ကျမ်းစာများ
အယ်လမာ ၃၀


အခန်းကြီး ၃၀

အန္တိခရစ်၊ ကော်ရိဟောသည် ခရစ်တော်ကို၊ အပြစ်​ဖြေခြင်း​မင်္ဂလာကို၊ ထို့အတူ ပရောဖက်​ပြုဟောသော​ဝိညာဉ်ကို လှောင်ပြောင်သရော်၏—သူသည် ဘုရားသခင်​မရှိ၊ လူသား၏​ကျရှုံးခြင်း​မရှိ၊ အပြစ်​အတွက် ပြစ်ဒဏ်​မရှိ၊ ခရစ်တော်လည်း​မရှိဟု သွန်သင်၏—အယ်လမာသည် ခရစ်တော်​ကြွလာ​တော်မူမည်ကို​လည်းကောင်း၊ ဘုရားသခင်​ရှိတော်မူကြောင်း၊ အရာ​ခပ်သိမ်းတို့က ရည်ညွှန်းသည်ကို​လည်းကောင်း သက်သေ​ခံ၏—ကော်ရိဟောသည် နိမိတ်​လက္ခဏာကို တောင်းဆို၍၊ ထိခိုက်​ခံရပြီး ဆွံ့​အသွား၏—နတ်ဆိုးသည် ကော်ရိဟောထံသို့ ကောင်းကင်​တမန်၏​အသွင်ဖြင့် ပေါ်လာပြီး၊ အဘယ်သို့​ပြောရမည်ကို သွန်သင်၏—ကော်ရိဟောသည် နင်းချေ​ခံရ​ပြီးသေ၏။ ဘီစီ ၇၆–၇၄ ခန့်။

ရှုလော့၊ ယခုတွင်၊ အချိန်​တန်လာသော​အခါ၊ ယေရှုန်​ပြည်၌ အမ္မုန်​အမျိုးသားတို့ကို တည်ထောင်လေ​ပြီးနောက်တွင်၊ ထိုမှတစ်ပါး၊ လာမန်​အမျိုးသားတို့​သည်လည်း ထိုပြည်မှ နှင်ထုတ်​ခံရ၍၊ သူတို့၏​အသေ​ကောင်တို့ကိုလည်း ထိုပြည်မှ​လူတို့ သင်္ဂြိုဟ်​ပြီးနောက်တွင်—

ယခုတွင်၊ အရေ​အတွက်များလှခြင်းကြောင့် သူတို့၏​အသေ​ကောင်များကို ရေတွက်မထား။ နီဖိုင်း​အမျိုးသားတို့၏ အသေ​ကောင်များကိုလည်း ရေတွက်မထားပေ—သို့ရာတွင်၊ အချိန်တန်​လာသော​အခါ၊ သူတို့၏​အသေ​ကောင်များကို သူတို့​သင်္ဂြိုဟ်​ပြီးနောက်တွင်၊ ထို့အတူ၊ အစာ​ရှောင်ရာ၊ ငိုကြွေး​မြည်တမ်းရာနှင့် ဆုတောင်းရာ​နေ့များ​နောက်တွင် (ထိုအမှုသည်ကား၊ နီဖိုင်း​လူမျိုးတို့၌ တရား​သူကြီးများ​အုပ်စိုးခြင်း​တစ်ဆယ့်​ခြောက်နှစ်​မြောက်၌ ဖြစ်လေ၏) ထိုပြည်​တစ်လျှောက်လုံး၌ အဆက်​မပြတ်​ငြိမ်းချမ်းခြင်း​ရှိစ​ပြု၏။

ထိုမှတစ်ပါး၊ လူမျိုးတို့သည် ကိုယ်တော်ရှင်၏​ပညတ်တော်များကို စောင့်ထိန်းရန် အားထုတ်ကြ၏။ သူတို့သည် မောရှေ၏​ပညတ်​တရား​အတိုင်း ဘုရားသခင်၏ ဘိသိက်မင်္ဂလာများကို ကျင့်စောင့်ရာ၌ တင်းကျပ်စွာ​ပြုကြ၏။ အကြောင်းမူကား၊ သူတို့သည် မောရှေ၏​ပညတ်တရားကို ပြီးပြည့်စုံ​စေသည်​တိုင်အောင် စောင့်ထိန်းရန် သွန်သင်​ခံရလေ၏။

ထိုကဲ့သို့​အားဖြင့်၊ နီဖိုင်း​လူမျိုးတို့​အပေါ် တရား​သူကြီးများ အုပ်စိုးခြင်း တစ်ဆယ့်​ခြောက်နှစ်မြောက် တစ်နှစ်​လုံးတွင်၊ လူတို့၌ နှောင့်ယှက်ခြင်း​မရှိခဲ့။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ တရား​သူကြီးများ​အုပ်စိုးခြင်း​တစ်ဆယ်​ခုနစ် နှစ်မြောက်​စတင်​ချိန်တွင်၊ အဆက်​မပြတ် ငြိမ်းချမ်းခြင်း ရှိလေ၏။

သို့ရာတွင်၊ အချိန်တန်​လာသော​အခါ၊ တစ်ဆယ်​ခုနစ်နှစ်မြောက်​နှစ်၏ နောက်ဆုံး​ပိုင်းကာလတွင်၊ ဇရဟင်မလ​ပြည်ထဲသို့ လူတစ်ဦး​ရောက်လာပြီး၊ ထိုသူမှာ အန္တိခရစ်​ဖြစ်၏။ အကြောင်းမူကား၊ ထိုသူသည် ခရစ်တော်​ကြွလာ​တော်မူခြင်း​အကြောင်း၊ ပရောဖက်တို့​ဟောပြော​ထားသည့် ပရောဖက်​ပြုဟောချက်များကို ဆန့်ကျင်၍ လူတို့အား ဟောပြော​စပြု၏။

