ကျမ်းစာများ
အယ်လမာ ၁၁


အခန်းကြီး ၁၁

နီဖိုင်းအမျိုးသားတို့၏ ငွေကြေး​စနစ်ကို ဖော်ပြ၏—အာမြူးလက်သည် ဇေဇရုမ်နှင့် စကား​စစ်ထိုး၏—ခရစ်တော်သည် လူတို့ကို သူတို့၏အ​ပြစ်များ၌ ကယ်တင်​လိမ့်မည်​မဟုတ်—ကောင်းကင်​နိုင်ငံတော်ကို အမွေခံသော​သူများသာလျှင်၊ ကယ်တင်ခြင်းသို့ ရောက်၏—ခပ်သိမ်းသောလူသားတို့သည် သေခြင်း​မရှိရာ၌ ထမြောက်​ကြလိမ့်မည်—ရှင်ပြန်​ထမြောက်ခြင်း၏​နောက်၌ သေခြင်း​မရှိ။ ဘီစီ ၈၂ ခန့်။

ယခုတွင်၊ ဥပဒေ​တရားသူကြီး၊ သို့မဟုတ်၊ တရားသူကြီးများအဖြစ် ခန့်အပ်​ခံရသော​သူတိုင်း သူတို့​ရှေ့သို့ တရားစီရင်​ခံရစေရန် ဆောင်ယူခံ​ခဲ့ရသောသူများကို တရားစီရင်ရန် အလုပ်လုပ်သည့် အချိန်​အတိုင်း၊ အဖိုး​အခကို ရရှိ​ရမည်ဟု မောဇိယ၏​ပညတ်တရား၌ ပါရှိ၏။

ယခုတွင်၊ လူတစ်ဦးသည် တခြားသူ​တစ်ဦးကို ဆပ်ရန်ရှိခဲ့၍၊ သူသည် ဆပ်ရန်ရှိခဲ့သည့်​အရာကို မပေးလျှင်၊ တရားသူကြီးထံသို့ တရား​စွဲခံရ၏။ တရား​သူကြီးကလည်း၊ အခွင့်​အာဏာဖြင့်​စီရင်၍၊ ထိုသူကို သူ့ရှေ့သို့​ခေါ်ဆောင်ခံရ​စေခြင်းငှာ အရာ​ရှိတို့ကို စေလွှတ်ပြီး၊ ထိုလူကို ပညတ်တရားနှင့် ထိုလူ​တစ်ဖက်၌​ဆောင်ခဲ့သည့် သက်သေခံတို့​အတိုင်း တရားစီရင်၏။ ထိုကဲ့သို့​အားဖြင့်၊ ထိုသူသည် ဆပ်ရန်ရှိသည့်အရာကို ပေးစေရန်၊ သို့မဟုတ်၊ သူ့၌​ရှိသည့်​အရာကို ချွတ်ယူခံရစေရန်၊ သို့မဟုတ်၊ သူခိုး​ဓားပြ​အဖြစ် လူတို့​အထဲမှ နှင်ထုတ်ခံရစေရန် အနိုင်​အထက်​စီရင်ခံရ၏။

တရားသူကြီး​သည်လည်း၊ မိမိအချိန်​ကာလ​အတိုင်း အဖိုး​အခကို ရရှိ၏—တစ်နေ့​အတွက် ရွှေတစ်သေနိုင်း၊ သို့မဟုတ်၊ ရွှေတစ်သေ​နိုင်းနှင့် ညီမျှသော ငွေတစ်သေ​နုန်ဖြစ်၏။ ဤအရာ​သည်ကား၊ ပေးထား​လေသော ဥပဒေ​အတိုင်း​ပေတည်း။

