ကျမ်းစာများ
အယ်လမာ ၂၁


လာမန်​အမျိုးသားတို့ထံ၊ အာရုန်၊ မြူလော်ကိနှင့် သူတို့၏​ညီအစ်ကိုတို့၏ ဟောပြောခြင်း​အကြောင်း မှတ်တမ်း။

အခန်းကြီး ၂၁ မှ ၂၅ အထိ​ဖွဲ့စည်း​ပါဝင်၏။

အခန်းကြီး ၂၁

အာရုန်သည် အာမလက်​လူတို့အား ခရစ်တော်နှင့် သူ၏​အပြစ်​ဖြေခြင်း​မင်္ဂလာ​အကြောင်းကို သွန်သင်​ပေး၏—အာရုန်နှင့် သူ၏​ညီအစ်ကိုတို့သည် မိဒေါနိ​ပြည်တွင် ထောင်ထဲ၌​လှောင်ထား​ခံရ၏—သူတို့သည် လွတ်မြောက်​ပြီးနောက်တွင်၊ တရားဇရပ်များ၌ သွန်သင်​ပေး၍၊ များစွာသော​သူတို့ကို ပြောင်းလဲ​စေ၏—လာမောနိသည် ဣရှမေလ​ပြည်ရှိ လူတို့အား ဘာသာရေး​လွတ်လပ်ခွင့်ကို ပေး၏။ ဘီစီ ၉၀–၇၇ ခန့်။

ယခုတွင်၊ အမ္မုန်နှင့် သူ၏​ညီအစ်ကိုတို့သည် လာမန်​အမျိုးသားတို့​ပြည်၏​နယ်နိမိတ်၌ သီးခြား​စီခွဲကြပြီးလျှင်၊ ရှုလော့၊ အာရုန်သည် လာမန်​အမျိုးသားတို့ ယေရုရှလင်ဟု သူတို့​ဘိုးဘေးတို့​ဖွားရာ​ပြည်​အတိုင်း ခေါ်သည့် ထိုပြည်ဆီသို့ ခရီး​သွား၏။ ထိုအရပ်​သည်ကား၊ မော်မုန်​ပြည်နှင့် နယ်နိမိတ်ခြင်း​ထိစပ်လျက်​ရှိပြီး၊ ဝေးရာ​အရပ်၌​ရှိလေ၏။

ယခုတွင်၊ လာမန်​အမျိုးသားများ၊ အာမလက်​လူများနှင့် အာမြူလုန်​လူမျိုးတို့သည် ယေရုရှလင်ဟု​ခေါ်သည့် မြို့ကြီးကို တည်ဆောက်​ကြလေ၏။

ယခုတွင်၊ လာမန်​အမျိုးသားတို့​ကိုယ်တိုင်သည် အပြည့်​အဝ​မာကျောကြ၏။ သို့ရာတွင်၊ အာမလက်​လူတို့နှင့် အာမြူလုန်​အမျိုးသားတို့သည် သာ၍​မာကျောလျက်​ရှိကြ​သေး၏။ ထို့ကြောင့်၊ သူတို့သည် လာမန်​အမျိုးသားတို့ကို၊ ဆိုးညစ်ခြင်းနှင့် သူတို့၏​စက်ဆုပ်​ရွံရှာဖွယ်ရာ​အမှုတို့၌ အားကြီး၍​လာစေကြောင်း၊ သူတို့​စိတ်နှလုံးကို မာကျော​စေကြ၏။

ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ အာရုန်သည် ယေရုရှလင်မြို့သို့ လာခဲ့ပြီး၊ အာမလက်​လူတို့ကို ပထမ​ဦးဆုံး ဟောပြော​စပြု၏။ သူတို့၏ တရား​ဇရပ်များ၌ သူဟော​ပြော​စပြု၏။ အကြောင်းမူကား၊ သူတို့သည် နေဟော​နောက်လိုက်များ၏​အသင်း​အတိုင်း တရားဇရပ်များကို တည်​ဆောက်ကြ၏။ အာမလက်​လူများနှင့် အာမြူလုန်​အမျိုးသားတို့မှ များစွာသော​သူတို့သည်လည်း နေဟော​နောက်လိုက်များ၏​အသင်း​အတိုင်း ရှိကြ၏။