ယခုတွင်၊ လူသား၏​ယုံကြည်မှုနှင့်​ဆန့်ကျင်၍၊ ဥပဒေ​မရှိ။ အကြောင်းမူကား၊ လူသားတို့ကို မတူညီသော​အခြေအနေသို့ ရောက်စေသည့် ဥပဒေ​ရှိရမည်​ဆိုလျှင်၊ ဘုရားသခင်၏​ပညတ်တော်များနှင့် လုံးဝ​ဆန့်ကျင်၏။

ကျမ်းစာ​လာသည်ကား၊ သင်တို့သည် အဘယ်သူ့ကို အစေခံမည်ကို ယနေ့​ရွေးကြလော့။

ယခုတွင်၊ လူသားသည် ဘုရားသခင်ကို အစေခံရန် အလို​ရှိလျှင်၊ ယင်းသည်ကား ထိုသူ၏ အထူးအခွင့်​အရေး​ဖြစ်၏။ ပို၍​တိတိ​ကျကျ​ဆိုရသော်၊ ထိုသူသည် ဘုရားသခင်ကို ယုံကြည်လျှင်၊ ယင်းသည်ကား၊ သူ့ကို အစေခံရန် ထိုသူ၏​အထူးအခွင့်​အရေး ဖြစ်၏။ သို့ရာတွင်၊ သူ့ကို​မယုံကြည်လျှင်၊ ထိုသူကို အပြစ်​ဒဏ်ပေးရန် ဥပဒေ​မရှိ။

၁၀ သို့ရာတွင်၊ ထိုသူသည် လူ့အသက်ကို သတ်လျှင်၊ သေခြင်းသို့တိုင် အပြစ်ဒဏ်​ပေးခံရ၏။ လုယူလျှင်လည်း အပြစ်ဒဏ်​ပေးခံရ၏။ ခိုးယူလျှင်လည်း အပြစ်ဒဏ်​ပေးခံရ၏။ သူ့သားမယားအား ပြစ်မှားခြင်းကို ကျူးလွန်လျှင်လည်း အပြစ်ဒဏ်​ပေးခံရ၏။ အမှန်စင်စစ်၊ ဤခပ်သိမ်းသော ဆိုးညစ်ခြင်း​တို့​အတွက် သူတို့​အပြစ်ဒဏ်​ပေးခံရ၏။

၁၁ လူသားတို့သည် မိမိတို့​ပြစ်မှုများ​အတိုင်း တရား​စီရင်​ခံရရန် ဥပဒေ​ရှိ၏။ သို့သော်လည်း၊ လူသား၏​ယုံကြည်ခြင်းနှင့် ဆန့်ကျင်၍ ဥပဒေ​မရှိ။ ထို့ကြောင့်၊ လူသားသည် မိမိ​ပြုသော ပြစ်မှုများ​အတွက်သာ အပြစ်ဒဏ်​ပေးခံရ၏။ ထို့ကြောင့်၊ ခပ်သိမ်းသောလူသားတို့သည် တူညီသော​အခြေ​အနေ၌ ရှိကြ၏။

၁၂ ကော်ရိဟော​အမည်ရှိ ဤအန္တိခရစ် (ပညတ်တရားကလည်း သူ့အပေါ် လွှမ်းမိုးခြင်း မရှိနိုင်) သည် လူတို့အား၊ ခရစ်တော်​မရှိမည့်​အကြောင်းကို ဟောပြော​စပြု၏။ သူက ဤသို့​ဆိုလျက် ဟောပြော​လေသည်ကား၊

၁၃ အို မိုက်မဲ၍ အချည်း​အနှီး​ဖြစ်သော​မျှော်လင့်ခြင်းဖြင့် ချုပ်ချယ်​ခံရသည့် အသင်တို့၊ သင်တို့​ကိုယ်သင်တို့ ထိုကဲ့သို့သော မိုက်မဲသည့်​အရာများဖြင့် အဘယ့်ကြောင့် ဝန်လေး​စေကြ​သနည်း။ ခရစ်တော်ကို အဘယ့်ကြောင့် သင်တို့​မျှော်လင့်ကြ​သနည်း။ အကြောင်းမူကား၊ ဖြစ်လာမည့်​အရာ တစ်စုံတစ်ခုကို အဘယ်သူမျှ​မသိနိုင်။

၁၄ ရှုလော့၊ ပရောဖက်​ပြုဟောချက်များဟု သင်တို့​ခေါ်သည့်၊ သန့်ရှင်းသော​ပရောဖက်တို့မှ လက်ဆင့်​ကမ်း၍​ပေးထားသည်ဟု သင်တို့​ပြောသည့် ဤအရာတို့​သည်ကား၊ သင်တို့​ဘိုးဘေးတို့၏ မိုက်မဲသော​နည်း​ဥပဒေသများ​ဖြစ်ပေ၏။

၁၅ ထိုအရာတို့၏ ဧကန်​အမှန်​ဖြစ်ခြင်းကို အဘယ်သို့​အားဖြင့် သင်တို့​သိကြ​သနည်း။ ရှုလော့၊ သင်တို့​မမြင်ရသည့် အရာများ​အကြောင်းကို သင်တို့​မသိနိုင်ကြ။ ထို့ကြောင့်၊ ခရစ်တော်​ရှိလိမ့်မည်ကို သင်တို့​မသိနိုင်ကြ။

၁၆ သင်တို့သည် မျှော်လင့်၍၊ သင်တို့၏​အပြစ်များမှ​လွှတ်ခြင်းကို မြင်ရကြောင်း ပြောကြ၏။ သို့ရာတွင်၊ ရှုလော့၊ ယင်းသည်ကား၊ ထိန်းမနိုင်​သိမ်း​မရသော​စိတ်၏ အကျိုး​ရလဒ်​ဖြစ်၏။ ထို့အတူ၊ မမှန်​ကန်သည့်​အရာတို့​အကြောင်း ယုံကြည်ခြင်းထဲသို့ ခေါ်ဆောင်​သွားသည့် သင်တို့​ဘိုးဘေးတို့၏​နည်း​ဥပဒေသများကြောင့်၊ သင်တို့​စိတ်၏​ဤရူးသွပ်ခြင်း ပေတည်း။

