ကျမ်းစာများ
၃ နီဖိုင်း ၂၀


အခန်းကြီး ၂၀

ယေရှုသည် မုန့်နှင့် စပျစ်ရည်ကို အလွန်​တရာ​အံ့ဩဖွယ်​ကောင်းစွာ ပေး​သနား​တော်မူပြီးလျှင်၊ လူတို့ထံ ပွဲတော်ကို တစ်ဖန်​စီမံ​ဆောင်ရွက်​တော်မူ၏—ယာကုပ်​အမျိုး၏ ကျန်ကြွင်းသော​သူတို့သည် သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်အကြောင်းကို သိခြင်းပညာသို့ ရောက်ကြလိမ့်​မည်​၊ အမေရိကကိုလည်း အမွေ​ခံကြ​လိမ့်မည်—ယေရှုသည် မောရှေကဲ့သို့ ပရောဖက်​တစ်ပါး ဖြစ်​တော်မူ၏၊ နီဖိုင်း​အမျိုးသားတို့သည်လည်း ပရောဖက်တို့၏ အမျိုး​အနွယ်များ ဖြစ်ကြ၏—ကိုယ်တော်ရှင်၏ အခြားသော​လူမျိုးတို့သည် ယေရုရှလင်မြို့သို့ စုဝေးကြ​လိမ့်မည်။ အေဒီ ၃၄ ခန့်။

ဤသို့အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူသည် လူ​အစု​အဝေးကို၊ ထို့အတူ မိမိ​တပည့်တော်တို့​ကိုလည်း ဆုတောင်းခြင်းမှ ရပ်တန့်ရန် မိန့်မှာ၏။ မိမိတို့​စိတ်နှလုံး၌ ဆုတောင်းခြင်းကိုကား မရပ်​တန့်ရန် မိန့်မှာ၏။

သူတို့ကို ထ၍ မိမိတို့​ခြေပေါ်၌ ရပ်ရန်လည်း မိန့်တော်မူ၏။ သူတို့သည်​လည်း ထ၍ မိမိတို့​ခြေပေါ်၌ ရပ်ကြ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူသည် မုန့်ကို တစ်ဖန်​ဖဲ့၍၊ ကောင်းချီး​ပေးပြီးလျှင်၊ မိမိတပည့်တော်တို့​အား စား​စေခြင်းငှာ ပေး​တော်မူ၏။

သူတို့​စား၍ ပြီးလျှင်၊ မုန့်ကို​ဖဲ့၍၊ လူ​အစု​အဝေး​အား ပေးရမည့်​အကြောင်း သူတို့ကို မိန့်မှာ၏။

သူတို့လူ​အစု​အဝေးအား ပေး​ပြီးလျှင်၊ သူတို့​အား စပျစ်ရည်ကို​လည်း သောက်​စေခြင်းငှာ ပေးတော်မူ၍၊ လူ​အစု​အဝေးအား ပေးရမည့်အကြောင်းကိုလည်း မိန့်မှာ၏။

ယခုတွင်၊ တပည့်တော်တို့​အားဖြင့်​သော်​လည်း​ကောင်း၊ လူအစု​အဝေး​အားဖြင့်​သော်​လည်း​ကောင်း ဆောင်ယူသော မုန့်မရှိ၊ စပျစ်ရည်​လည်း​မရှိ။

သို့ရာတွင်၊ သူတို့အား စားစရာ​မုန့်နှင့်၊ သောက်စရာ​စပျစ်ရည်​ကိုလည်း အမှန်​ပင်​ပေး​တော်​မူ၏။

သူတို့ကို မိန့်တော်​မူလေ​သည်​ကား၊ ဤမုန့်ကို စားသော​သူသည် မိမိ​စိတ်​ဝိညာဉ်​အကျိုး​အတွက် ငါ၏​ကိုယ်​ခန္ဓာတော်ကို စားခြင်း​ဖြစ်၏။ ဤစပျစ်ရည်ကို သောက်သော​သူသည်​လည်း မိမိ​စိတ်​ဝိညာဉ်​အကျိုး​အတွက် ငါ၏​အသွေးကို သောက်ခြင်း​ဖြစ်၏။ ထိုသူ၏​စိတ်​ဝိညာဉ်​သည်​လည်း အဘယ်တော့မျှ အစာ​မငတ်၊ ရေ​မငတ်​ရ၊ ပြည့်​ဝခြင်းသာရှိ​လိမ့်မည်။

