ကျမ်းစာများ
အယ်လမာ ၄၃


အခန်းကြီး ၄၃

အယ်လမာနှင့် သူ၏​သားများသည် နှုတ်ကပတ်တော်ကို ဟောပြောကြ၏—ဇော်ရမ်​အမျိုးသားများနှင့် အခြားသော နီဖိုင်း​အမျိုးသား​သဘော​ကွဲလွဲသူများသည် လာမန်​အမျိုးသားများ ဖြစ်​လာကြ၏—လာမန်​အမျိုးသားတို့သည် နီဖိုင်း​အမျိုးသားတို့ကို လာ၍​စစ်တိုက်ကြ၏—မော်ရော်နိုင်းသည် နီဖိုင်း​အမျိုးသားတို့ကို ခုခံ​ကာကွယ်သော​ချပ်ဝတ်​တန်ဆာတို့ဖြင့် ပံ့ပိုး၏—ကိုယ်တော်ရှင်သည် အယ်လမာအား လာမန်​အမျိုးသားတို့၏​စစ်ဆင်ခြင်း​မဟာဗျူဟာကို ဖော်ပြ၏—နီဖိုင်း​အမျိုးသားတို့သည် သူတို့၏ နေအိမ်၊ လွတ်လပ်မှု၊ မိသားစုနှင့်​ဘာသာ​တရားကို ကာကွယ်ကြ၏—မော်ရော်နိုင်းနှင့် လေဟိ၏​တပ်များသည် လာမန်​အမျိုးသားတို့ကို ဝိုင်း​ထားကြ၏။ ဘီစီ ၇၄ ခန့်။

ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ အယ်လမာ၏​သားတို့သည် လူတို့၌ နှုတ်ကပတ်တော်ကို ဟောကြားခြင်းငှာ ထွက်​သွားကြ၏။ အယ်လမာသည် သူကိုယ်တိုင်လည်း အနား​မယူနိုင်ဘဲ ထွက်​သွား၏။

ယခုတွင်၊ နှုတ်ကပတ်တော်နှင့် သမ္မာ​တရားကို ပရောဖက်​ပြုဟောသောဝိညာဉ်နှင့် ဗျာဒိတ်တော်​ဝိညာဉ်တို့​အတိုင်း သူတို့​ဟောပြောကြောင်း​မှတစ်ပါး၊ သူတို့၏​ဟောပြောခြင်း​အကြောင်းကို ငါတို့ မပြောတော့။ သူတို့သည်လည်း ခေါ်သွင်း​တော်မူခြင်းကို သူတို့​ခံရကြသည့် ဘုရားသခင်၏​သန့်ရှင်းသော​အသင်း​အတိုင်း ဟော​ပြောကြ၏။

ယခုမူကား၊ ငါသည် တရားသူကြီးများ​အုပ်စိုးခြင်း​တစ်ဆယ်​ရှစ်နှစ်​မြောက်တွင်​ဖြစ်ခဲ့သည့် နီဖိုင်း​အမျိုးသားတို့နှင့် လာမန်​အမျိုးသားတို့​အကြားရှိ စစ်တိုက်ခြင်းများ​အကြောင်း​မှတ်တမ်းကို ပြန်​စမည်။

အကြောင်းမူကား၊ ရှုလော့၊ အချိန်​တန်လာသော​အခါ၊ ဇော်ရမ်​အမျိုးသားတို့သည် လာမန်​အမျိုးသားများ ဖြစ်​လာကြ၏။ ထို့ကြောင့်၊ တစ်ဆယ်ရှစ်နှစ်​မြောက်​စတင်သော​အချိန်၌ နီဖိုင်း​လူမျိုးတို့သည် သူတို့ကို လာမန်​အမျိုးသားတို့ တိုက်ခိုက်ရန်​လာကြသည်ကို မြင်ကြ၏။ ထိုကြောင့်၊ စစ်တိုက်ခြင်း​အတွက် ပြင်ဆင်ခြင်းများကို ပြုလုပ်ခဲ့ကြ၏။ အထူးသဖြင့်၊ ယေရှုန်​ပြည်၌ သူတို့​တပ်များကို အတူတကွ စုဝေး​ခဲ့ကြ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသောအခါ၊ လာမန်​အမျိုးသားတို့သည် ထောင်ပေါင်း​များစွာဖြင့် လာခဲ့ကြ၏။ ဇော်ရမ်​အမျိုးသားတို့၏​ပြည်ဖြစ်သည့် အန္တိယောနုံ​ပြည်ထဲသို့လည်း လာခဲ့ကြ၏။ ဇေရဟင်မန​အမည်​ရှိသော​လူမှာ သူတို့၏​အကြီး​အကဲ​ဖြစ်၏။