ထို့ကြောင့်၊ အာရုန်သည် လူတို့ကို ဟောပြောခြင်းငှာ သူတို့၏​တရား​ဇရပ်များထဲမှ တစ်ခုထဲသို့ ဝင်၍၊ ဟောပြော​စဉ်တွင်၊ ရှုလော့၊ အာမလက်​လူတစ်ဦး ထ၍​လာပြီး၊ သူနှင့်​ငြင်းခုံ​စပြု၍ ဆိုလေသည်ကား၊ သင်သက်သေ​ခံလေသည့်​အရာကား၊ အဘယ်နည်း။ သင်သည် ကောင်းကင်​တမန်ကို မြင်လေ​သလော။ ကောင်းကင်​တမန်တို့သည် ငါတို့​ထံသို့ အဘယ့်ကြောင့် ပေါ်​မလာကြ​သနည်း။ ရှုလော့၊ ဤလူမျိုးတို့သည် သင်၏​လူမျိုးတို့​ကဲ့သို့ မကောင်း​မြတ်သလော။

ငါတို့​နောင်တ​မရလျှင်၊ ပျက်စီး​ရမည့်​အကြောင်းကိုလည်း သင်​ပြော၏။ ငါတို့​စိတ်နှလုံး၏ အတွေးများနှင့် အကြံ​အစည်များကို သင်​အဘယ်သို့​အားဖြင့် သိသနည်း။ ငါတို့၌ နောင်တရရန်​အကြောင်း​ရှိသည်ကို သင်​အဘယ်သို့​အားဖြင့် သိသနည်း။ ငါတို့သည် ဖြောင့်မတ်သော​လူမျိုးများ မဟုတ်ကြောင်း သင်​အဘယ်သို့​အားဖြင့် သိသနည်း။ ရှုလော့၊ ငါတို့သည် ဝတ်ပြုရာ​ဌာနများကို ဆောက်ကြလေပြီ။ ငါတို့သည် ဘုရားသခင်ကို ကိုးကွယ်ရန် ငါတို့​ကိုယ်ငါတို့ အတူတကွ စည်းဝေးကြ၏။ ခပ်သိမ်းသောလူသား​တို့ကို ဘုရားသခင်​ကယ်တင်​တော်မူမည့်​အကြောင်း ငါတို့ ယုံကြည်ကြ၏။

ယခုတွင်၊ အာရုန်က ဆိုလေသည်မှာ လူသားတို့ကို​၊ သူတို့၏​အပြစ်များမှ ရွေးနှုတ်​တော်မူခြင်းငှာ ဘုရားသခင်၏​သားတော် ကြွလာ​တော်မူ​လိမ့်မည်ကို အသင်​ယုံကြည်​သလောဟု မေး၏။

ထိုလူကလည်း ဆိုလေသည်ကား၊ ထိုကဲသို့သော​အရာ​တစ်စုံ​တစ်ခုကို သင်သိသည့်​အကြောင်း ငါတို့​မယုံကြည်ကြ။ ဤမိုက်မဲသော​နည်း​ဥပဒေသများကို ငါတို့​မယုံကြည်ကြ။ ဖြစ်လာမည့်​အရာများ​အကြောင်း သင်​သိသည်ကို ငါတို့​မယုံကြည်ကြ။ သင်၏​ဘိုးဘေးတို့၊ ထို့အတူ ငါတို့​ဘိုးဘေးတို့သည် ဖြစ်လာမည့်​အရာများ​အကြောင်း၊ သူတို့​ပြောခဲ့သည့်​အရာများနှင့်​စပ်လျဉ်း၍ သိလေသည်​ကိုလည်း ငါတို့​မယုံကြည်ကြ။

ယခုတွင်၊ အာရုန်သည် ခရစ်တော်​ကြွလာ​တော်မူမည့်​အကြောင်းနှင့်​စပ်လျဉ်း၍၊ ထို့အတူ၊ သေသူတို့၏​ရှင်ပြန်​ထမြောက်ခြင်းနှင့်​စပ်လျဉ်း၍၊ ခရစ်တော်၏​သေခြင်းနှင့် ဒုက္ခ​ဝေဒနာ​ခံစားခြင်း၊ သူ့​အသွေး​တော်ဖြင့် အပြစ်​ဖြေခြင်းမင်္ဂလာတို့​အားဖြင့်​မှတစ်ပါး၊ လူသားတို့​အတွက် ရွေးနှုတ်ခြင်း မရှိနိုင်ကြောင်း ထိုသူတို့အား ကျမ်းစာများကို ဖွင့်ပြ​စပြု၏။

