ကျမ်းစာများ
အယ်လမာ ၂၆


အခန်းကြီး ၂၆

အမ္မုန်သည် ကိုယ်တော်ရှင်၌ ဂုဏ်ယူ​ဝမ်းမြောက်၏—သစ္စာ​ရှိသော​သူများသည် ကိုယ်တော်ရှင်​အားဖြင့် ခွန်အားဖြည့်​ပေးတော်မူခြင်း​ခံရပြီး၊ အသိပညာ​ပေးတော်မူခြင်း​ကိုလည်း ခံရ၏—ယုံကြည်ခြင်း​အားဖြင့် လူသားတို့သည် ထောင်ပေါင်းများ​စွာသော စိတ်ဝိညာဉ်များကို နောင်တရခြင်းသို့ ဆောင်ယူနိုင်​ကြ၏—ဘုရားသခင်၌ အလုံး​စုံသော​တန်ခိုးတော်​ရှိပြီး၊ အရာ​ခပ်သိမ်းတို့ကို သိနားလည်​တော်မူ၏။ ဘီစီ ၉၀–၇၇ ခန့်။

ယခုမူကား၊ အမ္မုန်က သူ၏​ညီအစ်ကိုတို့ကို ဆိုလေသည့် စကားများမှာ၊ ငါ၏​အစ်ကိုများနှင့် ငါ၏​ညီအစ်ကိုတို့၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်မှာ၊ ငါတို့ ရွှင်လန်း​ဝမ်းမြောက်ခြင်း​ရှိသည့် အကြောင်း​သည်ကား၊ ကြီးမားလှ​ပေစွတကား။ အကြောင်းမူကား၊ ဇရဟင်မလ​ပြည်မှ ငါတို့​စတင်ခဲ့သည့်​အချိန်တွင်၊ ဘုရားသခင်သည် ထိုမျှလောက် ကြီးစွာသော ကောင်းချီး​မင်္ဂလာတို့ကို ငါတို့အား ပေးတော်မူ​လေကြောင်း ငါတို့​ထင်မှတ်နိုင်​ခဲ့ခြင်း​ရှိလေသလော။

ယခုမူကား၊ ငါတို့​အပေါ် အဘယ်​ကြီးစွာသော ကောင်းချီး​မင်္ဂလာများကို ပေး​တော်မူလေ​ပြီနည်းဟု သင်တို့ကို ငါမေး၏။ သင်တို့ ပြောပြနိုင်​ကြသလော။

ရှုလော့၊ သင်တို့​ကိုယ်စား ငါဖြေ​ကြား၏။ အကြောင်းမူကား၊ ငါတို့၏​ညီအစ်ကို လာမန်​အမျိုးသားတို့သည် မှောင်မိုက်၌၊ အမှန်စင်စစ်၊ အမှောင်​မိုက်ဆုံး​ဖြစ်သည့် နက်ရှိုင်းလှသော ချောက်ကြီး​ထဲ၌ပင် ရှိခဲ့လေ၏။ သို့ရာတွင်၊ ရှုလော့၊ သူတို့မှ များစွာသော​သူတို့ကို ဘုရားသခင်၏ အံ့ဩဖွယ်​ကောင်းသော​အလင်းတော်ကို မြင်စေခြင်းငှာ၊ ဆောင်လေပြီတကား။ ဤအရာ​သည်ကား၊ ဤ​ကြီးစွာသော​အမှုတော်ကို ပြီးမြောက်​စေခြင်းငှာ၊ ငါတို့ကို ဘုရားသခင်၏​လက်တော်၌ တန်ဆာများ​အဖြစ် ပြုထား​တော်မူခြင်း​ဟူသော၊ ငါတို့​အပေါ်​ပေးတော်မူ​လေသည့် ကောင်းချီး​မင်္ဂလာ​ပေတည်း။

ရှုလော့၊ သူတို့မှ ထောင်ပေါင်း​များစွာသော​သူတို့သည် ရွှင်လန်း​ဝမ်းမြောက်၍၊ ဘုရားသခင်၏​သိုးစုထဲသို့ ဆောင်ခြင်းကို ခံရလေပြီ။

ရှုလော့၊ လယ်သည် မှည့်လေပြီ၊ သင်တို့သည် မင်္ဂလာ​ရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် တံစဉ်ကို​ရမ်း၍ အစွမ်း​သတ္တိ​ရှိသမျှနှင့် ရိတ်၍၊ အမှန်စင်စစ်၊ တစ်နေ့လုံး အလုပ်လုပ်ကြ၏။ သင်တို့၏​ကောက်လှိုင်း​အရေ​အတွက်ကိုလည်း ရှုလော့။ ထိုကောက်​လှိုင်းများကို ကျီထဲသို့ စုသိမ်းမည်​ဖြစ်၍ မလေ​လွင့်ချေ။