ယခုတွင်၊ ဤအရာတို့​သည်ကား၊ သူတို့၏ရွှေ၊ သူတို့၏​ငွေအပိုင်း​အစများ၏​တန်ဖိုး​အတိုင်း ဖြစ်သည့် ကွဲပြားသော​အမည်များ​ဖြစ်၏။ ဤအမည်များကို နီဖိုင်း​အမျိုးသားတို့က ပေးထားခဲ့၏။ အကြောင်းမူကား၊ သူတို့သည် ယေရုရှလင်၌​ရှိကြသော ယုဒ​လူမျိုးတို့၏​ထုံးစံ​အတိုင်း မရေတွက်ကြ။ ယုဒ​လူမျိုးတို့၏​ထုံးစံ​အတိုင်း၊ တိုင်းထွာခြင်းလည်း မရှိကြ၊ သူတို့၏​ရေတွက်ခြင်းနှင့် အတိုင်း​အထွာများကို မျိုးဆက်မှန်​သမျှတို့၌၊ တရားသူကြီးတို့​အုပ်စိုးခြင်း​တိုင်အောင်၊ လူတို့၏​စိတ်နှင့် အခြေအနေ​အလိုက် ပြောင်းလဲ၍သာ မောဇိယ​မင်းကြီး​တည်ထောင်​ထားလေ၏။

ယခုတွင်၊ ရေတွက်ခြင်း​သည်ကား—ရွှေ​တစ်သေနိုင်း၊ ရွှေ​တစ်စေရုန်၊ ရွှေ​တစ်ရှုမနှင့် ရွှေ​တစ်လင်​မနတို့ ဖြစ်၏။

ငွေ​တစ်သေနုန်၊ ငွေ​တစ်အာမနော်၊ ငွေ​တစ်ဧဇရုမ်နှင့် ငွေ​တစ်ဩတိတို့​ဖြစ်၏။

ငွေ​တစ်သေ​နုန်သည် ရွှေ​တစ်သေ​နိုင်းနှင့်​သော်​လည်း​ကောင်း၊ မုယော​တစ်စေ့​အတိုင်း​အထွာနှင့်​သော်​လည်း​ကောင်း၊ ထို့အတူ၊ ဆန်စပါး​အမျိုးမျိုး၏​တစ်စေ့သော အတိုင်း​အထွာနှင့်​သော်​လည်း​ကောင်း ညီမျှ၏။

ယခုတွင်၊ ရွှေ​တစ်စေရုန်၏​ပမာဏ​သည်ကား၊ တစ်သေနိုင်း၏​နှစ်ဆသော​တန်ဖိုး​ဖြစ်၏။

ရွှေ​တစ်ရှုမ​သည်ကား၊ တစ်စေရုန်၏​နှစ်ဆသော​တန်ဖိုး​ဖြစ်၏။

၁၀ ရွှေ​တစ်လင်မန​သည်ကား ၎င်းတို့​အားလုံး​ပေါင်း၏​တန်ဖိုး​ဖြစ်၏။

၁၁ ငွေ​တစ်အာမနော်​သည်ကား၊ နှစ်သေနုန်နှင့်​တူညီ၏။

၁၂ ငွေ​တစ်ဧဇရုမ်သည် လေး​သေနုန်နှင့် တူညီ၏။

၁၃ တစ်​ဩတိကား၊ ၎င်းတို့​အားလုံး​ပေါင်းနှင့် တူညီ၏။

၁၄ ယခုတွင်၊ ဤအရာ​သည်ကား၊ သူတို့​ရေတွက်ခြင်း၏ သာ၍​သေးငယ်သော​အရေ​အတွက်​တို့​၏​တန်ဖိုး​ဖြစ်၏—

၁၅ တစ်ရှိဗလုန်သည် တစ်သေနုန်၏​တစ်ဝက်​ဖြစ်၏။ ထို့ကြောင့်၊ တစ်ရှိဗလုန်​သည်ကား၊ မုယော​တစ်စေ့​အတိုင်း​အထွာ၏ တစ်ဝက်​ဖြစ်၏။

