ကျမ်းစာများ
၃ နီဖိုင်း ၉


အခန်းကြီး ၉

မှောင်မိုက်ထဲ၌ ခရစ်တော်၏​အသံသည် များစွာသော​လူတို့နှင့် မြို့များ သူတို့၏​ဆိုး​ညစ်ခြင်း​ကြောင့်​ပျက်စီးခြင်းကို ကြေ​ညာ၏—သူ၏​ဘုရား​ဂုဏ်တော်ကိုလည်း ကြေ​ညာ၏၊ မောရှေ၏​ပညတ်​တရား ပြီးပြည့်စုံ​ပြီ​ဖြစ်​ကြောင်းကို ကြေ​ညာ၏၊ လူသားတို့ကို သူ့ထံသို့​လာ၍၊ ကယ်တင်ခြင်းသို့​ရောက်စေရန် ဖိတ်​ခေါ်၏။ အေဒီ ၃၄ ခန့်။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ထိုပြည်၏​မျက်နှာ​ပြင် တစ်ခု​လုံး​ပေါ်​ရှိ မြေကြီးပေါ်၌​နေထိုင်​သူ​ခပ်သိမ်းတို့၌ အသံကို​ကြား​ရ၍၊ ဟစ်​ကြော်လေ​သည်​ကား၊

ဤလူမျိုးသည် အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာ​ရှိ၏။ သူတို့​နောင်တ​မရလျှင်၊ မြေကြီး​တစ်ခုလုံးမှ နေထိုင်​သူများသည် နောင်တ​မရကြလျှင်၊ အမင်္ဂလာ​ရှိ၏။ အကြောင်း​မူကား၊ ငါ့​လူမျိုးတို့၏​ချောမောသော သားသမီးများထဲမှ ကွပ်မျက်​ခံရသူများကြောင့် နတ်ဆိုးသည် ရယ်၍ သူ၏​ကောင်းကင်​တမန်တို့သည် ရွှင်လန်း​ဝမ်း​မြောက်ကြ၏။ ထိုအမှု​သည်ကား၊ သူတို့၏​ဒုစရိုက်နှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုတို့ကြောင့်​ဖြစ်၍၊ သူတို့​ကျဆုံးလေ​ပြီတကား။

ရှုလော့၊ ထိုဇရဟင်မလ​မြို့​ကြီးနှင့် ၎င်း၌​နေထိုင်သော​သူတို့ကို ငါသည် မီးနှင့်​ရှို့လေပြီ။

ရှုဦးလော့၊ ငါသည် ထိုမော်ရော်နိုင်း​မြို့ကြီးကို ပင်လယ်​ရေနက်၌​မြုပ်​စေပြီး၊ ထိုမြို့ ၌​နေထိုင်သော​သူတို့ကို နစ်​မြုပ်​စေပြီ။

ရှုဦးလော့၊ ငါသည် ထိုမော်ရော်နိဟ​မြို့ကြီးနှင့်၊ ထိုမြို့၌​နေထိုင်သူတို့​အား၊ သူတို့၏ ဒုစရိုက်များနှင့် သူတို့၏​စက်ဆုပ်​ရွံရှာဖွယ်​အမှုတို့ကို ငါ့​မျက်နှာ​ရှေ့မှ ကွယ်ဝှက်ရန် မြေကြီးဖြင့်​ဖုံးလွှမ်း​သည်ကား၊ ပရောဖက်များနှင့် သန့်ရှင်း​သူတို့၏​အသွေးသည် သူတို့​တစ်ဖက်၌ ငါ့ထံသို့​နောက်​ထပ်၍ အဘယ်တော့မျှ မလာ​ရောက်နိုင်တော့​စေခြင်းငှာ​ပေတည်း။

ရှုဦးလော့၊ ငါသည် ဂိလဂါလမြို့ကို မြုပ်စေ၏၊ ထိုမြို့၌ နေထိုင်သော​သူတို့ကို မြေကြီး​နက်ရာ၌ ပို့စေပြီ။

