ကျမ်းစာများ
အယ်လမာ ၂၅


အခန်းကြီး ၂၅

လာမန်​အမျိုးသားကျူးကျော်​တိုက်ခိုက်ခြင်း ပျံ့နှံ့၏—နောဧ၏​ယဇ်ပုရောဟိတ်တို့၏ အမျိုး​အနွယ်တို့သည် အဘိနဒိ​ပရောဖက်​ပြု၍​ဟောခဲ့သည့်​အတိုင်း ပျက်စီးကြ၏—လာမန်​အမျိုးသား​များစွာတို့သည် ပြောင်းလဲ၍၊ အန္တိနီဖိုင်းလေဟိ​လူမျိုးတို့နှင့် ပူးပေါင်းကြ၏—သူတို့သည် ခရစ်တော်ကို ယုံကြည်ပြီး မောရှေ၏​ပညတ်တရားကို စောင့်ထိန်းကြ၏။ ဘီစီ ၉၀–၇၇ ခန့်။

ရှုဦးလော့၊ ယခုတွင်၊ အချိန်တန်​လာသော​အခါ၊ ထိုလာမန်​အမျိုးသားတို့သည် မိမိတို့​ညီအစ်ကိုများကို ကွပ်မျက်​လေသောကြောင့် ပို၍​အမျက်​ထွက်ကြ၏။ ထို့ကြောင့်၊ သူတို့သည် နီဖိုင်း​အမျိုးသားတို့ကို လက်တုံ့​ပြန်ရန် ကျိန်ဆိုကြ၏။ ထိုအချိန်၌၊ အန္တိနီဖိုင်းလေဟိ​လူမျိုးတို့ကို ကွပ်မျက်ရန် အား​မထုတ်​ကြတော့။

သို့ရာတွင်၊ သူတို့၏​တပ်များကို ခေါ်၍ ဇရဟင်မလ​ပြည်၏​နယ်နိမိတ်ထဲသို့ သွားကြပြီး၊ အမ္မုန်နိဟ​ပြည်ထဲ၌​ရှိသော​လူမျိုးတို့ကို တိုက်ခိုက်​ဖျက်ဆီးကြ၏။

ထို့နောက်တွင်ကား၊ သူတို့သည် နီဖိုင်း​အမျိုးသားတို့နှင့် တိုက်ပွဲများစွာ ဖြစ်ကြလေပြီး၊ နှင်ထုတ်ခြင်းနှင့် ကွပ်မျက်ခြင်းကို ခံရလေ၏။

ကွပ်မျက်​ခံရလေသော​လာမန်​အမျိုးသားများတွင်၊ နောဧ၏​ယဇ်ပုရောဟိတ်များ​ဖြစ်သော အာမြူလုန်နှင့် သူ့ညီအစ်ကိုတို့၏ အမျိုး​အနွယ်​အားလုံး​နီးပါး​ဖြစ်လေပြီး၊ နီဖိုင်း​အမျိုးသားတို့၏​လက်ဖြင့် ကွပ်မျက်​ခံရလေ၏။

ကျန်ကြွင်းသော​သူတို့​သည်လည်း၊ အရှေ့​တောရိုင်းထဲသို့ ထွက်ပြေး​ကြပြီးမှ၊ လာမန်​အမျိုးသားတို့​အပေါ် တန်ခိုးနှင့် အခွင့်​အာဏာကို အနိုင်​အထက်​သိမ်းယူ​လေပြီး၊ များစွာသော​လာမန်​အမျိုးသားတို့ကို သူတို့၏​ယုံကြည်မှုကြောင့် မီးဘေးဖြ​င့် ပျက်စီးစေ၏—

အကြောင်းမူကား၊ သူတို့မှ များစွာသော​သူတို့သည် များစွာသော​ဆုံးရှုံးမှုနှင့် အလွန် များစွာသော ဆင်းရဲ​ဒုက္ခများကို ခံစားရလေ​ပြီးနောက်၊ သူတို့​ပြည်ထဲ၌ အာရုန်နှင့် သူ့ညီအစ်ကိုတို့ ဟောပြောသော စကားများကို အောက်မေ့စေရန် နှိုးဆော် ခံရ​စပြု၏။ ထို့ကြောင့်၊ သူတို့သည် မိမိတို့​ဘိုးဘေးတို့၏ နည်း​ဥပဒေသများကို မယုံကြည်ရန်၊ ကိုယ်တော်ရှင်ကို ယုံကြည်ရန်နှင့် နီဖိုင်း​အမျိုးသားတို့အား ကြီးစွာသော​တန်ခိုးကို သူပေး​တော်မူကြောင်း ယုံကြည်ရန် အစ​ပြု၏။ ထိုကဲ့သို့​အားဖြင့်၊ သူတို့မှ များစွာသော​သူတို့သည် တောရိုင်းထဲ၌ ပြောင်းလဲကြ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အာမြူလုန်၏​သားသမီးတို့မှ ကျန်ကြွင်းသော​သူများ​ဖြစ်သည့် ထိုအုပ်စိုး​သူတို့က သူတို့ကို အမှန်စင်စစ်၊ ဤအမှုများကို ယုံကြည်သူ​ခပ်သိမ်းတို့ကို အသေ​သတ်ခံရစေ၏။

