ကျမ်းစာများ
အယ်လမာ ၂၈


အခန်းကြီး ၂၈

လာမန်​အမျိုးသားတို့သည် အံ့ဩ​တုန်လှုပ်ဖွယ်သော​တိုက်ပွဲ၌ အနိုင်​ခံရ၏—သောင်းပေါင်း​များစွာသော​သူတို့ ကွပ်မျက်​ခံရ၏—ဆိုးညစ်သော​သူတို့သည် အဆုံး​မရှိသည့် အမင်္ဂလာ​အခြေ​အနေသို့ လွှဲအပ်​ခံရ၏။ ဖြောင့်မတ်သော​သူတို့သည် အဘယ်တော့မျှအဆုံး​မရှိသော ပျော်ရွှင်ခြင်းကို ရရှိကြ၏။ ဘီစီ ၇၇–၇၆ ခန့်။

ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ အမ္မုန်​လူမျိုးတို့ကို ယေရှုန်​ပြည်ထဲ၌ တည်ထောင်၏၊ အသင်းတော်​တစ်ခုကိုလည်း ယေရှုန်​ပြည်ထဲ၌ တည်ထောင်၏၊ နီဖိုင်း​အမျိုးသားတို့၏ တပ်များကို ယေရှုန်​ပြည်​တစ်ဝိုက်၌ ထိုမှတစ်ပါး၊ ဇရဟင်မလ​ပြည်​တစ်ဝိုက် ခပ်သိမ်းသော နယ်​နိမိတ်တို့၌ ချထားလေ​ပြီးနောက်၊ ရှုလော့၊ လာမန်​အမျိုးသားတို့၏ တပ်များသည် သူတို့​ညီအစ်ကို​များနောက် တောရိုင်းထဲသို့ လိုက်ခဲ့​ကြလေ၏။

ထိုကဲ့သို့​အားဖြင့်၊ အံ့ဩ​တုန်လှုပ်ဖွယ်သော တိုက်ပွဲ​ဖြစ်လေ၏။ အမှန်စင်စစ်၊ လေဟိ​ယေရုရှလင်ကို စွန့်ခွာခဲ့သည့်​အချိန်မှ​စ၍ ထိုပြည်ရှိ ခပ်သိမ်းသော​လူမျိုးတို့၌ ထိုကဲ့သို့သော​တိုက်ပွဲကို မတွေ့ကြုံ​စဖူးပေ။ ထိုမှတစ်ပါး၊ သောင်းပေါင်း​များစွာသော လာမန်​အမျိုးသားတို့ ကွပ်မျက်​ခံရလျက်၊ အရပ်ရပ်သို့ ကွဲပြား​ပြန့်ကျဲ​ကြလေ၏။

ထိုမှတစ်ပါး၊ နီဖိုင်း​လူမျိုးတို့၌ အံ့ဩ​တုန်လှုပ်ဖွယ်သော သိမ်းရုံး​သတ်ဖြတ်ခြင်းလည်း ရှိလေ၏။ သို့သော်လည်း၊ လာမန်​အမျိုးသားတို့သည် မောင်းထုတ်​ခံရသဖြင့်၊ ကွဲပြား​ပြန့်ကျဲကြ၏။ နီဖိုင်း​လူမျိုးတို့​သည်လည်း မိမိတို့​ပြည်သို့ တစ်ဖန်​ပြန်လာ​ကြ၏။

ယခုမူကား၊ နီဖိုင်း​လူမျိုး​ခပ်သိမ်းတို့၌ ထိုပြည်​တစ်လျှောက်လုံးတွင်၊ ကြီးစွာသော ငိုကြွေး​မြည်တမ်းခြင်းနှင့် မြည်တမ်းခြင်းကို ကြားရသော​ကာလ​ပေတည်း—