၁၇ သာ၍​များပြားသည့် ထိုကဲ့သို့သော​အရာတို့ကိုလည်း သူတို့ကို​ဟောပြော၏၊ လူသားတို့၏​အပြစ်​အတွက်၊ ပြုထားလေသော အပြစ်ဖြေခြင်း​မင်္ဂလာ​မရှိနိုင်၊ သို့ရာတွင် လူသားတိုင်း ယခုဘဝ၌ လူသတ္တဝါ၏​ပြုမူ​ကျင့်ကြံပုံ​အတိုင်း တွေ့ကြုံရ၏။ ထို့ကြောင့်၊ လူသားတိုင်း ကိုယ့်​အထုံ​ဝါသနာ​အတိုင်း အောင်မြင်ကြောင်းနှင့် လူသားတိုင်း ကိုယ့်ခွန်အား​အတိုင်း အနိုင်​ရလျက်၊ လူသား​ပြုသမျှသော​အရာသည် ပြစ်မှု​မဟုတ်​ကြောင်း ပြောပြလျက်​ရှိ၏။

၁၈ ထိုကဲ့သို့​အားဖြင့်၊ သူသည် များစွာသော​သူတို့၏ စိတ်နှလုံးကို လှည့်ဖြား​ခေါ်ဆောင်​သွားလျက်၊ သူတို့၏​ဆိုးညစ်ခြင်းများ၌ ဦးခေါင်း​မော့စေလျက်၊ ထိုမှတစ်ပါး၊ များစွာသော​မိန်းမများနှင့်၊ ထို့အတူ ယောက်ျားများကိုလည်း မတရားသော​မေထုန်​အမှုများကို ကျူးလွန်ကြစေရန် လှည့်ဖြား​ခေါ်ဆောင်​သွားလျက်—လူသားသည် သေလျှင်၊ ဘဝ​ပြီးဆုံးခြင်း​ဖြစ်သည်ဟု သူတို့ကို ဟောပြော၏။

၁၉ ယခုတွင်၊ ဤလူသည် ယခင်က လာမန်​လူမျိုးများ​ဖြစ်လေသည့် အမ္မုန်​လူမျိုးတို့၌ ဤအရာများကို ဟောပြောခြင်းငှာ၊ ယေရှုန်​ပြည်သို့လည်း သွား​ရောက်၏။

၂၀ သို့ရာတွင်၊ ရှုလော့၊ သူတို့သည် နီဖိုင်း​အမျိုးသားတို့မှ များစွာသော​သူတို့ထက် ပို၍ဉာဏ်​ပညာ​ရှိကြ၏။ အကြောင်းမူကား၊ သူ့ကို ဖမ်းဆီး၍ ချည်နှောင်ပြီး၊ ထိုလူမျိုးတို့၌ ယဇ်ပုရောဟိတ်​မင်းဖြစ်လေသူ​အမ္မုန်၏​ရှေ့သို့ သူတို့​ခေါ်ဆောင်ကြ၏။

၂၁ ဤသို့​အားဖြင့်အချိန်တန်​လာသော​အခါ၊ ထိုသူ့ကို ပြည်မှ နှင်ထုတ်​စေ၏။ ထိုသူသည် ဂိဒေါင်​ပြည်ထဲသို့ ဝင်၍ လူတို့ကိုလည်း ဟောပြော​စပြု၏။ ဤနေရာ၌ သူသည် များစွာသော​အောင်မြင်မှု​မရ။ အကြောင်းမူကား၊ သူသည် ဖမ်းဆီး၍​ချည်နှောင်​ခံရပြီး၊ ယဇ်ပုရောဟိတ်​မင်းနှင့် ထိုပြည်​ရှိတရား​သူကြီး​ချုပ်ရှေ့သို့ ခေါ်ဆောင်​ခံရ၏။

၂၂ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ယဇ်ပုရောဟိတ်မင်းက သူ့ကို ဆိုလေသည်ကား၊ သင်သည် ကိုယ်တော်ရှင်၏​လမ်းစဉ်များကို အဘယ့်ကြောင့် မှောက်လှန်ခြင်းငှာ သွား​လာသနည်း။ သင်သည် ဤလူမျိုးတို့၏​ရွှင်လန်း​ဝမ်းမြောက်ခြင်းကို နှောင့်ယှက်ခြင်းငှာ၊ ခရစ်တော်ရှိ​လိမ့်မည်​မဟုတ်ဟု အဘယ့်ကြောင့် သွန်သင်​သနည်း။ သင်သည် သန့်ရှင်းသော​ပရောဖက်တို့၏ ပရောဖက်​ပြုဟောချက်​ခပ်သိမ်းကို အဘယ့်ကြောင့် ဆန့်ကျင်၍ ဟောပြော​သနည်း။

