ကျမ်းစာများ
အယ်လမာ ၂၂


အခန်းကြီး ၂၂

အာရုန်သည် ဖန်ဆင်း​တော်မူခြင်း၊ အာဒံ၏​ကျရှုံးခြင်းနှင့် ခရစ်တော်​အားဖြင့် ရွေးနှုတ်ခြင်း​အစီအစဉ်ကို လာမောနိ၏​အဘအား သွန်သင်​ပေး၏—မင်းကြီးနှင့် သူ၏​အိမ်သူ​အိမ်သားခပ်သိမ်းတို့ ပြောင်းလဲ ကြ၏—နီဖိုင်း​အမျိုးသားတို့နှင့် လာမန်​အမျိုးသားတို့ကြား နယ်မြေ​ပိုင်းခြားခြင်းကို ရှင်းပြ​ထား၏။ ဘီစီ ၉၀–၇၇ ခန့်။

ယခုတွင်၊ အမ္မုန်က လာမောနိ၏​လူမျိုးတို့ကို ထိုကဲ့သို့ အစဉ်​မပြတ်​သွန်သင်လျက်​ရှိစဉ်တွင်၊ အာရုန်နှင့် သူ့ညီအစ်ကိုတို့​အကြောင်း မှတ်တမ်းကို ငါတို့​ပြန်စ​ကြမည်။ အကြောင်းမူကား၊ သူသည် မိဒေါနိ​ပြည်မှ ထွက်ခွာ​သွားခဲ့​ပြီးနောက်၊ နီဖိုင်းပြည်သို့​၊ အမှန်စင်စစ်၊ ဣရှမေလ​ပြည်မှတစ်ပါး၊ ခပ်သိမ်းသော​ပြည်တို့​အပေါ်၌ မင်းကြီး​ဖြစ်သော​သူ၏​အိမ်သို့​တိုင်အောင် ဆောင်သွား ခံရလေ၏။ ထိုမင်းကြီး​သည်ကား၊ လာမောနိ၏​အဘ​ဖြစ်၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူ့ညီအစ်ကိုတို့နှင့်​အတူ မင်းကြီး၏​နန်းတော်ထဲသို့ ဝင်၍ တွေ့ပြီး၊ မင်းကြီးရှေ့၌ ဦးညွှတ်၍၊ ဆိုလေသည်ကား၊ ရှုတော်မူပါ၊ အို မင်းကြီး၊ အကျွန်ုပ်တို့သည် ထောင်ထဲမှ ကိုယ်တော်​လွှတ်ပေးသူ​များတည်းဟူသော၊ အမ္မုန်၏​အစ်ကိုတို့ ဖြစ်ပါ၏။

ယခုမူကား၊ အို မင်းကြီး၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏​အသက်ကို ချမ်းသာ​ပေးမည်​ဆိုလျှင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်၏​ကျွန်များ ဖြစ်ကြပါမည်။ မင်းကြီး​ဆိုလေ​သည်ကား၊ ထလော့၊ ငါသည် သင်တို့​အသက်ကို ချမ်းသာ​ပေးမည်။ သင်တို့အား ငါ၏​ကျွန်များ​ဖြစ်ရန် အခွင့်​ပေးမည်​မဟုတ်။ သို့ရာတွင် သင်တို့ ငါ့ကို ကူညီ​ထောက်မရန် အမိအရ​တိုက်တွန်းမည်။ အကြောင်းမူကား၊ သင်တို့၏​ညီအမ္မုန်၏ စိတ်သဘော​ကောင်းမြတ်ခြင်းနှင့် သူ့စကားများ၏​ကြီးမြတ်ခြင်းကြောင့် ငါအတော်​အသင့်​စိတ်ညှိုးငယ်​ရလေပြီ။ သင်တို့နှင့်​အတူ၊ မိဒေါနိ​ပြည်မှ အဘယ်ကြောင့် သူထွက်၍​မလာသည့်​အကြောင်း​ရင်းကိုလည်း ငါသိ​လို၏။

