ကျမ်းစာများ
၃ နီဖိုင်း ၂၉


အခန်းကြီး ၂၉

မော်မုန်​ကျမ်း​ထွက်​ပေါ်​လာခြင်းသည် ကိုယ်တော်ရှင် ဣသရေလ​အမျိုးတို့ကို စုဝေး၍၊ သူ၏​ပဋိညာဉ်ကို ပြီးပြည့်စုံ​စေခြင်းငှာ စတင်​တော်မူသည့်​အကြောင်း နိမိတ်​လက္ခဏာ​ဖြစ်၏—သူ၏​နောက်​ပိုင်း​ကာလ ဗျာဒိတ်တော်များနှင့် ဆုကျေးဇူးတို့ကို ငြင်း​ပယ်​သူတို့သည် အကျိန် ခံရ​လိမ့်မည်။ အေဒီ ၃၄–၃၅ ခန့်။

ယခု​မူကား၊ ရှုလော့၊ သင်တို့ကို ငါ​ဆို​သည်မှာ၊ ကိုယ်တော်ရှင်က သင့်​လျော်မည်ဟု သူ၏​ဉာဏ်​ပညာတော်ဖြင့် ဆင်ခြင်​တော်မူသော​အချိန်၌၊ ဤအဆို​အမိန့်တို့သည် သူ၏​စကား​အတိုင်း၊ တပါး​အမျိုးသားတို့​ထံသို့ ရောက်​ရှိ​လာလိမ့်မည်။ ထို့နောက်တွင်၊ သင်တို့သည် ဣသရေလ​အမျိုးသားတို့ကို သူတို့၏​အမွေ​ခံရာ​မြေသို့ ပြန်လည်​ဆောင်ယူခြင်းနှင့်​စပ်လျဉ်း၍ ခမည်းတော် သူတို့နှင့် ပြု​တော်မူသည့် ပဋိညာဉ်မှာ ပြီးပြည့်စုံ​စေရန် အစ​ပြုလျက်​ရှိနှင့်​လေ​ပြီဖြစ်​ကြောင်းကို သိ​နိုင်ကြမည်။

သန့်​ရှင်းသော​ပရောဖက်တို့​အားဖြင့် ဟော​ပြောသည့် ကိုယ်တော်ရှင်၏​နှုတ်ကပတ်တော်များ အားလုံး ပြီးပြည့်စုံ​စေမည်​ဖြစ်ကြောင်း​ကိုလည်း သိ​နိုင်ကြမည်။ ကိုယ်တော်ရှင်သည် ဣသရေလ​အမျိုးသားတို့​ထံသို့ ကြွ​လာ​တော်မူ​ခဲသည်ဟု သင်တို့​ပြောရန်လည်း မလို​အပ်။

ဟော​ပြောသော စကားများ အချည်း​နှီး​ဖြစ်လေ​ပြီဟုလည်း သင်တို့​စိတ်နှလုံး၌ ထင်​မြင်ရန် မလို​အပ်။ အကြောင်း​မူကား၊ ရှုလော့၊ ကိုယ်တော်ရှင်သည် သူ၏​လူမျိုး ဣသရေလ​အမျိုးသားတို့ထံ ပြု​တော်မူသည့် သူ၏​ပဋိညာဉ်ကို အောက်​မေ့​တော်မူ​လိမ့်မည်။

သင်တို့သည် ဤအဆို​အမိန့်များ သင်တို့၌ ထွက်​ပေါ်​လာသည်ကို မြင်ကြ​ပြီးနောက်တွင်၊ ကိုယ်တော်ရှင်၏​အမှုတော်တို့ကို နောက်​ထပ်၍ မလေး​မစား​ငြင်းပယ်ရန် လိုအပ်မည်​မဟုတ်တော့။ အကြောင်း​မူကား၊ သူ၏​အပြစ်​ပေးခြင်း​ဓားသည် သူ့လက်ယာလက်၌ ရှိတော်မူပြီ။ ရှုဦးလော့၊ ထိုနေ့၌၊ သင်တို့သည် သူ၏​အမှုတော်တို့ကို မလေး​မစားငြင်း​ပယ်ကြ​မည်​ဆိုလျှင်၊ သူသည် ထိုဓားကို သင်တို့​အပေါ်သို့ မကြာ​မြင့်မီ ကျ​ရောက်စေ​တော်မူ​လိမ့်မည်။