၂၃ ယခုတွင်၊ ယဇ်ပုရောဟိတ်​မင်း၏​အမည်ကား၊ ဂိဒေါန​ဖြစ်၏။ ကော်ရိဟောကလည်း သူ့ကို ဆိုလေသည်ကား၊ ငါသည် သင့်ဘိုးဘေးတို့၏ မိုက်မဲသော​နည်း​ဥပဒေသများကို မသွန်သင်သော​ကြောင့်ပေတည်း။ ထို့အတူ၊ ငါသည် ဤလူမျိုးတို့​အပေါ် တန်ခိုးနှင့် အခွင့်​အာဏာကို အနိုင်​အထက်​သိမ်းယူခြင်းငှာ၊ ရှေး​ယဇ်ပုရောဟိတ်တို့​တည်ထောင်သည့် မိုက်မဲသောဘိသိက်မင်္ဂလာများနှင့် စီရင်ခြင်းတို့ဖြင့် သူတို့​ကိုယ်သူတို့ ချည်နှောင်ခြင်းငှာ​လည်းကောင်း၊ သူတို့​ဦးခေါင်းကို မမော့နိုင်စေခြင်းငှာ၊ သင်၏​စကားများ​အတိုင်းသာ နှိမ့်ချစေဖို့ အသိ​တရား​ကင်းမဲ့ရာ၌ ဆက်၍​ထားခြင်းငှာ​လည်းကောင်း၊ သူတို့ကို သွန်သင်​မပေးသောကြောင့်​ပေတည်း။

၂၄ ဤလူမျိုးသည် လွတ်လပ်သော​လူမျိုး​ဖြစ်ကြောင်း၊ သင်တို့​ဆိုကြ၏။ ရှုလော့၊ သူတို့သည် ကျွန်ခံရာ၌​ရှိကြ၏ဟု ငါဆို၏။ ထိုရှေး​ပရောဖက်​ပြုဟောချက်များ မှန်ကန်ကြောင်းကို သင်တို့​ဆိုကြ၏။ ရှုလော့၊ ထိုအရာတို့ မှန်ကန်ကြောင်း၊ သင်တို့​မသိကြဟု ငါဆို၏။

၂၅ ဤလူမျိုးသည် မိဘ၏​လွန်ကျူးခြင်းကြောင့် အပြစ်​ရောက်ပြီး ကျရှုံးသော​လူမျိုး​ဖြစ်ကြောင်း သင်တို့​ဆိုကြ၏။ ရှုလော့၊ သူငယ်သည် ၎င်း၏​မိဘများကြောင့် အပြစ်​မရောက်ဟု ငါဆို၏။

၂၆ ထို့အတူ၊ ခရစ်တော်​ကြွလာတော်မူမည့်​အကြောင်းကိုလည်း သင်တို့​ဆိုကြ၏။ သို့ရာတွင်၊ ရှုလော့၊ ခရစ်တော်​ရှိလိမ့်မည်​မဟုတ်ကြောင်း၊ သင်တို့ကို ငါဆို၏။ သူသည် လောကီသားတို့၏​အပြစ်များ​အတွက် ကွပ်မျက်​ခံတော်မူကြောင်း​ကိုလည်း သင်တို့​ဆိုကြ၏—

၂၇ ထိုကဲ့သို့အားဖြင့်၊ သင်တို့သည် ဤလူမျိုးတို့ကို၊ သင်တို့​ကိုယ်တိုင်၏ အလို​ဆန္ဒများ​အတိုင်း၊ သင်တို့​ဘိုးဘေးတို့၏ မိုက်မဲသော​နည်း​ဥပဒေသများ​နောက်သို့ လှည့်ဖြား​ခေါ်ဆောင်​သွားကြ၏။ ထို့အတူ၊ သင်တို့သည် သူတို့​လက်၏​အလုပ်ဖြင့် သင်တို့​ကိုယ်သင်တို့ အလွန်​စည်းစိမ်​ယစ်မူးနိုင်ကြခြင်းငှာ​လည်းကောင်း၊ သူတို့​ရဲရင့်စွာ မော့၍​မကြည့်ဝံ့​စေခြင်းငှာ​လည်းကောင်း၊ သူတို့၏အခွင့်အရေးများနှင့် အထူးအခွင့်​အရေးများကို သူတို့​မခံစား​ဝံ့စေခြင်းငှာ​လည်းကောင်း၊ သူတို့ကို ကျွန်ခံရာ၌​ရှိလေသကဲ့သို့ပင် ဖိနှိပ်​ထားကြ၏။

၂၈ ထိုမှတစ်ပါး၊ သူတို့၏​ယဇ်ပုရောဟိတ်များကို စိတ်ပျက်​စေမည်​စိုးရိမ်ကြသဖြင့် သူတို့​ကိုယ်ပိုင်​ဖြစ်သည့်​အရာကို အသုံး​မပြုဝံ့ကြ။ ထို​ယဇ်ပုရောဟိတ်တို့သည် သူတို့​အလို​ဆန္ဒများ​အတိုင်း လူတို့ကို ဝန်လေး​စေကြ၏။ အကယ်၍၊ သူတို့၏​စကားများ​အတိုင်း လူတို့​မပြုကြလျှင်၊ ဘုရားသခင်ဟု သူတို့​ဆိုသည့်—မသိသော​ဘုရား၊ မမြင်ဖူး၊ မသိဖူး၊ မရှိခဲ့ဖူး၊ ရှိလိမ့်မည်လည်း​မဟုတ်သည့် ဘုရားကို စိတ်ပျက်​စေလိမ့်မည့်​အကြောင်း ယုံကြည်ရာသို့ သူတို့​နည်း​ဥပဒေသများ၊ သူတို့​အိပ်မက်များ၊ သူတို့​စိတ်ကူးများ၊ သူတို့​ရူပါရုံများနှင့် သူတို့၏​ဟန်ဆောင်​ထားသော နက်နဲရာတို့​အားဖြင့်လည်း လူတို့ကို ဆောင်ကြလေပြီ။