ထိုမှတစ်ပါး၊ ဩနိဟမြို့ကို မြုပ်စေလျက်၊ ထိုမြို့၌​နေထိုင်သော​သူများကို မြေကြီး​နက်ရာ၌ ပို့စေပြီ။ မောကုံမြို့ကို မြုပ်စေပြီး၊ ထိုမြို့၌​နေထိုင်သော​သူများကို မြေကြီး​နက်ရာ၌ ပို့စေပြီ။ ယေရုရှလင်မြို့ကို မြုပ်စေပြီး၊ ထိုမြို့၌ နေထိုင်သော​သူများကို မြေကြီး​နက်ရာ၌ ပို့စေပြီ။ သူတို့၏​ဆိုးညစ်ခြင်းနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုများကို ငါ​မျက်နှာ​ရှေ့မှ ကွယ်ဝှက်ရန် ပရောဖက်များနှင့် သန့်ရှင်း​သူတို့၏​အသွေးသည် သူတို့​တစ်ဖက်၌ ငါ့ထံသို့ နောက်ထပ်၍၊ အဘယ်တော့မျှ တက်​မလာ​စေခြင်းငှာ၊ ငါသည် ထိုမြို့များ၏​နေရာ၌ ရေများကို ရောက်​စေပြီ။

ရှုဦးလော့၊ ငါသည် ဂါဒျန်ဒိမြို့၊ ဂါဒိယမ်နမြို့၊ ယာကုပ်မြို့နှင့် ဂင်ဂိမနော​မြို့၊ ဤခပ်​သိမ်းသော​မြို့တို့ကို မြုပ်​စေ၍၊ ထိုမြို့တို့၏​နေရာများ၌ တောင်​ကုန်းများနှင့် ချိုင့်​ဝှမ်းများကို ဖြစ်စေပြီ။ သူတို့၏​ဆိုးညစ်ခြင်းနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုများကို ငါ့​မျက်နှာရှေ့မှ ကွယ်ဝှက်ရန် ပရောဖက်များနှင့် သန့်ရှင်း​သူတို့၏​အသွေး သူတို့​တစ်ဖက်၌ ငါ့ထံသို့၊ အဘယ်တော့မျှ တက်​မလာ​တော့စေခြင်းငှာ၊ ငါသည် ထိုမြို့များ၌ နေထိုင်​သူတို့ကို မြေကြီး​နက်ရာတို့၌ ပို့စေပြီ။

ရှုဦးလော့၊ ငါသည် ယာကုပ်​မင်းကြီး၏​လူများ​နေထိုင်သည့် ထိုယာကုပ်​ဗုဂတ်မြို့​ကြီးကို၊ သူတို့၏​အပြစ်များနှင့် မြေကြီး​တစ်ခုလုံး၏​ဆိုးညစ်ခြင်း​အားလုံးတို့​ထက် ပိုသည့် သူတို့၏​ဆိုးညစ်ခြင်းကြောင့်​လည်း​ကောင်း၊ သူတို့၏ လျှို့​ဝှက်သော​လူ့​အသက်​သတ်ခြင်းနှင့် ဂိုဏ်းများကြောင့်​လည်း​ကောင်း၊ မီးနှင့်လောင်မြိုက်စေပြီ။ အကြောင်း​မူကား၊ သူတို့သည် ငါ့​လူမျိုးတို့၏​ငြိမ်းချမ်းခြင်းနှင့် ထိုပြည်၏​အစိုး​ရကို ဖျက်ဆီးသော​သူများ​ဖြစ်၏။ ထို့ကြောင့်၊ သူတို့ကို ငါ့​မျက်နှာ​ရှေ့မှ ဖျက်ဆီးရန်၊ ပရောဖက်များနှင့် သန့်ရှင်း​သူတို့၏​အသွေးသည် သူတို့​တစ်ဖက်၌ ငါ့ထံသို့ အဘယ်တော့မျှ တက်​မလာ​တော့စေခြင်းငှာ၊ ငါသည် သူတို့ကို လောင်မြိုက်​စေပြီ။

၁၀ ရှုဦးလော့၊ လာမန်မြို့၊ ယောရှမြို့၊ ဂဒ်မြို့၊ ခိရှခူမင်မြို့နှင့် ထိုမြို့၌​နေထိုင်​သူတို့အား၊ ပရောဖက်များကို နှင်​ထုတ်ရာ၌​လည်း​ကောင်း၊ သူတို့၏ ဆိုး​ညစ်ခြင်းနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုတို့​အကြောင်း သူတို့ကို ဟော​ပြော​စေခြင်းငှာ၊ ငါ​စေလွှတ်ခဲ့သော​သူများကို ကျောက်​ခဲနှင့်​ပစ်ရာ၌​လည်း​ကောင်း သူတို့၏​ဆိုးညစ်ခြင်းကြောင့် မီးနှင့်​လောင်မြိုက်စေပြီ။