၁၆ တစ်ရှိဗလမ်သည် တစ်ရှိဗလုန်၏​တစ်ဝက်​ဖြစ်၏။

၁၇ တစ်လေအာသည် တစ်ရှိဗလမ်၏​တစ်ဝက်​ဖြစ်၏။

၁၈ ယခုတွင်၊ ဤအရာ​သည်ကား၊ ၎င်းတို့​ရေတွက်ခြင်း​အတိုင်း​ဖြစ်သော​အရေ​အတွက်​ပေတည်း။

၁၉ ယခုတွင်၊ ရွှေ​တစ်အန္တိရုန်သည် သုံး​ရှိဗလုန်နှင့်​ညီမျှ၏။

၂၀ ယခုတွင်၊ သူတို့သည် မိမိတို့၏​အဖိုးအခကို မိမိတို့​အမှု​ဆောင်သည့်​အတိုင်း ရရှိကြ​သောကြောင့်၊ ထိုအရာသည်ကား၊ အကျိုး​အမြတ်​ရရှိရန်​ဟူသည့် တစ်ခု​တည်းသော အကြံအစည်​အတွက် ဖြစ်ပေ၏။ ထို့ကြောင့်၊ သူတို့သည် လူတို့ကို ပွဲလုပ်ခြင်း၊ အမျိုးမျိုးသော​နှောင့်ယှက်ခြင်းများနှင့် ဆိုးညစ်ခြင်းတို့ကို နှိုးဆော်ခဲ့ကြသည်မှာ၊ အမှုများပို၍ ရရှိနိုင်ကြ​စေကြောင်း၊ သူတို့ရှေ့​ရောက်လာသော တရား​စွဲချက်များ​အတိုင်း၊ ငွေ​ရရှိနိုင်​ကြစေကြောင်း​ပင်တည်း။ ထို့ကြောင့်၊ သူတို့သည် အယ်လမာနှင့် အာမြူးလက်တို့ကို ဆန့်ကျင်​ဘက်ပြု၍ လူတို့ကို​နှိုးဆော်ကြ၏။

၂၁ ဤဇေဇရုမ်သည် အာမြူးလက်အား သင်တို့ကို ငါမေးမည့် မေးခွန်း​အနည်းငယ်ကို သင်တို့ ဖြေကြားကြမည်​လောဟုဆို၍ မေးမြန်း​စပြု၏။ ယခုတွင်၊ ဇေဇရုမ်​သည်ကား၊ ကောင်းမြတ်သော​အရာကို ဖျက်ဆီး​နိုင်ခြင်းငှာ၊ နတ်ဆိုး၏​အစီအမံများ၌ ကျွမ်းကျင်သော​သူတစ်ဦး​ဖြစ်၏။ ထို့ကြောင့်၊ အာမြူးလက်အား သင်တို့ထံ ငါတင်​သွင်းမည့် မေးခွန်းများကို ဖြေကြား​ကြမည်​လောဟု မေး၏။

၂၂ အာမြူးလက်ကလည်း၊ ငါ၏​အထဲ၌​ရှိသော ကိုယ်တော်ရှင်၏​ဝိညာဉ်တော်​အတိုင်း​ဆိုလျှင်၊ ဖြေကြားမည်။ အကြောင်းမူကား၊ ငါသည် ကိုယ်တော်ရှင်၏​ဝိညာဉ်တော်နှင့် ဆန့်ကျင်သည့်​အရာ အဘယ်အရာကို မျှ​ပြောလိမ့်မည်​မဟုတ်ဟု ဆို၏။ ဇေဇရုမ်ကလည်း၊ ရှုလော့၊ ဒီမှာ ငွေခြောက်​ဩတိရှိ၏၊ သင်သည် အထွဋ်​အမြတ်​ဖြစ်သော​ဘုရား ဖြစ်တည်ခြင်းကို ငြင်းဆိုမည်​ဆိုလျှင်၊ ဤအရာ​ခပ်သိမ်းကို သင့်အား ငါ​ပေးမည်ဟု ဆို၏။

