ကျမ်းစာများ
၃ နီဖိုင်း ၂၁


အခန်းကြီး ၂၁

ဣသရေလ​အမျိုးတို့သည်မော်မုန်​ကျမ်း​ထွက်​ပေါ်​လာသော​အခါ စုဝေးကြ​လိမ့်မည်—တပါး​အမျိုးသားတို့ကို လွတ်​လပ်သော​လူမျိုး​အဖြစ် အမေရိက၌ တည်​ထောင်လိမ့်မည်။ သူတို့သည် ယုံကြည်​ပြီး၊ နာခံလျှင် ကယ်​တင်ခြင်းသို့ ရောက်ကြ​လိမ့်မည်။ သို့မဟုတ်လျှင်၊ ပယ်ရှင်း​ခံရ​ပြီး၊ ဖျက်​ဆီး​ခံရကြမည်—ဣသရေလ​အမျိုးတို့သည် ယေရုရှလင်မြို့​သစ်ကို တည်​ဆောက်ကြ​လိမ့်မည်—ပျောက်​ဆုံးသော​မျိုးနွယ်စုတို့လည်း ပြန်​လာကြ​လိမ့်မည်။ အေဒီ ၃၄ ခန့်။

ထို့အတူ၊ သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ငါ​သည် သင်တို့အား နိမိတ်​လက္ခဏာ​တစ်ခုကို ပေး​တော်မူ၏။ ဤအရာတို့ ဖြစ်​ပျက်တော့မည့်​အချိန်ကို သင်တို့​သိနိုင်ကြ​စေခြင်းငှာ​ပေတည်း—သူတို့၏​ကြာမြင့်​လှ​ပြီ​ဖြစ်သော ကွဲပြား​ပျံ့လွင့်ခြင်းမှ​နေ၍ စုဝေး​စေခြင်းငှာ​လည်း​ဖြစ်၏။ ငါ၏​လူမျိုး၊ အို ဣသရေလ​အမျိုးသားတို့၊ သူတို့၌ ငါ၏​ဇိအုန်မြို့​ကို တစ်ဖန်​တည်​ဆောက်​လိမ့်မည်။

ရှုဦးလော့၊ ဤအရာမှာ သင်တို့အား နိမိတ်​လက္ခဏာ​အဖြစ် ငါ​ပေးတော်မူမည့် အရာ​ပေတည်း—အကြောင်း​မူကား၊ သင်တို့ကို ငါ​အမှန်​ဆိုသည်မှာ၊ သင်တို့ကို ငါ​ဟော​ကြားသည့် ထို့အတူ သင်တို့ကို နောင်​ကာလ၌ ငါ​ကိုယ်တိုင်​အားဖြင့်၊ ထို့အတူ သင်တို့​ထံသို့ ခမည်းတော်​ပေး​တော်​မူမည့် သန့်ရှင်းသော​ဝိညာဉ်တော်၏​တန်ခိုး​အားဖြင့် ဟော​ကြားမည့်၊ ဤ​အရာတို့ကို တပါး​အမျိုးသားတို့အား သူတို့သည် ယာကုပ်​အမျိုး​သားတို့၏ ကျန်​ကြွင်းသော​သူများ​ဖြစ်သည့် ဤလူမျိုးတို့၏​အကြောင်းနှင့် သူတို့​အားဖြင့် ကွဲ​ပြား​ပျံ့​ကျဲကြမည့် ငါ၏​လူမျိုးတို့​အကြောင်းကို သိ​နိုင်ကြ​စေခြင်းငှာ ဖော်​ပြတော်မူမည့်​အချိန်​တွင်၊

သင်တို့ကို ငါ​အမှန်၊ အမှန်​ဆို​သည်​ကား၊ ဤအရာတို့ကို သူတို့အား ခမည်းတော် ဖော်​ပြ​တော်မူမည့်​အခါ၊ ခမည်းတော်​ထံမှ​လာ၍၊ သူတို့​ထံမှ​တစ်ဆင့် သင်တို့ထံ ရောက်​လိမ့်မည်။

