ကျမ်းစာများ
၃ နီဖိုင်း ၂၂


အခန်းကြီး ၂၂

နောက်ဆုံးသော​ကာလ၌၊ ဇိအုန်နှင့် ၎င်း၏ပန္နက်များကို တည်​ထောင်​လိမ့်မည်။ ဣသရေလ​အမျိုးတို့သည် ကရုဏာတော်နှင့် နူးညံ့မှုတို့ဖြင့် စုဝေးကြ​လိမ့်မည်—သူတို့သည် အောင်နိုင်ကြ​လိမ့်မည်—ဟေရှာယအခန်းကြီး ၅၄ နှင့် နှိုင်း​ယှဉ်ပါ။ အေဒီ ၃၄ ခန့်။

ထို့နောက်တွင်၊ ရေး​ထားသော​အရာများ ဖြစ်​လာလိမ့်မည်။ အို သား​မဖွားသော​အမြုံမ၊ သီချင်း​ဆိုလော့။ သား​ဖွားခြင်း​ဝေဒနာကို မခံသော​မိန်းမ၊ သီချင်းဆို​သံနှင့် ကြွေး​ကြော်လော့။ ကျယ်​လောင်စွာ အော်ဟစ်လော့။ အကြောင်း​မူကား၊ စွန့်ထားသော​မိန်းမ၏​သားသမီးတို့သည် အိမ်​ထောင်​ဖက်​ပြုသည့် မိန်းမတို့၏​သားသမီးတို့​ထက် သာ၍​များလေပြီဟု ကိုယ်တော်ရှင်​မိန့်တော်မူ၏။

သင်၏​တဲရာကို ကျယ်​စေလော့။ သူတို့အား သင်၏​နေရပ် ကန့်လန့်​ကာတို့ကို ဖြန့်​စေဦးလော့။ သိမ်း​ဆည်း​ထားခြင်း မရှိနှင့်။ ကြိုးတို့ကို ရှည်​စေလော့။ ပန္နက်တို့ကို ခွန်​အားဖြည့်​ပေးစေ​ဦးလော့။

အကြောင်း​မူကား၊ သင်သည် လက်ယာဘက်၊ လက်ဝဲ​ဘက်၌ တိုး​ပွားလိမ့်မည်။ သင်၏​အမျိုး​အနွယ်သည် တပါး​အမျိုးသားတို့ကို အမွေ​ခံ၍၊ ဆိတ်ညံသော​မြို့တို့၌ နေစေ​လိမ့်မည်။

စိုးရိမ်ခြင်း​မရှိနှင့်။ အကြောင်း​မူကား၊ သင်သည် ရှက်​ကြောက်ခြင်းသို့ မရောက်ရ။ မျက်နှာလည်း မပျက်ရ၊ အရှက်​ခွဲခြင်းကို မခံရ။ အသက်​ငယ်စဉ်​အခါက ခံရသော ရှက်ကြောက်ခြင်းကို မေ့လျော့​လိမ့်မည်။ ထို့အတူ အသက်​ငယ်စဉ်​အခါက ခံရသော ကဲ့ရဲ့ ခြင်းကို မအောက်​မေ့ရ။ မုဆိုး​မဖြစ်၍ ခံရသော​ကဲ့ရဲ့ ခြင်းကို နောက်​တစ်ဖန် မအောက်​မေ့​ရတော့ပေ။

အကြောင်း​မူကား၊ သင့်ကို ဖန်ဆင်းသော​သူ၊ သင့်​ခင်ပွန်း၏ နာမ​တော်ကား၊ ကောင်းကင်​ဗိုလ်ခြေ​ကိုယ်တော်​ရှင်​ပေတည်း။ သင်၏​ရွေးနှုတ်​ရှင်၊ ဣသရေလ​အမျိုး၏ သန့်ရှင်း​တော်မူသော​ဘုရား—မြေကြီး​တစ်ခုလုံး၏ ဘုရားသခင်ဟူ၍ သူ့ကို ခေါ်ရကြ၏။

သင်သည် ငြင်း​ပယ်ခံရသော​အချိန်၌ စွန့်​ပစ်​ခံရ၍ စိတ်​ဝမ်းနည်း​ပူဆွေးသော​မိန်းမ၊ ပျိုရွယ်သောမိန်းမဟုသာ ကိုယ်တော်ရှင်ခေါ်ကြောင်း သင်၏ဘုရားသခင်မိန့်တော်မူ၏။

ငါသည် သင့်ကို ခဏသာ စွန့်သည်​ဖြစ်၍၊ ကြီးစွာသော​ကရုဏာတော်တို့နှင့် တစ်ဖန် သိမ်းဆည်း​ဦးမည်။

အနည်းငယ် အမျက်​ထွက်၍၊ ငါ၏မျက်နှာတော်ကို သင့်ထံမှ ခဏာသာ ကွယ်ထားတော်မူ သော်လည်း၊ ထာဝရ​တည်​မြဲသော​ကြင်​နာခြင်းဖြင့် ကရုဏာထားတော်မူ​ဦးမည်ဟု သင်၏​ရွေးနှုတ်ရှင်​တည်း​ဟူသော ကိုယ်တော်ရှင်​မိန့်တော်မူ၏။