ထိုမှတစ်ပါး၊ ၎င်းတို့သည် နောက်ဆုံးသော​နေ့၌၊ မုန်တိုင်းဖြင့် တိုက်ဖျက်မခံရ။ ထိုမှတစ်ပါး၊ လေပွေဖြင့် မွှေနှောက်မခံရ။ သို့ရာတွင်၊ မုန်တိုင်း​လာသော​အခါ၊ မိမိတို့​နေရာ၌ အတူတကွ စုဝေးကြ​လိမ့်မည်​ဖြစ်၍၊ မုန်တိုင်းက ၎င်းတို့ကို မထိုးဖောက်နိုင်။ ထိုမှတစ်ပါး၊ ရန်သူသယ်ဆောင်​လိုရာ အရပ်​မှန်သမျှသို့ ပြင်းစွာသော​လေဖြင့် မောင်းနှင်ခြင်း​ကိုလည်း မခံရ။

သို့ရာတွင်၊ ရှုလော့၊ ၎င်းတို့သည် ရိတ်သိမ်းခြင်း​ကိုယ်တော်ရှင်၏​လက်ထဲ၌​ရှိသဖြင့်၊ သူပိုင်သော​အရာများ ဖြစ်၏။ နောက်ဆုံးသော​နေ့၌ သူတို့ကို ချီးမြှောက်​တော်မူလိမ့်မည်။

ငါတို့​ဘုရားသခင်၏​နာမတော်သည် မင်္ဂလာ​ရှိပါစေ​သတည်း။ ငါတို့သည် သူ့ကို ချီးမွမ်းခြင်းငှာ သီချင်း​ဆိုကြကုန်အံ့။ ငါတို့သည် သူ၏​သန့်ရှင်းသော​နာမတော်ကို ကျေးဇူးတော်​ချီးမွမ်း​ကြကုန်အံ့။ အကြောင်းမူကား၊ သူသည် ဖြောင့်မတ်ခြင်းကို ကာလ​အစဉ်​အဆက် ကျင့်တော်မူ၏။

အကြောင်းမူကား၊ ငါတို့သည် ဇရဟင်မလ​ပြည်မှ ထွက်မလာ​ခဲ့လေလျှင်၊ ငါတို့ကို အလွန်​ချစ်လေသည့် ငါတို့၏​ချစ်လှစွာသော ညီအစ်ကိုတို့သည် ငါတို့ကို ဆန့်ကျင်၍ အမုန်း​တရားနှင့် နှိပ်စက်လျက်​ရှိပေဦးမည်။ ထိုမှတစ်ပါး၊ သူတို့သည် ဘုရားသခင်နှင့် သူတစိမ်းများဖြစ်လေမည်။

၁၀ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အမ္မုန်ဤစကားများကို ပြော​ပြီးလေလျှင်၊ အစ်ကို​အာရုန်က သူ့အား အမ္မုန်၊ သင်၏​ဝမ်းမြောက်ခြင်းသည် သာလွန်​သွားသဖြင့် ဝါကြွားခြင်းသို့ ရောက်မည်ကို ငါစိုးရိမ်၏ဟု​ဆို၍ ဆုံးမ၏။

၁၁ သို့ရာတွင်၊ အမ္မုန်က ဆိုလေသည်ကား၊ ငါ၏​ကိုယ်ပိုင်​ခွန်အား သို့မဟုတ်၊ ငါ၏​ကိုယ်ပိုင်​ဉာဏ်ပညာ၌ ငါ​မဝါကြွား။ သို့ရာတွင်၊ ရှုလော့၊ ငါ၏​ဝမ်းမြောက်ခြင်းသည် ပြည့်စုံ၏။​ထိုမှတစ်ပါး၊ ငါ့​စိတ်နှလုံးသည် ဝမ်းမြောက်ခြင်းနှင့် ပြည့်လျှံ၍၊ ငါ၏​ဘုရားသခင်၌ ငါရွှင်လန်း​ဝမ်းမြောက်မည်။

