ကျမ်းစာများ
၃ နီဖိုင်း ၁၇


အခန်းကြီး ၁၇

ယေရှုသည် လူတို့အား မိမိ၏​စကားများကို မှတ်ကျုံး၍ စဉ်းစား​ဆင်​ခြင်ကြရန်နှင့် နားလည်ရန်​အတွက် ဆုတောင်းကြရန် ညွှန်​ကြား၏—ထိုသူတို့၏ ဖျားနာသော​သူများကို အနာ​ကင်းစေ၏—သူသည် ရေး၍​မရနိုင်သော ဘာသာ​စကားဖြင့် လူတို့​အတွက် ဆုတောင်း၏—ကောင်းကင်​တမန်တို့သည် ထိုသူတို့၏​ကလေး​သူငယ်တို့ကို အမှုတော်​ဆောင်၏၊ မီးကလည်း ဝိုင်း​ပတ်​ထား၏။ အေဒီ ၃၄ ခန့်။

ရှုလော့၊ ယခုတွင်၊ အချိန်​တန်​လာသော​အခါ၊ ယေရှုသည် ဤစကားများကို ဟောလေ​ပြီးလျှင်၊ လူ​အစု​အဝေး၏​ပတ်ဝန်း​ကျင်သို့ တစ်ဖန်​ကြည့်​ရှုတော်မူ၍၊ မိန့်တော်မူ​လေသည်​ကား၊ ရှုလော့၊ ငါ၏​အချိန်သည် နီးကပ်​လာပေပြီ။

ငါသည် သင်တို့အားနည်း၍၊ ယခု​အချိန်၌ သင်တို့ကို ဟော​ပြောရန် ငါ့ကို ခမည်းတော် မိန့်တော်မူသည့် ငါ၏​စကား​ခပ်သိမ်းတို့ကို နားမလည်​နိုင်ကြကြောင်း သိ၏။

ထို့ကြောင့်၊ သင်တို့၏နေအိမ်များသို့ ပြန်ကြလော့၊ ငါ​ပြောသည့်​အရာတို့ကို မှတ်​ကျုံး၍ စဉ်းစား​ဆင်​ခြင်ကြလော့၊ ငါ၏​နာမတော်​အားဖြင့်၊ ခမည်းတော်​ထံသို့ တောင်းကြလော့၊ နားလည်​နိုင်ကြ စေခြင်းငှာ ပေတည်း၊ နက်ဖြန်​နေ့အတွက် သင်တို့၏​စိတ်ကို ပြင်​ဆင်ကြလော့၊ ငါသည် သင်တို့ထံသို့ တစ်ဖန်​လာဦးမည်။

သို့ရာတွင်၊ ယခုမူကား၊ ငါသည်​ခမည်းတော်​ထံသို့ သွားမည်။ ပျောက်​ဆုံးသော ဣသရေလ​မျိုးနွယ်​စုတို့ထံ ငါကိုယ်တိုင်​ပြတော်မူခြင်းငှာ​လည်း​သွားမည်။ အကြောင်း​မူကား၊ သူတို့သည် ခမည်းတော်​အမြင်၌ မပျောက်​ဆုံးကြ။ သူတို့ကို အဘယ်​အရပ်သို့ ဆောင်​တော်မူ​သည်ကို သိတော်​မူသော​ကြောင့်​ပင်တည်း။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ယေရှုသည် ထိုကဲ့သို့ ဟော​ပြော​ပြီးနောက်၊ လူ​အစု​အဝေးကို တစ်ဖန်​မျှော်​ကြည့်လျှင်၊ သူတို့သည်​မျက်​ရည်ကျလျက်​ရှိကြ၏၊ သူ့ကို သူတို့နှင့် အနည်းငယ်မျှ​ပို၍​ကြာအောင် တည်းခို​နေရန် တောင်းပန်​လိုသကဲ့သို့ သူ့ထံသို့ မြဲမြံစွာ​ကြည့်လျက်​ရှိသည်ကို မြင်​တော်မူ၏။

