ကျမ်းစာများ
အယ်လမာ ၅


ဘုရားသခင်၏​သန့်ရှင်းသော​အသင်း​အတိုင်း​ဖြစ်သည့် ယဇ်ပုရောဟိတ်​မင်းအယ်လမာက ထိုပြည်​တစ်လျှောက်​ရှိလူတို့အား သူတို့၏​မြို့များနှင့် ရွာများ၌ ဟောကြားခဲ့သော စကားများ။

အခန်းကြီး ၅ ဖြင့် စတင်၏။

အခန်းကြီး ၅

ကယ်တင်ခြင်းကို ရရှိရန် လူသားတို့သည် နောင်တရ၍၊ ပညတ်တော်များကို စောင့်ထိန်းရမည်၊ တစ်ဖန်​မွေးခြင်းကို​ခံလျက်၊ သူတို့၏​အဝတ်တန်ဆာများကို ခရစ်တော်၏​အသွေးတော်​အားဖြင့် သန့်စင်​စေလျက်၊ နှိမ့်ချ၍၊ သူတို့​ကိုယ်သူတို့ မာနနှင့် ငြူစူသော​စိတ်မှ ချွတ်ခွာလျက်၊ ဖြောင့်မတ်သော​အမှုတို့ကို ပြုရမည်—ကောင်းသော​သိုးထိန်းသည် မိမိလူတို့ကို ခေါ်၏—ဆိုးသော​အမှုများကို ပြုသော​သူတို့သည်ကား၊ နတ်ဆိုး၏​သားသမီးများ ဖြစ်ကြ၏—အယ်လမာသည် မိမိဩဝါဒ​မှန်ကန်ခြင်း​အကြောင်းကို သက်သေခံ၍ လူသားတို့ကို နောင်တရကြရန် မိန့်မှာ၏—ဖြောင့်မတ်သော​သူတို့၏​အမည်များကို အသက်​စာစောင်၌ ရေးထား​လိမ့်မည်။ ဘီစီ ၈၃ ခန့်။

ယခုတွင်၊ အချိန်တန်​လာသော​အခါ၊ အယ်လမာသည် ဘုရားသခင်၏​နှုတ်ကပတ်တော်ကို ပထမတွင် ဇရဟင်မလ​ပြည်၌​လည်းကောင်း၊ ထိုမှတစ်ဆင့် ထိုပြည်​တစ်လျှောက်လုံး၌​လည်းကောင်း ဟောကြား​စပြု၏။

ဇရဟင်မလမြို့ ၌ တည်ထောင်လေသော​အသင်းတော်​ရှိလူတို့အား သူ၏​ကိုယ်ပိုင်​မှတ်တမ်း​အတိုင်း ဟောပြောခဲ့သည့် ဤစကားများ​မူကား၊

ငါ၏​အဘ​အယ်လမာသည် ငါအယ်လမာကို ဘုရားသခင်၏​အသင်းတော်၌ ယဇ်ပုရောဟိတ်မင်း​အဖြစ်​ခန့်ထား​လေသည်မှာ၊ ဤအရာတို့ကို ပြုရန် တန်ခိုးနှင့် အခွင့်​အာဏာကို ဘုရားသခင်ထံမှ ရရှိသောကြောင့်​ဖြစ်၏။ ရှုလော့၊ သင်တို့ကို ငါဆို​သည်ကား၊ နီဖိုင်းပြည်၏​နယ်နိမိတ်၌​ရှိသော ထိုပြည်၊ အထူးသဖြင့်၊ မော်မုန်ပြည်ဟု​ခေါ်သော​ထိုပြည်၌၊ သူသည် အသင်းတော်ကို တည်ထောင်​စပြု၏။ ထိုမှတစ်ပါး၊ သူ၏ညီအစ်ကိုတို့ကို မော်မုန်ရေများ၌ ဗတ္တိဇံ​ပေး၏။

ရှုဦးလော့၊ သင်တို့ကို ငါဆိုသည်ကား၊ သူတို့သည် ဘုရားသခင်၏​ကရုဏာတော်နှင့် တန်ခိုးတော်​အားဖြင့်၊ နောဧမင်းကြီး၏​လူများလက်မှ ကယ်လွှတ်​ခံရကြ၏။

ရှုဦးလော့၊ ထို့နောက်တွင်၊ သူတို့သည် တောရိုင်းထဲ၌ လာမန်​အမျိုးသားတို့၏​လက်ဖြင့် ကျွန်​ပြုခြင်းသို့ ဆောင်ယူ​ခံရလေ၏။ ထိုမှတစ်ပါး၊ သင်တို့ကို ငါဆိုသည်ကား၊ သူတို့သည် ဖမ်းဆီး​ချုပ်နှောင်ခြင်း၌ ရှိ၍၊ ကိုယ်တော်ရှင်သည် သူ့နှုတ်ကပတ်တော်၏တန်ခိုးဖြင့်၊ သူတို့ကို ကျွန်ခံရာမှ တစ်ဖန်​ကယ်လွှတ်​တော်မူ၏။ ငါတို့​သည်လည်း ဤပြည်​ထဲသို့​ဆောင်ခြင်းကို ခံရ၍၊ ဤပြည်​တစ်လျှောက်၌​လည်း ဘုရားသခင်၏​အသင်းတော်ကို တည်ထောင်​စပြုလေ၏။

ယခုမူကား၊ ရှုလော့၊ သင်တို့ကို​ငါဆိုသည်မှာ၊ ဤအသင်းတော်နှင့် ဆိုင်သူများ ဖြစ်သည့် ငါ၏​ညီအစ်ကို​သင်တို့၊ သင်တို့​ဘိုးဘေးတို့​ဖမ်းဆီး​ချုပ်နှောင်​ခံရခြင်းကို အောက်မေ့ခြင်းဖြင့် သင်တို့​လုံလုံ​လောက်လောက်​သတိရ​လေသလော။ ထိုမှတစ်ပါး၊ သူတို့ထံသို့ သူ၏​ကရုဏာတော်နှင့် စိတ်ရှည်​တော်မူခြင်းတို့ကို အောက်မေ့ခြင်းဖြင့် သင်တို့​လုံလုံ​လောက်လောက်​သတိရ​လေသလော။ တစ်ဖန်၊ သူတို့၏​စိတ်ဝိညာဉ်များကို ငရဲမှ ကယ်လွှတ်​တော်မူ​လေသည်ကို အောက်မေ့ခြင်းဖြင့် သင်တို့​လုံလုံ​လောက်လောက် သတိရ​လေသလော။