ယခုတွင်၊ အလုံးစုံသောလူ​အစု​အဝေး စား​သောက်၍ ပြီးလျှင်၊ ရှုလော့၊ သူတို့သည် ဝိညာဉ်တော်နှင့် ပြည့်​စုံကြ၏။ သူတို့​မြင်​ရ၊ ကြား​ရသည့် ယေရှုကို တစ်​သံ​တည်းဖြင့် ဟစ်​အော်၍ ချီး​မွမ်းကြ၏။

၁၀ ဤသို့​အား​ဖြင့်​အချိန်​တန်​လာ​သော​အခါ၊ သူတို့​အားလုံး​ယေရှုကို ချီး​မွမ်းကြ​ပြီးလျှင်၊ သူ​မိန့်​တော်​မူ​သည်ကား၊ ရှုလော့၊ ယခုတွင်၊ ငါသည် ဣသရေလ​အမျိုး​သားတို့၏ ကျန်​ကြွင်းသော​သူများ​ဖြစ်သည့် ဤလူမျိုးတို့နှင့်​စပ်လျဉ်း၍ ငါ့ကို ခမည်းတော်​မိန့်တော်​မူလေသည့် ပညတ်တော်ကို ပြီး​မြောက်ပေ​ပြီ။

၁၁ သင်တို့သည် ငါ​ပြော​သည်ကို သတိ​ရကြ၏။ ဟေရှာယ၏​စကားများ ပြီးပြည့်​စုံမည့်​အချိန်ကို​လည်း ဆို၏—ရှုလော့၊ ထိုစကားများကို ရေး​ထား၍၊ သင်တို့​ရှေ့၌ ရှိ၏။ သို့ဖြစ်၍၊ ထိုစကားများကို စေ့စေ့​ဖတ်​ရှုကြ​လော့—

၁၂ ထို့အတူ၊ သင်တို့ကို ငါ​အမှန်၊ အမှန်​ဆိုသည်​ကား၊ ထို့အရာတို့ကို ပြီးပြည့်​စုံစေသော​အချိန်၌၊ ခမည်းတော် သူ၏​လူမျိုးတို့ထံ ပြုတော်မူ​လေသည့် ပဋိညာဉ်၏ ပြီးပြည့်စုံ​စေခြင်း​ပေတည်း၊ အို ဣသရေလ​အမျိုး​သားတို့။

၁၃ ထို့နောက်​တွင်ကား၊ မြေကြီး​မျက်နှာ​ပြင်ပေါ်၌ အရပ်​ရပ်သို့ ကွဲပြား​ပြန့်ကျဲမည့်​သူများ​ဖြစ်သည့် ကျန်​ကြွင်းသော​သူတို့သည် အရှေ့​အရပ်မှ​လည်း​ကောင်း၊ အနောက်​အရပ်မှ​လည်း​ကောင်း၊ ထို့အတူ၊ တောင်​အရပ်မှ​လည်း​ကောင်း၊ မြောက်​အရပ်မှ​လည်း​ကောင်း၊ စုဝေးခံရကြ​လိမ့်မည်။ သူတို့ကို ရွေးနှုတ်​တော်မူသည့် သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်အကြောင်းကို သိခြင်းပညာသို့ ဆောင်ခြင်းကို​လည်း ခံရကြ​လိမ့်မည်။

၁၄ ခမည်းတော်ကလည်း ငါ့အား သင်တို့၏​နေထိုင်ရာ​အတွက် ဤပြည်ကို သင်တို့အား ပေးရမည့်​အကြောင်း မိန့်တော်​မူ၏။

၁၅ ထို့အတူ၊ သင်တို့ကို ငါ​ဆို​သည်​ကား၊ တပါး​အမျိုး​သားတို့သည် ငါ၏​လူမျိုးတို့ကို ကွဲပြား​ပြန့်ကျဲ​စေ​ပြီးနောက်၊ သူတို့​ရ​ရှိမည်​ဖြစ်သော ကောင်းချီး​မင်္ဂလာ၏​နောက်၌ နောင်တ​မရကြလျှင်—

