ကျမ်းစာများ
၃ နီဖိုင်း ၇


အခန်းကြီး ၇

တရား​သူကြီးချုပ် အသတ်​ခံရ၏၊ အစိုး​ရ ဖျက်​ဆီး​ခံရ၍ လူတို့သည် မျိုးနွယ်​စုများ​အဖြစ် ကွဲပြားကြ၏—အန္တိခရစ် ယာကုပ်သည် လျှို့​ဝှက်ဂိုဏ်း၏ ရှင်ဘုရင်​ဖြစ်​လာ၏—နီဖိုင်းသည် နောင်တ​ရခြင်းနှင့် ခရစ်တော်ကို ယုံကြည်ခြင်း​အကြောင်း ဟော​ပြော၏—ကောင်းကင်​တမန်တို့သည် သူ့ကို နေ့စဉ်​အမှုတော်​ဆောင်၏။ သူသည် မိမိညီကို သေခြင်းမှ ထ​မြောက်စေ၏—များစွာသော​သူတို့သည် နောင်တ​ရ၍၊ ဗတ္တိဇံ​ခံကြ၏။ အေဒီ ၃၀–၃၃ ခန့်။

ယခုမူကား၊ ရှုလော့၊ သူတို့သည် ထိုပြည်၌ ရှင်ဘုရင်ကို မတင်​မြှောက်ကြ။ သို့ရာတွင် ဤတစ်နှစ်​ထဲ၌၊ အထူးသဖြင့်၊ သုံးဆယ်​နှစ်​မြောက်၌ ထိုပြည်၏​တရား​သူကြီးချုပ်ကို တရား​ပလ္လင်၌ ဖျက်ဆီး​ကြောင်း သင်တို့ကို ငါ​ဖော်​ပြမည်။

လူမျိုးတို့​သည်​လည်း တစ်ဦးနှင့်​တစ်ဦး ဆန့်ကျင်၍​ကွဲပြားကြ၏၊ လူတိုင်း သူ့​မိသားစု၊ သူ့​ဆွေမျိုးနှင့် အဆွေ​ခင်ပွန်းတို့​အလိုက် မျိုးနွယ်​စုတို့​အဖြစ် တစ်ဦးနှင့်​တစ်ဦး သီးခြား​စီခွဲကြ၏။ ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် ထိုပြည်၏​အစိုး​ရကို ဖျက်​ဆီးကြ၏။

မျိုးနွယ်​စုတိုင်း​သည်​လည်း မိမိတို့​အပေါ်၌ ဦး​စီးသူ၊ သို့မဟုတ် အကြီး​အကဲ​တစ်ဦးကို ခန့်အပ်​ထားကြ၏။ ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် မျိုးနွယ်​စုများနှင့် မျိုးနွယ်​စုတို့၏​အကြီး​အကဲများ ဖြစ်​လာကြ၏။

ယခုတွင်၊ ရှုလော့၊ သူတို့၌ များစွာသော​မိသားစု၊ ထို့အတူ များစွာသော​ဆွေမျိုးနှင့် အဆွေ​ခင်ပွန်း​မရှိသော​သူ တစ်ယောက်မျှ​မရှိ။ ထို့ကြောင့်၊ သူတို့၏​မျိုးနွယ်စုတို့သည် အလွန်​ကြီး​မား​လာကြ၏။

ယခုတွင်၊ ခပ်သိမ်းသော​ဤအမှုတို့​ဖြစ်လျက်၊ သူတို့၌ စစ်တိုက်ခြင်း မရှိ​ကြသေး။ စာတန်၏တန်ခိုးသို့ သူတို့ကိုယ်​သူတို့ အရှုံး​ပေးသော​ကြောင့်၊ ဤ​ခပ်သိမ်းသောဒုစရိုက်​သည် လူတို့​အပေါ် ကျ​ရောက်၏။