အာရုန်ကလည်း မင်းကြီးအား၊ ရှုလော့၊ ကိုယ်တော်ရှင်၏​ဝိညာဉ်တော်က သူ့ကို တခြား​အရပ်သို့ ခေါ်တော်မူ၍၊ လာမောနိ၏​လူမျိုးတို့ကို သွန်သင်ခြင်းငှာ ဣရှမေလ​ပြည်သို့ သူသွား​လေပြီဟု ဆို၏။

ယခုတွင်၊ မင်းကြီးက သူတို့ကို ဆိုလေ​သည်ကား၊ သင်တို့​ပြောလေသည့် ကိုယ်တော်ရှင်၏​ဝိညာဉ်တော်​အကြောင်းကား၊ အဘယ်နည်း။ ရှုလော့၊ ဤအရာ​သည်ကား၊ ငါ့ကို စိတ်ညှိုးငယ်​စေသော​အရာ​ပေတည်း။

ထို့အတူ၊ အမ္မုန်​ဆိုလေသည့်—သင်နောင်တရလျှင်၊ ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်၊ သင် နောင်တမရလျှင်၊ နောက်ဆုံးသော​နေ့၌ စွန့်ပစ်​ခံရလိမ့်မည်ဟူ​သည်ကား၊ အဘယ်နည်း။

အာရုန်ကလည်း ဘုရားသခင်​ရှိတော်မူသည်ကို အသင်​ယုံကြည်သလောဟု ဆို၍​ဖြေ၏။ မင်းကြီး​ဆိုလေသည်ကား၊ ဘုရားသခင် ရှိတော်မူသည်ဟု အာမလက်လူတို့ ပြောသည်ကို ငါသိ၍၊ သူ့ကို ကိုးကွယ်ရန် သူတို့ကိုယ်သူတို့အတူတကွ စည်းဝေးနိုင်​စေခြင်းငှာ ဝတ်ပြုရာ​ဌာနများကို ဆောက်ရန် သူတို့ကို ငါအခွင့်​ပေး၏။ ယခုမူကား၊ ဘုရားသခင်​ရှိတော်မူ​သည်ဟု သင်ပြောလျှင်၊ ရှုလော့၊ ငါယုံကြည်မည်။

ယခုမူကား၊ အာရုန်သည် ဤအရာကို ကြားလျှင်၊ စိတ်နှလုံး​ရွှင်လန်း​ဝမ်းမြောက်​စပြုလျက်၊ ရှုလော့၊ ကိုယ်တော် အမှန်​အသက်​ရှင်သည့်​အတိုင်း၊ အို မင်းကြီး၊ ဘုရားသခင်​ရှိတော်မူ၏ဟု ဆို၏။

မင်းကြီးကလည်း ငါတို့​ဘိုးဘေးတို့ကို ယေရုရှလင်နယ်မြေမှ ဆောင်ယူခဲ့သည့် ကြီးမြတ်သော​ဝိညာဉ်တော်သည် ဘုရားသခင်​ဖြစ်သလောဟု ဆို၏။

၁၀ အာရုန်ကလည်း၊ ဟုတ်ကဲ့၊ သူသည်ကား၊ ထိုကြီးမြတ်သော​ဝိညာဉ်တော်​ဖြစ်၍၊ ကောင်းကင်ဘုံနှင့် မြေကြီး​နှစ်ခုစလုံး၌ ခပ်သိမ်းသော​အရာတို့ကို ဖန်ဆင်း​တော်မူ၏။ ဤအမှုကို သင်​ယုံကြည်​သလောဟု ဆို၏။

၁၁ သူကလည်း ဟုတ်ပေ၏။ ကြီးမြတ်သော​ဝိညာဉ်တော်က ခပ်သိမ်းသော​အရာတို့ကို ဖန်ဆင်း​တော်မူခဲ့သည်ကို ငါယုံကြည်၍၊ ဤ​အရာခပ်သိမ်းတို့နှင့် စပ်လျဉ်းပြီး၊ သင်တို့ ငါ့ကို ပြောပြစေရန် ငါတောင်းဆို၏။ သင်တို့၏​စကားများကိုလည်း ယုံကြည်မည်။