ယခုမူကား၊ အာမလက်​လူတို့သည် သူတို့​ကိုယ်တိုင်​အားဖြင့်၊ လာမန်​အမျိုးသားများ​ထက်ပို၍ ဆိုးညစ်ကြ၏၊ လူ့အသက်ကို သတ်လိုသော​စိတ်ညွတ်သော​သူများ​ဖြစ်၏။ ထို့ကြောင့်၊ ဇေရဟင်မနသည် လာမန်​အမျိုးသားတို့​အပေါ်၌ ဗိုလ်ချုပ်​မင်းတို့ကို ခန့်အပ်ထားလျက်၊ ထိုသူတို့​အားလုံးသည်၊ အာမလက်​လူများနှင့် ဇော်ရမ်​အမျိုးသားများ​ဖြစ်ကြ၏။

ယခုတွင်၊ ဤသို့​သူပြု​ခဲ့သည်မှာ၊ နီဖိုင်း​အမျိုးသားတို့​အပေါ်၌ သူတို့၏​အမုန်​တရားကို ဆက်၍​တည်ရှိ​နိုင်စေလျက်၊ သူ၏​အကြံ​အစည်​ပြီးမြောက်ခြင်း​အောက်သို့ ဆောင်ယူနိုင်​စေကြောင်း​ပေတည်း။

အကြောင်းမူကား၊ ရှုလော့၊ သူ၏​အကြံ​အစည်များမှာ၊ လာမန်​အမျိုးသားတို့ကို နီဖိုင်း​အမျိုးသားများအား ဆန့်ကျင်၍ အမျက်​ထွက်​စေခြင်းငှာ၊ နှိုးဆော်ရန်​ဖြစ်၏။ ဤသို့​သူပြုခဲ့​သည်မှာ၊ သူတို့​အပေါ်၌ ကြီးစွာသော​တန်ခိုးကို အနိုင်​အထက်​ရယူခြင်းငှာ​ဖြစ်၏။ နီဖိုင်း​အမျိုးသားတို့ကို ကျွန်ပြုခြင်း​သို့ ဆောင်ယူခြင်းအားဖြင့် အစိုးရ​နိုင်ခြင်းငှာလည်း​ဖြစ်၏။

ယခုမူကား၊ နီဖိုင်း​အမျိုးသားတို့၏​အကြံ​အစည်မှာ၊ သူတို့၏​မြေများ၊ သူတို့၏​အိမ်များ၊ သူတို့၏​ဇနီးများနှင့် သူတို့၏​သားသမီးများကို ထောက်မ​နိုင်ခြင်းငှာ​ဖြစ်၏၊ ထိုအရာတို့ကို သူတို့​ရန်သူများ၏​လက်မှ ကာကွယ်​စောင့်မနိုင်​စေကြောင်း၊ ဘုရားသခင်ကို သူတို့​အလို​ဆန္ဒ​အတိုင်း ကိုးကွယ် နိုင်စေကြောင်း အခွင့်အရေးများနှင့် အထူးအခွင့်​အရေးများ၊ ထိုမှတစ်ပါး၊ သူတို့၏​လွတ်လပ်ခြင်းကိုလည်း ကာကွယ်​စောင့်မနိုင်​စေကြောင်းတို့​ပင်တည်း။

၁၀ အကြောင်းမူကား၊ သူတို့သည် လာမန်​အမျိုးသားတို့၏​လက်ထဲသို့ ကျရောက်​ရလျှင်၊ မှန်ကန်ပြီး အသက်​ရှင်တော်မူသည့်​ဘုရားသခင်ကို၊ စိတ်ဝိညာဉ်ဖြင့်​လည်းကောင်း သမ္မာ​တရားဖြင့်​လည်းကောင်း ဘုရားသခင်ကို ကိုးကွယ်မည့်သူ အဘယ်သူကို​မဆို လာမန်​အမျိုးသားတို့ ဖျက်ဆီး​လိမ့်မည်​ဖြစ်ကြောင်း သိကြ၏။

၁၁ ထိုမှတစ်ပါး၊ အန္တိနီဖိုင်းလေဟိ​လူမျိုးများ​ဖြစ်သည့်၊ အမ္မုန်​လူမျိုးများဟု​ခေါ်သည့် သူတို့၏​ညီအစ်ကိုတို့​ဆီသို့​ရှိသော လာမန်​အမျိုးသားတို့၏ လွန်ကဲသော​အမုန်းတရားကိုလည်း သိ၏—သူတို့သည် လက်နက်​မစွဲကိုင်​လိုကြ၊ အကြောင်းမူကား၊ ပဋိညာဉ်​ပြုခဲ့ကြ၏၊ မချိုးဖောက်လိုကြ—ထို့ကြောင့်၊ သူတို့သည် လာမန်​အမျိုးသားတို့၏​လက်ထဲသို့ ကျရောက်ရလျှင်၊ ဖျက်ဆီး​ခံရကြ​လိမ့်မည်။

၁၂ နီဖိုင်း​အမျိုးသားတို့ကလည်း ထိုသူတို့​ဖျက်ဆီး​ခံရရန် အခွင့်မ​ပေးလို။ ထို့ကြောင့်၊ သူတို့၏​အမွေ​ခံရာ​အဖြစ် မြေကို ပေးကြ၏။

