ကျမ်းစာများ
အယ်လမာ ၃


အခန်းကြီး ၃

အမ်လိဆိ​အမျိုးသားတို့သည် ပရောဖက်ပြု​ဟောချက်​စကား​အတိုင်း သူတို့ကိုယ်​သူတို့ အမှတ်​အသား​ပြုကြ​လေ၏—လာမန်​အမျိုးသားတို့သည် သူတို့​ပုန်ကန်မှု​အတွက် ကျိန်ခြင်းကို ခံရလေ၏—လူတို့သည် သူတို့​ကိုယ်တိုင်၏​ကျိန်ခြင်းကို သူတို့ကိုယ်​ပေါ်ကျ​ရောက်​စေကြ၏—နီဖိုင်း​အမျိုးသားတို့သည် တခြားသော​လာမန်​အမျိုးသား​တပ်ကို အနိုင်​ရ၏။ ဘီစီ ၈၇–၈၆ ခန့်။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ စစ်တိုက်ရာ​လက်နက်​များဖြင့် ကွပ်မျက်​မခံရလေသော နီဖိုင်း​အမျိုးသား​တို့သည် ကွပ်မျက်​ခံရလေသော​သူများကို သင်္ဂြိုဟ်​ပြီးနောက်—ယခုတွင်၊ သူတို့၏​အရေ​အတွက်မှာ များလှခြင်းကြောင့်၊ ကွပ်မျက်​ခံရ​သူများ၏​အရေ​အတွက်ကို ရေတွက်​မထားပေ—သူတို့သည် မိမိတို့​အသေ​ကောင်များကို သင်္ဂြိုဟ်ခြင်း​ပြီးဆုံးလေ​ပြီးနောက်၊ သူတို့​အားလုံးသည် မိမိတို့​ပြည်များ၊ မိမိတို့​အိမ်များ၊ မိမိတို့​ဇနီးများနှင့် မိမိတို့​သားသမီးများ​ထံသို့ ပြန်လာ​ကြ၏။

ယခုတွင်၊ များစွာသော​မိန်းမများနှင့်၊ ကလေးများ၊ ထို့အတူ၊ သူတို့၏​များစွာသော​သိုးစုနှင့် နွားစုတို့သည် ဓားနှင့်​ကွပ်မျက်​ခံရလေ၏။ ထို့အတူ၊ သူတို့၏​စပါး​လယ်ကွင်းများ​သည်လည်း ဖျက်ဆီး​ခံရ၏။ အကြောင်းမူကား၊ သူတို့သည် လူအလုံး​အရင်း၏​ခြေဖြင့်​နင်းချေ​ခံရကြ၏။

ယခုမူကား၊ ဇိဒုန်​မြစ်ကမ်း​ပေါ်၌ ကွပ်မျက်​ခံရလေသည့် များစွာသော​လာမန်​အမျိုးသားတို့နှင့် အမ်လိဆိ​အမျိုးသားတို့သည် ဇိဒုန်ရေများ​ထဲသို့ ပစ်ချ​ခံရ၏။ ရှုဦးလော့၊ သူတို့၏​အရိုးများသည် ပင်လယ်ရေ​နက်၌​ရှိပြီး၊ များစွာ​ရှိ၏။

အမ်လိဆိ​အမျိုးသားတို့ကို နီဖိုင်း​အမျိုးသားတို့နှင့် ခွဲခြား၍ သိမြင်​နိုင်၏။ အကြောင်းမူကား၊ သူတို့​နဖူးတွင် လာမန်​အမျိုးသားတို့၏​ထုံးစံ​အတိုင်း သူတို့​ကိုယ်သူတို့ အနီ​ရောင်ဖြင့် အမှတ်​အသား​ပြု​ထားကြ၏။ သို့သော်လည်း၊ သူတို့​ဦးခေါင်းကို လာမန်​အမျိုးသားတို့​ကဲ့သို့ ရိတ်​မထားကြ။

ယခုတွင်၊ လာမန်​အမျိုးသားတို့၏​ဦးခေါင်းကို ရိတ်ထားပြီး၊ သူတို့​ခါး၌​စည်းထားသော​သားရေ၊ ထို့အတူ၊ သူတို့၌​ဝတ်ဆင်​ထားသော သူတို့၏​ချပ်ဝတ်​တန်ဆာ၊ သူတို့၏​လေးများ၊ သူတို့၏​မြားများ၊ သူတို့၏​ကျောက်ခဲများ၊ သူတို့၏​လောက်လွှဲများနှင့် စသည့်​အရာများ​မှတစ်ပါး၊ သူတို့၌ အဝတ်ဝတ်​ထားခြင်း​မရှိကြ။