၁၂ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ အာရုန်သည် မိမိစကားများကို မင်းကြီး​ယုံကြည်မည့်​အကြောင်း သိလျှင်၊ အာဒံကို ဖန်ဆင်းတော်မူခြင်းမှ​အစ​ပြု၍ မင်းကြီးအား ကျမ်းစာများကို ဖတ်၍​ပြလျက်ရှိ​လေသည်ကား—ဘုရားသခင်သည် လူသားကို သူကိုယ်တိုင်၏​ပုံသဏ္ဌာန်​အတိုင်း အဘယ်သို့​အားဖြင့် ဖန်ဆင်း​တော်မူ၍၊ ဘုရားသခင်က ထိုလူကို ပညတ်တော်များ ပေးတော်မူကြောင်းနှင့် လွန်ကျူးခြင်းကြောင့် လူသား​ကျရှုံး​လေကြောင်းတို့​ပေတည်း။

၁၃ ထို့အတူ၊ အာရုန်သည် ကျမ်းစာများကို​ရှင်းပြ၍၊ အာဒံကို ဖန်ဆင်းတော်မူခြင်းမှ​စ၍ လူသား၏ ကျရှုံးခြင်း၊ သူတို့၏​လောကီဆိုင်ရာ​အခြေအနေ၊ ထို့အတူ၊ ခရစ်တော်အားဖြင့်၊ သူ၏​နာမတော်ကို ယုံကြည်မည့်​သူမှန်သမျှ​အတွက် ကမ္ဘာတည်ကတည်းက ပြင်ဆင်​ထားတော်မူလေသော ရွေးနှုတ်​ခြင်း​အစီအစဉ်ကိုလည်း ရှင်းလင်း​ဖော်ပြလေ၏။

၁၄ လူသားသည် ကျရှုံးလေသဖြင့်၊ အချို့သော​အရာများကို သူကိုယ်တိုင်​အားဖြင့် ခံယူထိုက်ခြင်း မရှိနိုင်။ သို့ရာတွင်၊ ယုံကြည်ခြင်း၊ နောင်တရခြင်းနှင့် အစ​ရှိသည်တို့​အားဖြင့် ခရစ်တော်၏​ဒုက္ခ​ဝေဒနာ​ခံစားခြင်းနှင့် သေခြင်းတို့က သူတို့၏​အပြစ်များ​အတွက် အပြစ်​ဖြေပေး​တော်မူ၏။ ထို့အတူ၊ ဘုန်းတော်​အတွက်​မျှော်လင့်ခြင်း​အားဖြင့် သေခြင်း၏​နာကျင်မှုကို ကျော်လွှား​ရစေခြင်းငှာ၊ သူသည် သေခြင်း၏​ကြိုးများကို ဖြတ်သဖြင့် သင်္ချိုင်းသည် အောင်နိုင်ခြင်း​ရှိလိမ့်မည်​မဟုတ်။ အာရုန်သည် ဤအရာခပ်သိမ်းတို့​ကိုလည်း မင်းကြီးကို ရှင်းပြ၏။