၁၂ ထိုမှတစ်ပါး၊ ငါသည် အချည်းနှီး​သက်သက်​ဖြစ်သည်ကို သိ၏။ ကိုယ့်ခွန်အား​အရာ၌ အားနည်း၏။ ထို့ကြောင့်၊ ငါကိုယ်တိုင်၏​အကြောင်းကို ဝါကြွား​မည်​မဟုတ်၊ သို့ရာတွင် ငါ့​ဘုရားသခင်၏​အကြောင်းကို ဝါကြွားမည်။ အကြောင်းမူကား၊ သူ၏ခွန်​အားဖြင့်၊ ခပ်သိမ်းသော အရာ​တို့ကို ငါ​ပြုနိုင်၏။ ထိုမှတစ်ပါး၊ ရှုလော့၊ ဤပြည်၌ ကြီးစွာသော အလွန်​တရာအံ့ဩဖွယ်​အမှု​များစွာတို့ကို ငါတို့​ပြုပြင်​စီရင်ကြလေပြီ။ ထိုအမှု​အတွက်၊ သူ၏​နာမတော်ကို ငါတို့ကာလ​အစဉ်​အဆက်​ချီးမွမ်းကြမည်။

၁၃ ရှုလော့၊ အဘယ်မျှ​လောက်ထောင်​ပေါင်းများစွာသော ငါတို့​ညီအစ်ကိုတို့ကို ငရဲ၏​ဘေးတို့မှ သူက​လွတ်စေ​တော်မူလေပြီနည်း။ ရွေးနှုတ်​တော်မူသော ချစ်ခြင်းကို သီဆိုရန်လည်း သူတို့ကို ဆောင်၏။ ဤအမှုသည်ကား၊ ငါတို့၌​ရှိသည့် သူ့​နှုတ်ကပတ်တော်၏ တန်ခိုးတော်ကြောင့်​ဖြစ်၏။ ထို့ကြောင့်၊ ငါတို့၌ ရွှင်လန်း​ဝမ်းမြောက်စရာ ကြီးစွာသော​အကြောင်း မရှိသလော။

၁၄ ထိုမှတစ်ပါး၊ သူသည် အမြင့်​ဆုံးသော​ဘုရားသခင်​ဖြစ်၍၊ ငါတို့၏​ညီအစ်ကိုတို့ကို ငရဲ၏​သံကြိုးများမှ လွှတ်ပေး​တော်မူ​လေသောကြောင့်၊ သူ့ကို ကာလ​အစဉ်​အဆက် ချီးမွမ်းစရာအကြောင်း ငါတို့၌​ရှိ၏။

၁၅ အကြောင်းမူကား၊ သူတို့သည် ထာဝရ​တည်မြဲသော​မှောင်မိုက်နှင့် ဖျက်ဆီးခြင်းတို့​အားဖြင့် ဝိုင်းပတ်​ထားခြင်းကို ခံရ၏။ သို့ရာတွင်၊ ရှုလော့၊ သူတို့ကို သူ၏​ထာဝရ​တည်မြဲသော​အလင်းထဲသို့၊ ထိုမှတစ်ပါး၊ ထာဝရ​တည်မြဲသော​ကယ်တင်ခြင်းထဲသို့ သူဆောင်​တော်မူလေပြီ။ သူ့ချစ်ခြင်း​မေတ္တာတော်၏ အတု​မရှိသော​ရက်ရောမှုဖြင့် ဝိုင်းပတ်​ထားခြင်းကိုလည်း သူတို့​ခံရ၏။ ထိုမှတစ်ပါး၊ ဤကြီးမြတ်၍ အံ့ဩဖွယ်​ကောင်းသော​အမှုကို ပြုခြင်း​အတွက်၊ ငါတို့သည် သူ၏​လက်တော်၌ တန်ဆာများ​ဖြစ်ကြလေပြီ။

၁၆ ထို့ကြောင့်၊ ငါတို့ ဂုဏ်ယူ​ဝမ်းမြောက်ကြ​ကုန်အံ့။ အထူးသဖြင့်၊ ငါတို့သည် ကိုယ်တော်ရှင်၌ ဂုဏ်ယူ​ဝမ်းမြောက်ကြမည်။ အထူးသဖြင့်၊ ငါတို့ ရွှင်လန်း​ဝမ်းမြောက်ကြမည်။ အကြောင်းမူကား၊ ငါတို့၏​ဝမ်းမြောက်ခြင်းသည် ပြည့်စုံ၏။ ထိုမှတစ်ပါး၊ ငါတို့သည် ငါတို့၏​ဘုရားသခင်ကို ကာလ​အစဉ်​အဆက် ချီးမွမ်းကြမည်။ ရှုလော့၊ အဘယ်သူသည် ကိုယ်တော်ရှင်၌ အလွန်များစွာ ဂုဏ်ယူ​ဝမ်းမြောက်​နိုင်သနည်း။ ထိုမှတစ်ပါး၊ အဘယ်သူသည် သူ၏​ကြီးစွာသော​တန်ခိုး၊ သူ၏ ကရုဏာတော်နှင့် လူသားတို့​အပေါ် သူ၏​စိတ်ရှည်​တော်မူခြင်းတို့ အကြောင်းကို အလွန်များစွာ ပြောနိုင်သနည်း။ ရှုလော့၊ ငါခံစား​ရသည့် အနည်း​ဆုံးသော အစိတ်​အပိုင်းကိုပင် မဖော်ပြနိုင်ဟု သင်တို့ကို ငါဆို၏။