၁၀ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဤအရာတို့ကို သူရှင်းပြ​စပြုလျှင်၊ သူတို့သည် အမျက်​ထွက်၍ သူ့ကို ပြက်ရယ်ပြု​စပြုကြ၏။ သူပြောသည့် စကားများ​ကိုလည်း ကြားနာ​လိုခြင်း​မရှိကြ။

၁၁ ထို့ကြောင့်၊ သူ၏​စကားများကို သူတို့​ကြားနာ​လိုခြင်း​မရှိကြောင်း သူသိမြင်လျှင်၊ သူတို့၏​တရား​ဇရပ်မှ ထွက်ခွာ​သွားပြီး၊ အန္နိ-​အန္တိဟု​ခေါ်သည့်​ရွာသို့ လာသဖြင့်၊ ထိုအရပ်၌ မြူလော်ကိက သူတို့အား ဟောပြောလျက်​ရှိသည်ကို​လည်းကောင်း၊ ထို့အတူ၊ အမ္မနှင့် သူ၏​ညီအစ်ကိုတို့ကို​လည်းကောင်း တွေ့ရှိ၏။ သူတို့သည် နှုတ်ကပတ်တော်​အကြောင်းကို များစွာသော​သူတို့နှင့် ဆွေးနွေးကြ၏။

၁၂ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ လူတို့သည် စိတ်နှလုံးကို မာကျောစေ​လိုကြကြောင်း သူတို့​သိမြင်ကြ၏။ ထို့ကြောင့်၊ သူတို့သည် ထွက်ခွာ​သွားပြီး၊ မိဒေါနိ​ပြည်ထဲသို့ လာကြ၏။ နှုတ်ကပတ်တော်ကိုလည်း များစွာသော​သူတို့အား ဟောပြောလျက်၊ အနည်းငယ်သော​သူတို့သည် သူတို့​သွန်သင်​ပေးသည့် စကားများကို ယုံကြည်ကြ၏။

၁၃ သို့သော်လည်း၊ အာရုန်နှင့် သူ၏​ညီအစ်ကို​အချို့တို့သည် ဖမ်းဆီးခြင်းနှင့် ထောင်ထဲ၌​လှောင်ထားခြင်းကို ခံရပြီး၊ သူတို့မှ ကျန်ကြွင်းသော​သူတို့သည် မိဒေါနိ​ပြည်မှ နေ၍ ပတ်ဝန်းကျင်​ဒေသသို့ ထွက်​ပြေး၏။

၁၄ ထောင်ထဲ၌ လှောင်ထား​ခံရလေသော​သူတို့သည် ဒုက္ခများစွာ​ခံစားရ၍၊ လာမောနိနှင့် အမ္မုန်တို့၏​လက်ဖြင့် ကယ်လွှတ်​ခံရပြီးမှ၊ ကျွေးမွေး၍ အဝတ်​တန်ဆာ​ဆင်သည်ကိုလည်း ခံရလေ၏။

၁၅ သူတို့​သည်လည်း နှုတ်ကပတ်တော်ကို ဟောကြားခြင်းငှာ တစ်ဖန်​ထွက်​သွား၍၊ ထိုကဲ့သို့​အားဖြင့်၊ ပထမ​ဦးဆုံး​အကြိမ်အဖြစ် ထောင်ထဲမှ ကယ်လွှတ်​ခံရ၏။ ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် ဒုက္ခ​ဝေဒနာ​ခံစား​ရ၏။

၁၆ သူတို့သည် ကိုယ်တော်ရှင်၏​ဝိညာဉ်တော်​အားဖြင့် ဆောင်သွား ခံရသည့် အရပ်​မှန်သမျှသို့ ထွက်သွားကြပြီး၊ အာမလက်​လူတို့၏​တရား​ဇရပ်တိုင်း၌၊ သို့မဟုတ်၊ သူတို့​အခွင့်​ရနိုင်သည့် လာမန်​အမျိုးသားတို့၏ အစည်း​အဝေးတိုင်း၌ ဘုရားသခင်၏​နှုတ်ကပတ်တော်ကို ဟောပြော​နေကြ၏။