အစိုး​ရ၏​စည်းမျဉ်းများ​သည်​လည်း ပရောဖက်တို့ကို သတ်သော​ထိုသူတို့၏ အဆွေ​ခင်ပွန်းများနှင့် ဆွေမျိုးတို့၏ လျှို့ဝှက်ဂိုဏ်းကြောင့် ပျက်​စီး၏။

သူတို့​သည်​လည်း ထိုပြည်၌ ကြီးစွာသော​ရန်တွေ့ခြင်းကို​ဖြစ်စေ၍၊ လူတို့အထဲမှ သာ၍ဖြောင့်​မတ်သော​သူများမှာ အားလုံး​နီးပါး ဆိုးညစ်​လာကြ၏။ ထိုမှတစ်ပါး၊ သူတို့အထဲ၌ ဖြောင့်မတ်သောလူ အနည်းငယ်သာရှိလေ၏။

ထိုကဲ့သို့​အားဖြင့်၊ ခွေးသည် မိမိ​အန်ဖတ်ဆီကို ကဲ့သို့၊ သို့မဟုတ်၊ ဝက်သည် မိမိလူးရာ ရွှံ့ဆီကို ကဲ့သို့ လူတို့မှ အများစုမှာ မိမိတို့၏​ဖြောင့်​မတ်ခြင်းကို စွန့်​ပစ်လေ​သည်​ကတည်းက ခြောက်​နှစ်ပင် မကုန်​လွန်ခဲ့ပေ။

ယခုတွင်၊ လူတို့​အပေါ်၌ ကြီးစွာသော​ဒုစရိုက်ကို ဖြစ်စေသည့် ဤလျှို့​ဝှက်ဂိုဏ်းသည် သူတို့ကိုယ်​သူတို့ အတူတကွ​စုဝေးကြ၏။ ယာကုပ်ဟု သူတို့​ခေါ်သော​သူ​တစ်ဦးကို​လည်း သူတို့၏​အကြီး​အကဲ​အဖြစ် ခန့်​ထားကြ၏။

၁၀ သူ့ကို သူ့တို့၏​ဘုရင်ဟု​လည်း ခေါ်ကြ၏။ ထို့ကြောင့်၊ သူသည် ဤဆိုးညစ်သော​အဖွဲ့​အပေါ်၌ ရှင်ဘုရင်​တစ်ပါး ဖြစ်​လာ၏။ ယေရှု​အကြောင်းကို သက်သေ​ခံသည့်​ပရောဖက်တို့ကို ဆန့်ကျင်၍ ဟော​ပြောသည့် အကြီး​ဆုံးသော​သူ​တစ်ဦးလည်း ဖြစ်၏။

၁၁ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူတို့သည် အကြီး​အကဲများက သူတို့​မျိုးနွယ်စု​အလိုက် ဥပဒေများကို တည်​ထောင်၍ မျိုးနွယ်စု​အလိုက်သာ အတူတကွ​စုဝေးကြသော လူတို့၏​မျိုးနွယ်စု​များကဲ့သို့ အရေ​အတွက်၌ အလွန်​အား​မကြီးကြ။ သို့သော်လည်း ထို​မျိုးနွယ်​စုတို့နှင့် ရန်​ဘက်များ​ဖြစ်ကြ၏။ ထိုမျိုးနွယ်​စုတို့သည် ဖြောင့်မတ်သော​လူမျိုးများ မဟုတ်​သော်​ငြား​လည်း၊ အစိုး​ရကို ဖျက်ဆီးရန် ပဋိညာဉ်​ပြုသော​သူတို့၏​အမုန်း​တရား၌ စည်းလုံးကြ၏။

