ကျမ်းစာများ
အယ်လမာ ၂


အခန်းကြီး ၂

အမ်လိဆိသည် ရှင်ဘုရင်​ဖြစ်ရန်​ကြိုးစား၏၊ လူတို့၏​မဲဆန္ဒ​အားဖြင့် ငြင်းပယ်​ခံရ၏—သူ၏​နောက်လိုက်များက သူ့ကို ရှင်ဘုရင်​ခန့််အပ်​ကြ၏—အမ်လိဆိ​အမျိုးသား​တို့သည် နီဖိုင်း​အမျိုးသားများနှင့် စစ်တိုက်ပြီး အနိုင်​ခံရကြ၏—လာမန်​အမျိုးသားများနှင့် အမ်လိဆိ​အမျိုးသား​တို့သည် အင်အားစု​ပူးပေါင်းပြီး၊ အနိုင်​ခံရကြ၏—အယ်လမာသည် အမ်လိဆိကို ကွပ်မျက်၏။ ဘီစီ ၈၇ ခန့်။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့​လက်ထက်​ငါးနှစ်မြောက်​အစတွင်၊ လူတို့၌ ငြင်းခုံခြင်း အစ​ပြု၏။ အမ်လိဆိ​အမည်​ရှိသော လူတစ်ဦးသည် အလွန်​စဉ်းလဲပြီး၊ အထူးသဖြင့်၊ လောကီ​ဉာဏ်ပညာ၌ ဉာဏ်ပညာရှိသော​သူတစ်ဦး​ဖြစ်၍၊ ဂိဒေါင်ကို​ဓားဖြင့်​ကွပ်မျက်၍ ဥပဒေ​အတိုင်း သေဒဏ်​ပေးခံရသော​လူ၏​အသင်းမှ​ဖြစ်လျက်—

ယခုတွင်၊ ဤအမ်လိဆိသည် မိမိ၏​စဉ်းလဲခြင်းဖြင့် များစွာသော​လူတို့ကို သူ့နောက်သို့ သွေးဆောင်ပြီး​ခေါ်ဆောင်​သွား၍၊ အလွန်​များသဖြင့် သူတို့​အလွန်​အားကြီး​စပြု၏။ ထို့အတူ၊ သူတို့သည် အမ်လိဆိကို လူတို့​အပေါ် ရှင်ဘုရင်​အဖြစ်​ခန့်ထားရန် ကြိုးစား​စပြုကြ၏။

ယခုတွင်၊ ဤအရာ​သည်ကား၊ အသင်းတော်၏​လူများသို့၊ ထို့အတူ၊ အမ်လိဆိ၏​ဖျောင်းဖျခြင်းဖြင့် သွေးဆောင်၍​ခေါ်ဆောင်​သွားမခံရလေသူခပ်သိမ်းသို့ နှိုးဆော်ခြင်းလည်း​ဖြစ်၏။ အကြောင်းမူကား၊ သူတို့၏​ဥပဒေ​အရ၊ ထိုကဲ့သို့သော​အမှုများကို လူတို့၏​မဲဆန္ဒဖြင့် ခန့်ထား​ရမည့်​အကြောင်း သူတို့​သိကြ၏။

ထို့ကြောင့်၊ အမ်လိဆိသည် လူတို့၏​မဲဆန္ဒကို ရရှိရန် ဖြစ်နိုင်​လေလျှင်၊ သူသည် ဆိုးညစ်သော​သူတစ်ဦး​ဖြစ်သဖြင့်၊ အသင်းတော်၌ ရှိသော​သူတို့၏ အခွင့်အရေးများနှင့် အထူးအခွင့်​အရေးများကို ဖယ်ရှား​ပေလိမ့်မည်။ အကြောင်းမူကား၊ ထိုအရာမှာ ဘုရားသခင်၏ အသင်းတော်ကို ဖျက်ဆီးရန် သူ၏​ရည်ရွယ်ချက်​ဖြစ်လေ၏။

ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ လူတိုင်းသည် မိမိသဘော​အတိုင်း၊ အမ်လိဆိကို နှစ်သက်၍​ဖြစ်စေ၊ ဆန့်ကျင်၍​ဖြစ်စေ များစွာသော​ငြင်းခုံခြင်းနှင့် အချင်းချင်း​အံ့ဩဖွယ်သော ရန်တွေ့ခြင်းများ​ရှိလျက်၊ သီးခြားသော​အုပ်စုများ​အဖြစ် ထိုပြည်​တစ်လျှောက်လုံး၌ သူတို့ကိုယ်သူတို့ အတူတကွ​စည်းဝေး​ကြ၏။

သူတို့သည် ထိုအမှုနှင့်​စပ်လျဉ်းပြီး၊ မိမိတို့​ဆန္ဒကို ထုတ်ဖော်၍​ပြခြင်းငှာ၊ ထိုကဲ့သို့​အားဖြင့်၊ သူတို့ကိုယ်သူတို့အတူတကွ စည်းဝေးကြ၏။ ထိုအမှုများကို တရား​သူကြီးတို့ရှေ့မှာ တင်ပြ​ကြ၏။

ဤသို့အားဖြင့်​အချိန်တန်​လာသော​ခါ၊ လူတို့၏​ဆန္ဒမှာ အမ်လိဆိနှင့် ဆန့်ကျင်လျက်​ရှိရာ၊ သူသည် လူတို့​အပေါ် ရှင်ဘုရင်​အဖြစ်​ခန့်ထား​မခံရ။

ယခုတွင်၊ ဤအမှုသည် သူ့ကို ဆန့်ကျင်သော​သူတို့၏​စိတ်နှလုံးကို လွန်စွာ​ဝမ်းမြောက်စေ၏။ သို့ရာတွင်၊ အမ်လိဆိသည် သူ့ကို​ထောက်ခံသော​သူတို့အား သူ့ကို​မထောက်​ခံသော​သူများ​တစ်ဖက်၌ အမျက်​ထွက်စေခြင်းငှာ နှိုးဆော်၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့ကိုယ်သူတို့အတူတကွ​စုဝေး၍၊ အမ်လိဆိအား သူတို့​ရှင်ဘုရင်​အဖြစ်​ခန့်ထား​ကြ၏။

၁၀ ယခုတွင်၊ အမ်လိဆိသည် သူတို့​အပေါ်၌ ရှင်ဘုရင်​အဖြစ်​ခန့်ထား​ခံရလေလျှင်၊ သူတို့၏​ညီအစ်ကိုတို့ကို ဆန့်ကျင်၍ လက်နက်​စွဲကိုင်ရန် အမိန့်​ပေး၏။ ဤသို့​ပြုခြင်း​သည်ကား၊ သူတို့ကို သူ၏​ဩဇာခံ​ဖြစ်နိုင်​စေကြောင်း​ပင်တည်း။

၁၁ ယခုတွင်၊ အမ်လိဆိ၏​လူတို့ကို အမ်လိဆိ၏​အမည်​အားဖြင့် ခွဲခြား၍၊ အမ်လိဆိ​အမျိုးသားများဟု ခေါ်၏။ ကျန်ကြွင်းသော​သူများကို နီဖိုင်း​အမျိုးသားများ သို့မဟုတ်၊ ဘုရားသခင်၏​လူမျိုးများဟု ခေါ်၏။

၁၂ ထို့ကြောင့်၊ နီဖိုင်းအမျိုးသားတို့၏​လူများသည် အမ်လိဆိ​အမျိုးသားတို့၏​ရည်ရွယ်ချက်ကို သတိ​ပြုမိသဖြင့်၊ ထိုသူတို့နှင့် ရင်ဆိုင်ရန် ပြင်ဆင်ကြ၏။ အထူးသဖြင့်၊ သူတို့ကိုယ်၌ ဓားများနှင့်၊ ထို့အတူ ဓားကောက်များနှင့်၊ ထို့အတူ လေးများနှင့်၊ ထို့အတူ မြားများနှင့်၊ ထို့အတူ ကျောက်ခဲများနှင့်၊ ထို့အတူ လောက်လွှဲများနှင့်၊ ထို့အတူ အမျိုးမျိုးသော စစ်တိုက်ရာ​လက်နက်​မှန်သမျှနှင့် စွဲကိုင်​စေကြ၏။