လာမန်​အမျိုးသားတို့၏​အသား​သည်လည်း၊ သူတို့​ဘိုးဘေးတို့​အပေါ် ပြုလေသော​အမှတ်​အသား​အတိုင်း မည်းလေ၏။ ထိုအမှတ်​အသား​သည်ကား၊ သူတို့၏​လွန်ကျူးခြင်း​များနှင့် ဖြောင့်မတ်​သန့်ရှင်းသော​သူများ​ဖြစ်သည့် နီဖိုင်း၊ ယာကုပ်၊ ယောသပ်၊ ရှမ်တို့​ပါဝင်သော သူတို့၏​ညီအစ်ကို​တို့ကို ဆန့်ကျင်၍​ပုန်ကန်ခြင်းတို့ကြောင့် သူတို့​အပေါ်၌ ရှိလေသော​ကျိန်ခြင်း​ပေတည်း။

သူတို့၏​ညီအစ်ကိုတို့​သည်လည်း သူတို့ကို ဖျက်ဆီးရန်ကြိုးစားအားထုတ်ကြ၏၊ ထို့ကြောင့် သူတို့သည် အကျိန်​ခံရ၏။ ကိုယ်တော်ရှင်​ဘုရားသခင်ကလည်း ထိုသူတို့​အပေါ်၌၊ အထူးသဖြင့်၊ လာမန်နှင့် လေမွေလ၊ ထို့အတူ ဣရှမေလ၏​သားများနှင့် ဣရှမေလ​မိန်းမတို့​အပေါ်၌ အမှတ်​အသား​ပြုထား​တော်မူ၏။

ဤအမှုကို ပြုလေသည်မှာ၊ သူတို့၏​အမျိုး​အနွယ်ကို သူတို့​ညီအစ်ကိုတို့၏​အမျိုး​အနွယ်နှင့် ကွဲပြားနိုင်​စေကြောင်း၊ ထို့ကဲ့သို့​အားဖြင့် ကိုယ်တော်ရှင်​ဘုရားသခင်သည် သူ၏​လူမျိုးတို့ကို ကာကွယ်​စောင့်မနိုင်​စေကြောင်း၊ သူတို့​သွေးစပ်​ရောနှောခြင်း​မရှိနိုင်ဘဲ ပျက်စီးခြင်း​ဖြစ်စေမည့် မမှန်သည့်​နည်း​ဥပဒေသများကို မယုံကြည်နိုင်ကြ​စေကြောင်း​ပင်တည်း။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ မိမိ​အမျိုး​အနွယ်ကို လာမန်​အမျိုးသားတို့နှင့် သွေးနှောသူ​အဘယ်သူ​မဆို၊ မိမိအမျိုး​အနွယ်​အပေါ် တူသော​ကျိန်ခြင်းကို ကျရောက်​စေ၏။

၁၀ ထို့ကြောင့်၊ လာမန်​အမျိုးသားတို့​အားဖြင့်​လှည့်ဖြား​ခေါ်ဆောင်​သွားခံရစေခြင်းငှာ မိမိကိုယ်ကို အခွင့်​ပေးသူ​အဘယ်သူ​မဆို ထိုအသင်း၏​အဖွဲ့ဝင်​အဖြစ် အခေါ်​ခံရ၍၊ ကိုယ်ပေါ်၌ အမှတ်​တစ်ခု ထား​ရှိလေ၏။

၁၁ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာမန်​အမျိုးသားတို့၏​နည်း​ဥပဒေသများကို မယုံကြည်​လို၊ ယေရုရှလင်​နယ်မြေမှ ယူဆောင်​လာခဲ့သော မှတ်တမ်းများ၊ ထို့အတူ၊ မိမိတို့​ဘိုးဘေးတို့၏​မှန်ကန်သည့် နည်း​ဥပဒေသများ​ကိုသာ ယုံကြည်သူ၊ ဘုရားသခင်၏​ပညတ်တော်များကို ယုံကြည်လျက်​စောင့်ထိန်းသော​သူမှန်သမျှကို နီဖိုင်း​အမျိုးသားများ၊ သို့မဟုတ် နီဖိုင်း​လူမျိုးများဟု ထိုအချိန်မှ​စ၍ ခေါ်​ကြ၏—

၁၂ သူတို့​သည်ကား၊ မိမိ​လူတို့နှင့်​စပ်လျဉ်း၍၊ ထို့အတူ၊ လာမန်​အမျိုးသားတို့၏ လူတို့နှင့်လည်း စပ်လျဉ်း၍ မှန်ကန်သည့် မှတ်တမ်းများကို ရေးမှတ်​သူများ​ဖြစ်၏။