၁၁ အားလုံးကို နှင်​ထုတ်ခဲ့သော​ကြောင့်​လည်း၊ သူတို့၌ ဖြောင့်မတ်သော​သူ​တစ်ဦးမျှ​မရှိတော့။ သူတို့၏​ဆိုးညစ်ခြင်းနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုများကို ငါ့​မျက်နှာ​ရှေ့မှ ကွယ်ဝှက်ရန်၊ ပရောဖက်များနှင့် သူတို့၌ ငါ​စေလွှတ်ခဲ့သည့် သန့်ရှင်း​သူတို့၏​အသွေးသည် သူတို့​တစ်ဖက် မြေကြီးမှ​နေ၍ ငါထံသို့ မဟစ်​ကြွေး​နိုင်ကြ​စေခြင်းငှာ၊ ငါသည် မီးကို​စေလွှတ်၍ သူတို့ကို ဖျက်​ဆီး၏။

၁၂ ကြီးစွာသော ဖျက်​ဆီးခြင်း​များစွာကိုလည်း ငါသည် ဤပြည်​အပေါ်၊ ထို့အတူ ဤလူမျိုးတို့​အပေါ်သို့​ကျ​ရောက်စေလေပြီ၊ သူတို့၏​ဆိုးညစ်ခြင်းနှင့် သူတို့၏​စက်ဆုပ်​ရွံရှာဖွယ်​အမှုများ​ကြောင့်ပေတည်း။

၁၃ အို သူတို့​ထက် ပို၍​ဖြောင့်​မတ်သော​ကြောင့် ချမ်းသာရသည့် ခပ်သိမ်းသော​သင်တို့၊ ငါသည် သင်တို့ကို အနာ​ကင်းစေနိုင်မည့်​အကြောင်း၊ သင်တို့သည် ယခုတွင် ငါ့ထံသို့ ပြန်​လာ၍၊ သင်တို့၏​အပြစ်များမှ နောင်တ​ရ၍ ပြောင်း​လဲကြမည်​မဟုတ်လော။

၁၄ ထိုမှတစ်ပါး၊ သင်တို့ကို ငါ​အမှန်​ဆို​သည်​ကား၊ သင်တို့သည် ငါ့ထံသို့ လာမည်​ဆိုလျှင်၊ ထာဝရ​အသက်ကို ရလိမ့်မည်။ ရှုလော့၊ ငါ၏​ကရုဏာတော်​လက်ရုံးသည် သင်တို့​ဆီသို့ ဆန့်​တန်း၏၊ လာမည့်​သူ​မှန်သမျှကို ငါ​လက်ခံ​တော်မူမည်။ ငါ့ထံသို့ လာသော​သူတို့​သည်​လည်း မင်္ဂလာ​ရှိကြ၏။

၁၅ ရှုလော့၊ ငါသည် ဘုရားသခင်၏​သားတော်၊ ယေရှု​ခရစ်တော်​ဖြစ်၏။ ငါသည် ကောင်း​ကင်၊ မြေကြီးနှင့် ၎င်းတို့၌​ရှိသမျှသော​အရာတို့ကို ဖန်​ဆင်းတော်မူ၏။ ငါသည် ရှေး​ဦးစွာ​ကတည်းက ခမည်းတော်နှင့်​အတူ ရှိ၏။ ငါသည် ခမည်းတော်၌ ရှိ၏၊ ခမည်းတော်သည် ငါ၌ ရှိတော်မူ၏။ ထို့အတူ၊ ငါ့၌ ခမည်းတော်သည် သူ၏​နာမတော်ကို ချီးမြှောက်​တော်မူ​လေ၏။

၁၆ ငါသည် ငါ၏လူမျိုးတို့ထံသို့ ကြွ​လာ​သော်လည်း ငါ၏​လူမျိုးတို့သည် ငါ့ကို လက်​ခံခြင်း​မရှိကြ။ ငါ၏​ကြွ​လာ​တော်မူခြင်းနှင့်​စပ်​လျဉ်း​သည့် ကျမ်း​စာတို့​သည်​လည်း ပြီးပြည့်စုံ​လေပြီ။