၁၃ အမ္မုန်​လူမျိုးတို့ကလည်း သူတို့​ဥစ္စာများမှ များသော​အစုကို နီဖိုင်း​အမျိုးသားတို့အား တပ်များကို ထောက်မခြင်းငှာ၊ ပေးကြ၏။ ထိုကဲ့သို့​အားဖြင့်၊ နီဖိုင်း​အမျိုးသား​တစ်မျိုးတည်းဖြင့်၊ လာမန်နှင့် လေမွေလတို့၏​အမျိုးအနွယ်များ၊ ထို့အတူ ဣရှမေလ၏​သားများ၊ နီဖိုင်း​အမျိုးသားတို့ထံမှ ခွဲထွက်ခဲ့သည့် အာမလက်​လူခပ်သိမ်းနှင့် ဇော်ရမ်​အမျိုးသားများ၊ နောဧ၏​ယဇ်ပုရောဟိတ်တို့၏ အမျိုး​အနွယ်များနှင့်​ပေါင်း​စပ်ထားသည့် လာမန်​အမျိုးသားတို့ကို ဆန့်ကျင်​ခုခံရန် အနိုင်​အထက်​စီရင် ခံရ၏။

၁၄ ယခုတွင်၊ ထိုအမျိုး​အနွယ်တို့သည် နီဖိုင်း​အမျိုးသားတို့တမျှ များပြားလေ၏။ ထိုကဲ့သို့​အားဖြင့်၊ နီဖိုင်း​အမျိုးသားတို့သည် အသွေး​သွန်းလောင်းသည့်​တိုင်အောင်ပင် သူတို့​ညီအစ်ကိုများနှင့် တိုက်ခိုက်စေရန် အနိုင်​ပြု​ခံရ၏။

၁၅ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာမန်​အမျိုးသားတို့​တပ်များသည် အန္တိယောနုံ​ပြည်၌ အတူတကွ​စုဝေးလေသဖြင့်၊ ရှုလော့၊ နီဖိုင်း​အမျိုးသားတို့၏​တပ်များသည်လည်း ယေရှုန်​ပြည်ထဲ၌ သူတို့နှင့်​တိုက်ရန် ပြင်ဆင်ကြ၏။

၁၆ ယခုတွင်၊ နီဖိုင်း​အမျိုးသားတို့၏​ခေါင်းဆောင်၊ သို့မဟုတ် နီဖိုင်း​အမျိုးသားတို့​အပေါ်၌ ဗိုလ်ချုပ်မင်း​အဖြစ် ခန့်အပ်ခံ​ထားရသောသူ—ယခုတွင်၊ ထိုဗိုလ်ချုပ်​မင်းသည် နီဖိုင်း​အမျိုးသားတို့၏​တပ်ခပ်သိမ်းကို ကွပ်ကဲ​အုပ်ချုပ်၏—သူ၏​အမည်မှာ မော်ရော်နိုင်း​ဖြစ်၏။

၁၇ မော်ရော်နိုင်း​သည်လည်း သူတို့၏​စစ်တိုက်ခြင်း​အဏာ​စက်ကို အလုံးစုံ​ကွပ်ကဲ​အုပ်ချုပ်၏။ သူသည် နီဖိုင်း​အမျိုးသားတို့၏​တပ်များ​အပေါ် ဗိုလ်ချုပ်မင်း​အဖြစ် ခန့်အပ်​ခံရစဉ်က အသက်​နှစ်ဆယ်ငါးနှစ်မျှသာ ရှိ​သေး၏။

၁၈ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူသည် လာမန်​အမျိုးသားတို့ကို ယေရှုန်၏​နယ်နိမိတ်၌ တိုက်ခိုက်၍၊ သူ၏​လူတို့​သည်လည်း ဓားများဖြင့်၊ ဓားကောက်များနှင့် အမျိုးမျိုးသော​စစ်တိုက်ရာ​လက်နက်များဖြင့် စွဲကိုင်ကြ၏။

၁၉ လာမန်​အမျိုးသားတို့၏​တပ်များသည်လည်း နီဖိုင်း​လူမျိုးတို့ကို​မြင်ကြလျှင်၊ သို့မဟုတ်၊ မော်ရော်နိုင်းက သူ၏​လူမျိုးတို့ကို ရင်အုပ်​တန်ဆာများဖြင့်​လည်းကောင်း၊ လက်မောင်း​ဒိုင်းများဖြင့်​လည်းကောင်း၊ ထိုမှတစ်ပါး၊ သူတို့၏​ဦးခေါင်းကို ကာကွယ်ရန် ဒိုင်းများဖြင့်​လည်းကောင်း၊ ထို့အတူ ထူသော​အဝတ်များဖြင့် ဝတ်ဆင်ထား၍​လည်းကောင်း ပြင်ဆင်ခဲ့​လေသည်ကို မြင်ကြလျှင်—