၂၃ ယခုတွင် အာမြူးလက်က ဆိုလေသည်ကား၊ အို အသင် ငရဲ၏​သား၊ သင်သည် ငါ့ကို အဘယ်ကြောင့် သွေးဆောင်​ဖြားယောင်းသနည်း။ ဖြောင့်မတ်သော​သူတို့သည် ထိုကဲ့သို့သော သွေးဆောင်​ဖြားယောင်းခြင်းများကို အရှုံး​မပေးကြောင်း သင်​မသိလေ​သလော။

၂၄ ဘုရားသခင်​မရှိဟု သင်​ယုံကြည်သလော။ မဟုတ်ပေဟု သင့်ကို ငါဆို၏။ သင်သည် ဘုရားသခင်​ရှိတော်မူ​ကြောင်းကို သိသော်လည်း၊ စီးပွားကို သူ့ထက်သာ၍ ချစ်၏။

၂၅ ယခုမူကား၊ သင်သည် ဘုရားသခင်ရှေ့၌ ငါ့ကို မုသား​ပြောလေပြီ။ သင်က ငါ့ကို ဆိုလေ​သည်မှာ—ကြီးစွာ​အဖိုး​ထိုက်သည့် ဤခြောက်​ဩတိကို ရှုလော့၊ သင့်ကို ငါပေးမည်—သို့သော်လည်း သင်၏​စိတ်နှလုံး၌ကား၊ ၎င်းတို့ကို ငါထံမှ ထိန်းသိမ်းထားရန် စဉ်းစား​လေပြီ။ သင်သည် ငါ့ကို ဖျက်ဆီးရန် အကြောင်း​ရှာနိုင်ခြင်းငှာ၊ မှန်ကန်သည့် အသက်ရှင်​တော်မူသော ဘုရားသခင်အား ငါငြင်းဆို​စေကြောင်း​သည်သာလျှင် သင်၏​အလို​ဆန္ဒ​ဖြစ်၏။ ယခုမူကား၊ ရှုလော့၊ သင်သည် ဤကြီးစွာသော မကောင်းမှု​အတွက် သင်၏​အကျိုး​ကျေးဇူးကို ရလိမ့်မည်။

၂၆ ဇေဇရုမ်ကလည်း သင်သည် မှန်ကန်သည့် အသက်ရှင်​တော်မူသော​ဘုရားသခင် ရှိတော်မူ​သည်ဟု ဆိုသလောဟု မေး၏။

၂၇ အာမြူးလက်ကလည်း ဟုတ်ပေ၏၊ မှန်ကန်သည့် အသက်ရှင်​တော်မူသော​ဘုရားသခင်​ရှိတော်မူ၏ဟု ဆို၏။

၂၈ ယခုတွင်၊ ဇေဇရုမ်က ဘုရားသခင်​တစ်ပါးထက်​ပို၍​ရှိသလောဟု မေး၏။

၂၉ သူကလည်း မရှိဟု ဖြေ၏။

၃၀ ယခုတွင်၊ ဇေဇရုမ်က သင်သည် ဤအမှုတို့ကို အဘယ်သို့​အားဖြင့် သိသနည်းဟု တစ်ဖန် မေး၏။

၃၁ ကောင်းကင်​တမန်​တစ်ပါးက ငါ့ကို ဖော်ပြခဲ့သည်ဟု သူကလည်း ဆို၏။

၃၂ ကြွလာတော်မူမည့်​သူကား၊ အဘယ်သူနည်း။ ဘုရားသခင်၏​သားတော် ဖြစ်သလောဟု ဇေဇရုမ်က​တစ်ဖန်​မေးပြန်၏။