ရှုလော့၊ သူတို့၏​စိတ်နှလုံးကို သူပြောင်းလဲ​တော်မူ၏။ ထိုမှတစ်ပါး၊ သူတို့ကို ကြီးသော​အိပ်ခြင်းမှ နှိုးတော်မူ၍၊ ဘုရားသခင်ထံသို့ နိုးထခဲ့ကြ၏။ ရှုလော့၊ သူတို့သည် မှောင်မိုက်ထဲ၌ ရှိလေ၏။ သို့သော်လည်း၊ သူတို့​စိတ်ဝိညာဉ်များသည် ထာဝရ​တည်မြဲသော နှုတ်ကပတ်တော်၏​အလင်း​အားဖြင့်၊ အလင်းသို့​ရောက်၏။ ထိုမှတစ်ပါး၊ သူတို့သည် သေခြင်း၏​ကြိုးများ၊ ငရဲ၏​သံကြိုးများဖြင့် ရစ်ပတ်​ထားခံရ၍ ထာဝရ​တည်မြဲသော​ပျက်စီးခြင်းက သူတို့ကို စောင့်နေ၏။

ယခုမူကား၊ ငါ၏​ညီအစ်ကိုတို့၊ သူတို့ ဖျက်ဆီး​ခံရလေ​သလောဟု သင်တို့ကို ငါမေး၏။ ရှုလော့၊ မဟုတ်ပေဟု သင်တို့ကို ငါဆို၏။ သူတို့ မခံရ​လေကြ။

ထိုမှတစ်ဖန်၊ သေခြင်း၏​ကြိုးများ ပြတ်လေ​သလော၊ ထို့အတူ၊ သူတို့ကို ရစ်ပတ်ထားသော ငရဲ၏​သံကြိုးများ ပြုတ်လေ​သလောဟု ငါမေး၏။ ဟုတ်ပေ၏။ ထိုအရာများ​ပြုတ်၍၊ သူတို့၏​စိတ်ဝိညာဉ် တိုးပွား၏၊ သူတို့သည် ရွေးနှုတ်​တော်မူသော​ချစ်ခြင်းကို သီဆို​ကြ၏ဟု သင်တို့ကို​ငါဆို၏။ သူတို့​ကယ်တင်ခြင်းသို့ ရောက်သည်​ကိုလည်း သင်တို့ကို ငါဆို၏။

၁၀ ယခုမူကား၊ အဘယ်သို့သော​အခြေအနေတွင် ကယ်တင်ခြင်းသို့ သူတို့​ရောက်ကြ​သနည်းဟု သင်တို့ကို ငါမေး၏။ ထိုမှတစ်ပါး၊ အဘယ်သို့သော အခြေခံ​အကြောင်း​ရင်းများ၌ ကယ်တင်ခြင်းကို သူတို့​မျှော်လင့်ရန်​ရှိကြသနည်း။ သေခြင်း၏​ကြိုးများမှ၊ ထိုမှတစ်ပါး ငရဲ၏​သံကြိုးများမှလည်း သူတို့​လွတ်ခြင်း၏​အကြောင်း​ရင်းကား အဘယ်နည်း။

၁၁ ရှုလော့၊ သင်တို့ကို ငါပြောနိုင်၏—အဘိနဒိ၏​နှုတ်မှ ဟောကြားခဲ့သော စကားများကို ငါ၏​အဘ​အယ်လမာ မယုံကြည်​လေသလော။ သူသည် သန့်ရှင်းသော​ပရောဖက်​တစ်ပါး မဟုတ်လေ​သလော။ သူသည် ဘုရားသခင်၏​နှုတ်ကပတ်တော်ကို မဟောသလော၊ ငါ၏​အဘ​အယ်လမာ​ကလည်း ထို​နှုတ်ကပတ်တော်​တို့ကို မယုံကြည်လေ​သလော။

၁၂ ထို့အတူ၊ သူ၏​ယုံကြည်ခြင်း​အတိုင်း၊ သူ၏​စိတ်နှလုံး၌ ပြုပြင်​စီရင်​ထားသည့် ကြီးစွာသော​ပြောင်းလဲခြင်း​ရှိ၏။ ရှုလော့၊ ဤအရာ​အလုံးစုံ အမှန်​ဖြစ်ကြောင်း သင်တို့ကို ငါဆို၏။

၁၃ ရှုဦးလော့၊ သူသည် နှုတ်ကပတ်တော်ကို သင်တို့​ဘိုးဘေးတို့အား ဟော​ပြော၍၊ သူတို့​စိတ်နှလုံး၌ ကြီးစွာသော​ပြောင်းလဲခြင်းကိုလည်း ပြုပြင်​စီရင်​ထားသဖြင့်၊ သူတို့ကိုယ်​သူတို့ နှိမ့်ချ၍၊ မှန်ကန်သည့် အသက်ရှင်​တော်မူသော​ဘုရားသခင်ကို ကိုးစားကြ၏။ ရှုဦးလော့၊ သူတို့သည် အဆုံး​တိုင်အောင် သစ္စာ​ရှိကြ၏။ ထို့ကြောင့်၊ သူတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြ၏။

၁၄ ယခုမူကား၊ ရှုလော့၊ သင်တို့ကို ငါမေး၏၊ အသင်းတော်မှ ငါ၏​ညီအစ်ကိုတို့၊ သင်တို့ကို ဝိညာဉ်ပကတိ၌ ဘုရားသခင်​ဖြစ်ဖွား​စေတော်မူပြီးလေ​ပြီလော။ သင်တို့​မျက်နှာထား၌ သူ၏​ပုံသဏ္ဌာန်ကို လက်ခံရ​ရှိပြီးလေ​ပြီလော။ ဤကြီးစွာသော​ပြောင်းလဲခြင်းကို သင်တို့​စိတ်နှလုံး၌ တွေ့ကြုံ​ပြီးလေ​ပြီလော။