ယခုတွင်၊ ဤအသက်စတေးခြင်းက သူတို့၏​များစွာသော​ညီအစ်ကိုတို့ကို အမျက်​ထွက်စေကြောင်း နှိုးဆော်ခံရစေ၏။ ထို့အတူ၊ တောရိုင်းထဲ၌ တိုက်ခိုက်ခြင်းကို အစ​ပြုကြ၏။ လာမန်​အမျိုးသားတို့​သည်လည်း အာမြူလုန်နှင့် သူ့ညီအစ်ကိုတို့၏ အမျိုး​အနွယ်များကို လိုက်၍​ရှာစ​ပြုပြီး၊ ကွပ်မျက်​စပြုကြ၏။ သူတို့​သည်လည်း အရှေ့တော​ရိုင်းထဲသို့ ထွက်​ပြေးကြ၏။

ရှုဦးလော့၊ သူတို့သည် ဤကာလတွင်၊ လာမန်​အမျိုးသားတို့၏​လိုက်၍​ရှာခြင်းကို ခံရ၏။ ထိုကဲ့သို့​အားဖြင့်၊ အဘိနဒိကို မီးဘေးဖြင့် သေခြင်းကို ခံစား​စေသည့်​ယဇ်ပုရောဟိတ်တို့၏ အမျိုး​အနွယ်တို့နှင့်​စပ်လျဉ်း၍ သူပြောခဲ့သည့် စကားများ ပြီးပြည့်စုံလေ၏။

၁၀ အကြောင်းမူကား၊ သင်တို့ ငါ့ကို ပြုမည့် အရာသည်၊ ဖြစ်လာမည့်​အရာတို့၏ သင်္ကေတ​ဖြစ်ပေမည်ဟု သူဆိုလေပြီ။

၁၁ ယခုမူကား၊ အဘိနဒိသည် ဘုရားသခင်၌ သူ၏​ယုံကြည်မှုကြောင့် မီးဘေးဖြင့် သေခြင်းကို ခံစားရသည့် ပထမ​ဦးဆုံးသောသူ ဖြစ်၏။ ယခုတွင်၊ ဤအရာ​သည်ကား၊ များစွာသော​သူတို့သည် သူခံစားရသည့်​အတိုင်း၊ မီးဘေးဖြင့် သေခြင်း​ခံစားရ​လိမ့်မည်ဟု သူဆိုလိုသည့်​အရာ​ပေတည်း။

၁၂ သူတို့၏​အမျိုး​အနွယ်တို့သည် သူ့နည်းတူ များစွာသော​သူတို့ အသေ​သတ်ခံရစေမည်​ဖြစ်ကြောင်းကို​လည်းကောင်း၊ သူတို့​သည်ကား၊ သိုးထိန်း​မရှိသော​သိုးသည် တောသား​ရဲတို့​အားဖြင့် နှင်ထုတ်၍ အသတ်​ခံရသကဲ့သို့ပင်၊ အရပ်ရပ်သို့ ကွဲပြား​ပြန့်ကျဲ၍ ကွပ်မျက်​ခံရလိမ့်မည်​ဖြစ်ကြောင်းကို​လည်းကောင်း၊ နောဧ၏​ယဇ်ပုရောဟိတ်တို့ကို သူဆိုခဲ့၏။ ယခုမူကား၊ ရှုလော့၊ ဤစကားများ မှန်ကန်ကြောင်းကို သက်သေ​ပြပေပြီ။ အကြောင်းမူကား၊ သူတို့သည် လာမန်​အမျိုးသားတို့​အားဖြင့် နှင်ထုတ်​ခံခဲ့ရ၊ လိုက်၍​အရှာ​ခံခဲ့ရ၊ ပြင်းစွာ​အရိုက်​ခံခဲ့ရ​ပေပြီ။