ထိုသူတို့ကို မိန့်တော်မူ​လေသည်​ကား၊ ရှုလော့၊ ငါ၏​ဝမ်းသည် သင်တို့ကို သနားခြင်းနှင့် ပြည့်၏။

သင်တို့၌ ဖျားနာသာသူ တစ်စုံ​တစ်ဦး​ရှိသလော။ ထိုသူတို့ကို ဤအရပ်သို့ ဆောင်ယူ​ခဲ့ကြလော့။ သင်တို့၌ ခြေ​မစွမ်းသော​သူ၊ သို့မဟုတ် မျက်​စိ​ကန်းသော​သူ၊ သို့မဟုတ် ခြေ​ဆွံ့သော​သူ၊ သို့မဟုတ် အင်္ဂါ​ချို့​တဲ့သော​သူ၊ သို့မဟုတ် နူသောသူ၊ သို့မဟုတ် ကိုယ်​ပိန်​ခြောက်သော​သူ၊ သို့မဟုတ် နား​ပင်းသော​သူ၊ ဒုက္ခ​အမျိုး​မျိုး​ရောက်သော​သူ တစ်စုံ​တစ်ဦး ရှိသလော။ ထိုသူတို့ကို ဤအရပ်သို့ ဆောင်​ယူခဲ့ကြ​လော့။ ငါသည် သူတို့ကို အနာကင်း​စေမည်။ အကြောင်း​မူကား၊ ငါသည် သင်တို့ကို သနားတော်မူ၏။ ငါ၏​ဝမ်းသည် ကရုဏာတော်နှင့်ပြည့်၏။

ယေရုရှလင်ရှိ သင်တို့၏​ညီအစ်ကိုတို့ထံ ငါ​ပြုတော်မူသော​အရာတို့ကို သင်တို့အား ပြ​စေကြောင်း၊ သင်တို့​အလို​ရှိကြ​သည်ကို ငါ​သိ၏။ အကြောင်း​မူကား၊ သင်တို့၏ ယုံကြည်ခြင်းသည် သင်တို့ကို ငါ​အနာ​ကင်းစေ​တော်မူသည့်​တိုင်အောင် လုံ​လောက်​ကြောင်း ငါ​သိ၏။

ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူက ထိုကဲ့သို့​အားဖြင့် ဟော​ပြော​ပြီးလျှင်၊ ခပ်သိမ်းသော​လူ​အစု​အဝေးသည် မိမိတို့၏​ဖျားနာသော​သူများနှင့် မိမိတို့၏​ဒုက္ခ​ရောက်သော​သူများနှင့်၊ ထို့အတူ မိမိတို့၏​ခြေ​မစွမ်းသော​သူများ၊ ထို့အတူ မိမိတို့၏​မျက်စိ​ကန်းသော​သူများနှင့်​၊ ထို့အတူ မိမိတို့၏​ဆွံ့အသော​သူများနှင့်၊ ထို့အတူ၊ အမျိုမျိုးသော​ဒုက္ခ​ရောက်ကြ​သော​သူ​ခပ်သိမ်းတို့နှင့် တညီ​တညွတ်တည်း ရှေ့သို့​ထွက်​လာကြ၏။ သူသည်​လည်း မိမိထံသို့ သူတို့​ထွက်​လာလေသော​အခါ၊ ထိုသူတို့​အယောက်​တိုင်းကို အနာ​ကင်း​စေ၏။

၁၀ အနာ​ကင်း​စေခဲ့သော​သူများနှင့် ကျန်းမာလျက်​ရှိသူ​ခပ်သိမ်းတို့​သည်​လည်း သူ့​ခြေရင်း၌ ဦးညွှတ်​ပျပ်ဝပ်၍၊ သူ့ကို ကိုး​ကွယ်ကြ၏။ လာ​နိုင်​သမျှ​လာကြသည့် များစွာသော လူ​အစု​အဝေးက သူ၏​ခြေကို​နမ်း၍၊ သူ့ခြေကို သူတို့၏​မျက်​ရည်​များဖြင့် စို​စေကြ၏။