အထူးသဖြင့်၊ မုဆိုး​မများက မိမိတို့​ခင်ပွန်းများ​အတွက် ငိုကြွေး​မြည်တမ်းလျက်​ရှိသည့် ငိုကြွေးသံ၊ ထို့အတူ၊ အဘတို့က မိမိတို့​သားများ​အတွက် ငိုကြွေး​မြည်တမ်းလျက်​ရှိသည့်၊ သမီးက အစ်ကို​အတွက်၊ ထိုမှတစ်ပါး၊ ညီအစ်ကိုက အဘ​အတွက် ထိုကဲ့သို့​အားဖြင့်၊ ကွပ်မျက်​ခံရလေသည့် သူတို့​ဆွေမျိုး​အတွက် ငိုကြွေး​မြည်တမ်းလျက်​ရှိသည့် ငိုကြွေးမြည်တမ်းသံကို သူတို့​အားလုံး၌ ကြား​ရလေ၏။

ယခုမူကား၊ ဤကာလသည် ဝမ်းနည်းဖွယ်​ကောင်းသော​ကာလ၊ ထိုမှတစ်ပါး၊ တည်ကြည်​လေးနက်ရာ​အချိန်၊ များစွာသော အစာ​ရှောင်ရာနှင့်၊ ဆုတောင်းရာ အချိန်​ဖြစ်လေ၏။

ထိုကဲ့သို့​အားဖြင့်၊ နီဖိုင်း​လူမျိုးတို့​အပေါ် တရား​သူကြီးများ​အုပ်စိုးခြင်း တစ်ဆယ်ငါးနှစ်မြောက် ပြီးဆုံး၏။

ဤအရာသည်ကား၊ အမ္မုန်နှင့် သူ၏​ညီအစ်ကိုများ၊ နီဖိုင်း​ပြည်၌ သူတို့၏​ခရီး​သွားခြင်းများ၊ ထိုပြည်ထဲ၌ သူတို့၏​ဒုက္ခ​ဝေဒနာ​ခံစား​ရခြင်းများ၊ သူတို့၏​ဆင်းရဲ​ဒုက္ခများ၊ သူတို့၏ နားမလည်နိုင်​လောက်​အောင်ရှိ​လှသော ဝမ်းမြောက်ခြင်း၊ ယေရှုန်​ပြည်၌ ညီအစ်ကိုတို့၏ လက်ခံခြင်းနှင့် ဘေးလွတ်ခြင်းတို့​အကြောင်း မှတ်တမ်း​ပေတည်း။ ယခုမူကား၊ ကိုယ်တော်ရှင်၊ ခပ်သိမ်းသော လူသားတို့၏ ရွေးနှုတ်​ရှင်သည် သူတို့၏​စိတ်ဝိညာဉ်များကို ကာလ​အစဉ်​အဆက် ကောင်းချီး​ပေးတော်မူ​ပါစေ။

ထို့အတူ၊ ဤအရာ​သည်ကား၊ နီဖိုင်း​အမျိုးသားတို့၌ စစ်တိုက်ခြင်းများနှင့် ရန်တွေ့ခြင်းများ၊ ထို့အတူ၊ နီဖိုင်း​အမျိုးသားတို့နှင့် လာမန်​အမျိုးသားတို့​ကြား၌ ရှိလေသော စစ်တိုက်ခြင်းများ​အကြောင်း မှတ်တမ်း​ပေတည်း။ တရား​သူကြီးများ​အုပ်စိုးခြင်း​တစ်ဆယ်ငါးနှစ်မြောက်​သည်လည်း ပြီးဆုံး၏။

၁၀ ပထမ​ဦးဆုံးနှစ်မှ တစ်ဆယ်ငါးနှစ်​အတွင်း၊ ထောင်ပေါင်း​များစွာသော အသက်များ​ပျက်စီးခြင်းကို ဖြစ်ပေါ်​စေလေ၏။ ထိုမှတစ်ပါး၊ ယင်းကာလ​အတွင်း၊ အသွေး​သွန်းလောင်းခြင်း၏ အလွန်​ဆိုးရွားသော​မြင်ကွင်းကို ဖြစ်ပေါ်​စေလေ၏။