၁၃ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာမန်​အမျိုးသားတို့သည် နီဖိုင်း​အမျိုးသားတို့ကို အနိုင်​မရနိုင်ကြောင်း သိမြင်ကြသော​အခါ၊ သူတို့နေရင်း​ပြည်သို့ တစ်ဖန်​ပြန်လာကြ၏။ သူတို့မှ များစွာသော​သူတို့သည် ဣရှမေလ​ပြည်နှင့် နီဖိုင်း​ပြည်တို့၌ နေခြင်းငှာ​လာ၍၊ အန္တိနီဖိုင်းလေဟိ​လူမျိုးများ​ဖြစ်သည့် ဘုရားသခင်၏​လူမျိုးတို့နှင့် သူတို့ကိုယ်​သူတို့ ပူးပေါင်းကြ၏။

၁၄ သူတို့၏ စစ်တိုက်ရာ​လက်နက်များ​ကိုလည်း သူတို့​ညီအစ်ကိုများ ပြုလေသည့်​အတိုင်း၊ မြေမြှုပ်ပြီး၊ ဖြောင့်မတ်သော​လူမျိုးများ​အဖြစ် အစ​ပြုကြ၏။ ကိုယ်တော်ရှင်၏ လမ်းစဉ်များသို့ လိုက်၍၊ သူ၏​ပညတ်တော်များနှင့် ထုံးဥပဒေသများကို စောင့်ထိန်းရန် သူတို့​အားထုတ်ကြ၏။

၁၅ ထိုမှတစ်ပါး၊ သူတို့သည် မောရှေ၏​ပညတ်တရားများကို စောင့်ထိန်းကြ၏။ အကြောင်းမူကား၊ မောရှေ၏​ပညတ်​တရားများကို သူတို့​စောင့်ထိန်းရန် လိုအပ်လျက်​ရှိသေးသည်မှာ၊ အလုံး​စုံမပြီးပြည့်စုံ​လေသောကြောင့်​ပေတည်း။ သို့ရာတွင်၊ မောရှေ၏​ပညတ်တရား ရှိသော်ငြားလည်း၊ သူတို့သည် ခရစ်တော်၏​ကြွလာ​တော်မူခြင်းကို မျှော်လင့်ကြပြီး၊ မောရှေ၏​ပညတ်တရားကို သူကြွလာ​တော်မူခြင်း၏ သင်္ကေတ​တစ်ခု​ဖြစ်ကြောင်း ဆင်ခြင်လျက်၊ သူတို့ထံ​ဖော်ပြတော်မူမည့် အချိန်အထိ ထိုအပြင်​ပိုင်းစီရင်​တော်မူခြင်းများကို သူတို့ စောင့်ထိန်း​ရမည့်​အကြောင်း ယုံကြည်လျက်​ရှိကြ၏။

၁၆ ယခုတွင်၊ မောရှေ၏​ပညတ်တရား​အားဖြင့် ကယ်တင်ခြင်း ဖြစ်လာ​နိုင်သည်ဟု သူတို့​မထင်မှတ်ကြ။ သို့ရာတွင်၊ မောရှေ၏​ပညတ်တရားသည် ခရစ်တော်ကို သူတို့၏​ယုံကြည်ခြင်းအား ခွန်အားဖြည့်​ပေးရန် ကူညီ၏။ ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် ဖြစ်လာမည့်​အရာများ​အကြောင်း ဟောပြ​တော်မူသည့် ပရောဖက်​ပြုဟောသော​ဝိညာဉ်ကို မှီခိုလျက်၊ ယုံကြည်ခြင်း​အားဖြင့် ထာဝရ​ကယ်တင်ခြင်းသို့ မျှော်လင့်ခြင်းကို သတိရကြ၏။

၁၇ ယခုမူကား၊ ရှုလော့၊ အမ္မုန်၊ အာရုန်၊ ဩမနာ၊ ဟိမနိနှင့် သူတို့၏​ညီအစ်ကိုတို့သည် သူတို့​ဆုတောင်းခြင်းများ​အတိုင်း၊ ကိုယ်တော်ရှင်​ပေးတော်မူ​လေသည်ကို​လည်းကောင်း၊ သူတို့​ထံသို့ အသေး​စိတ်​မှန်သမျှတို့နှင့် စပ်လျဉ်းသည့် သူ၏​စကားအား ပြည့်စုံ​စေခဲ့လေ​သည်ကို​လည်းကောင်း မြင်ရ၍၊ လာမန်​အမျိုးသားတို့၌ သူတို့​ရရှိလေသည့် အောင်မြင်မှုကြောင့်၊ လွန်စွာ​ရွှင်လန်း​ဝမ်းမြောက်ကြ၏။