၁၂ ထို့ကြောင့်၊ ယာကုပ်သည် မိမိတို့​ရန်သူများ မိမိတို့​ထက်​အလွန်​မြောက်မြား​လှသည်ကို သိလျက်၊ ထိုအဖွဲ့၏​ရှင်ဘုရင်​ဖြစ်သည့် အလျောက်၊ မိမိ​လူမျိုးတို့အား ထိုပြည်၏​မြောက်​ဘက်​အစွန်း​ဆုံး​အရပ်သို့ ထွက်​ပြေး၍၊ သဘော​ကွဲလွဲသော​သူတို့နှင့်​ပူးပေါင်းသည့် အချိန်​အထိ၊ (သဘော​ကွဲလွဲသော​သူ များစွာ​ရှိလိမ့်မည်ဟု သူ​မြောက်ပင့်၍ ပြောဆိုခဲ့သော​ကြောင့်) ထိုအရပ်၌ သူတို့ကိုယ်တိုင်​အတွက် နိုင်ငံ​တစ်ခုကို တည်​ဆောက်​ရမည့်​အကြောင်း အမိန့်​ပေး၏။ သူတို့​သည်​လည်း လူတို့၏​မျိုးနွယ်​စုတို့ကို တိုက်​ခိုက်ရန် လုံ​လုံ​လောက်​လောက် အား​ကြီး​လာကြ၏။ မိန့်သည့်​အတိုင်း​လည်း ပြု​ကြ၏။

၁၃ သူတို့၏​ချီ​တက်ခြင်းမှာလည်း အလွန်​မြန်​ဆန်လှ၍၊ သူတို့ကို လူတို့ မိနိုင်သည့်​နေရာကို​လွန်သည့်​တိုင်အောင် မဟန့်​တားနိုင်ကြ။ ထိုကဲ့သို့​အားဖြင့် သုံးဆယ်​နှစ်မြောက် ကုန်​ဆုံး၏။ ဤရွေ့ကား၊ နီဖိုင်း​လူမျိုးတို့၏ အမှု​အမျိုး​မျိုး​ဖြစ်လေ​သတည်း။

၁၄ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သုံးဆယ်တစ်​နှစ်​မြောက်၌၊ သူတို့သည် လူတိုင်း သူ့​မိသားစု၊ ဆွေမျိုးနှင့် အဆွေ​ခင်ပွန်းတို့​အလိုက် မျိုးနွယ်စုများ​အဖြစ်သို့ ကွဲပြားကြ၏။ သို့သော်လည်း၊ သူတို့သည် အချင်းချင်း​စစ်တိုက်​လိမ့်မည်​မဟုတ်ဟု သဘော​တူကြ၏။ သို့ရာတွင်၊ သူတို့၏​ဥပဒေများနှင့် သူတို့၏​အာဏာ​စက်​အမျိုး​အစား၌ မညီ​ညွတ်ကြ။ အကြောင်း​မူကား၊ ထိုအရာတို့ကို သူတို့၏​အကြီး​အမှူးများနှင့် သူတို့၏​အကြီး​အကဲများ၏ စိတ်သဘော​အတိုင်း တည်​ထောင်​ထား၏။ သို့ရာတွင်၊ မျိုးနွယ်စု​တစ်စုမှ တခြား​တစ်စုအား ဆန့်ကျင်၍​မလွန်​ကျူးနိုင်​စေခြင်းငှာ၊ အလွန်​တင်း​ကျပ်သော ဥပဒေများကို တည်​ထောင်ကြသဖြင့်၊ ထိုပြည်၌ ငြိမ်း​ချမ်းခြင်း​အတော်​အတန်​ရရှိ၏။ သို့သော်လည်း၊ သူတို့​၏စိတ်နှလုံးမှာ၊ သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်​ထံမှ စွန့်​ခွာ၍၊ သူတို့သည် ပရောဖက်တို့ကို ကျောက်ခဲ့နှင့်​ပစ်ကြ၊ သူတို့​ကြားမှ နှင်​ထုတ်ကြ၏။