၂၉ ယခုတွင်၊ ယဇ်ပုရောဟိတ်​မင်းနှင့် တရားသူကြီး​ချုပ်တို့သည် ထိုသူ့​စိတ်နှလုံး၏​မာကျောခြင်းကို မြင်လျှင်၊ ထိုမှတစ်ပါး၊ ဘုရားသခင်ကိုပင် ဆန့်ကျင်၍ ကဲ့ရဲ့​ပြောဆိုမည်ကို မြင်လျှင်၊ ထိုသူ၏​စကားများကို ပြန်ကြားခြင်း​တစ်ခုမျှ မပြု​လိုကြတော့။ ထိုသူ့အား ချည်နှောင်​ခြင်းကိုသာ ခံစေ၏။ အရာ​ရှိတို့၏​လက်သို့ လွှဲပေး၍၊ အယ်လမာနှင့် ထိုပြည်​တစ်လျှောက်လုံး၌ အုပ်ချုပ်သူ​ဖြစ်သည့် တရား​သူကြီးချုပ်​ရှေ့သို့ ခေါ်ဆောင်နိုင်ခြင်းငှာ ဇရဟင်မလ​ပြည်သို့ ပို့၏။

၃၀ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူသည် အယ်လမာနှင့် တရား​သူကြီး​ချုပ်ရှေ့သို့ ခေါ်ဆောင်​ခံရပြီးလေလျှင်၊ ဂိဒေါင်​ပြည်ထဲ၌ သူပြုခဲ့သည့် နည်းအတိုင်းပင် ဆက်၍​ပြု၏။ ထိုမှတစ်ပါး၊ သူသည် ဘုရားကို ဆက်၍​ကဲ့ရဲ့၏။

၃၁ သူသည် အယ်လမာ၏​ရှေ့ ၌​ထ၍ မြည်တမ်းလျက်၊ ယဇ်ပုရောဟိတ်များနှင့် ဆရာတို့သည် လူတို့၏​လုပ်​အားဖြင့် စည်းစိမ်​ယစ်မူးခြင်း​အတွက် သူတို့​ဘိုးဘေးတို့၏ မိုက်မဲသော​နည်း​ဥပဒေသများ​နောက်သို့ လူတို့ကို လှည့်ဖြား​ခေါ်ဆောင်​သွားသည်ဟု စွပ်စွဲလျက် ဆန့်ကျင်​ကဲ့ရဲ့ ပြော​ဆို၏။

၃၂ ယခုတွင်၊ အယ်လမာက ဆိုလေသည်ကား၊ ဤလူတို့၏​လုပ်အား​အပေါ်မှာ ငါတို့ကိုယ်​ငါတို့ စည်းစိမ်​မယစ်မူးကြ​သည်ကို သင်သိ၏။ အကြောင်းမူကား၊ ရှုလော့၊ ငါသည် ဘုရားသခင်၏​နှုတ်ကပတ်တော်ကို ငါ၏​လူမျိုးတို့အား ဟောကြားခြင်းငှာ ဤပြည်​တစ်လျှောက်သို့ များစွာ​ခရီးသွားရ​သော်ငြားလည်း၊ တရား​သူကြီးများ​အုပ်စိုးခြင်း စတင်သည်​ကတည်းကပင် ယခု​တိုင်အောင် ငါ၏​အထောက်​အမ​အတွက် ငါ့လက်ဖြင့် အလုပ်​လုပ်လေ၏။

၃၃ အသင်းတော်၌ ငါ​ဆောင်ရွက်လေသည့် အလုပ်​များစွာ​ရှိသော်ငြားလည်း၊ ငါ့​အလုပ်​အတွက် တစ်သေ​နိုင်းမျှပင် မရစဖူး။ တရားပလ္လင်၌ အမှု​ထမ်းစဉ်​မှတစ်ပါး၊ ငါ၏​ညီအစ်ကိုတို့တွင်လည်း တစ်ဦးမျှ​မရစဖူးပေ။ ထိုသို့​ဆိုရာ​တွင်လည်း၊ ငါတို့​အချိန်​အတွက် ဥပဒေ​အတိုင်း​သာလျှင် ရရှိ၏။

၃၄ ယခုမူကား၊ အသင်းတော်၌ ငါတို့၏​အလုပ်များ​အတွက် အဘယ်​အရာကိုမျှ ငါတို့မရရှိလျှင်၊ ငါတို့​ညီအစ်ကိုများ၏​ဝမ်းမြောက်ခြင်း၌ ငါတို့ ရွှင်လန်း​ဝမ်းမြောက်နိုင်ခြင်းငှာ၊ သမ္မာ​တရားကို ဟောကြားရန်​မှတစ်ပါး၊ အသင်းတော်၌ အလုပ်လုပ်၍ ငါတို့​အတွက် အဘယ်​အကျိုး​ရှိလေသနည်း။

၃၅ ထိုသို့​ဆိုလျှင်၊ ငါတို့ အကျိုး​အမြတ်​မရရှိသည်ကို သင်ကိုယ်တိုင်​သိလျက်​ရှိစဉ်၊ အကျိုး​အမြတ်ရရန် ဤလူတို့အား၊ ငါတို့​ဟောပြောသည်ဟု အဘယ်ကြောင့်၊ သင်ဆိုသနည်း။ ယခုမူကား၊ ဤလူတို့၏​စိတ်နှလုံး၌ ထိုမျှလောက် ဝမ်းမြောက်ခြင်းကို ဖြစ်စေသည့်၊ ငါတို့​လှည့်စားခြင်းကို သင်​ယုံကြည်သလောဟု​မေးလျှင်။

၃၆ ကော်ရိဟောကလည်း ဟုတ်ကဲ့ဟု ဖြေ၏။

၃၇ ထို့နောက်တွင်၊ ဘုရားသခင်​ရှိတော်မူသည်ကို သင်​ယုံကြည်သလောဟု အယ်လမာ​မေးလျှင်၊

၃၈ မယုံကြည်ဟု သူဖြေ၏။

၃၉ ယခုတွင်၊ အယ်လမာက ဆိုသည်ကား၊ သင်သည် ဘုရားသခင်​ရှိတော်မူသည်ကို တစ်ဖန် ငြင်းဆို​ဦးမည်လော။ ထို့အတူ၊ ခရစ်တော်ကိုလည်း ငြင်းဆိုမည်လော။ ရှုလော့၊ သင့်ကို ငါဆိုသည်ကား၊ ဘုရားသခင်​ရှိတော်မူသည်ကို​လည်းကောင်း၊ ထို့အတူ၊ ခရစ်တော် ကြွလာ​တော်မူလိမ့်မည်ကို​လည်းကောင်း ငါသိ၏။