၁၁ ထောင်ပေါင်း​များစွာသော​သူတို့၏ ကိုယ်ခန္ဓာများ မြေကြီးမျက်နှာ​ပြင်ပေါ်၌ အစု​အပုံ​လိုက် ပုပ်ပျက်လျက်​ရှိစဉ်တွင်၊ ထောင်ပေါင်း​များစွာသော​သူတို့၏ ကိုယ်ခန္ဓာတို့ကို မြေကြီးထဲသို့ ချကြ၏။ ထိုမှတစ်ပါး၊ ထောင်ပေါင်း​များစွာသော​သူတို့သည် မိမိတို့၏​ဆွေမျိုးများဆုံး​ရှုံးရခြင်းကြောင့်၊ ကိုယ်တော်ရှင်၏​ကတိတော်​အတိုင်း၊ အဆုံး​မရှိသည့် အမင်္ဂလာ​အခြေ​အနေသို့ လွှဲအပ်​ခံရလေသည့် ကြောက်ရွံ့စရာအကြောင်း​ရှိလေသဖြင့်၊ ငိုကြွေး​မြည်တမ်းလျက်​ရှိကြ၏။

၁၂ ထောင်ပေါင်း​များစွာသော​အခြား​သူတို့သည် မိမိတို့​ဆွေမျိုးများ ဆုံးရှုံး​ရခြင်းကြောင့်၊ အမှန်ပင်၊ ငိုကြွေး​မြည်တမ်း​ကြသော်လည်း၊ ကိုယ်တော်ရှင်၏​ကတိတော်​အတိုင်း၊ အဘယ်တော့မျှ အဆုံး​မရှိသော ပျော်ရွှင်ခြင်း​အခြေ​အနေဖြင့် ဘုရားသခင်၏​လက်ယာတော်​ဘက်တွင် နေထိုင်ရန် ထိုသူတို့ ထမြောက်​ရမည်ကို မျှော်လင့်ခြင်းနှင့် သိ၍ ရွှင်လန်း​ဝမ်းမြောက်ပြီး၊ ကျေနပ်​အားရကြ၏။

၁၃ ထိုကဲ့သို့​အားဖြင့်၊ ငါတို့​သိမြင်ကြသည်မှာ၊ လူတို့​စိတ်နှလုံးကို ထောင်ချောက်​ဆင်၍​ဖမ်းခြင်းငှာ ကြံစည်သည့် စဉ်းလဲသော​အစီအစဉ်တို့​အားဖြင့် ဖြစ်လာသည့် နတ်ဆိုး၏​တန်ခိုးနှင့်​အတူ၊ အပြစ်နှင့် လွန်ကျူးခြင်း​တို့ကြောင့်၊ လူသား၌ မမျှတခြင်း အဘယ်မျှ​ကြီးမား​လေကြောင်း​ပေတည်း။

၁၄ ထိုကဲ့သို့​အားဖြင့်၊ ငါတို့​သိမြင်ကြ​သည်မှာ၊ ကိုယ်တော်ရှင်၏​ဥယျာဉ်ထဲ၌၊ လုံ့လဝီရိယဖြင့် အလုပ်လုပ်စေရန် လူသားတို့ကို ကြီးစွာသော ခေါ်တော်မူခြင်း​ဖြစ်၏။ ထိုကဲ့သို့​အားဖြင့်၊ ငါတို့​သိမြင်ကြ​သည်မှာ၊ ဝမ်းနည်းခြင်းနှင့် ထို့အတူ၊ ရွှင်လန်း​ဝမ်းမြောက်ခြင်း​အတွက်လည်း ကြီးစွာသော​အကြောင်းရင်းပေတည်း—ဝမ်းနည်းခြင်းမှာ လူသားများ၌ သေခြင်းနှင့် ဖျက်ဆီးခြင်းကြောင့်​ဖြစ်ပြီး၊ ဝမ်းမြောက်ခြင်း​သည်ကား၊ အသက်​ရှင်ရာသို့​ရောက်ရာ ခရစ်တော်၏​အလင်းကြောင့် ဖြစ်လေ​သတည်း။