၁၅ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ နီဖိုင်းသည်—ကောင်းကင်​တမန်များနှင့် ကိုယ်တော်ရှင်၏​အသံ​အားဖြင့်လည်း အကြည့်​အရှု​ကြွ​ရောက်တော်မူသည်ကို ခံရလျက်၊ ထို့ကြောင့်၊ ကောင်းကင်​တမန်တို့ကို မြင်ရလျက်၊ မျက်မြင်​သက်​သေ​ဖြစ်လျက်၊ ခရစ်တော်၏ အမှုတော်​ဆောင်ခြင်း​အကြောင်းကို သူ​သိနိုင်​စေခြင်းငှာ သူ့ကို​ပေး​ထားသော​တန်ခိုး ရှိလျက်၊ ထို့​အတူ၊ ဖြောင့်​မတ်ခြင်းမှ​နေ၍ ဆိုးညစ်ခြင်းနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုများ​ဆီသို့ သူတို့၏ လျင်​မြန်စွာ​ပြန်​လှည့်ခြင်းကို မျက်မြင်​သက်သေ​ဖြစ်လျက်၊

၁၆ ထို့ကြောင့်၊ သူတို့​စိတ်နှလုံး၏​မာကျောခြင်းနှင့် သူတို့၏​အသိ​စိတ်​ကွယ်ခြင်းတို့​ကြောင့် ဝမ်းနည်း​ပူဆွေးလျက်—ထိုတစ်နှစ်တည်း၌ သူတို့ထံသို့ ထွက်​သွား၍၊ နောင်တ​ရခြင်း၊ ထို့အတူ ကိုယ်တော်ရှင်​ယေရှုခရစ်တော်​အားဖြင့် အပြစ်များမှ​လွှတ်ခြင်းတို့ကို ရဲရင့်စွာ သက်သေ​ခံ​စပြု၏။

၁၇ သူတို့အား များစွာသော​အရာတို့ကိုလည်း သွန်​သင်၏။ ထိုအရာ​ခပ်သိမ်းကို မရေးနိုင်။ ထိုအရာတို့၏ တစ်စိတ်​တစ်ပိုင်း​သည်​လည်း လုံလောက်မည်​မဟုတ်၍၊ ထို့ကြောင့်၊ ဤကျမ်းထဲ၌ ရေး​မထား။ နီဖိုင်းသည် တန်ခိုးနှင့် ကြီးစွာသော​အခွင့်​အာဏာတို့​ဖြင့်လည်း အမှုတော်​ဆောင်၏။

၁၈ ဤသို့​အားဖြင့်​အချိန်​တန်လာသော​အခါ၊ သူတို့သည် သူ့၌ သူတို့ထက် ပို၍​ကြီးသော တန်ခိုး​ရှိသော​ကြောင့်ပင် သူ့ကို အမျက်​ထွက်ကြ၏။ အကြောင်း​မူကား၊ ကိုယ်တော်ရှင်​ယေရှုခရစ်တော်​အပေါ်၌ သူ၏​ယုံကြည်ခြင်းမှာ အလွန်​ကြီးမား၍၊ ကောင်းကင်​တမန်တို့က သူ့ကို​နေ့စဉ် အမှုတော်​ဆောင်ကြ​သော​ကြောင့်၊ သူ၏​စကားများကို သူတို့​မယုံကြည်ဘဲ​နေနိုင်ဖို့မှာ မဖြစ်နိုင်။

၁၉ ယေရှု၏​နာမတော်​အားဖြင့်၊ သူသည် နတ်ဆိုးများနှင့် ညစ်ညူးသော​နတ်များကို နှင်​ထုတ်၏။ သူ၏​ညီကိုလည်း လူတို့က ကျောက်ခဲနှင့်​ပစ်၍ သေခြင်းကို ခံစား​ရ​ပြီးနောက် သေခြင်းမှ​ပင်​ထမြောက်​စေ၏။

၂၀ လူတို့​သည်လည်း ထိုအမှုကို ကြည့်၍​မြင်လျှင်၊ သူ့​တန်ခိုး​ကြောင့်၊ သူ့ကို အမျက်​ထွက်ကြ၏။ သူကလည်း သာ၍​များစွာသော အလွန်​တရာ​အံ့ဩဖွယ်​အမှုတို့ကို ယေရှု၏​နာမတော်​အားဖြင့်၊ လူတို့၏​မြင်ကွင်း၌ ပြု၏။