၁၆ ထို့​နောက်တွင်ကား၊ ယာကုပ်​အမျိုးသားတို့၏ ကျန်ကြွင်းသော​သူများ​ဖြစ်သည့် သင်တို့သည် သူတို့​ထံသို့ ထွက်​သွားရကြမည်။ သင်တို့​သည်​လည်း များစွာ​ရှိမည့် ထို​သူတို့​အလယ်၌ ရှိလိမ့်မည်။ သင်တို့သည် ထို့​သူတို့၌​နေ၍ တော​သားရဲတို့၌ ခြင်္သေ့​ကဲ့သို့​၊ သိုးစုတို့၌ ဝင်ပြီး နင်း​ချေ၍ အပိုင်း​ပိုင်း​ကိုက် ဖြတ်သည့် ခြင်္သေ့ပျို​ကဲ့သို့ ဖြစ်​လိမ့်မည်။ အဘယ်သူမျှလည်း မကယ်​လွှတ်​နိုင်။

၁၇ သင်တို့​ရန်သူ​ဘက်၌​နေသူတို့ကို သင်တို့​တိုက်၍ သင်တို့၏​ခပ်သိမ်းသော ရန်သူ​တို့ ဆုံး​ရှုံးလိမ့်မည်။

၁၈ လူသည် မိမိ​ကောက်​လှိုင်းတို့ကို ကောက်​နယ်​တလင်း၌ စုသကဲ့သို့ ငါ​သည် ငါ၏​လူမျိုးတို့ကို အတူတကွ စုဝေး​တော်မူမည်။

၁၉ အကြောင်းမူကား၊ ငါသည် ခမည်းတော်​ပဋိညာဉ်​ပြုသည့် ငါ၏​လူမျိုးတို့ကို စီရင်ရာတွင်၊ အမှန်စင်စစ်၊ သင့်​ဦးချိုကို သံ​ဖြစ်​စေ၍၊ သင့်​ခွာတို့ကို ကြေးဝါ​ဖြစ်စေမည်။ သင်သည် များစွာသော​လူတို့ကို ညက်ညက်​ချေရမည်။ ငါသည် ထိုသူတို့၏​စည်းစိမ်ကို ကိုယ်တော်ရှင်​အတွက်၊ ထိုသူတို့၏​ဥစ္စာကို မြေကြီး​တစ်ခုလုံး၏ ကိုယ်တော်ရှင်​အတွက် ရည်စူး​တော်မူမည်။ ရှုဦးလော့၊ ငါသည် ထိုအမှုကို ပြုသော​သူ​ပေတည်း။

၂၀ ဤသို့​အားဖြင့်​အချိန်​တန်​လာ​လတ္တံ့သော​အခါ၊ ခမည်းတော်​မိန့်တော်မူ​သည်ကား၊ ထိုကာလ၌ ငါ၏​အပြစ်​ပေးခြင်း​ဓားကို သူတို့​အပေါ်၌ မိုးတော်မူမည်။ ခမည်းတော်မိန့်တော်မူသည်ကား၊ သူတို့​နောင်တ​မရလျှင်၊ ထိုဓားသည် သူတို့​အပေါ်၊ အထူးသဖြင့် တပါး​အမျိုးသားတို့၏ ခပ်သိမ်းသော​လူမျိုးတို့ အပေါ် ကျ​ရောက်လိမ့်မည်။

၂၁ ဤသို့​အားဖြင့်​အချိန်​တန်​လာလတ္တံ့သော​အခါ၊ ငါသည် ငါ၏​လူမျိုးတို့ကို တည်​ထောင်မည်၊ အို ဣသရေလ​အမျိုး​သားတို့။