၁၅ သင်တို့ကို ဖန်ဆင်း​တော်မူခဲ့သည့်​သူ၏ ရွေးနှုတ်ခြင်းကို သင်တို့​ယုံကြည်မှု​ပြုကြ​သလော။ သင်တို့သည် သေခြင်း​ရှိသော​ကိုယ်ခန္ဓာ၌ ပြုပြီးလေသော​အကျင့်များ​အတိုင်း တရားစီရင်​ခံရစေရန် ဘုရားသခင်​ရှေ့၌​ရပ်ခြင်းငှာ၊ ဤသေခြင်း​ရှိသော ကိုယ်ခန္ဓာသည် သေခြင်း​မရှိရာ၌ ထမြောက်ခဲ့​သည်ကို​လည်းကောင်း၊ ဤပုပ်ပျက်ခြင်းသည် မပုပ်ပျက်ခြင်း၌ ထမြောက်ခဲ့​သည်ကို​လည်းကောင်း ယုံကြည်ခြင်း​မျက်လုံးဖြင့်​ကြည့်၍ မျှော်လင့်ကြ​သလော။

၁၆ ငါဆိုသည်ကား၊ ထိုကာလ၌ သင်တို့ကို၊ မိန့်တော်မူလေသည့် ကောင်းချီး​မင်္ဂလာကို ခံရသော​သင်တို့၊ ငါ့ထံသို့​လာကြလော့။ အကြောင်းမူကား၊ ရှုလော့၊ သင်တို့၏​အကျင့်များသည် မြေကြီး​မျက်နှာ​ပြင်ပေါ်၌ ဖြောင့်မတ်ခြင်း​အကျင့်များ ဖြစ်လေ၏​ဟူသော ကိုယ်တော်ရှင်၏​အသံကို သင်တို့​ကြားသည်ဟု သင်တို့​ကိုယ်သင်တို့ ထင်မြင်နိုင်​ကြသလော။

၁၇ သို့မဟုတ်၊ သင်တို့သည် ထိုကာလ၌ ကိုယ်တော်ရှင်ကို မုသား​ပြောနိုင်၍—ကိုယ်တော်ရှင်၊ အကျွန်ုပ်တို့၏​အကျင့်များသည် မြေကြီး​မျက်နှာ​ပြင်ပေါ်၌ ဖြောင့်မတ်​ပါပြီဟု ဆိုသဖြင့်—သင်တို့ကို သူကယ်တင်​လိမ့်မည်ဟု သင်တို့​ကိုယ်သင်တို့ ထင်မြင်​ကြသလော။

၁၈ သို့​မဟုတ်လျှင်၊ သင်တို့၏​စိတ်ဝိညာဉ်၌ အပြစ်​ရောက်ခြင်းနှင့် သံဝေဂတို့နှင့် ပြည့်၍ သင်တို့၏​အပြစ်​ရောက်ခြင်း​ခပ်သိမ်းကို အောက်မေ့ခြင်း၊ ထိုမှတစ်ပါး၊ သင်တို့၏​ဆိုးညစ်ခြင်း ခပ်သိမ်းကို စုံလင်စွာ​အောက်မေ့ခြင်း၊ ထိုမှတစ်ပါး၊ ဘုရားသခင်၏ ပညတ်တော်များကို သင်တို့​ဖီဆန်​လေကြောင်း အောက်မေ့ခြင်းတို့​ရှိလျက် ဘုရားသခင်၏​တရား​ခုံရုံးရှေ့သို့ ပို့ဆောင်သည်ဟု သင်တို့ကိုယ်​သင်တို့ ထင်မြင်နိုင်​ကြသလော။

၁၉ သင်တို့ကို ငါဆိုသည်ကား၊ ထိုကာလ၌ သင်တို့သည် စင်ကြယ်သော​စိတ်နှလုံး၊ သန့်ရှင်းသော​လက်တို့ဖြင့်၊ ဘုရားသခင်ကို မော့၍​ကြည့်နိုင်​ကြသလော။ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့​မျက်နှာထား​ပေါ်၌ ဘုရားသခင်၏ ပုံသဏ္ဌာန်ကို ရေးထွင်း​ထားခြင်း​ရှိလျက် မော့၍​ကြည့်နိုင်​ကြသလော။

၂၀ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သည် သင်တို့​ကိုယ်ကို နတ်ဆိုး၏​ဩဇာခံများ​ဖြစ်လာ​စေရန် အရှုံး​ပေးစဉ်၌၊ ကယ်တင်​ခံရခြင်းကို စဉ်းစားနိုင်​ကြသလော။

၂၁ သင်တို့ကို ငါဆိုသည်ကား၊ ထိုကာလ၌ သင်တို့​ကယ်တင်ခြင်းသို့​မရောက်နိုင်​သည်ကို သိကြလိမ့််မည်။ အကြောင်းမူကား၊ အဝတ်တန်ဆာများကို ဖြူစင်​အောင်လျှော်​ဖွပ်မထားလျှင်၊ ကယ်တင်ခြင်းသို့ အဘယ်သူမျှ​မရောက်နိုင်။ ထိုမှတစ်ပါး၊ ငါတို့ဘိုးဘေးတို့ ပြောထားလေသည့်​သူ၊ မိမိ​လူမျိုးတို့ကို အပြစ်များမှ ရွေးနှုတ်ခြင်းငှာ ကြွလာ​တော်မူမည့်​သူ၏ အသွေး​အားဖြင့်၊ အဝတ်တန်ဆာများကို ခပ်သိမ်းသော​အစွန်း​အထင်းတို့မှ သန့်စင်စေသည့်​တိုင်အောင် စင်ကြယ်​စေရမည်။

၂၂ ယခုမူကား၊ ငါ၏​ညီအစ်ကိုတို့၊ သင်တို့၏​အဝတ်တန်ဆာများသည် အသွေးနှင့် အမျိုးမျိုးသော​အညစ်​အကြေးတို့ဖြင့် စွန်းထင်းလျက် ဘုရားသခင်၏ တရားစီရင်​တော်မူရာ​တိုင်ရှေ့၌ ရပ်ရမည်​ဆိုလျှင်၊ သင်တို့မှ တစ်စုံ​တစ်ယောက်သည် အဘယ်သို့ ခံစားရမည်နည်းဟု သင်တို့ကို ငါမေး၏။ ရှုလော့၊ ဤအမှုတို့က သင်တို့​တစ်ဖက်၌ အဘယ်​အရာကို သက်သေ​ခံလိမ့်မည်နည်း။