အကြောင်း​မူကား၊ သူတို့ကို ဤပြည်၌ တည်​ထောင်၍၊ ခမည်းတော်၏​တန်ခိုးတော်​အားဖြင့် လွတ်​လပ်သော​လူမျိုး​အဖြစ် ချီး​မြှောက်မည့်​အကြောင်း၊ ဤအရာတို့ကို သူတို့ထံမှ သင်တို့​အမျိုး​အနွယ်၏ ကျန်​ကြွင်းသော​သူများ​ဆီသို့ ထွက်​လာ​နိုင်​စေကြောင်းနှင့် ခမည်းတော်က သူ၏​လူမျိုးတို့နှင့် ပဋိညာဉ်​ပြု​တော်မူသည့် သူ၏​ပဋိညာဉ်ကို ပြီးပြည့်စုံနိုင်​စေကြောင်းတို့မှာ ခမည်းတော်၏​ဉာဏ်​ပညာတော်​ဖြစ်၏၊ အို ဣသရေလ​အမျိုး​သားတို့။

ထို့ကြောင့်၊ ဤအမှုများနှင့် သင်တို့၌ နောင်​ကာလ​၌ ပြု​ပြင်​စီရင်တော်မူမည့် အမှု​များသည် တပါး​အမျိုးသားတို့​ထံမှ​နေ၍၊ ဒုစရိုက်ကြောင့် ယုံကြည်မှု လျော့​ပါး​ဆုတ်​ယုတ်​လာမည့် သင်၏​အမျိုး​အနွယ်များ​ထံသို့ ရောက်​ရှိ​လာလိမ့်မည်။

အကြောင်း​မူကား၊ ခမည်းတော်သည် တပါး​အမျိုးသားတို့အား မိမိ​တန်ခိုးတော်ကို ပြတော်မူ​အံ့သော​ငှာ၊ ထို့အမှုကို တပါး​အမျိုးသားတို့​ထံမှ ရောက်​ရှိ​လာ​စေကြောင်း၊ သူ့အဖို့ အကြောင်း​ရှိပေ၏။ ဤအကြောင်း​ရင်း​ကြောင့်၊ တပါး​အမျိုးသားတို့သည် စိတ်နှလုံးကို မမာကျော​စေကြလျှင်၊ ငါ၏​လူမျိုးတို့၌ ရေတွက်​ခံရနိုင်​စေခြင်းငှာ၊ နောင်တ​ရလျက်၊ ငါ့​ထံသို့​လာနိုင်၍၊ ငါ၏​နာမတော်၌ ဗတ္တိဇံ​ခံကြ​သဖြင့် ငါ၏​မှန်သော​ဩ​ဝါဒ​အချက်များကို သိကြ​ပေမည်၊ အို ဣသရေလ​အမျိုး​သားတို့။

ဤအမှုများ ဖြစ်​လာသော​အချိန်​၌လည်း သင်၏​အမျိုး​အနွယ်တို့​သည် ဤအမှုများကို သိ​စ​ပြုလိမ့်မည်—ခမည်းတော်၏ အမှုတော်သည် ဣသရေလ​အမျိုးသားများ​ဖြစ်သည့် လူမျိုးများထံ သူ​ပြု​ထားတော်မူသည့် ပဋိညာဉ်ကို ပြီးပြည့်စုံ​စေခြင်းသို့ စတင်နှင့်​လေပြီ​ဖြစ်ကြောင်း သူတို့​သိနိုင်ကြ​စေခြင်းငှာ၊ ထိုအမှုသည် သူတို့​အဖို့ နိမိတ်​လက္ခဏာ​တစ်ခု ဖြစ်​လိမ့်မည်။

ထိုနေ့​ကျရောက်​လာ၍၊ အချိန်​တန်​လာလတ္တံ့သော​အခါ ရှင်ဘုရင်တို့သည် မိမိတို့​နှုတ်ကို ပိတ်၍​နေရ​လိမ့်မည်။ အကြောင်းမူကား၊ သူ​တို့ကို မပြော​ဖူးသော​အရာကို သူတို့​မြင်ကြ​လိမ့်မည်။ သူတို့​မကြား​ဖူးသော​အရာကိုလည်း သူတို့​နားလည်ကြ​လိမ့်မည်။