၃၃ သူကလည်း ဟုတ်ပေ၏ဟု ဆို၏။

၃၄ သူ၏​လူတို့ကို သူတို့​အပြစ်များ၌ သူကယ်တင်​လိမ့်မည်လောဟု ဇေဇရုမ်က တစ်ဖန်​ဆို၏။ အာမြူးလက်ကလည်း၊ သင့်ကို ငါဆိုသည်ကား၊ သူပြု​တော်မူလိမ့်မည်​မဟုတ်။ အကြောင်းမူကား၊ သူ့အတွက် ကိုယ့်စကားကို ဆန့်ကျင်ရန်မှာ မဖြစ်နိုင်ဟု​ဆို၍​ဖြေ၏။

၃၅ ယခုတွင်၊ ဇေဇရုမ်က လူတို့ကို ဆိုလေသည်ကား၊ ဤအရာတို့ကို သင်တို့ သတိရ​ရမည့်​အကြောင်း ဂရု​ပြုကြလော့။ အကြောင်းမူကား၊ ဘုရားသခင်​တစ်ပါး​တည်း​သာလျှင် ရှိ၏​ဟုသူ​ဆိုပြီ။​ဘုရားသခင်၏​သားတော်သည် ကြွလာ​တော်မူလိမ့်မည်၊ သို့ရာတွင်၊ သူ၏​လူမျိုးတို့ကို ကယ်တင်​လိမ့်မည်​မဟုတ်ကြောင်း—ဘုရားသခင်ကို မိန့်မှာရန် သူ့၌ အခွင့်​အာဏာ​ရှိလေသကဲ့သို့ပင် ဆိုသေး၏။

၃၆ ယခုတွင်၊ အာမြူးလက်က သူ့ကို တစ်ဖန်​ဆိုပြန်​သည်ကား၊ ရှုလော့၊ သင်သည် မုသား​ပြောလေပြီ။ အကြောင်းမူကား၊ သူသည် မိမိလူတို့ကို သူတို့​အပြစ်များ၌ ကယ်တင်​တော်မူ​လိမ့်မည်​မဟုတ်ဟု ငါဆိုသောကြောင့်၊ ဘုရားသခင်ကို မိန့်မှာရန် ငါ့၌ အခွင့်​အာဏာ ရှိလေသကဲ့သို့ ငါပြော​သည်ဟု သင်ဆို၏။

၃၇ ထို့အတူ၊ သင့်ကို ငါတစ်ဖန်​ဆိုပြန်​သည်ကား၊ သူတို့၏​အပြစ်များ၌ သူတို့ကို သူမကယ်တင်​နိုင်ပေ။ အကြောင်းမူကား၊ ငါသည် သူ၏​နှုတ်ကပတ်တော်ကို မငြင်းဆိုနိုင်။ ထို့အတူ၊ မစင်​ကြယ်သော​အရာသည် ကောင်းကင်​နိုင်ငံတော်ကို အမွေ​မခံနိုင်ကြောင်း သူမိန့်​တော်မူလေ၏။ ထို့ကြောင့်၊ သင်တို့သည် ကောင်းကင်​နိုင်ငံတော်ကို အမွေမခံရလျှင်၊ အဘယ်သို့​အားဖြင့် ကယ်တင်ခြင်းသို့ ရောက်နိုင်​မည်နည်း။ ထို့ကြောင့်၊ သင်တို့သည် သင်တို့၏​အပြစ်များ၌ ကယ်တင်ခြင်းသို့ မရောက်​နိုင်ကြ။

၃၈ ထာဝရ​အဘ​အမှန်ဖြစ်​တော်မူသည့် ဘုရားသခင်၏​သားတော်​လောဟု ယခုတွင် ဇေဇရုမ်က တစ်ဖန်​ဆိုပြန်၏။