၁၁ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ သူသည် ကလေး​သူငယ်တို့ကို ခေါ်​ဆောင်ခဲ့ရန်​မိန့်မှာ၏။

၁၂ ထို့ကြောင့်၊ သူတို့သည် မိမိတို့၏​ကလေး​သူငယ်တို့ကို ခေါ်​ဆောင်ပြီး၊ သူ့​ပတ်လည်၌ မြေကြီးပေါ်မှာ ချ​ထားကြ၏။ ယေရှု​သည်​လည်း သူတို့​အလယ်မှာ ရပ်၏။ လူ​အစု​အဝေး​သည်​လည်း ထို​သူငယ်​ခပ်သိမ်းတို့ သူ့ထံသို့ ရောက်​စေသည့်​တိုင်အောင် နောက်​ဆုတ်၍​ပေးကြ၏။

၁၃ ဤသို့​အားဖြင့်​အချိန်​တန်လာ​သော​အခါ၊ သူတို့​အားလုံးကို ခေါ်​ဆောင်​ပြီးနောက်တွင်၊ ယေရှုသည် သူတို့​အလယ်၌​ရပ်၍၊ လူအစုအဝေး​အား မြေကြီးပေါ်၌ ဒူးထောက်​ရမည့်​အကြောင်းကို မိန့်မှာ၏။

၁၄ ဤသို့​အားဖြင့်​အချိန်​တန်လာသော​အခါ၊ သူတို့မြေကြီးပေါ်၌ ဒူးထောက်ကြ​ပြီးလျှင်၊ ယေရှုသည် စိတ်​ညှိုးငယ်၍ လျှောက်​တော်မူ​သည်ကား၊ အဘ၊ အကျွန်ုပ်သည် ဣသရေလ​အမျိုးသားတို့၏ ဆိုးညစ်ခြင်းကြောင့် စိတ်ညှိုးငယ်ပါ၏။

၁၅ ဤစကားများကို မိန့်တော်မူသည့် အချိန်တွင်၊ သူကိုယ်တိုင်လည်း မြေကြီးပေါ်၌ ဒူး​ထောက်၏။ ရှုဦးလော့၊ သူသည် ခမည်းတော်ထံသို့ ဆုတောင်း၏။ သူ​ဆုတောင်းသော​အရာတို့ကို မရေး​နိုင်​သော်​လည်း၊ သူ့ကို ကြား​နာရသော လူ​အစုအဝေးက သက်သေ​ခံကြ၏။

၁၆ ဤကဲ့သို့​အားဖြင့် သူတို့​သက်သေ​ခံကြ​သည်ကား၊ ခမည်းတော်​ထံသို့ ယေရှု​ဆုတောင်းခြင်းကို ငါတို့​မြင်ရ၊ ကြား​ရသကဲ့သို့၊ ထိုမျှ​လောက် ကြီးမြတ်၍ အံ့ဩဖွယ်​ကောင်းသော​အရာတို့ကို ယခင်က၊ မျက်စိဖြင့် မမြင်​ရ​စဖူး၊ နားဖြင့်လည်း မကြား​ရ​စဖူးပေ။

၁၇ အဘယ်​သူမျှ​မပြောနိုင်၊ အဘယ်​တစ်ဦး​တစ်ယောက်​အားဖြင့်မျှလည်း ရေး​မထားနိုင်၊ ယေရှုက​ဟော​ပြောသည်ကို ငါတို့ မြင်ရ၊ ကြား​ရသကဲ့သို့ ထိုမျှလောက် ကြီး​မြတ်၍ အံ့ဩဖွယ်​ကောင်းသော​အရာတို့​ကိုလည်း လူတို့​စိတ်နှလုံးက မတွေး​ဆနိုင်။ ငါတို့​အတွက် ခမည်းတော်​ထံသို့ သူ​ဆုတောင်းသည်ကို ငါတို့​ကြားသော​အခါ၌ ငါတို့၏​စိတ်ဝိညာဉ်ကို ပြည့်​စေသည့် ဝမ်းမြောက်ခြင်းကို အဘယ်​သူမျှ​မတွေး​ဆနိုင်။