၂၁ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သုံးဆယ်​တစ်​နှစ်မြောက် ကုန်​လွန်​သွား၍၊ ကိုယ်တော်ရှင်​ထံသို့ ပြောင်းလဲသူ အနည်းငယ်​သာ​ရှိ၏။ သို့ရာတွင်၊ ပြောင်းလဲ​သမျှသော​သူတို့သည် မိမိတို့ ယုံကြည်သည့် ယေရှု​ခရစ်တော်၌ ရှိသည့် ဘုရားသခင်၏​တန်ခိုးနှင့် ဝိညာဉ်တော်​အားဖြင့် အကြည့်​အရှု​ကြွရောက်​တော်မူခြင်း​ခံရကြောင်းကို လူတို့အား အမှန်ပင် ဖော်​ပြ၏။

၂၂ နတ်ဆိုးများကို ကိုယ့်ထံမှ နှင်ထုတ်​ခံရသူ​မှန်သမျှ​သည်လည်း သူတို့၏ဖျားနာခြင်းတို့နှင့် ချည့်နဲ့ခြင်းတို့မှ အနာငြိမ်းလျက်၊ ဘုရားသခင်၏​ဝိညာဉ်တော် အရှိန်​ဩဇာသက်​ရောက်​တော်မူ​သည်ကို ခံရ၍၊ အနာ​ငြိမ်းကြ​ကြောင်းကို လူတို့အား အမှန်ပင် ထင်ရှားစွာ​ပြ၏။ သူတို့သည် နိမိတ်​လက္ခဏာများကို​လည်း ပြ၍၊ လူတို့ ၌ အလွန်​တရာ​အံ့ဩဖွယ်​သော​အမှု​အချို့ကို ပြုကြ၏။

၂၃ ထိုကဲ့သို့​အားဖြင့် သုံးဆယ်​နှစ်​နှစ်မြောက်​သည်​လည်း ကုန်​ဆုံး၏။ သုံးဆယ်​သုံး​နှစ်မြောက်၏​အစ၌လည်း နီဖိုင်းသည် လူတို့ကို ဟစ်ကြော်လျက်၊ နောင်တ​ရခြင်းနှင့် အပြစ်များမှ​လွှတ်ခြင်းကို ဟော​ပြော၏။

၂၄ ယခုတွင်၊ ရေဖြင့် ဗတ္တိဇံ​မခံ၍ နောင်တ​ရခြင်းသို့ ဆောင်ယူမခံရသူ တစ်ဦးမျှ​မရှိကြောင်းကို သင်တို့​သတိ​ရကြစေခြင်းငှာ ငါ​အလို​ရှိ၏။

၂၅ ထို့ကြောင့်၊ ဤအမှုတော်​ဆောင်ခြင်း​အတွက် လူများကို နီဖိုင်း​အားဖြင့် ခန့်အပ်​ထား၍၊ သူတို့​ထံသို့​လာမည့် ထိုကဲ့သို့​သော​သူ​ခပ်သိမ်းကို ရေဖြင့် ဗတ္တိဇံ​ခံစေရ​ပေမည်။ ဤအမှု​သည်ကား၊ ဘုရားသခင်​ရှေ့၌၊ ထို့အတူ သူတို့သည် နောင်တ​ရ၍၊ သူတို့၏​အပြစ်များမှ​လွှတ်ခြင်းကို ရ​ရှိကြောင်း လူတို့​ထံသို့ သက်​သေနှင့် သက်​သေခံချက်​အဖြစ် ရှိပေ၏။

၂၆ ဤနှစ်၏​အစ၌လည်း၊ နောင်တရခြင်း​အလို့ငှာ ဗတ္တိဇံ​ခံသော​သူများစွာ​ရှိ၍၊ ထိုကဲ့သို့​အားဖြင့်၊ ဤနှစ်၏​ကာလ​အများ ကုန်​လွန်​သွား​လေ​သတည်း။