၃၉ အာမြူးလက်ကလည်း ဆိုလေသည်ကား၊ ဟုတ်ပေ၏။ သူသည် ကောင်းကင်နှင့် မြေကြီး၊ ၎င်းတို့၌​ရှိသော​အရာမှန်သမျှတို့၏ ထာဝရ​အဘ​အမှန်​ဖြစ်တော်မူ၏။ သူသည် အစနှင့် အဆုံး၊ ပထမ​ဦးဆုံးနှင့် နောက်ဆုံးသောသူ ဖြစ်တော်မူ၏။

၄၀ ထို့အတူ၊ သူသည် မိမိလူမျိုးတို့ကို ရွေးနှုတ်​တော်မူခြင်းငှာ၊ လောကထဲသို့ ကြွလာ​တော်မူ​လိမ့်မည်။ သူ၏​နာမတော်ကို ယုံကြည်​သူတို့၏​လွန်ကျူးခြင်းများကို သူ့အပေါ်၌ ခံယူ​တော်မူ​လိမ့်မည်။ ဤသူတို့​သည်ကား၊ ထာဝရ​အသက်ကို ရရှိမည့်​သူများ​ဖြစ်၍၊ ကယ်တင်ခြင်းသည် အခြား အဘယ်​သူ့ဆီကိုမျှ​ရောက်မလာပေ။

၄၁ ထို့ကြောင့်၊ ဆိုးညစ်သော​သူများသည် သေခြင်း၏​ကြိုးများမှ ဖြေလွှတ်ခြင်းမှ​တစ်ပါး၊ ရွေးနှုတ်​ခြင်းကို ပြုထားခြင်း​မရှိလေ​သကဲ့သို့ ဆက်၍​တည်ရှိကြ၏။ အကြောင်းမူကား၊ ခပ်သိမ်းသော​သူတို့ သေခြင်းမှ​ထမြောက်လျက်၊ ဘုရားသခင်​ရှေ့၌ရပ်၍ သူတို့၏​အကျင့်များ​အတိုင်း တရား​စီရင်​ခံရမည့်​ကာလ ကျရောက်​လာလိမ့်မည်။

၄၂ ယခုတွင်၊ ဇာတိ​ပကတိ​သေခြင်းဟု ခေါ်သည့် သေခြင်း​ရှိ၏။ ခရစ်တော်၏​သေခြင်းကလည်း ဤဇာတိ​ပကတိ​သေခြင်း၏​ကြိုးများကို ဖြေလွှတ်​ပေးတော်မူ​လိမ့်မည်​ဖြစ်၍၊ ခပ်သိမ်းသော​သူတို့သည် ဤဇာတိ​ပကတိ​သေခြင်းမှ ထမြောက်​ကြလိမ့်မည်။

၄၃ ဝိညာဉ်နှင့် ကိုယ်ခန္ဓာသည် ၎င်း၏​စုံလင်သော​ပုံသဏ္ဌာန်ဖြင့် တစ်ဖန်​ပြန်လည်၍ ပေါင်းစည်း​လိမ့်မည်။ ဤအချိန်၌၊ ယခု​ငါတို့​ဖြစ်လေ​သကဲ့သို့ပင် ခြေလက်နှင့် အရိုး​အဆစ်​နှစ်မျိုး​စလုံးသည် ၎င်း၏​ပကတိ​ကိုယ်သို့ ပြန်လည်​ပေါင်းစည်း​လိမ့်မည်။ ငါတို့​သည်လည်း၊ ယခုငါတို့ သိသကဲ့သို့ပင် သိလျက်၊​ငါတို့၏ အပြစ်​ရောက်ခြင်းခပ်သိမ်းကို ထင်ရှားစွာ​အောက်မေ့၍၊ ဘုရားသခင်​ရှေ့၌ ရပ်ရန် ဆောင်ယူခံရ​လိမ့်မည်။