၂၀ ယခုတွင်၊ ဇေရဟင်မန၏​တပ်သည် ထိုကဲ့သို့သော​အရာတစ်စုံ​တစ်ခုဖြင့် ပြင်ဆင်​မထား။ သူတို့၏​ဓားများနှင့် သူတို့၏​ဓားကောက်များ၊ သူတို့၏​လေးများနှင့် သူတို့၏​မြားများ၊ သူတို့၏​ကျောက်ခဲများနှင့် သူတို့၏​လောက်လွှဲများ​သာရှိလေ၏။ သူတို့​ခါး၌​စည်းထားသည့် သားရေ​မှတစ်ပါး၊ အဝတ်လည်း​မရှိ။ ထိုမှတစ်ပါး၊ ဇော်ရမ်​အမျိုးသားတို့နှင့် အာမလက်​လူတို့​မှတစ်ပါး၊ ခပ်သိမ်းသော​သူတို့သည် အဝတ်​မရှိ။

၂၁ သို့ရာတွင်၊ သူတို့သည် ရင်အုပ်​တန်ဆာ​များဖြင့်​သော်​လည်း​ကောင်း၊ ဒိုင်းများဖြင့်​သော်​လည်းကောင်း စွဲကိုင်​မထားလေရကား—ထို့ကြောင့်၊ သူတို့​အရေ​အတွက်မှာ နီဖိုင်း​အမျိုးသားတို့ထက် အလွန်များ​ပြားသော်​ငြားလည်း၊ နီဖိုင်း​အမျိုးသား​တပ်များကို သူတို့၏​ချပ်ဝတ်​တန်ဆာများကြောင့်၊ လွန်စွာ​ကြောက်လန့်ကြ၏။

၂၂ ရှုလော့၊ ယခုတွင်၊ အချိန်တန်​လာသော​အခါ၊ သူတို့သည် ယေရှုန်၏​နယ်နိမိတ်၌ နီဖိုင်း​အမျိုးသားတို့ကို​ဆန့်ကျင်၍ မတိုက်ခိုက်ဝံ့ကြ။ ထိုကြောင့်၊ အန္တိယောနုံ​ပြည်မှ​နေ၍ တောရိုင်းထဲသို့ ထွက်ခွာလျက်၊ မန်တိ​ပြည်ထဲသို့​ဝင်၍ ထိုပြည်ကို​သိမ်းယူ​နိုင်ခြင်းငှာ၊ တောရိုင်း​တစ်ဝိုက်၊ ဇိဒုန်မြစ်​ဖျားနှင့်​ဝေးရာတွင် ခရီး​သွားကြ၏။ အကြောင်းမူကား၊ သူတို့​သည် မိမိတို့အဘယ်​အရပ်သို့ သွားလေသည်ကို မော်ရော်နိုင်း၏​တပ်များ​သိလိမ့်မည်ဟု မထင်မှတ်ကြ။

၂၃ သို့ရာတွင်၊ အချိန်တန်​လာသော​အခါ၊ တောရိုင်းထဲသို့ သူတို့​ထွက်ခွာ​သွားလျှင်​သွားခြင်း၊ မော်ရော်နိုင်းသည် သူတို့၏​ရိက္ခာတပ်ကို စောင့်ကြည့်​စေခြင်းငှာ​သူလျှိုများကို စေလွှတ်၏။ မော်ရော်နိုင်းသည် အယ်လမာ၏ ပရောဖက်​ပြုဟောချက်များကိုလည်း သိ၍၊ သူ့ထံသို့ လူအချို့ကို​လွှတ်ပြီးလျှင်၊ နီဖိုင်း​အမျိုးသားတို့၏​တပ်များမှာ လာမန်​အမျိုးသားတို့​တစ်ဖက်၌ မိမိတို့ကိုယ်ကို ကာကွယ်ခြင်းငှာ အဘယ်အရပ်သို့ သွားရမည်ကို၊ ကိုယ်တော်ရှင်ထံ မေးလျှောက်ပါမည့်​အကြောင်း တောင်း​ဆိုစေ၏။

၂၄ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ကိုယ်တော်ရှင်၏​စကားသည် အယ်လမာထံသို့ ရောက်လာ၍၊ အယ်လမာသည် မော်ရော်နိုင်း၏​တမန်တို့အား၊ လာမန်​အမျိုးသားတို့၏​တပ်များ မန်တိ​ပြည်ထဲသို့ ဝင်ရောက်​နိုင်ခြင်းငှာ​လည်းကောင်း၊ လူတို့၏ ပို၍​အားနည်းသော​အပိုင်းကို တိုက်ခိုက်ခြင်း​စတင်​နိုင်ခြင်းငှာ​လည်းကောင်း တောရိုင်း​တစ်ဝိုက်၌ ချီတက်​လာလျက်​ရှိကြောင်းကို ပြောပြ၏။ ထိုတမန်တို့ကလည်း သွား၍၊ မော်ရော်နိုင်းအား သတင်း​စကားကို ပြောကြ၏။