၂၃ ရှုလော့၊ သင်တို့သည် လူ့အသက်ကို သတ်သော​သူများ​ဖြစ်ကြောင်း၊ ထိုမှတစ်ပါး၊ သင်တို့သည် အမျိုးမျိုးသော ဆိုးညစ်ခြင်းတို့ဖြင့် အပြစ်​ရောက်​ကြောင်းကို ထိုအမှုများက သက်သေခံ​လိမ့်မည် မဟုတ်လော။

၂၄ ရှုလော့၊ ငါ၏​ညီအစ်ကိုတို့၊ ထို့ကဲ့သို့သော​သူတစ်ဦးသည် ဘုရားသခင်၏​နိုင်ငံတော်၌၊ အာဗြဟံနှင့်​အတူ၊ ဣဇာက်နှင့်အတူ၊ ယာကုပ်နှင့်​အတူ၊ ထို့အတူ၊ အဝတ်တန်ဆာများ​သန့်စင်ပြီး အစွန်း​အထင်း​ကင်းသည့်၊ စင်ကြယ်ပြီး​ဖြူစင်သည့် သန့်ရှင်းသော​ပရောဖက်ခပ်သိမ်းတို့နှင့်လည်း အတူ ထိုင်စရာ​နေရာကို ရရှိနိုင်သည်ဟု သင်တို့​ထင်မြင်​ကြသလော။

၂၅ မဟုတ်ပေဟု သင်တို့ကို ငါဆို၏။ သင်တို့သည် ငါတို့၏​ဖန်ဆင်းရှင်ကို ရှေးဦးစွာ​ကတည်းက မုသား​ပြောသူ​ဖြစ်စေခြင်း သို့မဟုတ် သူ့ကို ရှေးဦးစွာ​ကတည်းက မုသား​ပြောသူ​ဖြစ်သည်ဟု ထင်မြင်​စေခြင်း​မရှိလျှင်၊ ထိုကဲ့သို့သော​သူသည် ကောင်းကင်​နိုင်ငံတော်၌ နေရာ​ရနိုင်သည်ဟု မထင်မြင်နိုင်ကြ။ သို့ရာတွင်၊ သူတို့သည် နတ်ဆိုး၏​နိုင်ငံမှ သားသမီးများ​ဖြစ်သောကြောင့်၊ နှင်ထုတ်​ခံရလိမ့်မည်။

၂၆ ယခုမူကား၊ ရှုလော့၊ ငါ၏​ညီအစ်ကိုတို့၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သည် စိတ်နှလုံး​ပြောင်းလဲခြင်းကို တွေ့ကြုံ​ပြီးလေပြီ​ဆိုလျှင်၊ ရွေးနှုတ်တော်မူသော​ချစ်ခြင်း​သီချင်းကို သီဆိုရန်လည်း ခံစား​မိလေပြီဆိုလျှင်၊ ယခုထိုသို့ ခံစားနိုင်ပြီလောဟု ငါမေး​လို၏။

၂၇ သင်တို့သည် ဘုရားသခင်ရှေ့၌ အပြစ်​တင်ခွင့်နှင့်​ကင်းလွတ်လျက် ကျင့်လေပြီလော။ ဤအချိန်၌ သေရန် ခေါ်တော်မူခြင်း​ခံရလျှင်၊ လုံလုံလောက်လောက်​နှိမ့်ချလေပြီဟု​လည်းကောင်း၊ မိမိလူမျိုးတို့ကို အပြစ်များမှ ရွေးနှုတ်ခြင်းငှာ ကြွလာတော်မူမည့် ခရစ်တော်၏​အသွေးတော်​အားဖြင့်၊ သင်တို့၏​အဝတ်တန်ဆာများကို သန့်စင်ပြီး၊ ဖြူစင်​စေပြီးလေပြီဟု​လည်းကောင်း သင်တို့​စိတ်ထဲ၌ ဆိုနိုင်ကြ​ပြီလော။

၂၈ ရှုလော့၊ သင်တို့သည် မာနကို ချွတ်ခွာခဲ့ပြီလော။ မဟုတ်လေလျှင်၊ သင်တို့သည် ဘုရားသခင်ကို​တွေ့ရန် ပြင်ဆင်​ပြီးသားမဟုတ်ဟု ငါဆို၏။ ရှုလော့၊ သင်တို့သည် လျင်မြန်စွာ ပြင်ဆင်​ရမည်။ အကြောင်းမူကား၊ ကောင်းကင်​နိုင်ငံတော်သည် မကြာမြင့်မီ တည်လုနီးပြီ​ဖြစ်၍၊ ထိုကဲ့သို့သော​သူသည် ထာဝရ​အသက်ကို ရရှိမည်​မဟုတ်။

၂၉ ရှုလော့၊ ငါဆိုသည်ကား၊ ငြူစူသော​စိတ်ကို မချွတ်ခွာသူ​တစ်ဦး သင်တို့၌ ရှိသလော။ သင်တို့ကို ငါဆိုသည်ကား၊ ထိုကဲ့သို့သော​သူသည် ပြင်ဆင်​မထားသော​သူဖြစ်၏။ ထိုသူ​လျင်မြန်စွာ ပြင်ဆင်စေကြောင်း ငါအလို​ရှိ၏။ အကြောင်းမူကား၊ အချိန်​နာရီသည် ရောက်လုနီး၍၊ သူသည် ထိုကာလ ကျရောက်​လာမည့်​အချိန်ကို သိခြင်းမရှိ။ ထိုကဲ့သို့သော​သူကို အပြစ်​ကင်းလျက် မတွေ့ရ။

၃၀ ထိုမှတစ်ဖန်၊ သင်တို့ကို ငါဆိုသည်ကား၊ မိမိညီအစ်ကိုကို ပြက်ရယ်​ပြုသောသူ သို့မဟုတ်၊ သူ့အပေါ် ညှဉ်းဆဲခြင်းများ​စုပုံစေသူ​တစ်ဦး သင်တို့၌ ရှိသလော။