၁၇ ငါ့ကို လက်ခံ​သမျှသော​သူတို့ကို​လည်း ဘုရားသခင်၏​သားများ​ဖြစ်​ရသော​အခွင့်ကို ငါ​ပေးလေပြီ။ ငါ၏​နာမတော်ကို ယုံကြည်သော​သူမှန်သမျှကို ထိုကဲ့သို့ပင် ငါ​ပြု​တော်မူမည်။ အကြောင်း​မူကား၊ ရှုလော့၊ ငါ​အားဖြင့် ရွေးနှုတ်​ခြင်း ရောက်​လာ၍၊ ငါ့၌ မောရှေ၏​ပညတ်​တရား ပြီးပြည့်​စုံ​လေပြီ။

၁၈ ငါသည် လောက၏ အလင်းနှင့် အသက်​ဖြစ်၏။ ငါသည် အာလဖနှင့် ဩမေဃ၊ အစနှင့် အဆုံး​ဖြစ်၏။

၁၉ သင်တို့​သည်​လည်း ငါ့ထံသို့ အသွေး​သွန်း​လောင်းခြင်း​ဖြင့် ပူဇော်ခြင်းကို မပြု​ရတော့။ ထိုမှတစ်ပါး၊ သင်တို့၏​ယဇ်များနှင့် မီးရှို့ရာ​ပူဇော်​သက္ကာများ​ရပ်စဲ​လိမ့်မည်။ အကြောင်း​မူကား၊ ငါသည် သင်တို့၏ ယဇ်များနှင့် မီးရှို့ရာ​ပူဇော်​သက္ကာများမှ အဘယ်​အရာ​တစ်ခုကိုမျှ လက်​ခံမည်​မဟုတ်။

၂၀ သင်တို့သည် ကျိုးပဲ့သော​နှလုံးသားနှင့် ကြေကွဲသော​စိတ်ကို ယဇ်​အဖြစ် ငါ့ထံသို့ ပူဇော်​ရမည်။ ကျိုးပဲ့သော​နှလုံးသားနှင့် ကြေကွဲသော​စိတ်ဖြင့် ငါ့ထံသို့ လာသော​သူ​မှန်သမျှကို ငါသည် မီးဖြင့်၊ ထို့အတူ သန့်ရှင်းသော ဝိညာဉ်တော်​ဖြင့် ဗတ္တိဇံ​ပေးမည်။ လာမန်​အမျိုးသားများ ကဲ့သို့ပင်တည်း၊ သူတို့၏ ပြောင်းလဲရာ​ကာလ၌၊ ငါ့ကို သူတို့၏ ယုံကြည်ခြင်းကြောင့်၊ မီးဖြင့်၊ ထို့အတူ သန့်ရှင်းသော​ဝိညာဉ်တော်​ဖြင့် ဗတ္တိဇံ​ခံရကြ၏၊ ထိုအမှုကို သိခြင်း​မရှိကြ။

၂၁ ရှုလော့၊ ငါသည် လောက​အတွက် ရွေး​နှုတ်ခြင်းကို ဖြစ်​စေခြင်း​အလို့ငှာ​လည်း​ကောင်း၊ လောကကို အပြစ်မှ​ကယ်​တင်ခြင်း​အလို့​ငှာ​လည်း​ကောင်း လောကသို့ ကြွ​တော်မူ​လေပြီ။

၂၂ ထို့ကြောင့်၊ နောင်တ​ရ၍၊ ငါ့ထံသို့ ကလေး​သူငယ်ကဲ့သို့ လာသော​သူမှန်​သမျှကို ငါ​လက်​ခံမည်။ ဘုရားသခင်၏​နိုင်ငံတော်သည် ထိုသို့သော​သူတို့​အတွက် ဖြစ်၏။ ရှုလော့၊ ထိုသို့သော​သူတို့​အတွက် ငါ့​အသက်ကို​စွန့်၍၊ တစ်ဖန်​ပြန်ယူ​လေပြီ။ ထို့ကြောင့်၊ အသင်မြေကြီး​စွန်းသားတို့၊ နောင်တ​ရ၍၊ ငါ့ထံသို့​လာ၍၊ ကယ်တင်ခြင်းသို့ ရောက်​စေကြလော့။