အကြောင်း​မူကား၊ ဤအမှုမှာ၊ ငါ့​အဖို့ နောဧ​လက်​ထက်က လွှမ်းမိုးသော​ရေ​ပမာ​ဖြစ်၍၊ နောဧ​လက်​ထက်က လွှမ်းမိုးသော​ရေသည် မြေကြီးကို မလွှမ်း​မိုးရတော့ဟု ကျိန်ဆိုခြင်းကို ပြုသည်​နည်းတူ၊ ငါသည် သင့်ကို အမျက်​မထွက်ဟု ကျိန်​ဆိုခြင်းကို ပြုပြီ။

၁၀ အကြောင်း​မူကား၊ တောင်ကြီးတို့သည် ရွေ့၍၊ တောင်ငယ်တို့သည် ရွေ့​လျား​သော်​လည်း ငါ၏​ကြင်နာခြင်းသည် သင့်ထံမှ မရွေ့ရ။ ငါ၏​ငြိမ်း​ချမ်းခြင်း​ပဋိညာဉ်​သည်​လည်း မလှုပ်ရှား​ရဟု သင့်အပေါ် ကရုဏာထား​တော်မူသော ကိုယ်တော်ရှင်​မိန့်တော်မူ၏။

၁၁ အို ဒုက္ခ​တွေ့၍၊ မိုးသက်​မုန်တိုင်း အတိုက် ခံရ၍ သက်​သာ​မရနိုင်သော​သူ၊ ရှုလော့၊ ငါသည် သင်၏​တိုက်ကို အရောင်​တောက်​ပသော ကျောက်များဖြင့် တည်​မည်။ သင်၏​အုတ်​မြစ်ကို နီလာဖြင့်​တည်မည်။

၁၂ ငါသည် သင်၏​ပြအိုးတို့ကို ကျောက်​နီဖြင့်​လည်း​ကောင်း၊ သင်၏​တံခါးတို့ကို ပတ္တ​မြား​ဖြင့်လည်း​ကောင်း၊ ပတ်​ဝန်း​ကျင်​တန်​ဆာများကို ကျောက်​မြတ်​အမျိုး​မျိုးဖြင့်​လည်း​ကောင်း ပြု​တော်မူမည်။

၁၃ သင်၏​သားသမီး​ခပ်သိမ်း​တို့သည် ကိုယ်တော်ရှင်​ဆုံး​မသွန်​သင်တော်မူ​သော​သူ​ဖြစ်၍၊ သင်၏​သားသမီးတို့၌ ကြီးစွာသော ငြိမ်း​ချမ်းခြင်း​ရှိလိမ့်မည်။

၁၄ သင်သည် ဖြောင့်​မတ်ခြင်း​တရား​အားဖြင့် တည်​လိမ့်မည်။ သင်​သည် ကြောက်​ရမည်​မဟုတ်​သောကြောင့် ညှဉ်း​ပန်းနှိပ်စက်ခြင်းနှင့် ဝေး​လိမ့်မည်။ ထိတ်​လန့်ခြင်း​သည်​လည်း သင့်​အနီးသို့ လာမည်​မဟုတ်သော​ကြောင့် သင်နှင့် ဝေးလိမ့်မည်။

၁၅ ရှုလော့၊ သူတို့သည် ငါ၏​အခွင့်​မရှိဘဲ၊ သင့်ကို ဆန့်ကျင်၍ ဧကန်​အမှန် အတူတကွ စုဝေးကြ​လိမ့်မည်။ သင့်ကို ဆန့်ကျင်၍ အတူတကွ​စုဝေး​သူမှန်သမျှ သင့်​အဖို့ ကျရှုံး​လိမ့်မည်။

၁၆ ရှုလော့၊ မီးဖိုထဲမှ မီးခဲကို​မှုတ်၍ မိမိ​အလုပ်​အတွက် တန်ဆာကို လုပ်​တတ်သော ပန်းပဲကို ငါ​ဖန်​ဆင်း​လေပြီ။ ထို့အတူ၊ ဖျက်ဆီး​စေခြင်းငှာ၊ ဖျက်ဆီးသော​သူကို ငါ​ဖန်​ဆင်း​လေပြီ။

၁၇ သင့်​တစ်ဖက်၌​လုပ်သော လက်နက်​တစ်စုံ​တစ်ခုမျှ မအောင်မြင်ရ။ သင့်ကို စီရင်ခြင်းဖြင့် ကဲ့ရဲ့​ပြော​ဆိုသူ​တိုင်းကို သင်​ပြစ်​တင်​ရှုတ်​ချလိမ့်မည်။ ဤအရာ​သည်ကား၊ ကိုယ်တော်ရှင်၏​ကျွန်တို့​အတွက် အမွေ​ဖြစ်၍၊ သူတို့၏​ဖြောင့်​မတ်ခြင်းသည် ငါ့​ထံမှ​လာ၏ဟု ကိုယ်တော်ရှင်​မိန့်တော်မူ၏။