အကြောင်း​မူကား၊ ထိုကာလ၌၊ ငါ့အတွက် ခမည်းတော်သည် အမှုတစ်ခုကို ပြုလိမ့်မည်၊ ထိုအမှုသည် သူတို့၌ ကြီး​မြတ်၍ အံ့ဩဖွယ်​ကောင်းသော​အမှုတစ်ခု ဖြစ်လိမ့်မည်။ လူ​တစ်ဦးက သူတို့အား ထိုအမှုကို ဟော​ကြား​သော်လည်း သူတို့၌ မယုံကြည်မည့်​သူများ ရှိလိမ့်မည်။

၁၀ သို့ရာတွင်၊ ရှုလော့၊ ငါ့​ကျွန်၏​အသက်သည် ငါ့​လက်၌ ရှိ၏။ ထို့ကြောင့်၊ သူတို့ကြောင့် သူ​အဆင်း​ပျက်​သော်​လည်း သူတို့သည် သူ့ကို နာကျင်​စေနိုင်ကြ​မည်​မဟုတ်။ သို့သော်လည်း၊ ငါသည် သူ့ကို အနာ​ကင်းစေမည်။ အကြောင်း​မူကား၊ ငါ၏​ဉာဏ်​ပညာတော်သည် နတ်ဆိုး၏ စဉ်း​လဲခြင်း​ထက် ကြီးမြတ်​တော်မူကြောင်း သူတို့ကို ပြမည်။

၁၁ ထို့ကြောင့်၊ အချိန်​တန်​လာ​လတ္တံ့သော​အခါ၊ ခမည်းတော်သည် ထိုသူ့အား တပါး​အမျိုးသားတို့​ထံသို့ ဖော်​ပြ​စေသည့် စကားများ၊ ထိုစကားများကို တပါး​အမျိုးသားတို့ထံ ဖော်​ပြနိုင်​စေခြင်းငှာ၊ တန်ခိုးကိုလည်း ပေးတော်မူ​လိမ့်မည်။ ယေရှု​ခရစ်တော်တည်း​ဟူသော ငါ၏​ထိုစကားများကို မယုံကြည်​သူ​မှန်သမျှတို့အား၊ သူတို့သည် ပဋိညာဉ်​ခံသူများ​ဖြစ်သည့် ငါ၏​လူမျိုးတို့ထံမှ ပယ်ရှင်း​ခံရလိမ့်မည် (ထိုအမှုသည် မောရှေ​ပြောသကဲ့သို့ပင် ဖြစ်​လိမ့်မည်)။

၁၂ ယာကုပ်​အမျိုး၏ ကျန်ကြွင်းသော​သူများ​ဖြစ်သည့်​ငါ၏​လူမျိုးတို့​သည်လည်း တပါး​အမျိုးသားတို့၌ အမှန်စင်စစ်၊ တောသားရဲတို့၌ ခြင်္သေ့ကဲ့သို့​လည်း​ကောင်း၊ သိုးစုတို့၌​ဝင်သော​အခါ အဘယ်သူမျှ မကယ်လွှတ်နိုင်​အောင် နင်းချေ၍ အပိုင်း​ပိုင်း​ကိုက်​ဖြတ်သည့် ခြင်္သေ့ပျို​ကဲ့သို့​လည်း​ကောင်း သူတို့​အလယ်၌ ရှိလိမ့်မည်။

၁၃ သူတို့​ရန်သူ​ဘက်၌ နေသူတို့ကို သူတို့​တိုက်၍၊ သူတို့၏​ခပ်သိမ်းသောရန်သူ​တို့ ဆုံး​ရှုံးလိမ့်မည်။