၄၄ ယခုတွင်၊ ဤပြန်လည်​ပေါင်းစည်းခြင်းသည် အသက်ကြီး​သူနှင့် အသက်​ငယ်သူ​နှစ်မျိုး​စလုံး၊ ကျွန်နှင့် လူလွတ်​နှစ်မျိုးစလုံး၊ ယောက်ျားနှင့် မိန်းမ​နှစ်မျိုး​စလုံး၊ ဆိုးညစ်သော​သူနှင့် ဖြောင့်မတ်သော​သူနှစ်မျိုး​စလုံး ခပ်သိမ်းသော​သူများဆီသို့ ရောက်လာ​လိမ့်မည်။ ထို့အတူ၊ သူတို့၏​ဦးခေါင်းမှ ဆံချည်​တစ်မျှင်မျှပင် မပျောက်ဆုံးရ။ အရာ​မှန်သမျှသည် ယခု​အတိုင်း သို့မဟုတ်၊ ကိုယ်ခန္ဓာ၌ ရှိသည့်​အတိုင်း၊ ၎င်း၏​စုံလင်သော​ကိုယ်သို့ ပြန်လည်​၍သာ ပေါင်းစည်းရ​လိမ့်မည်၊ သူတို့သည် ကောင်းသည်​ဖြစ်စေ၊ ဆိုးသည်​ဖြစ်စေ သူတို့၏​အကျင့်များ​အတိုင်း တရား​စီခံရရန် တစ်ပါး​တည်းသော ထာဝရ​ဘုရားသခင်​ဖြစ်သည့် သားတော်​ခရစ်တော်၊ ခမည်းတော်​ဘုရားသခင်နှင့် သန့်ရှင်းသော​ဝိညာဉ်တော်တို့၏ တရားစီရင်​တော်မူ​ရာတိုင်ရှေ့သို့ ဆောင်ယူ၍ စွဲဆို​ခံရ​လိမ့်မည်။

၄၅ ယခုတွင်၊ ရှုလော့၊ ငါသည် သင်တို့အား သေခြင်း​ရှိသော​ကိုယ်ခန္ဓာ၏ သေခြင်း​အကြောင်းနှင့် ထို့အတူ၊ သေခြင်း​ရှိသော​ကိုယ်ခန္ဓာ၏ ရှင်ပြန်​ထမြောက်ခြင်း​အကြောင်းတို့ကို ပြော၍​ပြီးလေပြီ။ သင်တို့ကို ငါဆို​သည်ကား၊ ဤသေခြင်း​ရှိသော​ကိုယ်ခန္ဓာကို သေခြင်း​မရှိသော​ကိုယ်ခန္ဓာသို့၊ ဆိုလို​သည်ကား၊ သေခြင်းမှ၊ ပထမ​သေခြင်းမှပင် အသက်​ရှင်ရာသို့ ထမြောက်​စေ၍၊ သူတို့ မသေနိုင်တော့။ သူတို့၏​ဝိညာဉ်သည် သူတို့၏​ကိုယ်ခန္ဓာနှင့် ပေါင်းစပ်၍ အဘယ်တော့မျှ အခွဲမခံရ။ ထိုကဲ့သို့​အားဖြင့်၊ ပေါင်းစပ်ခြင်း​တစ်ခုလုံးသည် ဝိညာဉ်​ပကတိနှင့် သေခြင်း​မရှိသော​အဖြစ်သို့ ရောက်လာ၍၊ သူတို့သည် ပုပ်ပျက်ခြင်းကို မမြင်နိုင်​တော့။

၄၆ ယခုတွင်၊ အာမြူးလက်က ဤစကားများကို ပြောပြီးလေလျှင်၊ လူတို့သည် အံ့ဩ​စပြု၍၊ ဇေဇရုမ်​သည်လည်း တုန်​စပြု၏။ ထို့ကဲ့သို့​အားဖြင့်၊ အာမြူးလက်၏​စကားများ ပြီးဆုံး၍၊ သို့မဟုတ်၊ ဤအရာသည်ကား ငါရေးလေ​သမျှ​ပေတည်း။