၃၁ ထိုကဲ့သို့သော​သူသည် အမင်္ဂလာ​ရှိ၏။ အကြောင်းမူကား၊ ထိုသူသည် ပြင်ဆင်မထား၊ အချိန်လည်း နီးကပ်​လာပြီ​ဖြစ်၍၊ နောင်တရ​ရမည်။ သို့မဟုတ်လျှင်၊ ကယ်တင်ခြင်းသို့ မရောက်နိုင်။

၃၂ ထိုမှတစ်ပါး၊ ဒုစရိုက်ကို ပြုသော​သူခပ်သိမ်းတို့​သည်ပင် အမင်္ဂလာ​ရှိ၏။ နောင်တရ​ကြလော့။ နောင်တရ​ကြလော့။ အကြောင်းမူကား၊ ထိုအမှုကို ကိုယ်တော်ရှင်​ဘုရားသခင်​မိန့်တော်မူ​လေပြီ။

၃၃ ရှုလော့၊ သူသည် ခပ်သိမ်းသောလူသားတို့​ထံသို့ ဖိတ်ခေါ်ခြင်းကို စေလွှတ်တော်မူ၏။ အကြောင်းမူကား၊ ကရုဏာ​တော်လက်ရုံးတို့သည် သူတို့ထံသို့ ဆန့်တန်း​တော်မူလျက်​ရှိ၏၊ နောင်တရ​ကြလော့၊ ငါသည်လည်း သင်တို့ကို လက်ခံ​တော်မူမည်ဟုလည်း မိန့်​တော်မူ၏။

၃၄ ထိုမှတစ်ပါး၊ သူမိန့်တော်မူ​သည်ကား၊ ငါ့ထံသို့​လာ၍၊ အသက်ပင်၏​အသီးကို သင်တို့​သုံးဆောင်ကြလော့။ ထိုမှတစ်ပါး၊ အသက်​မုန့်နှင့် ရေကို လွတ်လပ်စွာ စားကြ၊ သောက်ကြလော့။

၃၅ ထိုမှတစ်ပါး၊ ငါ့ထံသို့​လာ၍ ဖြောင့်မတ်ခြင်း​အကျင့်တို့ကို ဖြစ်ပေါ်စေ​ကြလော့။ သင်တို့သည် ခုတ်လှဲ၍ မီးထဲသို့​ပစ်ချ မခံရလတ္တံ့—

၃၆ အကြောင်းမူကား၊ ရှုလော့၊ ကောင်းသော​အသီးကို သီးစေခြင်း​မရှိသော​သူမှန်သမျှ၊ သို့မဟုတ် ဖြောင့်မတ်ခြင်း​အကျင့်ကို ပြုခြင်း​မရှိသော​သူမှန်သမျှ ငိုကြွေး​တမ်းတ၍၊ ငိုကြွေး​မြည်တမ်းရမည့် အချိန်သည် နီးကပ်​လာပေပြီ။

၃၇ အို ဒုစရိုက်ကို​ပြုသူသင်တို့၊ လောက၏​အချည်းနှီးသော​အရာတို့၌ မာနထောင်​လွှားသူ​သင်တို့၊ ဖြောင့်မတ်ခြင်း၏​လမ်းများကို သိရန်​ဝန်ခံသော်လည်း၊ လမ်းလွဲ​ကြလေသော​သင်တို့၊ သိုးထိန်း​မရှိသည့် သိုးများကဲ့သို့ပင်၊ သိုးထိန်းက သင်တို့ကို​လိုက်ခေါ်၍၊ လိုက်ခေါ်နေလျက်​ရှိသေးသော်​ငြားလည်း သင်တို့သည် သူ့အသံကို စေ့စေ့နားမထောင်​လိုကြ​ပါတကား။

၃၈ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ ကောင်းသော​သိုးထိန်းသည် သင်တို့ကို ခေါ်၏။ ထိုမှတစ်ပါး၊ ခရစ်တော်၏​နာမတော်​ဖြစ်သည့် သူကိုယ်တိုင်၏​နာမတော်​အားဖြင့် သင်တို့ကို​ခေါ်၏။ သင်တို့သည် ထိုနာမ​အားဖြင့် သင့်တို့ကို​ခေါ်သည့် ကောင်းသော​သိုးထိန်း၏​အသံကို စေ့စေ့နားမထောင်လျှင်၊ ရှုလော့၊ သင်တို့သည် ကောင်းသော​သိုးထိန်း၏ သိုးများ​မဟုတ်ကြ။

၃၉ ယခုမူကား၊ သင်တို့သည် ကောင်းသော​သိုးထိန်း၏ သိုးများ​မဟုတ်လျှင်၊ အဘယ်​သိုးခြံမှ ဖြစ်ကြ​သနည်း။ ရှုလော့၊ သင်တို့ကို ငါဆို​သည်ကား၊ နတ်ဆိုးသည် သင်တို့၏​သိုးထိန်း​ဖြစ်၍ သင်တို့သည် သူ၏​သိုးခြံမှ ဖြစ်ကြ၏။ ယခုမူကား၊ အဘယ်သူသည် ဤအရာကို ငြင်းဆိုနိုင်​သနည်း။ ရှုလော့၊ ဤအရာကို ငြင်းဆိုသူ​မှန်သမျှသည် မုသား​ပြောသူနှင့် နတ်ဆိုး၏​သားဖြစ်သည်ဟု သင်တို့ကို ငါဆို၏။

၄၀ အကြောင်းမူကား၊ သင်တို့ကို ငါဆိုသည်မှာ၊ ကောင်းမြတ်သော​အရာ​မှန်သမျှသည် ဘုရားသခင်ထံမှ လာပြီး၊ ဆိုးသော​အရာ​မှန်သမျှသည် နတ်ဆိုးထံမှ လာ၏။

၄၁ ထို့ကြောင့်၊ လူသည် ကောင်းမြတ်သော​အမှုများကို ပြုလျှင်၊ ကောင်းသော​သိုးထိန်း၏​အသံကို စေ့စေ့နားထောင်၍၊ နောက်သို့ လိုက်၏။ သို့ရာတွင်၊ ဆိုးသော​အမှုများကို ပြုသူ​မှန်သမျှသည် နတ်ဆိုး၏​သားဖြစ်၏။ အကြောင်းမူကား၊ ထိုသူသည် နတ်ဆိုး၏​အသံကို စေ့စေ့နားထောင်၍ နောက်သို့ လိုက်၏။