၂၅ ယခုတွင်၊ မော်ရော်နိုင်းသည် လာမန်​အမျိုးသား​တစ်ချို့က အဘယ်နည်းဖြင့်​ဖြစ်စေ ထိုပြည်ထဲသို့ ဝင်ရောက်၍၊ မြို့ကို​သိမ်းယူ​မသွား​စေခြင်းငှာ၊ မိမိ​တပ်အချို့ကို ယေရှုန်​ပြည်၌ ချန်ထားခဲ့​ပြီးမှ၊ သူ့​တပ်၏​ကျန်ကြွင်းသော​အစုကို ခေါ်ယူ၍၊ မန်တိ​ပြည်ထဲသို့ ချီ​တက်၏။

၂၆ သူသည် ပြည်၏ ထိုအရပ်မှ လူတို့ကိုလည်း လာမန်​အမျိုးသားတို့ကို ဆန့်ကျင်၍​စစ်တိုက်ကြခြင်းငှာ​လည်းကောင်း၊ သူတို့​မြေနှင့် သူတို့​တိုင်းပြည်၊ သူတို့အခွင့်အရေးများနှင့် သူတို့၏​လွတ်လပ်မှုကို ကာကွယ်ခြင်းငှာ​လည်းကောင်း သူတို့ကိုယ်​သူတို့ အတူတကွ စုဝေးစေ၏။ ထို့ကြောင့်၊ သူတို့သည် လာမန်​အမျိုးသားတို့ လာကြမည့်​အချိန်​ကာလ​အတွက် ပြင်ဆင်ကြ၏။

၂၇ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ မော်ရော်နိုင်းသည် သူ၏​တပ်ကို ဇိဒုန်​မြစ်ကမ်း အနီး၌​ရှိသည့်၊ တောရိုင်းထဲ၌ ဇိဒုန်​မြစ်၏​အနောက်ဘက်တွင်​ရှိသည့် ချိုင့်ဝှမ်းတွင် ပုန်းကွယ်စေ၏။

၂၈ ထို့အတူ၊ မော်ရော်နိုင်းသည် လာမန်​အမျိုးသားတို့၏​ရိက္ခာတပ် လာမည့်​အချိန်ကို သိနိုင်ခြင်းငှာ၊ ပတ်ဝန်းကျင်၌ သူလျှိုများ​ချထား၏။

၂၉ ယခုမူကား၊ မော်ရော်နိုင်းသည် လာမန်​အမျိုးသားတို့၏ ကြံရွယ်ချက်၊ သူတို့​ညီအစ်ကိုများကို​ဖျက်ဆီးရန်၊ သို့မဟုတ်၊ ထိုပြည်ပေါ်၌ သူတို့​ကိုယ်တိုင်​အတွက် နိုင်ငံကို တည်ထောင်​နိုင်ခြင်းငှာ၊ သူတို့ကို အုပ်စိုး၍၊ ကျွန်ပြုခြင်းသို့ ဆောင်ယူရန်​ဟူသော ကြံရွယ်ချက်ကို သိသဖြင့်၊

၃၀ ထို့အတူ သူသည် နီဖိုင်း​အမျိုးသားတို့၏ အလို​ဆန္ဒမှာ သူတို့​ပြည်၊ သူတို့​လွတ်လပ်ခြင်းနှင့် သူတို့​အသင်းတော်ကို ကာကွယ်​စောင့်မလိုခြင်း​သာလျှင်​ဖြစ်ကြောင်းကိုလည်း သိ၏။ ထို့ကြောင့်၊ ၎င်းတို့ကို ကာကွယ်​ရခြင်းမှာ အပြစ်​မရှိဟု တွေးမိ၏။ ထို့ကြောင့်၊ သူ၏​သူလျှိုတို့​အားဖြင့်၊ လာမန်​အမျိုးသားတို့​သွားမည့်​လမ်းကို ရှာဖွေ၏။

၃၁ ထို့ကြောင့်၊ သူ၏​တပ်ကို ပိုင်းခြား၍၊ အချို့ကို ချိုင့်ဝှမ်းထဲသို့ ဆောင်ယူလျက် အရှေ့​ဘက်နှင့် ရိဖလာ​တောင်ကုန်း၏ တောင်​အရပ်၌ ဖုံးကွယ်​ထား၏။

၃၂ ကျန်ကြွင်းသော​သူတို့ကိုလည်း အနောက်​အရပ်​ချိုင့်ဝှမ်း၊ ဇိဒုန်​မြစ်၏​အနောက်​အရပ်နှင့် မန်တိ​ပြည်၏​နယ်နိမိတ်ထဲသို့​အထိ ဖုံးကွယ်​ထား၏။

၃၃ ထိုကဲ့သို့ သူ၏​တပ်များကို သူ့​အလို​ဆန္ဒ​အတိုင်း နေရာ​ချပြီးမှ သူတို့နှင့် တိုက်ခိုက်ရန် ပြင်ဆင်၏။

၃၄ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာမန်​အမျိုးသားတို့သည် မော်ရော်နိုင်း၏​တပ်အချို့ ကို​ဖုံးကွယ်​ထားရာ​တောင်ကုန်း၏ မြောက်အရပ်သို့ တက်လာကြ၏။