၁၇ ငါတို့၏​ဘုရားသခင်သည် ငါတို့၏​အလွန်​ဆိုးရွားပြီး၊ အပြစ်များ၍ ညစ်ညူးသော​အခြေအနေမှ ငါတို့ကို ရုတ်တရက်​ဆွဲယူ​လောက်အောင် အလွန်ကရုဏာကြီး​တော်မူခဲ့​လိမ့်မည်ဟု အဘယ်သူ ထင်မှတ်​နိုင်ခဲ့လေ​သနည်း။

၁၈ ရှုလော့၊ ငါတို့သည် သူ၏​အသင်းတော်ကို ဖျက်ဆီးခြင်းငှာ၊ ဒေါသဖြင့်၊ ကြီးစွာသော ခြိမ်းခြောက်ခြင်းတို့နှင့်ပင် ထွက်​သွားကြ၏။

၁၉ အို ထိုသို့​ဆိုလျှင်၊ သူသည် ငါတို့ကို ကြောက်ရွံ့ဖွယ်​ကောင်းသော ဖျက်ဆီးခြင်းသို့ အဘယ်ကြောင့်၊ မလွှဲအပ်သနည်း။ ထိုမှတစ်ပါး၊ သူ၏​အပြစ်​ပေးခြင်း​ဓားကို ငါတို့​အပေါ်သို့ အဘယ်ကြောင့် မကျစေသနည်း။ ထာဝရ​စိတ်​ပျက်ရာသို့လည်း ငါတို့ကို ပြစ်ဒဏ်​မစီရင်​သနည်း။

၂၀ အို၊ ငါ၏ ဝိညာဉ်၊ ထိုအတွေးကြောင့်၊ ထွက်​သွားလု​မတတ် ဖြစ်လေပြီ။ ရှုလော့၊ သူသည် မိမိတရား​စီရင်တော်မူခြင်းကို ငါတို့​အပေါ် ပြုတော်မမူ၊ သို့ရာတွင် သူ၏ ကြီးစွာသော ကရုဏာတော်ဖြင့် ငါတို့ကို သေခြင်းနှင့် ဝမ်းနည်း​ပူဆွေးမှုတို့၏ ထာဝရ​တည်မြဲသော ချောက်ပေါ်မှ ဖြတ်၍ ငါတို့၏ ဝိညာဉ်များကို ကယ်တင်ခြင်းသို့ပင် ဆောင်​တော်မူလေ၏။

၂၁ ယခုမူကား၊ ရှုလော့၊ ငါ၏​ညီအစ်ကိုတို့၊ ဤအရာတို့ကို သိသည့် အဘယ်သို့သော ဇာတိ​ပကတိလူ ရှိသနည်း။ နောင်တရသော​သူ​မှတစ်ပါး၊ ဤအရာတို့ကို သိသောသူ တစ်ဦးမျှ​မရှိဟု သင်တို့ကို ငါဆို၏။

၂၂ ထိုမှတစ်ပါး၊ နောင်တရ၍၊ ယုံကြည်မှု​ပြုသဖြင့်၊ ကောင်းမြတ်သော​အမှုများကို ပြုပြီး၊ မခြားမလပ်၊ အစဉ်​မပြတ်​ဆုတောင်းသောသူ—ထိုကဲ့သို့သော​သူအား၊ ဘုရားသခင်၏​နက်နဲသော​အရာတို့ကို သိစေရန် အခွင့်​ပေးတော်မူ၏။ ထိုမှတစ်ပါး၊ ဖော်ပြ​ဖူးခြင်း​မရှိလေသော​အရာတို့ကို ဖော်ပြစေရန် ထိုကဲ့သို့သော​သူအား၊ အခွင့်​ပေးတော်မူလိမ့်မည်။ ထိုမှတစ်ပါး၊ ငါတို့၏ ဤညီအစ်ကိုတို့ကို နောင်တရခြင်းသို့ ဆောင်ယူခြင်းငှာ၊ ငါတို့အား အခွင့်ပေး​ထားတော်မူလေ​သကဲ့သို့ပင်၊ ထောင်ပေါင်း​များစွာသော​စိတ်ဝိညာဉ်တို့ကို နောင်တရခြင်းသို့ ဆောင်ယူခြင်းငှာ၊ ထိုကဲ့သို့သော​သူအား အခွင့်​ပေးတော်မူ​လိမ့်မည်။