၁၇ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ကိုယ်တော်ရှင်သည် သူတို့ကို ကောင်းချီး​ပေးတော်မူ​စပြုသဖြင့် သူတို့သည် များစွာသော​သူတို့အား သမ္မာ​တရားကို​သိခြင်းသို့ ဆောင်ယူကြ၏။ အထူးသဖြင့်၊ ထိုသူတို့၏ များစွာသော​အပြစ်များ​အကြောင်းနှင့် သူတို့​ဘိုးဘေးတို့၏​နည်း​ဥပဒေသများ မမှန်ကြောင်းကို နားသွင်းကြ၏။

၁၈ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အမ္မုန်နှင့် လာမောနိတို့သည် မိဒေါနိ​ပြည်မှ သူတို့၏​အမွေ​ခံရာ​မြေဖြစ်သည့် ဣရှမေလ​ပြည်သို့ ပြန်လာကြ၏။

၁၉ လာမောနိ​မင်းကြီးကလည်း အမ္မုန်အား မိမိကို​အစေခံရန် သို့မဟုတ် သူ၏​ကျွန်​ဖြစ်စေရန် အခွင့်​မပေး​လိုပေ။

၂၀ သို့ရာတွင်၊ သူသည် ဣရှမေလ​ပြည်၌ တရား​ဇရပ်များကို တည်ဆောက်​စေ၏။ သူ၏​လူတို့ သို့မဟုတ်၊ သူ့အုပ်စိုးခြင်းအောက်၌​ရှိသော​လူတို့ကိုလည်း သူတို့ကိုယ်သူတို့အတူတကွ စည်းဝေး​စေ၏။

၂၁ ထိုသူတို့၌ သူရွှင်လန်း​ဝမ်းမြောက်၍ များစွာသော​အရာတို့ကိုလည်း သွန်သင်​ပေး၏။ သူတို့သည် သူ၏​အုပ်စိုးခြင်း​အောက်၌ ရှိသော​သူများ​ဖြစ်လေကြောင်း၊ ထို့အတူ၊ လွတ်လပ်သော​လူမျိုးများ ဖြစ်လေကြောင်း၊ သူ၏​အဘက သူ့အား ဣရှမေလ​ပြည်နှင့် ပတ်ဝန်းကျင်​ရှိပြည် ခပ်သိမ်းတို့၌​ရှိသော လူမျိုးတို့​အပေါ်​အုပ်စိုးရန် အခွင့်​ပေးသောကြောင့်၊ မိမိ​အဘ​မင်းကြီး၏ ညှဉ်းပန်း​နှိပ်စက်ခြင်းမှ သူတို့​ကင်းဝေး​လေကြောင်း သူဟော​ကြား၏။

၂၂ သူတို့သည် လာမောနိ​မင်းကြီး၏ အုပ်စိုးမှု​အောက်ရှိပြည်​အတွင်း၌ ရှိလေသမျှ၊ အဘယ်​အရပ်၌​ပင်ဖြစ်စေ သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်ကို သူတို့​အလို​ဆန္ဒများ​အတိုင်း လွတ်လပ်စွာ​ကိုးကွယ်ခွင့် ရှိနိုင်​ကြောင်းကိုလည်း သူဟော​ကြား၏။

၂၃ အမ္မုန်သည်လည်း လာမောနိ​မင်းကြီး၏​လူတို့အား ဟောပြော၏။ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဖြောင့်မတ်ခြင်းနှင့်​စပ်ဆိုင်သည့်​အရာ​မှန်သမျှကိုလည်း သွန်သင်​ပေး၏။ သူတို့ကို လုံ့လဝီရိယရှိသမျှနှင့် နေ့စဉ်​တိုက်တွန်း၏။ သူတို့သည်လည်း သူ၏ စကားကို ပမာဏပြု၍၊ ဘုရားသခင်၏ ပညတ်တော်တို့ကို စောင့်ထိန်းရာ၌ စိတ်​အားကြီးကြ​လေသတည်း။