၄၀ ယခုမူကား၊ ဘုရားသခင်​မရှိကြောင်း၊ သို့မဟုတ် ခရစ်တော်​ကြွလာ​တော်မမူကြောင်း၊ သင့်၌ အဘယ်​သက်သေ​ရှိသနည်း။ သင့်စကား​မှတစ်ပါး၊ အဘယ်အရာမျှ မရှိဟု သင့်ကို ငါဆို၏။

၄၁ သို့ရာတွင်၊ ရှုလော့၊ ဤအရာများ မှန်ကန်ကြောင်းကို သက်သေခံချက်​အဖြစ် ငါ့၌ အလုံးစုံသော​အရာတို့ ရှိ၏။ ထိုအရာတို့ မှန်ကန်ကြောင်း၊ သင့်ထံသို့ သက်သေခံချက်​အဖြစ်လည်း သင့်၌ အလုံးစုံသော​အရာတို့ ရှိပေ၏။ ထိုအရာတို့ကို သင်ငြင်း​ဆိုမည်လော။ သင်သည် ဤအရာတို့​မှန်ကန်ကြောင်းကို ယုံကြည်သလော။

၄၂ ရှုလော့၊ သင်​ယုံကြည်ကြောင်း ငါသိ၏။ သို့ရာတွင်၊ သင်သည် မုသား​ပြောသော​ဝိညာဉ်ဖြင့်​လွှမ်းမိုး​ခံရ၏။ ဘုရားသခင်၏​ဝိညာဉ်တော်ကို သင်​ငြင်းပယ်သဖြင့်၊ ထိုအရာသည် သင့်အထဲ၌ နေရာ​မရှိ။ နတ်ဆိုးသည်သာ သင့်​အပေါ် အစိုးရ၍၊ ဘုရားသခင်၏ သားသမီးတို့ကို ဖျက်ဆီး​နိုင်ခြင်းငှာ၊ သင့်ကို စေလိုရာ​စေပြီး၊ စဉ်းလဲသော​အကြံ​အစည်များကို ပြုလေ၏။

၄၃ ယခုတွင်၊ ကော်ရိဟောက အယ်လမာကို ဆိုသည်ကား၊ ဘုရားသခင်​ရှိတော်မူကြောင်း​နားသွင်းသည်ကို ငါ​ခံယူနိုင်ရန်၊ ငါ့အား နိမိတ်​လက္ခဏာကို သင် ပြမည်​ဆိုလျှင်၊ အထူးသဖြင့်၊ သူ့ ၌​တန်ခိုး​ရှိကြောင်း ငါ့ကို ပြလော့။ ထို့နောက်တွင်ကား၊ သင့်စကားများ​မှန်ကန်ခြင်း အကြောင်း ငါနားသွင်းခံမည်။

၄၄ သို့ရာတွင်၊ အယ်လမာက ဆိုသည်ကား၊ သင့်၌ နိမိတ်​လက္ခဏာများ၊ အလုံ​အလောက်​ရှိလေပြီ။ သင်သည် ဘုရားသခင်ကို စုံစမ်းမည်လော။ သင့်၌ ဤခပ်သိမ်းသော သင့်​ညီအစ်ကိုတို့နှင့်၊ ထို့အတူ၊ သန့်ရှင်းသော​ပရောဖက် ခပ်သိမ်းတို့၏ သက်သေခံချက် ရှိလျက်ပင် ငါ့အား နိမိတ်​လက္ခဏာကို ပြပါဟု သင်ဆိုမည်လော။ ကျမ်းစာများကို သင့်ရှေ့၌ ချထား၏။ ထိုမှတစ်ပါး၊ ဘုရားသခင်​ရှိတော်မူ​ကြောင်းကို ခပ်သိမ်းသော​အရာတို့က ရည်ညွှန်း၏။ ထိုမှတစ်ပါး၊ မြေကြီးနှင့် ၎င်း၏​မျက်နှာ​ပြင်ပေါ်၌​ရှိသမျှသော​အရာတို့၊ ထိုမှတစ်ပါး၊ ၎င်း၏​ရွေ့လျားရာလမ်း၊ ထိုမှတစ်ပါး၊ ၎င်းတို့၏ ပုံမှန်​လမ်းကြောင်း၌ ရွေ့လျားသည့် ခပ်သိမ်းသော​ဂြိုဟ်များတို့က အထွဋ်​အမြတ်​ဖြစ်သည့် ဖန်ဆင်း​ရှင် ရှိတော်မူကြောင်းကို သက်သေ​ခံပေ၏။

၄၅ သင်သည် ဘုရားသခင်​မရှိဟု သူတို့ကို သက်သေခံလျက်၊ ဤလူတို့၏​စိတ်နှလုံးကို လှည့်ဖြား​ခေါ်ဆောင်​သွားလျက်၊ အရပ်ရပ်သို့ သွား​ဦးမည်လော။ သင်သည် ဤသက်သေ​ခပ်သိမ်းကို ဆန့်ကျင်၍၊ ငြင်းဆို​နေဦးမည်လောဟု မေးလျှင်၊ သူကလည်း၊ ဟုတ်ပေ၏။ နိမိတ်​လက္ခဏာကို ငါ့အား သင်တို့​မပြလျှင်၊ ငါ​ငြင်းဆိုမည်ဟု ဆို၏။