၄၂ ဤအရာကို ပြုသူ​မှန်သမျှ​သည်လည်း သူ့ထံမှ မိမိအဖိုး​အခကို ရရှိရမည်။ ထို့ကြောင့်၊ သူသည် ကောင်းမြတ်သော​အမှု​ခပ်သိမ်းတို့နှင့်​စပ်လျဉ်း၍ အသေ​ဖြစ်လျက်၊ သူ၏​အဖိုး​အခ​အဖြစ် ဖြောင့်​မတ်ခြင်းနှင့်​စပ်ဆိုင်သည့်​အရာတို့၌ သေခြင်းကို ရရှိ၏။

၄၃ ယခုမူကား၊ ငါ၏​ညီအစ်ကိုတို့၊ ငါ့စိတ်ဝိညာဉ်၏​စွမ်းအားနှင့် ငါဟော​ပြောသော​ကြောင့်၊ ငါ့ကို သင်တို့​ကြားနာစေရန် ငါအလို​ရှိ၏။ အကြောင်းမူကား၊ ရှုလော့၊ သင်တို့​မတိမ်းမှားနိုင်​စေခြင်းငှာ၊ ငါသည် ရှင်းလင်းစွာ​ပြော၍၊ သို့မဟုတ်၊ ဘုရားသခင်၏​ပညတ်တော်များ​အတိုင်း ပြောလေပြီ။

၄၄ အကြောင်းမူကား၊ ခရစ်တော်​ယေရှု၌​ရှိသည့်၊ ဘုရားသခင်၏​သန့်ရှင်းသော​အသင်း​အတိုင်း ဤကဲ့သို့​အားဖြင့်​ဟောပြော​စေခြင်းငှာ၊ ငါ့ကို ဆင့်ခေါ်၏။ ထိုမှတစ်ပါး၊ ဖြစ်လာမည့်​အရာများနှင့်​စပ်လျဉ်း၍ ငါတို့​ဘိုးဘေးတို့​ပြောထား​လေသော​အရာများကို ဤလူတို့ထံ ရပ်၍၊ သက်သေခံရန် ငါ့ကို မိန့်မှာ၏။

၄၅ ဤအရာသည်ကား၊ အလုံးစုံ​မဟုတ်။ ဤအရာတို့ကို ငါကိုယ်တိုင် သိသည်ဟု သင်တို့ မထင်မြင်​သလော။ ရှုလော့၊ ငါပြော​လေသည့်​အရာများ မှန်ကန်​သည်ကို ငါသိကြောင်း သင်တို့ကို သက်သေ​ခံ၏။ ထိုအရာတို့ဧ​ကန်အမှန်​ဖြစ်ခြင်းကို ငါသိကြောင်း အဘယ်သို့​အားဖြင့် သင်တို့​ထင်မြင်​သနည်း။

၄၆ ရှုလော့၊ ဘုရားသခင်၏​သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် ထိုအရာတို့ကို ငါ့အား ဖော်ပြထား​တော်မူသည်ဟု သင်တို့ကို ငါဆို၏။ ရှုလော့၊ ငါသည် ဤအရာတို့ကို ကိုယ်အလို​အလျောက် သိနိုင်ရန် ရက်ပေါင်းများစွာ အစာ​ရှောင်၍​ဆုတောင်း​ခဲ့လေပြီ။ ယခုမူကား၊ ထိုအရာတို့​မှန်ကန်​ကြောင်း ကိုယ်​အလို​အလျောက်​သိ၏။ အကြောင်းမူကား၊ ကိုယ်တော်ရှင်​ဘုရားသခင်သည် သူ၏​သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် ထိုအရာတို့ကို ငါ့အား ထင်ရှားစွာ​ပြထားတော်မူလေပြီ။ ဤအရာ​သည်ကား၊ ငါ့အထဲ၌​ရှိသော ဗျာဒိတ်တော်​ဝိညာဉ်လည်း ဖြစ်၏။

၄၇ ထိုမှတစ်ဖန်၊ သင်တို့ကို ငါဆို​သည်ကား၊ ငါတို့၏​ဘိုးဘေးတို့ ပြောထား​လေသော​စကားများ​မှန်ကန်ကြောင်း၊ ဘုရားသခင့်​ဝိညာဉ်တော်၏ ထင်ရှားစွာ​ပြတော်မူခြင်း​အားဖြင့်လည်း ငါ့အထဲ၌​ရှိသော ပရောဖက်​ပြုဟောသော​ဝိညာဉ်အတိုင်း၊ ထိုကဲ့သို့ပင်၊ ငါ့ကို ဖော်ပြ​တော်မူလေပြီ။

၄၈ သင်တို့ကို ငါဆိုသည်ကား၊ ဖြစ်လာမည့်​အရာများနှင့်​စပ်လျဉ်း၍၊ သင်တို့ကို ငါပြောမည့်​အရာ​မှန်သမျှသည် မှန်ကန်ကြောင်း ကိုယ်အလို​အလျောက်​သိ၏။ ထို့အတူ၊ သင်တို့ကို ငါဆိုသည်ကား၊ အထူးသဖြင့်၊ သားတော်၊ ခမည်းတော်၏​တစ်ပါး​တည်းသော​သားတော်၊ ကျေးဇူးတော်၊ ကရုဏာတော်၊ သမ္မာ​တရားတို့နှင့် ပြည့်သည့် ယေရှုခရစ်တော် ကြွလာ​တော်မူလိမ့်မည်ကို ငါသိ၏။ ရှုဦးလော့၊ သူသည်ကား၊ လောကီ​သားတို့၏​အပြစ်များ၊ အထူးသဖြင့်၊ သူ၏​နာမတော်၌ မြဲမြံစွာ​ယုံကြည်သော​လူတိုင်း၏ အပြစ်များကို ယူဆောင်​သွားသူလည်း ဖြစ်၏။