၂၂ ရှုဦးလော့၊ ဤလူမျိုးတို့ကို ငါသည် ဤပြည်၌ တည်ထောင်မည်၊ သင်တို့၏​အဘ ယာကုပ်နှင့် ငါ​ပြုသည့် ပဋိညာဉ်ကို ပြီးပြည့်စုံ​စေသည့် တိုင်အောင်ပင်တည်း။ ထိုပြည်သည်လည်း ယေရုရှလင်မြို့သစ် ဖြစ်​လိမ့်မည်။ ကောင်းကင်ဘုံ၏​တန်ခိုးတို့​သည်​လည်း ဤလူမျိုးတို့၌ ရှိလိမ့်မည်။ အမှန်​စင်​စစ်၊ ငါသည် သင်တို့​အလယ်၌​ဧကန်​အမှန် ရှိတော်​မူမည်။

၂၃ ရှုလော့၊ ငါ​သည်​ကား၊ မောရှေ​ဟောသည့်​သူ​ပေတည်း။ ဟောလေ​သည်ကား၊ သင်တို့​ညီအစ်ကိုတို့​အထဲမှ ငါနှင့်​တူသော​ပရောဖက်​တစ်ပါးကို သင်တို့၏​ဘုရားသခင်​ကိုယ်တော်ရှင်သည် သင်တို့​အဖို့ ပေါ်​ထွန်း​စေတော်မူ​လိမ့်မည်။ သင်တို့အား သူဟော​သမျှ​အရာရာ၌ သူ့ကို သင်တို့ ကြားနာ​ရမည်။ ဤသို့​အားဖြင့်​အချိန်တန်​လာလတ္တံ့သော​အခါ၊ ထိုပရောဖက်ကို မကြား​နာသော သူတိုင်းသည် လူမျိုးတို့မှ ပယ်ရှင်း​ခံရလိမ့်မည်။

၂၄ သင်တို့ကို ငါ​အမှန်​ဆို​သည်ကား၊ ရှမွေလမှ​စ၍ နောက်​ဟောသော ပရောဖက်​မှန်သမျှတို့သည် ငါ့​အကြောင်းကို သက်​သေ​ခံကြပြီ။

၂၅ ရှုဦးလော့၊ သင်တို့သည် ပရောဖက်တို့၏ အမျိုး​အနွယ်​များ​ဖြစ်ကြ၏။ သင်တို့သည် ဣသရေလ​အမျိုးသားများလည်း ဖြစ်ကြ၏။ ထို့အတူ သင်တို့သည် ခမည်းတော်က အာဗြဟံကို သင်၏​အမျိုး​အနွယ်​အားဖြင့် မြေကြီး​ပေါ်ရှိ အမျိုး​စုခပ်သိမ်းတို့ ကောင်း​ချီးခံစားရကြလိမ့်​မည်ဟု မိန့်တော်မူလျက်၊ သင်တို့​ဘိုးဘေးတို့နှင့် ပြုတော်မူသည့် ပဋိညာဉ်နှင့် ဆိုင်သောသူများဖြစ်ကြ၏။

၂၆ ခမည်းတော်သည် ငါ့ကို​ထမြောက်​စေတော်မူ၍၊ သင်တို့​ထံသို့ ပထမ​ဦးဆုံး စေလွှတ်​တော်မူ၏။ သင်တို့​အယောက်​တိုင်းကို ကိုယ့်​ဒုစရိုက်မှ လွှဲရှောင်​စေခြင်း​အားဖြင့် ကောင်းချီး​ပေးတော်မူခြင်း​ငှာလည်း၊ ငါ့ကို စေလွှတ်​တော်မူ၏။ ဤသို့​ပြုခြင်း​သည်ကား၊ သင်တို့သည် ပဋိညာဉ်နှင့်​ဆိုင်သော သားသမီးများ ဖြစ်ကြသော​ကြောင့်​ပေတည်း—