၁၄ ထိုမှတစ်ပါး၊ တပါး​အမျိုးသားတို့သည် နောင်တ​မရလျှင် အမင်္ဂလာ​ရှိကြ၏။ အကြောင်းမူကား၊ အချိန်​တန်​လာလတ္တံ့သော​အခါ၊ ထိုကာလ၌ ငါသည် သင်၏​မြင်းတို့ကို သင့်​အလယ်မှ ပယ်ရှင်း​တော်မူ၍ သင်၏​မြင်းရ​ထားတို့ကိုလည်း ဖျက်ဆီး​တော်မူမည်ဟု ခမည်းတော်​မိန့်တော်မူ၏။

၁၅ ငါသည် သင်၏​ပြည်မှ မြို့များကိုလည်း ပယ်ရှင်းတော်မူမည်၊ သင်၏ အခိုင်​အမာ​စခန်းခပ်သိမ်းကိုလည်း ဖြို​ချပစ်တော်မူမည်။

၁၆ စုန်းအတတ်များကိုလည်း သင်၏​ပြည်မှ ပယ်ရှင်း၍၊ သင့်၌ အနာဂတ္တိ​ဟော​ဆရာများ မရှိရတော့။

၁၇ သင်၏​ရုပ်တု​ဆင်းတု​ကို​လည်း​ကောင်း၊ သင်၏​ရပ်လျက်​ရှိသော​ဆင်းတုတို့ကို သင့်​အလယ်မှ​လည်းကောင်း ပယ်ရှင်း၍၊ သင်သည် ကိုယ်လက်နှင့်​လုပ်သော​အရာကို မကိုး​ကွယ်ရတော့။

၁၈ ငါသည် သင်၏​အာရှရပင်တို့​ကိုလည်း သင့်​အလယ်က နှုတ်၍၊ ထိုနည်းတူစွာ သင်၏​မြို့များ​ကိုလည်း ဖျက်​ဆီးမည်။

၁၉ ဤသို့​အားဖြင့်​အချိန်​တန်​လာလတ္တံ့သော​အခါ၊ အလုံး​စုံသော မုသား​ပြောခြင်း၊ ထို့အတူ လှည့်​စားခြင်း၊ ထို့အတူ ဂုဏ်​ပြိုင်ခြင်း၊ ထို့အတူ ရန်တွေ့ခြင်း၊ ထို့အတူ ဘာသာရေးဖြင့်​ကိုယ်​ကျိုးရှာခြင်း၊ ထို့အတူ မတရားသော​မေထုန်​အမှုတို့သည် ရပ်စဲ​သွားလိမ့်မည်။

၂၀ အကြောင်းမူကား၊ အချိန်​တန်​လာလတ္တံ့သော​အခါ၊ ထိုကာလ၌ နောင်တ​မရ၍၊ ငါ၏​ချစ်သားထံသို့ မလာသော​သူ​မှန်သမျှကို ငါ၏​လူမျိုးတို့​ထံမှ ပယ်ရှား​တော်မူမည်ဟု ခမည်းတော် မိန့်တော်မူ၏၊ အို ဣသရေလ​အမျိုးသားတို့။

၂၁ ငါသည် သူတို့ကို သာသနာ​ပလူတို့ကို​ကဲ့သို့ပင်၊ သူတို့​မကြား​ဖူးသော အပြစ်​ဒဏ်နှင့် အမျက်တို့ဖြင့် စီရင်​တော်မူမည်။

၂၂ သို့ရာတွင်၊ သူတို့သည် နောင်တ​ရ၍၊ ငါ၏​စကားများကို စေ့စေ့နားထောင်လျက်၊ စိတ်နှလုံးကို မာကျော​စေခြင်း​မရှိကြလျှင်၊ ငါသည် သူတို့၌ ငါ၏​အသင်းတော်ကို တည်ထောင်၍၊ သူတို့သည် ပဋိညာဉ်ထဲသို့ ဝင်လာလျက်၊ ဤပြည်ကို သူတို့၏​အမွေ​ခံရာ​အဖြစ်၊ ငါ​ပေးတော်မူသည့် ဤယာကုပ်​အမျိုး၏ ကျန်ကြွင်းသော​သူတို့၌ ရေတွက်​ခံရကြ​လိမ့်မည်။