၁၅ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အာရုန်က ဤအရာတို့ကို ရှင်းပြလေ​ပြီးနောက်၊ မင်းကြီး​ဆိုလေ​သည်ကား၊ ငါသည် သင်ပြော​လေသည့် ထာဝရ​အသက်ကို ရနိုင်ခြင်းငှာ အဘယ်​အရာကို ပြုရမည်နည်း။ ထိုမှတစ်ပါး၊ ငါသည် ဤဆိုးညစ်သော​ဝိညာဉ်ကို ရင်မှ နှုတ်ပစ်၍ ဘုရားသခင်​ဖြစ်ဖွားစေ​တော်မူလျက်၊ သူ၏​ဝိညာဉ်တော်ကို လက်ခံရရှိနိုင်​စေခြင်းငှာ​လည်းကောင်း၊ ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံနိုင်​စေခြင်းငှာ​လည်းကောင်း၊ နောက်ဆုံးသော​နေ့ ၌ စွန့်ပစ်​တော်မူခြင်းကို မခံရနိုင်​စေခြင်းငှာ​လည်းကောင်း အဘယ်​အရာကို ပြုရမည်နည်း။ ရှုလော့၊ ငါသည် ဤကြီးစွာသော ဝမ်းမြောက်ခြင်းကို ရနိုင်ခြင်းငှာ ပိုင်ဆိုင်သမျှ​အရာ​အားလုံး၊ အမှန်စင်စစ်၊ ငါ၏​နိုင်ငံကို စွန့်ပစ်မည်ဟု ဆို၏။

၁၆ သို့ရာတွင်၊ အာရုန်​ဆိုလေသည်ကား၊ ကိုယ်တော်သည် ဤအရာကို အလို​ရှိလျှင်၊ ဘုရားသခင်​ရှေ့၌ ဦးညွှတ်​ပျပ်ဝပ်မည်​ဆိုလျှင်၊ ထိုမှတစ်ပါး၊ ကိုယ်တော်၏ ခပ်သိမ်းသောအပြစ်များမှ နောင်တရ၍ ဘုရားသခင်ရှေ့၌ ဦးညွှတ်​ပျပ်ဝပ်ပြီး၊ ရရှိလိမ့်မည်ဟု ယုံကြည်လျက် သူ၏​နာမတော်ကို ယုံကြည်ခြင်းဖြင့် ပဌနာ​ပြုမည်​ဆိုလျှင်၊ ထို့နောက်တွင် ကိုယ်တော်​အလို​ရှိသည့် မျှော်လင့်ခြင်းကို ရရှိ​ပါလိမ့်မည်။

၁၇ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အာရုန်က​ဤအရာတို့ကို ပြော​ပြီးလေလျှင်၊ မင်းကြီးသည် ကိုယ်တော်ရှင်ရှေ့၌ ဒူးထောက်၍ ဦးညွှတ်​ပျပ်ဝပ်၏။ အမှန်စင်စစ်၊ သူ့ကိုယ်ကို မြေကြီး​ပေါ်မှာ​မှောက်၍၊ ကြီးစွာ​ဟစ်ကြွေး​လေသည်ကား၊

၁၈ အို ဘုရားသခင်၊ အာရုန်က ဘုရားသခင်​ရှိတော်မူ​ကြောင်းကို အကျွန်ုပ်အား ပြောပြ​လေပြီ။ ဘုရားသခင်​ရှိတော်မူ၍၊ ကိုယ်တော်သည် ဘုရားသခင်​ဖြစ်တော်မူလျှင်၊ အကျွန်ုပ်အား ကိုယ်တော်​ကိုယ်တိုင် ဖော်ပြ​တော်မူပါ။ ထိုသို့ဆိုလျှင်၊ အကျွန်ုပ်သည်၊ သေခြင်းမှ ထမြောက်၍၊ နောက်ဆုံးသော​နေ့၌ ကယ်တင်ခြင်းသို့ ရောက်နိုင်​စေခြင်းငှာ၊ ကိုယ်တော်ကို​သိရန် အကျွန်ုပ်၏​ခပ်သိမ်းသော​အပြစ်တို့ကို စွန့်လွှတ်​ပါမည်။ ယခုမူကား၊ မင်းကြီးသည် ဤစကားများကို ပြောပြီး​လေလျှင်၊ ထိခိုက်​ခံရ၍ သေသကဲ့သို့ ဖြစ်၏။