၁၃ ယခုတွင်၊ ငါတို့သည် အမ်လိဆိလူတို့​အကြောင်းကို တစ်ဖန်​ဆက်ကြ​ကုန်အံ့။ သူတို့​သည်လည်း ကိုယ်ပေါ်၌ အမှတ်​ပေးထား​လေ၏။ အထူးသဖြင့်၊ သူတို့သည် မိမိတို့​ကိုယ်ပေါ်၌၊ အထူးသဖြင့်၊ သူတို့၏​နဖူး​ပေါ်၌ အနီ​ရောင်​အမှတ်ကိုပင် ပေး​ထားကြ၏။

၁၄ ထိုကဲ့သို့​အားဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပြီးပြည့်စုံ​စေ၏။ အကြောင်းမူကား၊ နီဖိုင်းအား​သူမိန့်​တော်မူသော​စကားများမှာ၊ ရှုလော့၊ လာမန်​အမျိုးသားတို့ကို ငါ​ကျိန်တော်မူပြီ၊ သူတို့ကို ငါကရုဏာထားနိုင်​စေကြောင်း၊ သူတို့၏​ဆိုးညစ်ခြင်းများမှ ငါ့ထံသို့ နောင်တရ​ပြီးပြန်​မလာလျှင်၊ သူတို့နှင့် သူတို့၏​အမျိုး​အနွယ်များကို သင်နှင့်​သင်၏​အမျိုး​အနွယ်တို့​ထံမှ ဤအချိန်ယခု​မှ​စ၍၊ ကာလ​အစဉ်​အဆက်​ခွဲခြားနိုင်ရန် သူတို့​အပေါ်၌ ငါအမှတ်​ပေး​ထားမည်။

၁၅ ထိုမှတစ်ဖန်၊ မိမိအမျိုးအနွယ်ကို သင်၏​ညီအစ်ကိုတို့နှင့် သွေးနှောသည့်​သူ​အပေါ်မှာ ငါ​အမှတ်​ပေးမည်။ ထိုသူတို့ကိုလည်း ကျိန်ခြင်း​ခံရစေခြင်းငှာ​ဖြစ်၏။

၁၆ ထိုမှတစ်ဖန်၊ သင်နှင့် သင်၏​အမျိုး​အနွယ်တို့ကို ဆန့်ကျင်​တိုက်ခိုက်သည့်​သူအပေါ်​၌ ငါ​အမှတ်​ပေးမည်။

၁၇ ထိုမှတစ်ဖန်၊ ငါဆိုသည်ကား၊ သင့်ထံမှ​ထွက်ခွာ​သွားသော​သူသည် သင်၏​အမျိုးအနွယ်ဟု​အခေါ်မ​ခံရတော့လတ္တံ့။ သင်နှင့် သင်၏​အမျိုး​အနွယ်ဟု အခေါ်​ခံရမည့်​သူ​အဘယ်သူကို​မဆို ငါသည် ယခု​မှ​စ၍၊ ကာလ​အစဉ်​အဆက် ကောင်းချီး​ပေးမည်။ ဤအရာတို့​သည်ကား၊ နီဖိုင်းနှင့် သူ၏​အမျိုး​အနွယ်များသို့ ပေးတော်မူ​ခဲ့သည့် ကိုယ်တော်ရှင်၏​ကတိတော်များ​ပေတည်း။

၁၈ ယခုတွင်၊ အမ်လိဆိ​အမျိုးသားတို့သည် သူတို့​ကိုယ်သူတို့ နဖူးတွင် အမှတ်​ပေး​စပြုသော​အချိန်၌၊ ဘုရားသခင်၏​နှုတ်ကပတ်တော်များကို ပြီးပြည့်စုံ​စေကြောင်း သိခြင်း​မရှိ။ အဘယ်သို့ပင်​ဖြစ်စေ၊ သူတို့သည် ဘုရားသခင်အား ဆန့်ကျင်၍ ထင်ရှားစွာ​ပုန်ကန်မှု​ပြုကြလေပြီ။ ထို့ကြောင့်၊ သူတို့​အပေါ်​ကျိန်ခြင်း​ကျရောက်ရန် လိုအပ်​ပေ၏။

၁၉ ယခုတွင်၊ သူတို့​ကိုယ်ပေါ်သူတို့ ကျိန်ခြင်း ကျရောက်​စေခဲ့ကြသည်ကို သင်တို့ နားလည်စေခြင်းငှာ ငါအလို​ရှိ၏။ ထိုကဲ့သို့ပင်၊ ကျိန်ခြင်းကို​ခံရသော​လူတိုင်း မိမိကိုယ်​ပေါ်သို့ ကိုယ်တိုင်၏ ပြစ်ဒဏ်​ချမှတ်ခြင်းကို ကျရောက်​စေ၏။

