို သားသမီးများ​ဆီသို့​လည်း​ကောင်း၊ သားသမီးတို့၏​စိတ်နှလုံးကို ဘိုးဘေးတို့​ဆီသို့​လည်း​ကောင်း လှည့်​စေလိမ့်မည်။