၁၉ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူ၏​ကျွန်တို့သည် ပြေးသွားကြပြီး၊ မင်းကြီး၌ ဖြစ်ပျက်​သမျှတို့ကို မိဖုရားအား ပြောပြ၏။ သူမ​သည်လည်း မင်းကြီးထံ ဝင်ရောက်၍၊ သူသေ​သကဲ့သို့ လဲ၍​နေသည်ကို​လည်းကောင်း၊ ထို့အတူ၊ အာရုန်နှင့် သူ၏​ညီအစ်ကိုတို့​ကိုလည်း၊ သူလဲကျခြင်း၏ အကြောင်းရင်း ဖြစ်လေ​သကဲ့သို့ ရပ်လျက်​ရှိကြသည်ကို​လည်းကောင်း မြင်လျှင်၊ သူတို့ကို အမျက်​ထွက်၍ ဖမ်းဆီးပြီး ကွပ်မျက်​ရမည့်​အကြောင်း သူမ၏​ကျွန်များ သို့မဟုတ် မင်းကြီး၏​ကျွန်များကို အမိန့်​ပေး၏။

၂၀ ယခုတွင်၊ ကျွန်တို့သည် မင်းကြီး​လဲကျခြင်း၏ အကြောင်းရင်းကို သိမြင်ခဲ့​ရလေ၏။ ထို့ကြောင့်၊ အာရုန်နှင့် သူ၏​ညီအစ်ကိုတို့ကို မဖမ်းဆီး​ဝံ့ကြ၊ မိဖုရားကို တောင်းပန်​ကြသည်ကား၊ သူတို့​အထဲမှ တစ်ယောက်သော​သူသည် အကျွန်ုပ်တို့​အားလုံးထက် သာ၍​အားကြီး​သည်ကို သိမြင်လျက်နှင့်၊ ဤလူတို့ကို အကျွန်ုပ်တို့ ကွပ်မျက်​ရမည့်​အကြောင်း၊ အဘယ့်ကြောင့် သင်​အမိန့်​ပေးသနည်း။ ထို့ကြောင့် သူတို့ရှေ့၌ ကျွန်ုပ်တို့​ကျရှုံး​လိမ့်မည်ဟု ဆိုကြ၏။

၂၁ ယခုတွင်၊ မိဖုရားသည် ကျွန်တို့၏​ကြောက်ရွံ့ခြင်းကို​မြင်လျှင်၊ သူမအပေါ်၌ မကောင်းသောအရာ​အချို့ ကျရောက်​လာမည်ကို လွန်စွာ​ကြောက်ရွံ့​စပြု၏။ အာရုန်နှင့် သူ၏​ညီအစ်ကိုတို့ကို ကွပ်မျက်​နိုင်ခြင်းငှာ လူတို့ကို သွား၍​ခေါ်ရမည့်​အကြောင်း သူမ၏​ကျွန်တို့ကိုလည်း အမိန့်​ပေး၏။

၂၂ ယခုတွင်၊ အာရုန်သည် မိဖုရား၏​သန္နိဌာန်ကို သိမြင်လျှင်၊ လူတို့​စိတ်နှလုံး၏ မာကျောခြင်း ကိုလည်း​သိ၍၊ လူအစုအဝေး​တစ်ခု သူတို့ကိုယ်သူတို့ အတူတကွ စည်းဝေးလာမည်​ကိုလည်းကောင်း၊ ကြီးစွာသော​ရန်တွေ့ခြင်းနှင့် သူတို့၌ နှောင့်ယှက်ခြင်းတို့ ဖြစ်လာမည်​ကိုလည်းကောင်း စိုးရိမ်လေ၏။ ထို့ကြောင့်၊ သူသည် မိမိလက်ကို ထုတ်လျက်၊ မင်းကြီးကို မြေကြီးမှ​ထစေ၍၊ ရပ်လော့ဟု ဆိုလျှင်၊ အင်အား​ရှိ၍ ခြေပေါ်တွင်​ရပ်၏။