၂၇ ထို့နောက်တွင်၊ သင်တို့သည် ကောင်းချီး​မင်္ဂလာကို ခံရ​ပြီးသော​အခါ၊ ခမည်းတော်သည် အာဗြဟံကို သင်၏​အမျိုး​အနွယ်​အားဖြင့် မြေကြီးပေါ်​ရှိ အမျိုး​စု​ခပ်သိမ်းတို့ ကောင်းချီးခံစားရကြ​လိမ့်မည်ဟု မိန့်တော်မူသည့် သူ​ပြုတော်မူသော​ပဋိညာဉ်ကို ပြီးပြည့်စုံ​စေလိမ့်မည်—တပါး​အမျိုးသား​များ​အပေါ်သို့ ငါ​အားဖြင့် သန့်ရှင်းသော​ဝိညာဉ်တော်ကို သွန်းလောင်းသည့်​တိုင်အောင်​ဖြစ်၏၊ တပါး​အမျိုးသားတို့​အပေါ်​ရှိ ထိုကောင်းချီး​မင်္ဂလာသည် သူတို့ကို ခပ်သိမ်းသော​သူတို့​ထက်​သာ၍ အား​ကြီး​စေသည်မှာ ငါ၏​လူမျိုးတို့ကို ကွဲပြား​ပြန့်ကျဲ​စေခြင်းသို့ တိုင်​အောင်ပင်​တည်း၊ အို ဣသရေလ​အမျိုး​သားတို့။

၂၈ သူတို့သည် ဤပြည်ရှိ လူမျိုးတို့​အတွက် ကျာ​ပွတ်​တစ်ချောင်း ဖြစ်လိမ့်မည်။ သို့သော်လည်း၊ သူတို့သည် ငါ၏​ဧဝံဂေလိ​တရား​တော်​အပြည့်​အစုံကို လက်​ခံရ​ရှိ​ပြီးနောက်၊ ငါ့ကို ဆန့်ကျင်၍ သူတို့​စိတ်နှလုံးကို မာကျော​စေကြလျှင်၊ ငါသည် သူတို့၏​ဒုစရိုက်များကို သူတို့​ကိုယ်တိုင်၏​ဦးခေါင်းပေါ်သို့ ပြန်၍​ကျရောက်​စေတော်မူမည်ဟု ခမည်းတော်​မိန့်တော်မူ၏။

၂၉ ငါသည် ငါ၏​လူမျိုးတို့နှင့် ပြု​ထားသော​ပဋိညာဉ်တို့ကိုလည်း အောက်မေ့​တော်မူမည်။ ငါ၏​ကာလ​အချိန်​တန်သော​အခါ၌ သူတို့ကို အတူတကွ​စုဝေး​တော်မူမည့်​အကြောင်းကို​လည်း​ကောင်း၊ ယေရုရှလင်​နယ်မြေ​ဖြစ်သည့်၊ သူတို့​အဖို့ ကာလ​အစဉ်​အဆက် ကတိတော်​မြေ​ဖြစ်သည့် သူတို့​ဘိုးဘေးတို့၏​ပြည်ကို သူတို့​နေထိုင်ရာ​အတွက် သူတို့အား တစ်ဖန်​ပေးတော်မူမည့် အကြောင်းကို​လည်း​ကောင်း သူတို့နှင့် ပဋိညာဉ်​ပြုတော်မူ​ပြီဟု ခမည်းတော်​မိန့်တော်မူ၏။

၃၀ ဤသို့​အားဖြင့်​အချိန်​တန်လာ​လတ္တံ့သော​အခါ၊ ငါ၏​ဧဝံဂေလိ​တရားတော်​အပြည့်​အစုံကို သူတို့အား ဟော​ပြော​ရမည့်​ကာလသည် ကျရောက်​လာ၏။

၃၁ သူတို့​သည်လည်း ငါ့ကို ဘုရားသခင်၏​သားတော်၊ ယေရှု​ခရစ်တော်​ဖြစ်ကြောင်း ငါ့ကို ယုံကြည်ကြ​လိမ့်မည်။ ငါ၏​နာမတော်​အားဖြင့်​လည်း ခမည်းတော်​ထံသို့ ဆုတောင်းကြ​လိမ့်မည်။

၃၂ ထို့နောက်တွင်၊ သူတို့၏​ကင်း​စောင့်တို့သည် ကြွေး​ကြော်၍၊ တညီ​တညွတ်တည်း​သော​အသံ​ဖြင့် သီဆိုကြ​လိမ့်မည်။ အကြောင်း​မူကား၊ သူတို့သည် ကိုယ်တိုင်​မြင်​ရကြ​လိမ့်မည်။

၃၃ ထို့နောက်တွင်၊ ခမည်းတော်သည် သူတို့ကို တစ်ဖန်​အတူတကွ​စုဝေး​တော်မူ၍၊ ယေရုရှလင်ကို သူတို့၏​အမွေ​ခံရာ​မြေ​အဖြစ် သူတို့အား ပေး​တော်မူ​လိမ့်မည်။