၃၅ လာမန်​အမျိုးသားတို့ ရိဖလာ​တောင်ကုန်းကို ဖြတ်ကျော်၍၊ ချိုင့်ဝှမ်းထဲသို့​ဝင်ပြီးလျှင်၊ ဇိဒုန်​မြစ်ကို ဖြတ်ကူး​စပြုသော​အခါ၊ တောင်ကုန်း၏​တောင်အရပ်၌ ဖုံးကွယ်ထားသည့် တပ်ကို လေဟိဟု​အမည်ရှိ​သောသူ​အားဖြင့် ဦးဆောင်၏။ သူသည်လည်း မိမိ​တပ်ကို ဦးဆောင်၍၊ လာမန်​အမျိုးသားတို့ကို၊ အရှေ့​အရပ်တွင် သူတို့၏​နောက်ပိုင်း၌ ဝိုင်းပတ်​ထား၏။

၃၆ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာမန်​အမျိုးသားတို့သည် သူတို့၏​နောက်ပိုင်း၌ နီဖိုင်း​အမျိုးသားတို့ လာ၍​တိုက်ခိုက်လျက်​ရှိသည်ကို မြင်လျှင်၊ သူတို့​ကိုယ်ကို ပြန်လှည့်၍ လေဟိ၏​တပ်နှင့် တိုက်ခိုက်​စပြု၏။

၃၇ နှစ်ဖက်​စလုံး၌လည်း အသေ​သတ်ခြင်း​အမှုကို စတင်ကြ၏။ သို့ရာတွင်၊ လာမန်​အမျိုးသားတို့​ဘက်၌ ပို၍​ကြောက်မက်ဖွယ်​ဖြစ်လေ၏။ အကြောင်းမူကား၊ သူတို့၏​အဝတ်​မရှိခြင်းက နီဖိုင်း​အမျိုးသားတို့၏ ဓားများ၊ ဓားကောက်များဖြင့် ဓားချက်​တိုင်းလိုလို၌ သေခြင်းကို ရောက်စေသည့် ပြင်းထန်သော​တိုက်ခိုက်ခြင်းသို့ ဖွင့်လှစ်​ထားလေ၏။

၃၈ အခြား​တစ်ဖက်တွင်မူကား၊ နီဖိုင်း​အမျိုးသားတို့သည် ကိုယ်ခန္ဓာရှိ​အသက်ရှင်ရန် သာ၍​အရေးကြီးသော​အပိုင်းတို့ကို ကာကွယ်​ထား၍၊ သို့မဟုတ်၊ ကိုယ်ခန္ဓာရှိ အသက်ရှင်ရန် သာ၍​အရေးကြီးသော​အပိုင်းတို့ကို လာမန်​အမျိုးသားတို့၏​ဓားချက်များမှ၊ သူတို့​ရင်အုပ်​တန်ဆာများဖြင့်​လည်းကောင်း၊ သူတို့​လက်မောင်း​ဒိုင်းများဖြင့်​လည်းကောင်း၊ သူတို့​ဦးခေါင်း​တန်ဆာများဖြင့်​လည်းကောင်း ကာကွယ်​ထားသောကြောင့်၊ သူတို့၏​ဓားများ​အားဖြင့် သွေးလွန်၍၊ တစ်ခါ​တစ်ရံ၌သာ ကျရှုံး​သူရှိ၏။ ထိုကဲ့သို့​အားဖြင့်၊ နီဖိုင်း​အမျိုးသားတို့သည် လာမန်​အမျိုးသားတို့၌ အသေ​သတ်ခြင်း​အမှုကို ဆက်၍ ပြုကြ၏။

၃၉ ဤသို့​အားဖြင့်​အချိန်တန်လာသော​အခါ၊ လာမန်​အမျိုးသားတို့သည် သူတို့၌ ကြီးစွာသော​ပျက်စီးခြင်းကြောင့်၊ ဇိဒုန်​မြစ်ဆီသို့ ထွက်ပြေး​စပြုသည်​တိုင်အောင်ပင် ကြောက်လန့်​လာကြ၏။

၄၀ သူတို့သည် လေဟိနှင့် သူ၏​လူများတို့​အားဖြင့် အ​လိုက်ခံရ၏။ လေဟိအားဖြင့် ဇိဒုန်​မြစ်ရေထဲသို့ မောင်းချသည်​ကိုလည်း ခံရလျက်၊ ဇိဒုန်​မြစ်ရေကို ဖြတ်ကူးကြ၏။ လေဟိသည်လည်း မိမိ​တပ်များကို မဖြတ်ကူး​စေခြင်းငှာ ဇိဒုန်​မြစ်ကမ်းပေါ်၌ ထိန်းသိမ်းထား၏။

၄၁ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဇိဒုန်​မြစ်၏​အခြား​တစ်ဖက်​ကမ်းပေါ်၌ မော်ရော်နိုင်းနှင့်​သူ၏​တပ်များသည် လာမန်​အမျိုးသားတို့ကို ချိုင့်ဝှမ်းထဲ၌ ရင်ဆိုင်၊ တိုက်ခိုက်၍ ကွပ်မျက်​စပြုကြ၏။