၂၃ ယခုတွင်၊ ဤအမှုကို မိဖုရားနှင့် များစွာသော​ကျွန်တို့၏ မျက်မှောက်၌ ပြုလေ၏။ သူတို့​သည်လည်း ထိုအမှုကို မြင်လျှင်၊ ကြီးစွာ​အံ့ဩ၍ ကြောက်ရွံ့​စပြု၏။ မင်းကြီးကလည်း ထွက်၍​ရပ်ပြီး၊ သူတို့ကို သွန်သင်​စပြု၏။ သူ​သွန်သင်သဖြင့်၊ သူ၏​အိမ်သူ​အိမ်သားအားလုံး ကိုယ်တော်ရှင်ထံသို့ ပြောင်းလဲကြ၏။

၂၄ ယခုတွင်၊ မိဖုရား၏ မိန့်မှာချက်ကြောင့်၊ လူအစုအဝေး​တစ်စု အတူတကွ စုဝေး၍၊ အာရုန်နှင့် သူ၏​ညီအစ်ကိုတို့ကြောင့်၊ သူတို့၌ ကြီးစွာသော ညည်းညူ​အပြစ်​တင်ခြင်း​ရှိ​စပြု၏။

၂၅ သို့ရာတွင်၊ မင်းကြီးသည် သူတို့၌ ထွက်၍ရပ်ပြီး အကူအညီ​ပေး၏။ သူတို့​သည်လည်း အာရုန်ကို​လည်းကောင်း၊ သူနှင့်​အတူ​ရှိကြသော​သူတို့ကို​လည်းကောင်း စိတ်​ပြေလေ၏။

၂၆ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ မင်းကြီးသည် လူတို့​စိတ်​ပြေသည်ကို သိမြင်လျှင်၊ အာရုန်နှင့် သူ၏​ညီအစ်ကိုတို့ကို လူ​အစုအဝေး၏​အလယ်၌ ရပ်စေပြီး၊ နှုတ်ကပတ်တော်ကို ဟောပြော​စေ၏။

၂၇ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ မင်းကြီးသည် ထိုပြည်​တစ်လျှောက်လုံး၊ ပင်လယ်​အရှေ့​အရပ်မှ ပင်လယ်​အနောက်​အရပ်သို့ ပင်လယ်​ကမ်းနား​နယ်နိမိတ်နှင့် ဇရဟင်မလ​ပြည်၏ မြောက်​အရပ်၌​ရှိသော၊ တောရိုင်း၏​နယ်နိမိတ်​ပတ်ဝန်းကျင်၌​လည်းကောင်း၊ မန်တိ​ပြည်၏​နယ်နိမိတ်​တစ်လျှောက်၊ ဇိဒုန်​မြစ်ဖျား၌ လည်းကောင်း တစ်ဆက်​တည်းရှိသည့်၊ အရှေ့​အရပ်မှ အနောက်​အရပ်သို့ သွယ်တန်းလျက်​ရှိသော ကျဉ်းမြောင်း​ရှည်လျားသည့် တောရိုင်း​အားဖြင့် ဇရဟင်မလ​ပြည်မှ ပိုင်းခြား​ထားသော အရှေ့​အရပ်နှင့် အနောက်​အရပ်တို့၌၊ ပင်လယ်​အထိ​တိုင်အောင်ပင်၊ နယ်​နိမိတ်ခြားလျက်​ရှိသည့် ပတ်ဝန်းကျင်​ဒေသ​ခပ်သိမ်းတို့၌ ရှိလေသော​သူများ၊ သူ၏​ခပ်သိမ်းသော​ပြည်တို့၌ ရှိလေသူများ​ဖြစ်သည့် သူ၏​လူမျိုးခပ်သိမ်းတို့၌ ကြေညာချက်ကို ထုတ်ပြန်၏—ထိုကဲ့သို့​အားဖြင့်၊ လာမန်​အမျိုးသားတို့နှင့် နီဖိုင်း​အမျိုးသားတို့ကို ပိုင်းခြား​ထားလေ၏။