၁၈ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ယေရှုသည် ခမည်းတော်​ထံသို့ ဆုတောင်းခြင်းကို လက်​စ​သတ်​ပြီးနောက် ထလာ၏။ သို့ရာတွင်၊ လူ​အစု​အဝေးမှာ အလွန်​ကြီးစွာ​သော​ဝမ်း​မြောက်ခြင်းကို အကြီး​အကျယ်​ခံစား​ရကြ၏။

၁၉ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ ယေရှုသည် သူတို့ကို မြွက်ဆို​တော်မူ၏၊ ထရန်လည်း အမိန့်​ပေး၏။

၂၀ သူတို့​သည်​လည်း မြေကြီးမှ​ထလျှင်၊ သူ​မိန့်တော်မူ​သည်မှာ၊ သင်တို့၏​ယုံကြည်ခြင်းကြောင့် သင်တို့သည် မင်္ဂလာ​ရှိကြ၏။ ယခုမူကား၊ ရှုလော့၊ ငါ၏​ဝမ်း​မြောက်ခြင်းသည် ပြည့်​စုံ၏။

၂၁ သူသည် ဤစကားများကို မိန့်တော်မူ​ပြီးလျှင်လည်း၊ ငို​ကြွေးတော်မူ၍၊ လူ​အစု​အဝေးသည် ထိုအမှုကို သက်သေ​ခံကြ၏။ သူတို့၏ ကလေး​သူငယ်တို့​ကိုလည်း တစ်ယောက်​ပြီး​တစ်ယောက်​ခေါ်၍ ကောင်းချီး​ပေးတော်မူ​ပြီးလျှင်၊ သူတို့​အတွက် ခမည်းတော်​ထံသို့ ဆုတောင်း၏။

၂၂ ဤသို့​ပြုတော်မူ​ပြီးလျှင်၊ တစ်ဖန်​ငို​ကြွေးတော်မူ၏။

၂၃ လူ​အစု​အဝေးကို ဟော​ပြော၍၊ သင်တို့၏​ကလေးသူငယ်တို့ကို ကြည့်​ရှုလော့ဟု မိန့်တော်မူ၏။

၂၄ သူတို့​သည်​လည်း မြင်ခြင်းငှာ ကြည့်လျက်​ရှိစဉ်တွင်၊ ကောင်းကင်သို့ မျှော်ကြည့်၍၊ ကောင်းကင်​ပွင့်သည်ကို မြင်ကြ၏။ ကောင်းကင်​တမန်တို့​ကိုလည်း မီးများ​အလယ်၌​ရှိနေ​ဟန်ဖြင့် ကောင်းကင်ဘုံမှ ဆင်း​သက်​လာနေ​သည်ကို မြင်ကြ၏။ ထိုတမန်တို့​သည်​လည်း ဆင်း​လာ၍၊​ကလေးသူငယ်တို့ကို ပတ်​လည်​ဝိုင်း၍၊ သူတို့သည် မီးနှင့်​ပတ်လည်​ဝိုင်းလျက်​ရှိ၏။ ကောင်းကင်​တမန်တို့​ကလည်း သူတို့ကို အမှု​တော်​ဆောင်ကြ၏။

၂၅ လူ​အစု​အဝေး​သည်လည်း မြင်ရ၊ ကြား​ရ၍၊ သက်​သေ​ခံကြ၏။ သူတို့မှ ခပ်သိမ်းသော​သူတို့သည် အယောက်တိုင်း ကိုယ်တိုင်​မြင်ရ၊ ကြား​ရသဖြင့် မိမိတို့၏​သက်​သေ​ခံချက် မှန်​ကန်​ကြောင်း​ကို​လည်း သိကြ၏။ သူတို့သည် အရေ​အတွက်​အားဖြင့် အယောက်​နှစ်ထောင်ငါးရာ​ခန့် ရှိ၏။ ထိုသူတို့တွင်၊ ယောက်ျား၊ မိန်းမနှင့် ကလေးများ​ပါ​ဝင်ကြ၏။