၁၃ ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် အမ်လိဆိ​အမျိုးသားတို့​လာသည့်​အချိန်၌ ရင်ဆိုင်ခြင်းငှာ ပြင်ဆင်​ကြ၏။ သူတို့​အရေ​အတွက်​အလိုက်၊ ခန့်အပ်​ထားသော ဗိုလ်များ၊ ထို့အတူ ဗိုလ်မင်းများ၊ ထို့အတူ ဗိုလ်ချုပ်​မင်းများ​ရှိ၏။

၁၄ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အမ်လိဆိသည် မိမိလူတို့အား အမျိုးမျိုးသော​စစ်တိုက်ရာ​လက်နက်​မှန်သမျှကို စွဲကိုင်စေ၏။ သူတို့​ညီအစ်ကိုများနှင့် ဆန့်ကျင်၍ စစ်တိုက်ရာတွင် ဦးဆောင်စေရန် သူ၏​လူများ​အပေါ် အုပ်ချုပ်သူ​များနှင့် ခေါင်းဆောင်​များကိုလည်း ခန့်အပ်၏။

၁၅ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အမ်လိဆိ​အမျိုးသား​တို့သည် ဇရဟင်မလ​ပြည်​တစ်လျှောက်​စီးဆင်းသည့် ဇိဒုန်​မြစ်၏​အရှေ့​အရပ်ရှိ၊ အာမနိဟူ​တောင်ပေါ်သို့ တက်လာလျက်၊ ထိုနေရာ၌ နီဖိုင်း​အမျိုးသားများနှင့် စစ်တိုက်​စပြုကြ၏။

၁၆ ယခုတွင်၊ အယ်လမာသည် နီဖိုင်း​လူမျိုးတို့၏ တရားသူကြီး​ချုပ်နှင့် အုပ်ချုပ်​သူဖြစ်၍၊ ထို့ကြောင့်၊ အမ်လိဆိ​အမျိုးသားတို့ကို ဆန့်ကျင်၍ စစ်တိုက်ခြင်းငှာ၊ သူ့လူများနှင့်၊ အထူးသဖြင့်၊ သူ့ဗိုလ်များ၊ ဗိုလ်ချုပ်​မင်းများနှင့် အမှန်စင်စစ်၊ သူ့တပ်ဦးမှ​နေ၍ တက်သွား၏။

၁၇ သူတို့သည်လည်း၊ ဇိဒုန်၏​အရှ့အရပ်ရှိ တောင်ကုန်း​ပေါ်၌ အမ်လိဆိ​အမျိုးသားတို့ကို ကွပ်မျက်​စပြု၏။ အမ်လိဆိ​အမျိုးသားတို့​သည်လည်း နီဖိုင်း​အမျိုးသားတို့ကို ကြီးစွာသော​အင်အားဖြင့် တိုက်ခိုက်၍၊ နီဖိုင်း​အမျိုးသားတို့မှ များစွာတို့သည် အမ်လိဆိ​အမျိုးသားတို့​ရှေ့၌ ကျရှုံး​ကြ၏။

၁၈ သို့သော်လည်း၊ ကိုယ်တော်ရှင်သည် နီဖိုင်းအမျိုးသားတို့ကို ခွန်အားဖြည့်​ပေးတော်မူ၍၊ အမ်လိဆိ​အမျိုးသားတို့ကို ကြီးစွာသော သိမ်းရုံး​သတ်ဖြတ်ခြင်းဖြင့် ကွပ်မျက်သဖြင့် သူတို့ရှေ့မှ ထွက်ပြေး​စပြုကြ၏။

၁၉ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ နီဖိုင်း​အမျိုးသား​တို့သည် ထိုတစ်နေ့လုံး၊ အမ်လိဆိ​အမျိုးသားများကို လိုက်၍၊ များစွာသော​သိမ်းရုံး​သတ်ဖြတ်ခြင်းဖြင့် ကွပ်မျက်သဖြင့်၊ အမ်လိဆိ​အမျိုးသား တစ်သောင်းနှစ်ထောင်​ငါးရာ​သုံးဆယ်နှစ်ဦး ကွပ်မျက်​ခံရ၏။ နီဖိုင်းအမျိုးသား ခြောက်ထောင်​ငါးရာ​ခြောက်ဆယ်နှစ်ဦးလည်း ကွပ်မျက်​ခံရ၏။