၂၈ ယခုတွင်၊ လာမန်​အမျိုးသားတို့မှ သာ၍​ပျင်းရိသော​သူအချို့တို့သည် တောရိုင်းထဲ၌ ရှိ၍၊ တဲများ၌ နေထိုင်ကြ၏။ သူတို့သည် နီဖိုင်း​ပြည်ထဲ၌ တောရိုင်း​တစ်လျှောက် အနောက်​အရပ်၊ ထိုမှတစ်ပါး၊ ဇရဟင်မလ​ပြည်၏​နောက်ဘက်တွင်၊ ပင်လယ်​ကမ်းနားရှိ နယ်နိမိတ်တို့၌​လည်းကောင်း၊ နီဖိုင်းပြည်၏​အနောက်​အရပ်၌၊ သူတို့​ဘိုးဘေးတို့၏ ပထမ​ဦးဆုံး အမွေ​ခံရာ​အရပ်၌​လည်းကောင်း ပျံနှံ့​လေ၏။ ထိုကဲ့သို့​အားဖြင့်၊ ပင်လယ်​ကမ်းနား​တစ်လျှောက် နယ်နိမိတ်​ခြားလျက်​ရှိ၏။

၂၉ ထို့အတူ၊ နီဖိုင်း​အမျိုးသားတို့က နှင်ထုတ်ခဲ့​လေရာ​အရပ်၊ ပင်လယ်​ကမ်းနား၏​အရှေ့​အရပ်၌လည်း များစွာသော လာမန်​အမျိုးသားတို့​ရှိကြ၏။ ထိုကဲ့သို့​အားဖြင့်၊ နီဖိုင်း​အမျိုးသားတို့သည် လာမန်​အမျိုးသားတို့၏ ဝိုင်းရံ​ထားခြင်းကို ခံရ​လုမ​တတ်​ရှိလေ၏။ သို့သော်လည်း၊ နီဖိုင်း​အမျိုးသားတို့သည် တောရိုင်းဘက် ပတ်ဝန်း​ကျင်တွင်၊ ဇိဒုန်​မြစ်ဖျား၌၊ အရှေ့​အရပ်မှ အနောက်​အရပ်သို့ တောရိုင်း​အနီး နယ်နိမိတ်​ခြားလျက်​ရှိသည့် မြောက်ပိုင်း​အရပ်​မှန်သမျှတို့ကို သိမ်းယူ​လေ၏။ သူတို့သည် မြောက်​အရပ်၌၊ အလျှံပယ်ဟု​ခေါ်ရာ​အရပ်​ထိပင် ရောက်လေ၏။

၃၀ ထိုအရပ်ကလည်း လူဆိတ်ညံရာ​အရပ်ဟု သူတို့​ခေါ်လေသည့် ပြည်၌ နယ်နိမိတ်​ခြား၏။ ထိုပြည်မှာ၊ မြောက်ဘက်ဆီသို့ အလွန်​ဝေးကွာ​လှသောကြောင့်၊ ဇရဟင်မလ​လူမျိုးတို့ ရှာဖွေတွေ့​ရှိခဲ့သည့် သူတို့၏​ပထမ​ဦးဆုံး ဆိုက်ရောက်ရာ​အရပ်ဖြစ်၍ ငါတို့​ပြောလေသည့် အရိုးများ၏​ပိုင်ရှင် လူတို့​နေထိုင်ခဲ့ပြီး၊ ဖျက်ဆီး​ခံရသော​ပြည်ထဲသို့ ထိုး​ထွက်၏။

၃၁ သူတို့သည်လည်း ထိုအရပ်မှ​နေ၍၊ တောင်​အရပ်​တောရိုင်းထဲသို့ တက်​လာကြ၏။ ထိုကဲ့သို့​အားဖြင့်၊ မြောက်ဘက်​လားရာ​အရပ်၌​ရှိသော​ပြည်ကို လူဆိတ်ညံရာ​အရပ်ဟု ခေါ်ပြီး၊ တောင်​ဘက်လားရာ​အရပ်၌​ရှိသော​ပြည်သည်ကား၊ အမျိုးမျိုးသော​တောတိရစ္ဆာန်များနှင့်​ပြည့်သဖြင့် အလျှံပယ်ဟု ခေါ်ကြ၏။ ထိုဒေသ၏ အစိတ်​အပိုင်း​တစ်ခု​သည်ကား၊ စားစရာ​ရှာခြင်း​အတွက် မြောက်ဘက်​လားရာ​အရပ်မှ ရွေ့လျော​လာလေပြီ။