၂၃ သူတို့​သည် ယေရုရှလင်​မြို့​သစ်ဟု ခေါ်မည့် မြို့ကို တည်​ဆောက်​နိုင်ခြင်းငှာ၊ ငါ၏​လူမျိုး၊ ယာကုပ်​အမျိုး၏ ကျန်ကြွင်းသော​သူများနှင့် လာမည့်​ဣသရေလ​အမျိုးသား​မှန်သမျှကို ကူညီကြ​လိမ့်မည်။

၂၄ ထို့နောက်တွင်၊ သူတို့သည် ထိုပြည်၏​မျက်နှာ​ပြင်​တစ်ခုလုံး​ပေါ်တွင် ကွဲပြား​ပြန့်ကျဲလျက်​ရှိသည့် ငါ၏​လူမျိုးတို့ကို ယေရုရှလင်​မြို့​သစ်ဆီသို့ စုဝေးနိုင်​စေဖို့ ကူညီကြ​လိမ့််မည်။

၂၅ ထို့နောက်တွင်၊ ကောင်းကင်ဘုံ၏​တန်ခိုးသည် သူတို့၌ ဆင်းလာ​တော်မူ၍၊ ငါသည်လည်း သူတို့​အလယ်၌ ရှိတော်မူမည်။

၂၆ ထို့နောက်တွင်၊ ခမည်းတော်၏​အမှုတော်သည် ထိုကာလ၌၊ အကယ်စင်စစ်၊ ဤဧဝံဂေလိ​တရားတော်ကို ဤလူမျိုးတို့၏ ကျန်ကြွင်းသော​သူတို့၌ ဟော​ပြောမည့်​အချိန်၌ပင် စတင်တော်မူ​လိမ့်မည်။ သင်တို့ကို ငါ​အမှန်​ဆို​သည်​ကား၊ ထိုကာလ၌၊ ခမည်းတော်၏​အမှုတော်သည် အရပ်ရပ်​ကွဲပြားသော ငါ၏​လူမျိုး​ခပ်သိမ်းတို့၌၊ အထူးသဖြင့်၊ ခမည်းတော် ယေရုရှလင်မှ ဝေးရာသို့ ဆောင်တော်မူ၍၊ ပျောက်​ဆုံးသော​မျိုးနွယ်​စုတို့၌ပင် စတင်​တော်မူ​လိမ့်မည်။

၂၇ ထိုမှတစ်ပါး၊ ခမည်းတော်သည် အမှုတော်ကို အရပ်​ရပ်​ကွဲပြားသော ငါ၏​လူမျိုးခပ်သိမ်းတို့၌၊ ငါ၏​နာမတော်​အားဖြင့် ခမည်းတော်​ထံသို့ သူတို့​ပဌနာ​ပြုနိုင်ကြ​စေခြင်းငှာ၊ ငါ့​ထံသို့​လာရမည့်​လမ်းကို ပြင်ဆင်ရန် စတင်​တော်မူ​လိမ့်မည်။

၂၈ အကြောင်း​မူကား၊ ထို့နောက်တွင်၊ ခမည်းတော်သည် မိမိ​လူမျိုးတို့အဖို့ သူတို့၏​အမွေ​ခံရာ​မြေသို့ ပြန်​လာနိုင်မည့်​လမ်းကို ပြင်​ဆင်​တော်မူရာတွင် အမှုတော်ကို ပြည်​သား​ခပ်သိမ်းတို့၌ စတင်​တော်မူ​လိမ့်မည်။

၂၉ သူတို့​သည်​လည်း ခပ်သိမ်းသော​ပြည်တို့မှ ထွက်​သွားကြ​လိမ့်မည်။ သူတို့သည် အလျင်​အမြန်​မထွက်​ရကြ။ ပြေး၍​မသွား​ရကြ။ အကြောင်း​မူကား၊ ငါသည် သူတို့​ရှေ့မှ ကြွတော်မူ၍၊ နောက်မှာလည်း သူတို့၏​အကာ​အကွယ် ဖြစ်​တော်မူမည်ဟု ခမည်းတော်​မိန့်တော်မူ​လေသတည်း။