ကျမ်းစာများ
၃ နီဖိုင်း ၂၃


အခန်းကြီး ၂၃

ယေရှုသည် ဟေရှာယ၏​စကားများကို အတည်​ပြု၏—သူသည် လူတို့အား ပရောဖက်တို့ကို ရှာကြရန် မိန့်မှာ၏—ရှင်​ပြန်​ထ​မြောက်ခြင်း​အကြောင်း လာမန်​အမျိုး​သား​ရှမွေလ၏​စကားများကို သူတို့၏​မှတ်​တမ်း၌ ထပ်၍​ရေး၏။ အေဒီ ၃၄ ခန့်။

ယခုမူကား၊ ရှုလော့၊ သင်တို့ကို ငါ​ဆိုသည်မှာ၊ သင်တို့သည် ဤအရာတို့ကို စေ့စေ့​ဖတ်​ရမည်။ ထိုမှတစ်ပါး၊ သင်တို့သည် ဤအရာတို့ကို လုံ့လဝီရိယ​ထက်​သန်စွာ စေ့စေ့​ဖတ်​ရမည့်​အကြောင်း ပညတ်တော်​တစ်ခုကို သင်တို့အား ငါ​ပေး၏။ အကြောင်း​မူကား၊ ဟေရှာယ၏​စကားများသည် ကြီး​မြတ်၏။

အကြောင်း​မူကား၊ သူသည် ဣသရေလ​အမျိုးသားများ​ဖြစ်သော ငါ၏​လူမျိုးတို့နှင့်​စပ်လျဉ်းသည့် ခပ်သိမ်းသော​အမှု​အရာတို့ကို ဧကန်​အမှန် ဟော​ပြော၏။ ထို့ကြောင့်၊ သူသည် တပါး​အမျိုးသားတို့ကိုလည်း ဟော​ပြောရန် လို​အပ်၏။

သူ​ဟော​ပြောသည့် ဖြစ်လေ​ပြီးသော​အရာများနှင့် ဖြစ်​လာ​လိမ့်မည့်​အရာ​ခပ်သိမ်းတို့​သည်​လည်း သူ​ဟော​ပြောသည့်​စကားများ​အတိုင်းပင်​ဖြစ်၏။

ထို့ကြောင့်၊ ငါ၏​စကားများကို ပမာဏပြုကြ​လော့။ သင်တို့ကို ငါ​ပြော​ပြလေသော​အရာတို့ကို ရေးကြလော့။ ထိုအရာတို့​သည်​လည်း ခမည်းတော်၏ အချိန်နှင့် အလိုတော်​အတိုင်း တစ်ပါး​အမျိုးသားတို့ထံသို့ ထွက်​သွားလိမ့်မည်။

ငါ၏​စကားများကို စေ့စေ့နား​ထောင်​လျက်၊ နောင်တ​ရ၍ ဗတ္တိဇံ​ခံမည့်သူ မှန်သမျှသည် ကယ်တင်ခြင်းသို့ ရောက်​လိမ့်မည်။ ပရောဖက်တို့ကို ရှာကြ​လော့။ အကြောင်း​မူကား၊ ဤအရာတို့​အကြောင်းကို သက်​သေခံ​သူများစွာ​ရှိ၏။

ယခုမူကား၊ အချိန်​တန်​လာသော​အခါ၊ ယေရှုသည် ဤစကားများကို မိန့်တော်မူလေ​ပြီးလျှင်၊ သူတို့ကို တစ်ဖန်​မိန့်တော်မူ​ပြန်၏။ သူတို့​လက်ခံ​ရရှိပြီး​လေသည့် ခပ်သိမ်းသော​ကျမ်းစာများကို သူတို့အား ရှင်းပြလေ​ပြီးနောက်တွင် မိန့်တော်မူ​သည်ကား၊ ရှုလော့၊ သင်တို့​မရေး​ရ​သေးသည့် အခြားသော​ကျမ်းစာများကို သင်တို့​ရေးစေရန် ငါ​အလို​ရှိ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူသည် နီဖိုင်း​အား သင်​ရေးထားသည့် မှတ်တမ်းကို ယူခဲ့လော့ဟု မိန့်တော်မူ၏။

နီဖိုင်းမှတ်တမ်းများကို ယူ​လာ၍ ရှေ့တော်၌ ချ​ထားသော​အခါ၊ ထိုမှတ်​တမ်းများကို ကြည့်​ရှုလျက် မိန့်တော်မူ​သည်ကား၊

သင်တို့ကို ငါ​အမှန်​ဆိုသည်ကား၊ ငါ၏​ကျွန် လာမန်​အမျိုးသား​ရှမွေလကို ငါ​မိန့်မှာ​သည်မှာ၊ ဤလူမျိုးတို့​ထံသို့ သူ​သက်​သေ​ခံရမည့်​အကြောင်း၊ ငါ​အားဖြင့် ခမည်းတော် သူ၏​နာမတော်အား ချီး​မြှောက်တော်မူမည့်​နေ့၌ သေခြင်းမှ ထမြောက်မည့်​သန့်ရှင်း​သူ​များစွာ​ရှိ၍၊ များစွာသော သူတို့​ထံသို့ ပေါ်​ထွက်​လာ၍ ထိုသူတို့ကို အမှုတော်​ဆောင်ကြမည့်​အကြောင်းတို့​ပေတည်း။ ထိုသို့​မဖြစ်လေ​သလောဟု​လည်း သူတို့ကို မိန့်တော်မူ၏။

၁၀ သူ၏​တပည့်တော်တို့​ကလည်း ဟုတ်ကဲ့၊ ကိုယ်တော်ရှင်၊ ရှမွေလသည် ကိုယ်တော်၏​စကားများ​အတိုင်း ပရောဖက်​ပြုဟော၍၊ ထိုအရာတို့​သည်​လည်း ပြီးပြည့်စုံ​ပါ​ပြီဟု ဆို၍​ဖြေကြ၏။

၁၁ ယေရှုကလည်း သင်တို့သည် များစွာသော သန့်ရှင်း​သူများ ထမြောက်၍၊ များစွာသော​သူတို့ထံ ပေါ်​ထွက်​လာ၍ အမှုတော်​ဆောင်ကြကြောင်း ဤအရာကို အဘယ်ကြောင့် မရေး​ရလေ​သေးသနည်းဟု မိန့်တော်မူ၏။

၁၂ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ နီဖိုင်းသည် ဤအမှုကို မရေး​ရ​သေးကြောင်း သတိ​ရ၏။

၁၃ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ထိုအမှုကို ရေးရမည့်​အကြောင်း ယေရှုမိန့်မှာ၏။ ထို့ကြောင့်၊ သူ​မိန့်မှာ​တော်မူသည့်​အတိုင်း ရေး​ထား၏။

၁၄ ယခု​မူကား၊ အချိန်​တန်​လာသော​အခါ၊ ယေရှုသည် သူတို့​ရေးလေသည့် ခပ်သိမ်းသော ကျမ်းစာတို့ကို တစ်လုံး​တစ်ဝတည်း ရှင်း​ပြလေ​ပြီးနောက်၊ သူတို့အား သူ​ရှင်း​ပြလေသော​အရာတို့ကို သူတို့​သွန်သင်​ပေးရမည့်​အကြောင်း မိန့်တော်မူ၏။