၄၂ လာမန်​အမျိုးသားတို့​သည်လည်း သူတို့​ရှေ့မှ​နေ၍ မန်တိ​ပြည်ဆီသို့ တစ်ဖန်​ထွက်ပြေးလျက် မော်ရော်နိုင်း၏​တပ်များနှင့် တစ်ဖန်​ရင်ဆိုင်​ရပြန်၏။

၄၃ ယခုတွင်၊ ဤအခြေအနေ၌၊ လာမန်​အမျိုးသားတို့သည် ပြင်းထန်စွာ​တိုက်ခိုက်ကြ၏။ အထူးသဖြင့်၊ လာမန်​အမျိုးသားတို့ကို အဘယ်သော​အခါကမျှ၊ ထိုကဲ့သို့ အလွန်​ကြီးစွာသော​ခွန်အားနှင့် ရဲရင့်ခြင်းတို့ဖြင့်​တိုက်ခိုက်သည်ကို မတွေ့ရ​စဖူး၊ မတွေ့ရ၊ ရှေးဦးစွာ​ကတည်းကပင် မတွေ့ရ။

၄၄ သူတို့​ဗိုလ်ချုပ်မင်းများနှင့် အကြီး​အကဲများ​ဖြစ်သူ၊ ဇော်ရမ်​အမျိုးသားများနှင့် အာမလက်​လူတို့​အားဖြင့်​လည်းကောင်း၊ သူတို့​ဗိုလ်ချုပ်မင်း သို့မဟုတ်၊ သူတို့​အကြီး​အကဲမင်းနှင့် တပ်မှူး​ဖြစ်သူ ဇေရဟင်မန​အားဖြင့်​လည်းကောင်း၊ လမ်းပြ​လှုံ့ဆော်​ခံရ၍၊ အမှန်စင်စစ်၊ သူတို့သည် နဂါးများ​ကဲ့သို့​တိုက်ခိုက်သဖြင့် များစွာသော​နီဖိုင်း​အမျိုးသားတို့သည် သူတို့​လက်ဖြင့် ကွပ်မျက်​ခံရ၏။ အကြောင်းမူကား၊ သူတို့၏​ဦးခေါင်း​တန်ဆာ​များစွာတို့ကို နှစ်ခြမ်း​ခွဲ၏။ သူတို့​ရင်အုပ်​တန်ဆာ​များကိုလည်း ထိုးဖောက်ကြ၏။ သူတို့​လက်များကိုလည်း ခုတ်ဖြတ်ကြ၏။ ထိုကဲ့သို့​အားဖြင့်၊ လာမန်​အမျိုးသားတို့သည် ပြင်းစွာသော​အမျက်ဖြင့် တိုက်ခိုက်ကြ၏။

၄၅ သို့သော်လည်း၊ နီဖိုင်း​အမျိုးသားတို့သ​ည်ကား၊ ပို၍​ကောင်းမြတ်သော​အကြောင်း​အားဖြင့် လမ်းပြ​လှုံ့ဆော်ခံရ၏။ အကြောင်းမူကား၊ သူတို့သည် ဘုရင်​စနစ်အတွက် တိုက်ခိုက်မနေကြ၊ အာဏာ​အတွက်လည်း​မဟုတ်၊ သူတို့နေအိမ်နှင့် သူတို့​လွတ်လပ်မှု၊ သူတို့​ဇနီးများနှင့် သူတို့​သားသမီးများ၊ ထို့အတူ၊ သူတို့၏​အလုံးစုံသော​အရာများ၊ အထူးသဖြင့်၊ သူတို့​ကိုးကွယ်ရာ​ထုံးစံများနှင့် သူတို့​အသင်းတော်​အတွက်သာ တိုက်ခိုက်နေကြ၏။

၄၆ ထို့အတူ၊ သူတို့သည် မိမိတို့၏​ဘုရားသခင်ထံသို့ ဆပ်ရမည့်တာဝန်​ဖြစ်လေသည်ဟု တွေးမိသည့်​အရာကို ပြုလျက်​ရှိ၏။ အကြောင်းမူကား၊ ကိုယ်တော်ရှင်သည် သူတို့ကို၊ ထို့အတူ၊ သူတို့၏​ဘိုးဘေးတို့ကိုလည်း မိန့်တော်မူလေသည်မှာ၊ သင်တို့သည် ပထမ​တိုက်ခိုက်ခြင်း​အတွက်​သော်​လည်းကောင်း၊ ဒုတိယ​တိုက်ခိုက်ခြင်း​အတွက်​သော်​လည်း​ကောင်း၊ အပြစ်​ရောက်ရန် မရှိလေသမျှ၊ သင်တို့ကိုယ်​သင်တို့ သင်တို့​ရန်သူများ၏​လက်ဖြင့် ကွပ်မျက်​ခံရရန် အခွင့်​မပေးရ။