၂၀ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ အယ်လမာသည် အမ်လိဆိ​အမျိုးသားများကို​မလိုက်နိုင်​တော့လျှင်၊ နေဟော၏ ဓားဖြင့်​ကွပ်မျက်​ခံရသည့် ဂိဒေါင်၏​အမည်​အတိုင်း ခေါ်သည့် ဂိဒေါင်​ချိုင့်ဝှမ်း၌၊ သူ၏​လူတို့အား သူတို့တဲများကို​ဆောက်စေ၏။ ဤချိုင့်ဝှမ်း၌၊ နီဖိုင်း​အမျိုးသားတို့သည် သူတို့တဲများကို ညဉ့်​အချိန်တွင် ဆောက်ကြ၏။

၂၁ အယ်လမာသည်လည်း အမ်လိဆိ​အမျိုးသားတို့၏ ကျန်ကြွင်းသော​သူများနောက်သို့ လိုက်စေရန် သူလျှိုများ​ကို စေလွှတ်သည်မှာ ထိုသူတို့၏​အကြံအစည်များနှင့် ထိုသူတို့၏​လျှို့ဝှက်​အကြံ​အစည်များကို သိနိုင်ခြင်းငှာဖြစ်၏၊ ထိုကဲ့သို့​အားဖြင့်၊ သူတို့​တစ်ဖက်၌ မိမိကိုယ်ကို ကာကွယ်နိုင်၍၊ မိမိလူတို့အား ဖျက်ဆီး​ခံရခြင်းမှ ကာကွယ်​စောင့်ရှောက်​နိုင်ခြင်းငှာ​ဖြစ်၏။

၂၂ ယခုတွင်၊ အမ်လိဆိ​အမျိုးသားများ၏​တပ်စခန်းကို စောင့်ကြည့်​စေခြင်းငှာ၊ စေလွှတ်​ခံရသောသူများကား၊ ဇေရမ်၊ အာမနော်၊ မန်တိနှင့် လင်မဟာဟု ခေါ်သော​သူများ​ဖြစ်၏။ ဤသူတို့​သည်ကား၊ အမ်လိဆိ​အမျိုးသားတို့၏​တပ်စခန်းကို စောင့်ကြည့်​စေခြင်းငှာ၊ သူတို့​လူများနှင့် ထွက်သွားသော​သူများ​ဖြစ်၏။

၂၃ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ နက်ဖြန်နေ့၌၊ သူတို့သည် ကြီးစွာ​အံ့ဩ၍၊ များစွာ ကြောက်ရွံ့ခြင်းဖြင့်၊ နီဖိုင်း​အမျိုးသားတို့၏​တပ်စခန်းသို့ ကြီးစွာသော​လျင်မြန်ခြင်းဖြင့် ပြန်လာ၍ ဆိုလေ​သည်ကား၊

၂၄ ရှုလော့၊ ငါတို့သည် အမ်လိဆိ​အမျိုးသားတို့၏ ရိက္ခာ​တပ်နောက်သို့ လိုက်သွား၍၊ ငါတို့ကို ကြီးစွာ​အံ့ဩစေသည်မှာ၊ နီဖိုင်းပြည်သို့​သွားရာလမ်း၊ ဇရဟင်မလ​ပြည်​အထက်၊ မိနုန်ပြည်၌ လာမန်​အမျိုးသားတို့၏​မြောက်မြားစွာသော ဗိုလ်ခြေတို့ကို ငါတို့​မြင်ခဲ့ရ၏။ ရှုဦးလော့၊ အမ်လိဆိ​အမျိုးသားတို့သည် ထိုသူတို့နှင့် ပူးပေါင်းကြလေပြီ၊

၂၅ ထိုပြည်၌ ငါတို့၏​ညီအစ်ကိုတို့ကို တိုက်ခိုက်လျက်​ရှိ၍၊ သူတို့၏​သိုးစုများ၊ သူတို့၏​ဇနီးများ၊ သူတို့၏​ကလေးများနှင့်​အတူ ရှေ့မှ​နေ၍ ငါတို့​မြို့ဆီသို့ ထွက်ပြေး​လာကြပြီ။ ငါတို့ အလျင်​အမြန်​မပြုလျှင်၊ ထိုသူတို့သည် ငါတို့​မြို့၏​ပိုင်ဆိုင်မှုများကို ရယူ၍၊ ငါတို့၏​အဘများ၊ ငါတို့၏​ဇနီးများနှင့် ငါတို့၏​သားသမီးများ​သည်လည်း ကွပ်မျက်​ခံရကြပေမည်။