၃၄ ထို့နောက်တွင်၊ သူတို့သည် ဝမ်းမြောက်စွာ​ကြွေးကြော်ကြ​လိမ့်မည်—အတူတကွ​သီချင်း​ဆိုကြလော့၊ ယေရုရှလင်​ရှိပြို​ပျက်ရာ​အရပ်တို့။ အကြောင်း​မူကား၊ ခမည်းတော်သည် မိမိ​လူမျိုးတို့ကို နှစ်သိမ့်​စေတော်မူလေပြီ၊ ယေရုရှလင်ကို ရွေးနှုတ်​တော်မူ​လေပြီ။

၃၅ ခမည်းတော်သည် သူ၏​သန့်ရှင်းသော​လက်တော်ကို ခပ်သိမ်းသောပြည်သားတို့​ရှေ့၌၊ ဖွင့်ပြ​တော်မူ​လေ၏။ မြေကြီး​စွန်း​သား ခပ်သိမ်းတို့​သည်​လည်း ခမည်းတော်၏​ကယ်​တင်ခြင်းကို မြင်​ရလိမ့်မည်။ ခမည်းတော်နှင့် ငါသည်လည်း တစ်လုံး​တစ်ဝတည်း ဖြစ်​တော်မူ၏။

၃၆ ထို့နောက်တွင်၊ ပြီးမြောက်​လိမ့်မည့် ရေး​ထားသော​အရာတို့​သည်​ကား၊ အို ဇိအုန်မြို့၊ နိုးလော့၊ တစ်ဖန်​နိုးလော့၊ သင်၏​ခွန်အားကို ဝတ်​ဆင်လော့။ အို သန့်ရှင်းသော​မြို့တည်းဟူသော ယေရုရှလင်မြို့၊ သင်၏ တင့်တယ်သော​အဝတ်​တန်ဆာတို့ကို ဝတ်​ဆင်လော့။ အကြောင်း​မူကား၊ အရေပြား​လှီးခြင်းကို မခံသော​သူနှင့်၊ ညစ်​ညူးသော​သူတို့သည် ယခုမှ​စ၍၊ သင့်အထဲသို့ မဝင်​ရတော့လတ္တံ့။

၃၇ အို ယေရုရှလင်မြို့၊ သင့်ကိုယ်ကို မြေမှုန့်မှ ခါလိုက်လော့၊ ထ၍ ထိုင်လော့။ အို ဖမ်း​ဆီး​ချုပ်​နှောင်​ခံရသော ဇိအုန်သတို့​သမီး၊ သင်၏​လည်​ကြိုးတို့မှ သင့်ကိုယ်ကို ဖြေ​လွှတ်လော့။

၃၈ အကြောင်း​မူကား၊ ကိုယ်တော်ရှင်​မိန့်တော်မူ​လေသည်မှာ၊ သင်တို့သည် သင်တို့​ကိုယ်​ကို အကျိုး​မရှိသော​အရာ​အတွက် ရောင်းသဖြင့်၊ ငွေ​မပေးဘဲ ရွေး​နှုတ် ခံရကြ​လိမ့်မည်။

၃၉ သင်တို့ကို ငါ​အမှန်၊ အမှန်​ဆိုသည်မှာ၊ ငါ၏​လူမျိုးတို့သည် ငါ၏​နာမတော်ကို သိကြ​လိမ့်မည်။ ထိုမှတစ်ပါး၊ ထိုကာလ၌ သူတို့သည် ဟော​ပြောသော​သူမှာ ငါ​ဖြစ်​တော်မူကြောင်းကို သိကြ​လိမ့်မည်။