၂၀ ယခုတွင်၊ အချိန်တန်​လာသော​အခါ၊ ဇရဟင်မလပြည်၌ လာမန်​အမျိုးသားများနှင့် အမ်လိဆိ​အမျိုးသားတို့​အားဖြင့် တိုက်ခိုက်သော စစ်တိုက်ခြင်း၏​နောက် များစွာသော​ရက်များ​မကြာမီတွင်၊ ပထမ​တပ်က အမ်လိဆိ​အမျိုးသားတို့နှင့် တွေ့သည့်​နေရာ၌၊ လာမန်​အမျိုးသားတို့၏​တခြားသော​တပ်သည် နီဖိုင်းလူမျိုးများကို လာ၍​တိုက်ခိုက်​ကြ၏။

၂၁ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့ကို မိမိတို့​ပြည်မှ နှင်ထုတ်စေရန် တပ်တစ်တပ်ကို စေလွှတ်၏။

၂၂ ယခုတွင်၊ အယ်လမာသည် သူကိုယ်တိုင် ဒဏ်ရာနှင့်​ဒုက္ခ​ရောက်သော​ကြောင့်၊ ဤအချိန်တွင် လာမန်​အမျိုးသားတို့နှင့်​ဆန့်ကျင်၍ စစ်တိုက်ရန် မသွား။

၂၃ သို့ရာတွင်၊ သူတို့​တစ်ဖက်၌ မြောက်မြား​စွာသော​တပ်ကို စေလွှတ်၏။ သူတို့​သည်လည်း လာမန်​အမျိုးသား​များစွာတို့ကို သွား၍​ကွပ်မျက်ပြီး၊ ကျန်ကြွင်းသော​သူများကို မိမိတို့​ပြည်၏​နယ်နိမိတ်​အပြင်သို့ နှင်ထုတ်​ကြ၏။

၂၄ ထို့နောက်တွင်၊ သူတို့သည် တစ်ဖန်​ပြန်လာ၍၊ ထိုပြည်၌ ငြိမ်းချမ်းခြင်းကို တည်ဆောက်​စပြုလျက်၊ သူတို့​ရန်သူများကြောင့် အချိန်အနည်းငယ်အထိ ဒုက္ခ​မတွေ့​တော့။

၂၅ ယခုတွင်၊ ဤအရာ ခပ်သိမ်းတို့ ပြီးလေပြီ။ အထူးသဖြင့်၊ ဤစစ်တိုက်ခြင်း ခပ်သိမ်းတို့နှင့် ရန်တွေ့ခြင်းများ​စတင်ခဲ့ပြီး၊ တရားသူကြီးများ​အုပ်စိုးခြင်း​ငါးနှစ်​မြောက်တွင်၊ အဆုံး​သတ်လေ၏။

၂၆ တစ်နှစ်​အတွင်းတွင်၊ ထောင်ပေါင်း​များစွာနှင့် သောင်းပေါင်း​များစွာသော သူတို့သည်၊ သူတို့​အကျင့်များ ကောင်းလေသည်​ဖြစ်စေ၊ ဆိုးလေသည်​ဖြစ်စေ၊ သူတို့၏​အကျင့်များ​အတိုင်း၊ သူတို့၏ အကျိုး​ကျေးဇူးကို ရိတ်သိမ်း​နိုင်ကြ​စေခြင်းငှာ​လည်းကောင်း၊ ကောင်းသော​ဝိညာဉ်​ဖြစ်စေ၊ သို့မဟုတ်၊ ဆိုးသော​အရာ​ဖြစ်စေ သူတို့​နာခံ​လိုသည့် ဝိညာဉ်အတိုင်း၊ ထာဝရ​ပျော်ရွှင်မှု သို့မဟုတ် ထာဝရ​ဝမ်းနည်း​ပူဆွေးမှုကို ရိတ်သိမ်း​စေခြင်းငှာ​လည်းကောင်း ထာဝရ​လောကသို့​အပို့​ခံရ၏။

၂၇ အကြောင်းမူကား၊ လူတိုင်း မိမိ​နာခံလိုသည့်​သူထံမှ အဖိုး​အခကို ရရှိ၍၊ ဤအရာ​သည်ကား၊ ပရောဖက်​ပြုဟောသော​ဝိညာဉ်၏​စကား​အတိုင်း ဖြစ်၏။ ထို့ကြောင့်၊ သမ္မာ​တရား​အတိုင်း​ဖြစ်ပါစေ။ ထိုကဲ့သို့​အားဖြင့်၊ တရား​သူကြီးများ​အုပ်စိုးခြင်း​ငါးနှစ်မြောက်​ပြီးဆုံး၏။