၄၉ ယခုမူကား၊ သင်တို့ကို ငါဆိုသည်မှာ၊ ဤအရာသည်ကား၊ အမှန်စင်စစ်၊ ငါ၏​ချစ်လှစွာသော​ညီအစ်ကိုများ၊ ထိုပြည်ထဲ၌ နေသူ​မှန်သမျှအား ဟောပြောခြင်းငှာ​လည်းကောင်း၊ ထိုမှတစ်ပါး၊ အသက်​ကြီးသူနှင့်​အသက်ငယ်သူ​နှစ်မျိုးစလုံး၊ ကျွန်နှင့်​လူလွတ်​နှစ်မျိုးစလုံးတို့အား ဟောပြောခြင်းငှာ​လည်းကောင်း၊ ထိုမှတစ်ပါး၊ လူကြီးနှင့် လူလတ်​နှစ်မျိုးစလုံးနှင့် ကြီးပြင်း​လာသော​မျိုးဆက်တို့အား အမှန်စင်စစ်၊ သူတို့သည် နောင်တရ၍ တစ်ဖန်​မွေးခြင်းကို​ခံရမည့်​အကြောင်း၊ ဟောပြောခြင်းငှာ​လည်းကောင်း ငါ့ကို ခေါ်သွင်းသော အသင်း​ပေတည်း။

၅၀ ထိုမှတစ်ပါး၊ ဝိညာဉ်တော်​မိန့်တော်မူ​သည်ကား၊ နောင်တရကြလော့၊ ခပ်သိမ်းသော အသင်မြေကြီး​စွန်းသား​တို့။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် မကြာမြင့်မီ​တည်လုနီးပေပြီ။ ထိုမှတစ်ပါး၊ ဘုရားသခင်၏​သားတော်သည် သူ၏​ဘုန်းတော်ကို ဆောင်၍၊ သူ၏​အစွမ်း​၊ အာနုဘော်၊ တန်ခိုးတော်နှင့် အစိုး​ရတော်မူခြင်းတို့ကို ဆောင်၍ ကြွလာ​တော်မူ၏။ ထိုမှတစ်ပါး၊ ငါ၏​ချစ်လှစွာသော​ညီအစ်ကိုတို့၊ သင်တို့ကို​ငါဆိုသည်မှာ၊ ဝိညာဉ်တော်​မိန့်တော်မူ​သည်ကား၊ ရှုလော့၊ မြေကြီး​တစ်ခုလုံး၏​ရှင်ဘုရင်၊ ထို့အတူ ကောင်းကင်ဘုံမှ​ရှင်ဘုရင်၏​ဘုန်းတော်သည် အလွန်​မကြာမြင့်မီတွင်၊ ခပ်သိမ်းသော လူသား​တို့၌ တောက်ပ​တော်မူလိမ့်မည်။

၅၁ ထို့အတူ၊ ဝိညာဉ်တော်ကလည်း ငါ့ကို မိန့်တော်မူ၍၊ အမှန်စင်စစ် ကြီးစွာသော​အသံဖြင့် ဟစ်တော်မူ၍ ဆိုလေသည်ကား၊ ထွက်သွားပြီး၊ ဤလူတို့ကို ဆိုရမည်မှာ—နောင်တရ​ကြလော့၊ အကြောင်းမူကား၊ သင်တို့သည် နောင်တမရလျှင်၊ ကောင်းကင်နိုင်ငံတော်ကို အလျှင်း​အမွေမခံနိုင်။

၅၂ ထိုမှတစ်ဖန်၊ သင်တို့ကို ငါဆိုသည်မှာ၊ ဝိညာဉ်တော်​မိန့်တော်မူလေ​သည်ကား၊ ရှုလော့၊ ပုဆိန်ကို အပင်၏​အမြစ်၌ ချထားပြီ။ ထို့ကြောင့်၊ ကောင်းသော​အသီးကို မသီးသော​အပင်​မှန်သမျှသည် ခုတ်လှဲ၍ မီးထဲသို့၊ အမှန်စင်စစ်၊ သတ်၍​မရနိုင်၊ မငြိမ်းနိုင်သော​မီးထဲသို့ပင် ပစ်ချခံရလိမ့်မည်။ ကြည့်ရှု၍ သတိရလော့၊ သန့်ရှင်း​တော်မူသော​ဘုရားက ထိုအရာကို ဟောကြား​တော်မူလေ၏။

၅၃ ယခုမူကား၊ ငါ၏​ချစ်လှစွာသော​ညီအစ်ကိုတို့၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သည် ဤဟောပြောခြင်းများကို ငြင်းဆိုနိုင်​သလော။ ထိုမှတစ်ပါး၊ သင်တို့သည် ဤအရာတို့ကို ပယ်ရှား၍၊ သန့်ရှင်း​တော်မူသော​ဘုရားကို သင်တို့၏​ခြေဖြင့် နင်းနိုင်ကြသလော။ ထိုမှတစ်ပါး၊ သင်တို့သည် သင်တို့၏မာန​စိတ်နှလုံးဖြင့် မာနထောင်​လွှားနိုင်ကြသလော။ ထိုမှတစ်ပါး၊ သင်တို့သည် အဖိုး​ထိုက်သော​အဝတ်များကို​ဝတ်ခြင်းနှင့် သင်တို့​စိတ်နှလုံးကို လောက၏​အချည်းနှီးသော​အရာများ​ဖြစ်သည့် သင်တို့၏​စည်းစိမ်​ဥစ္စာများ​အပေါ်မှာ​ထားခြင်း၌ ဆက်၍​ပြုမြဲ​ပြုလျက်​ရှိကြ​ဦး​မည်လော။

၅၄ ထိုမှတစ်ပါး၊ သင်တို့သည် တခြား​တစ်ဦးထက် သာ၍​ကောင်းမြတ်​သည်ဟု ထင်မြင်ခြင်း၌ ဆက်၍​ပြုမြဲ​ပြုကြမည်လော။ ထိုမှတစ်ပါး၊ သူတို့ကိုယ်​သူတို့​နှိမ့်ချ၍ ဘုရားသခင်၏​သန့်ရှင်းသော​အသင်း​နောက်သို့​လိုက်၍၊ ထိုနည်း​အားဖြင့်၊ သန့်ရှင်းသော​ဝိညာဉ်တော်ကြောင့် သန့်ရှင်း စင်ကြယ်စေခြင်း ရှိ၍၊ ဤအသင်းတော်ထဲသို့ ရောက်ခဲ့ပြီး၊ နောင်တရခြင်းနှင့်​ထိုက်တန်သည့် အကျင့်များ ပြုလျက်​ရှိသော သင်၏​ညီအစ်ကိုတို့ကို ညှဉ်းဆဲခြင်း၌ သင်တို့​ဆက်၍​ပြုမြဲ​ပြုကြမည်လော—