၄၀ ထို့နောက်တွင်၊ သူတို့​ဆိုကြမည်မှာ၊ ဝမ်းမြောက်စရာ​သင်တင်းကို သူတို့ထံသို့ ဆောင်ယူ​လာသော​သူ၊ ငြိမ်း​ချမ်းခြင်းကို ပြော​ကြားသော​သူ၊ ကောင်း​မြတ်ခြင်း၏ ဝမ်းမြောက်စရာ​သတင်းကို သူတို့​ထံသို့ ဆောင်​ယူ​လာသော​သူ၊ ကယ်တင်ခြင်းကို ပြော​ကြားသော​သူ၊ သင်၏​ဘုရားသခင် စိုးစံ​တော်မူ၏ဟု ဇိအုန်မြို့ကို ပြော​ကြားသော​သူ၏ ခြေတို့​သည်​ကား၊ တောင်​ပေါ်မှာ အလွန်​တင့်​တယ်လှ​ပေစွ​တကားဟု ဖြစ်လေ​သတည်း။

၄၁ ထို့နောက်တွင်၊ ထွက်ကြ။ ထွက်ကြ။ ထိုအရပ်မှ ထွက်​သွားကြလော့။ မစင်​ကြယ်သော​အရာကို မတို့ကြနှင့်။ ထိုအရပ်​ထဲက ထွက်​သွားကြ​လော့။ ကိုယ်တော်ရှင်၏ တန်ဆာတို့ကို သယ်​ဆောင်သော သင်တို့ သန့်ရှင်းခြင်း​ရှိကြ​လော့ဟူ​သော ဟစ်​ကြွေးခြင်း ထွက်​လာလိမ့်မည်။

၄၂ သင်တို့သည် အလျင်​အမြန် မထွက်​ရကြ။ ပြေး၍​မသွား​ရကြ။ အကြောင်း​မူကား၊ ကိုယ်တော်ရှင်သည် သင်တို့​ရှေ့မှ ကြွတော်မူမည်။ ဣသရေလ​အမျိုး၏​ဘုရားသခင်သည် သင်တို့​နောက်၌လည်း သင်တို့၏​အကွယ်​အကာ ဖြစ်​တော်မူမည်။

၄၃ ရှုလော့၊ ငါ၏​ကျွန်သည် နှိုင်း​နှိုင်း​ချိန်​ချိန်​အမှု​ဆောင်​လိမ့်မည်။ သူသည် ချီးမြှောက်၊ ချီးမြှင့်ခြင်းသို့​လည်း ရောက်၍၊ အထွဋ်​အမြတ်​ဖြစ်လိမ့်မည်။

၄၄ သင့်ကို များစွာသော​သူတို့​အံ့ဩကြ​သကဲ့သို့ပင်—သူ့မျက်​နှာသည် လူ​တိုင်းထက် လွန်စွာ​ပျက်၍၊ သူ့​အဆင်း​အသ​ရေသည်​လည်း လူသားတို့ထက် လွန်စွာ​ပျက်၏—

၄၅ ထို့အတူ၊ သူသည် များစွာသော​လူမျိုးတို့ကို သန့်ရှင်း​စေလိမ့်မည်။ ရှင်ဘုရင်တို့သည် သူ့ကြောင့် မိမိတို့​နှုတ်ကို ပိတ်၍​နေရကြ​လိမ့်မည်။ အကြောင်း​မူကား၊ သူတို့ကို မပြော​ဖူးသော​အရာကို သူတို့​မြင်ကြ​လိမ့်မည်။ သူတို့​မကြားဖူးသော​အရာကိုလည်း သူတို့​နားလည်ကြ​လိမ့်မည်။

၄၆ သင်တို့ကို ငါ​အမှန်၊ အမှန်​ဆိုသည်​ကား၊ ငါ့ကို ခမည်းတော်​မိန့်တော်မူ​ထား သကဲ့သို့ပင် ဤအရာခပ်သိမ်းတို့ ဧကန်​အမှန် ဖြစ်​လာလိမ့်မည်။ ထို့နောက်တွင်၊ ခမည်းတော် သူ၏​လူမျိုးတို့နှင့် ပဋိညာဉ်​ပြု​ထားတော်မူ​သည့် ဤပဋိညာဉ်သည် ပြီးပြည့်စုံ​လိမ့်မည်။ ထို့နောက်တွင်၊ ယေရုရှလင်​မြို့ ၌ ငါ၏​လူမျိုးတို့ တစ်ဖန် နေထိုင်ကြ​လိမ့်မည်။ ထို​အရပ်သည် သူတို့၏​အမွေ​ခံရာ​မြေ​ဖြစ်​လိမ့်မည်။