ကိုယ်တော်ရှင်၏​အမှုတော်တို့ကို မလေး​မစား​ငြင်းပယ်သော​သူသည် အမင်္ဂလာ​ရှိ၏။ ထိုမှတစ်ပါး၊ ခရစ်တော်နှင့် သူ၏​အမှုတော်တို့ကို ငြင်း​ဆိုသော​သူသည် အမင်္ဂလာ​ရှိ၏။

ထိုမှတစ်ပါး၊ ကိုယ်တော်ရှင်၏ ဗျာဒိတ်တော်များကို ငြင်းဆိုသော​သူ​၊ ထို့အတူ ကိုယ်တော်ရှင်သည် ဗျာဒိတ်တော်​အားဖြင့်​ဖြစ်စေ၊ ပရောဖက်​ပြု​ဟောချက်​အားဖြင့်​ဖြစ်စေ၊ ဆုကျေးဇူး​အားဖြင့်​ဖြစ်စေ၊ နှုတ်​သတ္တိ​အားဖြင့်​ဖြစ်စေ၊ အနာကင်း​စေခြင်း​အားဖြင့်​ဖြစ်စေ၊ သန့်ရှင်းသော​ဝိညာဉ်တော်၏​တန်ခိုး​အားဖြင့်​ဖြစ်စေ ပြု​တော်မူခြင်း​မရှိတော့​ပြီဟု ဆိုသော​သူ​သည် အမင်္ဂလာ​ရှိ၏။

ထိုမှတစ်ပါး၊ အကျိုး​အမြတ်​ရရန် ယေရှု​ခရစ်တော်​အားဖြင့် ပြု​ပြင်​စီရင်​ထား​တော်မူသည့် အလွန်​တရာ​အံ့ဩဖွယ်​အမှု မရှိနိုင်ဟု ထို့နေ့၌ ဆိုသော​သူ​သည်​လည်း အမင်္ဂလာ​ရှိ၏။ အကြောင်း​မူကား၊ ဤသို့ဆိုသော​သူသည် ခရစ်တော်၏​စကား​အတိုင်း သူ့အဖို့ ကရုဏာတော်​မရှိလေတော့​ပြီ​ဖြစ်သော ပျက်​စီးခြင်း၏​သားကဲ့သို့ ဖြစ်​လာ​လိမ့်မည်။

ထိုမှတစ်ပါး၊ သင်တို့သည် ယုဒ​လူမျိုးတို့ကို​သော်​လည်း​ကောင်း၊ ဣသရေလ​အမျိုးသားတို့၏ ကျန်​ကြွင်းသော​သူ တစ်စုံ​တစ်ဦးကို​သော်​လည်း​ကောင်း နောက်​ထပ်၍ ကဲ့ရဲ့ခြင်း၊ သို့မဟုတ် မလေး​မစား​ငြင်း​ပယ်ခြင်း၊ သို့မဟုတ် လှောင်​ပြောင်ခြင်းတို့ကို ပြုရန် လို​အပ်မည်​မဟုတ်တော့။ အကြောင်း​မူကား၊ ရှုလော့၊ ကိုယ်တော်ရှင်သည် သူတို့​အပေါ်ရှိ သူ၏​ပဋိညာဉ်ကို အောက်​မေ့​တော်မူ၏၊ ကျိန်ဆိုသည့်​အတိုင်းပင် သူတို့​အဖို့ ပြု​တော်မူ​လိမ့်မည်။

ထို့ကြောင့်၊ ကိုယ်တော်ရှင်သည် ဣသရေလ​အမျိုးသားတို့​ထံ ပြု​တော်မူသည့် ပဋိညာဉ်ကို ပြီးပြည့်စုံ​စေသည့်​တိုင်အောင်၊ တရား​စီရင်​တော်မူခြင်းကို မပြုနိုင်​စေမည့်​အကြောင်း၊ သူ၏​လက်ယာ​လက်တော်ကို လက်ဝဲ​ဘက်သို့ သင်တို့​ပြောင်းနိုင်ကြ​လိမ့်မည်ဟု မထင်​မှတ်ကြနှင့်။