၂၆ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ နီဖိုင်းလူမျိုးတို့သည် သူတို့​တဲများကို ယူပြီး၊ ဂိဒေါင်​ချိုင့်ဝှမ်းမှ​နေ၍ သူတို့၏​မြို့ဖြစ်သည့် ဇရဟင်မလမြို့သို့ ထွက်ခွာ​သွားကြ၏။

၂၇ ရှုဦးလော့၊ ဇိဒုန်မြစ်ကို သူတို့​ဖြတ်ကူး​ကြစဉ်တွင်၊ သမုဒ္ဒရာသဲ​လုံးတမျှ မြောက်မြား​လှသော လာမန်​အမျိုးသားများနှင့် အမ်လိဆိ​အမျိုးသားတို့က ဖျက်ဆီးခြင်းငှာ လာရောက်​တိုက်ခိုက်​ကြ၏။

၂၈ သို့သော်လည်း၊ နီဖိုင်း​အမျိုးသား​တို့သည် ကိုယ်တော်ရှင်၏​လက်တော်​အားဖြင့် ခွန်အား​ဖြည့်ပေး​တော်မူခြင်း​ခံရလျက်၊ ရန်သူများ​လက်မှ သူတို့ကို ကယ်လွှတ်​တော်မူမည့်​အကြောင်း သူ့​ထံသို့ စိတ်အား​ထက်သန်စွာ​ဆုတောင်းကြ၏။ ထို့ကြောင့်၊ ကိုယ်တော်ရှင်က သူတို့၏​တောင်းလျှောက်ခြင်းများကို ကြားတော်မူ၍၊ ခွန်အား​ဖြည့်ပေး​တော်မူသဖြင့် လာမန်​အမျိုးသားတို့နှင့် အမ်လိဆိ​အမျိုးသားတို့သည် သူတို့​ရှေ့၌ ကျဆုံး​ကြ၏။

၂၉ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ အယ်လမာသည် အမ်လိဆိနှင့် မျက်နှာချင်း​ဆိုင်၍ ဓားနှင့် တိုက်ခိုက်၏။ သူတို့သည် အချင်းချင်း ပြင်းထန်စွာ​တိုက်ခိုက်​ကြ၏။

၃၀ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ အယ်လမာသည် ဘုရားသခင်၏​လူဖြစ်၍၊ များစွာသော​ယုံကြည်မှုဖြင့် ကျင်လည်​စေလျက်၊ အို ကိုယ်တော်ရှင်၊ အကျွန်ုပ်သည် ဤလူတို့ကို ကယ်တင်၍၊ ကာကွယ်​စောင့်မနိုင်​စေကြောင်း၊ ကိုယ်တော်၏​လက်၌ တန်ဆာ​တစ်ခု​ဖြစ်နိုင်​စေခြင်းငှာ၊ ကရုဏာ​ထားတော်မူ၍၊ အကျွန်ုပ်​အသက်ကို ချမ်းသာ​ပေးတော်မူပါ​ဟုဆို၍ တောင်းလျှောက်၏။

၃၁ ယခုတွင်၊ အယ်လမာသည် ဤစကားများကို ပြောပြီး​လေလျှင်၊ အမ်လိဆိနှင့် တစ်ဖန်​တိုက်ခိုက်၏။ သူသည်လည်း ခွန်အား​ဖြည့်ခြင်း​ခံရသဖြင့် အမ်လိဆိကို ဓားဖြင့် ကွပ်မျက်၏။

၃၂ သူသည် လာမန်​အမျိုးသားတို့၏​မင်းကြီးနှင့်လည်း တိုက်ခိုက်၏။ သို့ရာတွင်၊ လာမန်​အမျိုးသားတို့၏​မင်းကြီးသည် အယ်လမာရှေ့မှ နောက်ကို​ပြန်၍​ထွက်ပြေးပြီး၊ သူ၏​ကိုယ်ရံ​တော်များကို အယ်လမာနှင့် တိုက်ခိုက်စေရန် စေလွှတ်၏။