၃၂ ယခုမူကား၊ နီဖိုင်း​အမျိုးသား​တစ်ဦး​အဖို့ အရှေ့မှ အနောက်ပင်​လယ်သို့ အလျှံပယ်အရပ်နှင့် လူဆိတ်ညံရာ​အရပ်တို့​ကြား လမ်း​တစ်လျှောက်တွင် တစ်ရက်နှင့် နေ့တစ်ဝက်​ကြာအောင် ခရီး​သွားရ၏။ ထိုကဲ့သို့​အားဖြင့်၊ နီဖိုင်း​ပြည်နှင့် ဇရဟင်မလ​ပြည်တို့သည် မြောက်ဘက်​လားရာ​အရပ်နှင့် တောင်ဘက်​လားရာ​အရပ်​နှစ်ခု​ကြားတွင် ရှည်လျား​ကျဉ်းမြောင်းသော ကုန်းမြေ​ရှိလျက် ရေပတ်​လည်ဝိုင်းလု​မတတ်​ရှိ၏။

၃၃ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ နီဖိုင်း​အမျိုးသားတို့သည် အရှေ့မှ အနောက်​ပင်လယ်​အထိပင် အလျှံပယ်ပြည်၌ နေထိုင်လေ၏။ ထိုကဲ့သို့​အားဖြင့်၊ နီဖိုင်း​အမျိုးသားတို့သည် လာမန်​အမျိုးသားတို့အား မြောက်ဘက်​လားရာ​အရပ်ကို နေရာ​အနှံ့​မဝင်ရောက်နိုင်​စေခြင်းငှာ၊ မြောက်အရပ်၌ ပိုင်ဆိုင်ခြင်း မရှိရတော့စေခြင်းငှာ မိမိတို့​ဉာဏ်​ပညာဖြင့်၊ မိမိတို့၏ အစောင့်များ၊ တပ်များနှင့် တောင်အရပ်၌ ညှပ်၍​ပိတ်​ထားလေ၏။

၃၄ ထို့ကြောင့်၊ လာမန်​အမျိုးသားတို့သည် နီဖိုင်း​ပြည်နှင့် ပတ်ဝန်း​ကျင်ရှိ တောရိုင်း​မှတစ်ပါး၊ ပိုင်ဆိုင်ရာ မရှိနိုင်​တော့ချေ။ ယခုတွင်၊ နီဖိုင်း​အမျိုးသားတို့​အဖို့၊ ဤသို့​ပြုသည်မှာ ဉာဏ်​ပညာရှိရာ​ရောက်လေ၏—လာမန်​အမျိုးသားတို့မှာ သူတို့၏​ရန်သူ​ဖြစ်လေရာ၊ အဘက်ဘက်မှ ဒုက္ခ​ပေးခြင်းများကို သူတို့​အခွင့်​ပေးမည်​မဟုတ်ပေ။ သူတို့​အလို​ဆန္ဒ​အတိုင်း ထွက်ပြေးရာ​တိုင်းပြည်​တစ်ခု ရှိနိုင်​စေခြင်းငှာလည်း ဖြစ်၏။

၃၅ ယခုတွင်၊ ငါသည် ဤအမှုကို ပြောလေ​ပြီးနောက်၊ အမ္မုန်၊ အာရုန်၊ ဩမနာ၊ ဟိမနိနှင့် သူတို့၏​ညီအစ်ကိုတို့​အကြောင်း မှတ်တမ်းကို တစ်ဖန်​ဆက်ပေအံ့။