၄၆ ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ အယ်လမာက ဆိုလေသည်ကား၊ ရှုလော့၊ သင့်​စိတ်နှလုံး၏​မာကျောခြင်းကြောင့်၊ အထူးသဖြင့်၊ သင်၏​စိတ်ဝိညာဉ် ဖျက်ဆီး​ခံရစေကြောင်း သမ္မာ​တရား​ဝိညာဉ်ကို သင်​ဆီးတားလိမ့်မည်​ဖြစ်၍ ငါ​ဝမ်းနည်း​ပူဆွေး၏။

၄၇ သို့ရာတွင်၊ ရှုလော့၊ သင်၏​မုသား​ပြောခြင်းနှင့် မြှောက်ပင့်သော​စကားများ​အားဖြင့် များစွာသော​စိတ်ဝိညာဉ်တို့ကို ဖျက်ဆီးရာသို့​ဆောင်ရာ​လက်နက်​ဖြစ်ရသည်ထက် သင်၏​စိတ်ဝိညာဉ် ပျောက်ဆုံးခြင်းက၊ သာ၍​ကောင်းပေ၏။ ထို့ကြောင့်၊ သင် တစ်ဖန်​ငြင်းဆို​ဦးမည်​ဆိုလျှင်၊ ရှုလော့၊ ဘုရားသခင်​ဒဏ်ခတ်​တော်မူမည်​ဖြစ်၍ သင် ဆွံ့အလာလိမ့်မည်။ သင်၏​နှုတ်ကိုလည်း အဘယ်တော့မျှ​မဖွင့်နိုင်တော့လတ္တံ့၊ ဤလူတို့ကို အဘယ်တော့မျှ မလှည့်စား​ရတော့လတ္တံ့။

၄၈ ယခုတွင်၊ ကော်ရိဟောက ဆိုသည်ကား၊ ဘုရားသခင်ဖြစ်​တည်ခြင်းကို ငါမငြင်းဆို၊ သို့ရာတွင်၊ ဘုရားသခင်​ရှိကြောင်း ငါ​မယုံကြည်။ ငါ့အား နိမိတ်​လက္ခဏာကို သင် မပြလျှင်၊ ငါယုံကြည်​လိမ့်မည်​မဟုတ်။

၄၉ ယခုတွင်၊ အယ်လမာက ဆိုသည်ကား၊ နိမိတ်​လက္ခဏာ​အဖြစ်၊ ဤအမှုကို သင့်အား ငါပေး၍၊ သင်သည် ငါ၏​စကားများအတိုင်း၊ ထိခိုက်ခံရပြီး ဆွံ့​အသွား​လိမ့်မည်။ ဘုရားသခင်၏​နာမတော်​အားဖြင့် ငါဆို​သည်ကား၊ သင်သည် ထိခိုက်​ခံရပြီး ဆွံ့အသွား​လိမ့်မည်​ဖြစ်၍၊ စကား​ပြောနိုင်ခြင်း မရှိတော့လတ္တံ့။

၅၀ ယခုတွင်၊ အယ်လမာက ဤစကားများကို ပြော​ပြီးလေသော​အခါ၊ ကော်ရိဟောသည် ထိခိုက်ခံရပြီး ဆွံ့အသွား၍၊ အယ်လမာ၏​စကားများ​အတိုင်းပင်၊ စကား​ပြောနိုင်ခြင်း​မရှိ။

၅၁ ယခုမူကား၊ တရား​သူကြီးချုပ်သည် ဤအမှုကို မြင်လျှင်၊ သူ့လက်ကို​ထုတ်၍၊ ကော်ရိဟောကို ရေး၍ ပြသည်မှာ၊ သင်သည် ဘုရားသခင်၏​တန်ခိုးတော်​အကြောင်း နားသွင်းခြင်းကို ခံပြီလော။ အယ်လမာအား အဘယ်သူထံ၌ သူ၏​နိမိတ်​လက္ခဏာကို ပြရစေရန် သင်​အလို​ရှိသနည်း။ သင့်အား နိမိတ်​လက္ခဏာကို ပြရန် အခြားသူများကို သူဒုက္ခပေး​စေကြောင်း၊ သင်​အလို​ရှိသလော။ ရှုလော့၊ သူသည် သင့်အား နိမိတ်​လက္ခဏာကို ပြလေပြီ။ ယခုတွင်၊ သင်သည် ထပ်၍​ငြင်းခုံ​ဦးမည်လော။

၅၂ ကော်ရိဟောကလည်း သူ့လက်ကို​ထုတ်ပြီး၊ ရေး၍ ပြလေသည်ကား၊ ငါသည် စကား​မပြောနိုင်သဖြင့် ဆွံ့အသည်ကို သိ၏။ ထို့အတူ၊ ဤအမှုကို ငါ့​အပေါ်သို့​ရောက်စေသည်မှာ၊ ဘုရားသခင်၏​တန်ခိုးတော်​မှတစ်ပါး၊ အဘယ်​အရာမျှ မရှိသည်ကိုလည်း ငါသိ၏။ ထိုမှတစ်ပါး၊ ဘုရားသခင်​ရှိတော်မူလေသည်ကို ငါ​အစဉ်​အမြဲ​သိပေ၏။