၃၃ သို့ရာတွင်၊ အယ်လမာသည် သူ့ကိုယ်​ရံတော်များနှင့်​အတူ၊ လာမန်​အမျိုးသားတို့​မင်းကြီး၏​ကိုယ်ရံ​တော်များကို တိုက်ခိုက်ရာ ထိုသူတို့ကို ကွပ်မျက်၍၊ ပြန်လည်​နှင်ထုတ်သည့်​တိုင်အောင်​ပင်တည်း။

၃၄ ထိုကဲ့သို့​အားဖြင့်၊ သူသည် မြေကြီးကို၊ အထူး​အားဖြင့်၊ ဇိဒုန်​မြစ်၏​အနောက်​ဘက် ကမ်းပါးကို ရှင်းလင်း၏။ ကွပ်မျက်​ခံရလေသည့် လာမန်​အမျိုးသားတို့၏​ကိုယ်ခန္ဓာတို့ကို ဇိဒုန်​မြစ်ရေ​ထဲသို့ ပြစ်ချလျက်၊ ထို့ကဲ့သို့​ပြုခြင်း​အားဖြင့်၊ သူ၏​လူတို့​ဖြတ်ကူးရန် နေရာရပြီး၊ ဇိဒုန်မြစ်၏​အနောက်​ဘက်ကမ်း၌ လာမန်​အမျိုးသားတို့နှင့် အမ်လိဆိ​အမျိုးသားတို့ကို တိုက်ခိုက်​နိုင်ခြင်းငှာ​ဖြစ်၏။

၃၅ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဇိဒုန်မြစ်ကို သူတို့​အားလုံး ဖြတ်ကူးပြီး​လေလျှင်၊ လာမန်​အမျိုးသားတို့နှင့် အမ်လိဆိ​အမျိုးသား​တို့သည် မရေတွက်​နိုင်​လောက်​အောင် အလွန်​မြောက်မြားလှ​သော်ငြားလည်း သူတို့ရှေ့မှ ထွက်ပြေး​စပြုကြ၏။

၃၆ သူတို့သည် နီဖိုင်း​အမျိုးသားတို့​ရှေ့မှ​ထွက်ပြေး၍ ပြည်၏​နယ်နိမိတ်​ထက်သာ၍​ဝေးသော၊ အနောက်​မြောက်အရပ်ရှိ တောရိုင်း​ဆီသို့​ပြေးကြ၏။ နီဖိုင်း​အမျိုးသားတို့​သည်လည်း သူတို့ကို အစွမ်း​သတ္တိ​ရှိသမျှနှင့် လိုက်၍၊ ကွပ်မျက်ကြ၏။

၃၇ ထိုမှတစ်ပါး၊ သူတို့သည် အရပ်ရပ်၌ ရင်ဆိုင်ရ၍၊ ကွပ်မျက်​ခံရ၏၊ အနောက်​အရပ်နှင့် မြောက်​အရပ်တို့၌ ကွဲပြား​ပြန့်ကျဲသည့်​တိုင်အောင်၊ ဟာမောင့်ဟု​ခေါ်သည့် တောရိုင်းသို့ ရောက်လေသည့်​တိုင်အောင် နှင်ထုတ်​ခံရ၏။ ထိုအရပ်​သည်ကား၊ ရိုင်းစိုင်းပြီး အလွန်​ဆာလောင်​မွတ်သိပ်သည့်​သားရဲတို့ ထကြွသည့် တောရိုင်း၏​အစိတ်​အပိုင်းလည်း​ဖြစ်လေ၏။

၃၈ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ များစွာသော​သူတို့သည် ဒဏ်ရာများကြောင့် တောရိုင်းထဲ၌ သေ၍၊ ထိုသားရဲများနှင့် မိုးကောင်းကင်မှ​လင်းတတို့၏ ကိုက်စားခြင်းကို ခံရလေ၏။ သူတို့၏ အရိုးများကိုလည်း၊ တွေ့ရပြီး၊ မြေကြီးပေါ်၌ စုပုံလျက်​ရှိလေ​သတည်း။