၄၇ ထိုမှတစ်ဖန်၊ ကိုယ်တော်ရှင်​မိန့်တော်မူ​လေသည်ကား၊ သင်တို့သည် အသွေး​သွန်းလောင်းသည့်​တိုင်အောင်ပင် သင်တို့၏​မိသားစုများကို ကာကွယ်ရမည်ဟု ဖြစ်လေသတည်း။ ထို့ကြောင့်၊ ဤအကြောင်းရင်းကြောင့်၊ နီဖိုင်း​အမျိုးသားတို့သည် သူတို့​ကိုယ်တိုင်နှင့် သူတို့​မိသားစုများ၊ ထို့အတူ၊ သူတို့မြေ၊ သူတို့​တိုင်းပြည်၊ ထို့အတူ၊ သူတို့အခွင့်အရေးများ၊ ထို့အတူ၊ သူတို့​ဘာသာတရားကို ကာကွယ်ခြင်းငှာ၊ လာမန်​အမျိုးသားတို့နှင့် တိုက်ခိုက်ကြ၏။

၄၈ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ မော်ရော်နိုင်း၏​လူတို့သည် လာမန်​အမျိုးသားတို့၏ ပြင်းထန်မှုနှင့် အမျက်​ဒေါသတို့ကို မြင်လျှင်၊ တွန့်ဆုတ်၍ ထွက်​ပြေးတော့မည်​ပြုကြ၏။ မော်ရော်နိုင်းကလည်း၊ သူတို့၏​ရည်ရွယ်ချက်ကို သိမြင်လျှင်၊ စကားစေလွှတ်၍၊ သူတို့​စိတ်နှလုံးကို ဤအတွေးများ—အထူးသဖြင့်၊ သူတို့မြေ၊ သူတို့​လွတ်လပ်ခြင်း၊ အမှန်စင်စစ်၊ သူတို့​ကျွန်ခံရာမှ​လွတ်လပ်ခွင့်တို့အကြောင်း အတွေးများဖြင့် လမ်းပြ​လှုံ့ဆော်ခဲ့၏။

၄၉ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် လာမန်​အမျိုးသားတို့​ဘက်သို့ ပြန်လှည့်၍၊ သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်ထံသို့ သူတို့၏​လွတ်လပ်ခြင်းနှင့် သူတို့​ကျွန်ခံရာမှ​လွတ်လပ်ခွင့်တို့​အတွက် တစ်သံ​တည်းဖြင့် တောင်းလျှောက်ကြ၏။

၅၀ သူတို့သည် လာမန်​အမျိုးသားတို့ကို အင်အားဖြင့် ခုခံကြ၏။ ထို​တစ်ချိန်တည်း၌ပင်၊ သူတို့​လွတ်လပ်ခွင့်​အတွက် ကိုယ်တော်ရှင်ထံသို့ တောင်းလျှောက်၍၊ သူတို့ရှေ့မှ လာမန်​အမျိုးသားတို့​ထွက်ပြေး​စပြုလျက်၊ ဇိဒုန်​မြစ်ရေသို့ ရောက်သည့်​တိုင်အောင်ပင် ထွက်​ပြေးကြ၏။

၅၁ ယခုတွင်၊ လာမန်​အမျိုးသားတို့မှာ ပို၍​များပြား၏၊ အမှန်စင်စစ်၊ နီဖိုင်း​အမျိုးသားတို့​အရေ​အတွက်​နှစ်ဆထက်ပင် ပို၍​များ၏။ သို့သော်လည်း၊ သူတို့သည် နှင်ထုတ်​ခံရသဖြင့်၊ ဇိဒုန်​မြစ်ကမ်း​ပါးအနီး၊ ချိုင့်ဝှမ်းထဲ၌ အုပ်စု​တစ်ခု​အဖြစ်၊ အတူတကွ စုဝေးကြ၏။

၅၂ ထို့ကြောင့်၊ မော်ရော်နိုင်း၏​တပ်များသည် သူတို့ကို ပတ်လည်​ဝိုင်းထား၏။ အထူးသဖြင့်၊ မြစ်၏​နှစ်ဖက်စလုံး၌ ဝိုင်းထားကြ၏။ အကြောင်းမူကား၊ ရှုလော့၊ အရှေ့​ဘက်တွင် လေဟိ၏​လူများ ရှိ၏။

၅၃ ထို့ကြောင့်၊ ဇေရဟင်မနသည် လေဟိ၏​လူများကို ဇိဒုန်မြစ်​အရှေ့​ဘက်တွင်​လည်းကောင်း၊ မော်ရော်နိုင်း၏​တပ်များကို ဇိဒုန်မြစ်​အနောက်​ဘက်တွင်​လည်းကောင်း မြင်ရလေလျှင်၊ သူတို့သည် နီဖိုင်း​အမျိုးသားတို့​အားဖြင့် ဝိုင်းပတ်​ထားခံရ၍ ကြောက်စိတ်ဖြင့် စိတ်ထိ​ခိုက်ကြလေ၏။

၅၄ ယခုတွင်၊ မော်ရော်နိုင်းသည် ထိုသူတို့၏ ကြောက်ခြင်းကို မြင်လျှင်၊ အသွေး​သွန်းလောင်းခြင်းကို ရပ်တန့်ရမည့်အကြောင်း မိမိလူတို့ကို အမိန့်​ပေး၏။