၅၃ သို့ရာတွင်၊ ရှုလော့၊ နတ်ဆိုးသည် ငါ့ကို လှည့်စားလေပြီ။ အကြောင်းမူကား၊ သူသည် ငါ့ထံသို့ ကောင်းကင်​တမန်၏​အသွင်ဖြင့် ပေါ်လာ၍ ဆိုလေသည်ကား၊ ဤလူတို့ကို သွား၍ ပြန်လည်​ခေါ်ဆောင်လော့။ အကြောင်းမူကား၊ သူတို့​အားလုံးသည် မသိသော​ဘုရားသခင်​နောက်သို့ လမ်းလွဲကြလေပြီ။ ဘုရားသခင် မရှိဟုလည်း သူက ငါ့ကို ဆို၏။ ထိုမှတစ်ပါး၊ ငါပြောရမည့်​အရာကို ငါ့အား သူ​သွန်သင်၏။ ငါသည်လည်း သူ၏​စကားများကို သွန်သင်​ပေး၏။ ထိုအရာတို့​သည်ကား၊ လောကီ​စိတ်ကို နှစ်သက်​စေသောကြောင့် ငါသွန်သင်​ပေး၏။ ငါသည် များစွာသော အောင်မြင်မှု ရရှိလေသည့်​တိုင်အောင် ထိုအရာတို့ကို သွန်သင်​ပေးသဖြင့်၊ ၎င်းတို့​မှန်ကန်သည်ဟု ငါ​အမှန်​ယုံကြည်၏။ ဤအကြောင်းကြောင့်၊ ငါသည် သမ္မာ​တရားကို တားဆီး၍၊ ဤကြီးစွာသော ကျိန်ခြင်းကို ငါ့​အပေါ်သို့ ရောက်စေ​လောက်သည့် တိုင်အောင်​ပင်တည်း။

၅၄ ယခုတွင်၊ ဤသို့ သူဆိုလေပြီးလျှင်၊ ကျိန်ခြင်းကို သူ့ထံမှ ဖယ်ရှားခံရနိုင်စေခြင်းငှာ၊ အယ်လမာအား ဘုရားသခင်ထံသို့ ဆုတောင်း​ပေးပါမည့်​အကြောင်း တိုးလျှိုးတောင်းပန်၏။

၅၅ သို့ရာတွင်၊ အယ်လမာက ဆိုလေသည်ကား၊ အကယ်၍၊ ဤကျိန်ခြင်းကို သင့်ထံမှ ဖယ်ရှား​ပေးလျှင်၊ သင်သည် ဤလူတို့၏​စိတ်နှလုံးကို တစ်ဖန်​လှည့်ဖြား​ခေါ်ဆောင်​သွားဦးမည်လော။ ထို့ကြောင့်၊ ကိုယ်တော်ရှင်၏​အလိုတော်​အတိုင်းပင် သင့်ထံသို့ ဖြစ်လိမ့်မည်။

၅၆ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ ကျိန်ခြင်းကို ကော်ရိဟောထံမှ မဖယ်ရှားပေ။ သို့ရာတွင်၊ သူသည် နှင်ထုတ်​ခံရသဖြင့်၊ စားစရာ​အတွက် တောင်းခံလျက် တစ်အိမ်​မှတစ်အိမ်သို့ လှည့်လည်​သွားလာ၏။

၅၇ ယခုတွင်၊ ကော်ရိဟောသို့ ဖြစ်ပျက်သည့်​အရာ အကြောင်းကို ထိုပြည်​တစ်လျှောက်လုံးသို့ ချက်ချင်း ပြောကြား၏။ ထိုမှတစ်ပါး၊ ကော်ရိဟော၏​စကားများကို ယုံကြည်လေသော​သူတို့ကို၊ အလားတူ တရားစီရင်​တော်မူခြင်းများ သူတို့​အပေါ်​မကျရောက်​စေခြင်းငှာ၊ အလျင်​အမြန်​နောင်တရကြ​ရမည့်​အကြောင်း ကြေညာလျက်၊ ထိုပြည်​ရှိလူခပ်သိမ်းတို့ထံသို့ ကြေညာချက်ကို တရား​သူကြီးချုပ်က ထုတ်ပြန်၏။

၅၈ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ ကော်ရိဟော၏​ဆိုးညစ်ခြင်း​အကြောင်း သူတို့​အားလုံးကို နားသွင်း၏။ ထို့ကြောင့်၊ သူတို့သည် ကိုယ်တော်ရှင်ထံသို့ တစ်ဖန်​ပြောင်းလဲကြ၏။ ကော်ရိဟော၏​ထုံးစံ​အတိုင်း​ဖြစ်သည့် ဒုစရိုက်ကို ဤအမှုက​အဆုံး​သတ်စေ၏။ ကော်ရိဟော​သည်လည်း မိမိ​အထောက်​အမ​အတွက် စားစရာကို တောင်းခံလျက်၊ တစ်အိမ်မှ တစ်အိမ်သို့ လှည့်လည်သွားလာ၏။

၅၉ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူသည် လူများ​ကြားသို့၊ အထူးသဖြင့်၊ သူတို့ကိုယ်​သူတို့ နီဖိုင်း​အမျိုးသားတို့ထံမှ ခွဲထွက်လေပြီး၊ ဇော်ရမ်ဟု အမည်​ရှိသော​လူ၏ ဦးဆောင်ခြင်းကိုခံ၍ သူတို့ကိုယ်​သူတို့ ဇော်ရမ်​အမျိုးသားများဟု ခေါ်ကြလေ​သူများကြားသို့ ထွက်သွား၏—သူသည် ထိုသူတို့​အကြား၊ ထွက်သွား​စဉ်တွင်၊ ရှုလော့၊ သေသည့်​တိုင်အောင်ပင်၊ သူ့အပေါ်၌​ပြေးသွား၍ နင်းချေသည်ကို ခံရလေ၏။

၆၀ ထိုကဲ့သို့အားဖြင့်၊ ငါတို့​သိမြင်ကြသည်မှာ ကိုယ်တော်ရှင်၏လမ်းစဉ်များကို မှောက်​လှန်သော​သူ၏​နိဂုံးပေတည်း။ ထိုကဲ့သို့​အားဖြင့်၊ ငါတို့​သိမြင်ကြ​သည်မှာ နတ်ဆိုးသည် သူ့သားသမီးများကို နောက်ဆုံးသော​နေ့၌ ထောက်မမည်​မဟုတ်၊ ငရဲသို့သာ အလျင်​အမြန် ဆွဲချမည့်​အကြောင်း​ပေတည်း။