၅၅ ထိုမှတစ်ပါး၊ သင်တို့သည် ဆင်းရဲသားများနှင့် ချို့တဲ့သော​သူတို့အား ကျောခိုင်းခြင်းနှင့်၊ သင်တို့၏​ဥစ္စာကို ထိုသူတို့အား မပေးဘဲ​ဆိုင်းငံ့​ထားခြင်းတို့၌ ဆက်၍​ပြုမြဲ​ပြုကြ​မည်လော။

၅၆ နောက်ဆုံး​အနေဖြင့်၊ သင်တို့၏​ဆိုးညစ်ခြင်း၌ ဆက်၍​ပြုမြဲ​ပြုကြမည့် ခပ်သိမ်းသော​သင်တို့၊ သင်တို့ကို ငါဆိုသည်မှာ၊ ဤသူတို့​သည်ကား၊ အလျင်​အမြန်​နောင်တမရလျှင်၊ ခုတ်လှဲ၍ မီးထဲသို့ ပစ်ချ​ခံရမည့်​သူများ​ဖြစ်၏။

၅၇ ယခုမူကား၊ သင်တို့ကို ငါဆိုသည်မှာ၊ ကောင်းသော​သိုးထိန်း၏​အသံ​နောက်သို့ လိုက်လိုသူ ခပ်သိမ်းသော​သင်တို့၊ သင်တို့သည် ဆိုးညစ်သူများ​ထဲမှထွက်၍ အသီး​အခြားနေလျက်၊ သူတို့၏ မစင်ကြယ်သော​အရာတို့ကို မထိကြနှင့်။ ရှုဦးလော့၊ အမည်များ ပယ်ဖျောက်ခြင်း​ခံရ၍၊ ဆိုးညစ်သော​သူတို့၏​အမည်များသည် ဖြောင့်မတ်သော​သူတို့၌ ရေတွက်​မခံရသည်မှာ၊ ဘုရားသခင်၏​နှုတ်ကပတ်တော်ကို ပြီးပြည့်စုံနိုင်​စေကြောင်းဖြစ်၍၊ မိန့်တော်မူလေ​သည်ကား၊ ဆိုးညစ်သော​သူတို့၏​အမည်များသည် ငါ့လူမျိုးတို့၏​အမည်များနှင့် မရောနှောရလတ္တံ့။

၅၈ အကြောင်းမူကား၊ ဖြောင့်မတ်သော​သူတို့၏​အမည်များကို အသက်​စာစောင်၌ ရေးထားမည်​ဖြစ်၍၊ ထိုသူတို့အား ငါ၏​လက်ယာဘက်၌ အမွေခံရာကို ပေးတော်မူမည်ဟု ဖြစ်လေ​သတည်း။ ယခုမူကား၊ ငါ၏​ညီအစ်ကိုတို့၊ သင်တို့သည် ဤအရာနှင့်​ဆန့်ကျင်၍ အဘယ်​ပြောစရာ​ရှိသနည်း။ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သည် ထိုအရာနှင့်​ဆန့်ကျင်၍ ပြောလျှင်၊ ထိုပြောခြင်းကား၊ အရေးမကြီး။ အကြောင်းမူကား၊ ဘုရားသခင်၏​နှုတ်ကပတ်တော်သည် ပြီးပြည့်စုံ​ရပေမည်။

၅၉ အကြောင်းမူကား၊ တောခွေးတို့​ဝင်လာပြီး မိမိ​သိုးစုတို့ကို ကိုက်စားခြင်း​မရှိ​စေခြင်းငှာ များစွာသော​သိုးများ​ရှိသော်လည်း မကြည့်ရှုမစောင့်ရှောက်သည့် အဘယ်သို့သော​သိုးထိန်း သင်တို့၌ ရှိသနည်း။ ရှုဦးလော့၊ သူ၏​သိုးစုသို့ တောခွေး ဝင်လာလျှင်၊ သူမောင်း​မထုတ်​သလော။ မှန်ပေ၏။ နောက်ဆုံး၌၊ သူသည် တတ်နိုင်လျှင်၊ ထိုတောခွေးကို ဖျက်ဆီး​လိမ့်မည်။

၆၀ ယခုမူကား၊ သင်တို့ကို ငါဆိုသည်မှာ၊ ကောင်းသော​သိုးထိန်းသည် သင်တို့ကို လိုက်၍​ခေါ်၏။ သင်တို့​သည်လည်း သူ၏​အသံကို စေ့စေ့နားထောင်လျှင်၊ သူသည် သင်တို့ကို သူ၏​သိုးခြံထဲသို့ သွင်း၍ သင်တို့သည် သူ၏​သိုးများ ဖြစ်ကြ၏။ ထို့အတူ၊ သင်တို့​ဖျက်ဆီး​မခံရ​နိုင်စေခြင်းငှာ၊ အလွန်​ဆာလောင်​မွတ်သိပ်သော တောခွေးများကို သင်တို့၌​ဝင်ရန် အခွင့်​မပေးရမည့်​အကြောင်း သင်တို့ကို သူမိန့်မှာ၏။

၆၁ ယခုမူကား၊ ငါပြော​ထားလေသည့်​စကားများကို သင်တို့​လုပ်ဆောင်ရန်၊ အားထုတ်​ရမည့်​အကြောင်း၊ ငါ့ကို မိန့်မှာ​တော်မူ​ခဲ့သူ၏​ဘာသာစကား​အတိုင်း ငါအယ်လမာ​မိန့်မှာ၏။

၆၂ အသင်းတော်နှင့် ဆိုင်သောသူ သင်တို့ကို ငါသည် မိန့်မှာခြင်း​အားဖြင့် ဟောပြောလျက်၊ အသင်းတော်နှင့် မဆိုင်သော​သူတို့အား သင်တို့​သည်လည်း အသက်ပင်၏​အသီးကို သုံးဆောင်သော​သူများ​ဖြစ်စေခြင်းငှာ၊ လာလော့၊ နောင်တရခြင်း​အလို့ငှာ၊ ဗတ္တိဇံခံ​ကြလော့ဟု ဆို၍ ဖိတ်ခေါ်ခြင်း​အားဖြင့်၊ ငါဟော​ပြော၏။