၂၃ ယခုတွင်၊ ငါ၏​ညီအစ်ကိုတို့၊ ငါတို့သည် ငါတို့​ညီအစ်ကို လာမန်​အမျိုးသားတို့ကို ဟောပြောရန် နီဖိုင်းပြည်သို့ တက်​သွားကြ၏ဟု ဇရဟင်မလ​ပြည်ရှိ ငါတို့​ညီအစ်ကိုတို့ကို ဆိုကြ​စဉ်က၊ ငါတို့ကို သူတို့​ပြက်ရယ်​ပြု၍ ရယ်ကြသည်ကို သင်တို့​သတိရ​ကြလော့။

၂၄ အကြောင်းမူကား၊ သူတို့က ငါတို့ကို ဆိုလေသည်မှာ၊ သင်တို့သည် လာမန်​အမျိုးသားတို့ကို သမ္မာ​တရားကို သိခြင်းသို့ ဆောင်ယူနိုင်မည်ဟု ထင်မှတ်​ကြသလော။ လာမန်​အမျိုးသားတို့​သည်ကား၊ အသွေး​သွန်းလောင်းခြင်း၌ မွေ့လျော်သည့် စိတ်နှလုံး​ရှိသောသူ၊ အဆိုး​ရွားဆုံး​ဒုစရိုက်များဖြင့် ဘဝကို ဖြုန်းတီးလေသောသူ၊ ဘာသာဓလေ့များမှာ ရှေးဦးစွာ​ကတည်းက လွန်ကျူးသူ၏ ဘာသာဓလေ့များ​ဖြစ်လေသောသူ လည်ပင်း​ခိုင်မာသည့် လူမျိုး​ဖြစ်၍၊ သူတို့​ဘိုးဘေးတို့၏​နည်း​ဥပဒေသများ​မမှန်ကြောင်း သူတို့ကို၊ သင်တို့​နားသွင်းနိုင်မည်ဟု ထင်မှတ်ကြသလော။ ယခုတွင်၊ ငါ၏​ညီအစ်ကိုတို့ ဤအရာမှာ၊ သူတို့၏​ဘာသာစကား​ဖြစ်ကြောင်း သင်တို့​သတိရကြလော့။

၂၅ ထိုမှတစ်ဖန်၊ သူတို့​ဆိုကြသည်ကား၊ ငါတို့ကို သူတို့ မချေမှုန်း၊ မဖျက်ဆီး​စေခြင်းငှာ၊ သူတို့နှင့် သူတို့၏​ဒုစရိုက်များကို ဤပြည်မှ ဖျက်ဆီးရန်၊ သူတို့ကို ဆန့်ကျင်၍ ငါတို့​လက်နက်​စွဲကိုင်​ကြကုန်အံ့။

၂၆ သို့ရာတွင်၊ ရှုလော့၊ ငါ၏​ချစ်လှစွာသော ညီအစ်ကိုတို့၊ တောရိုင်းထဲသို့ ငါတို့​လာခဲ့သည်မှာ ငါတို့​ညီအစ်ကိုတို့ကို ဖျက်ဆီးရန်ဟူသော ရည်ရွယ်ချက်နှင့်​မဟုတ်၊ သို့ရာတွင်၊ သူတို့မှ အချို့သော စိတ်ဝိညာဉ် အနည်းငယ်ကို ကယ်တင်ကောင်း ကယ်တင်​နိုင်ခြင်းငှာ​ဖြစ်၏။

၂၇ ယခုတွင်၊ ငါတို့သည် စိတ်ပျက်အား​လျော့ပြီး၊ နောက်သို့​လှည့်၍ ပြန်တော့မည်​ပြုစဉ်တွင်၊ ကိုယ်တော်ရှင်သည် ငါတို့ကို နှစ်သိမ့်စေတော်မူ၍ မိန့်တော်မူ​လေသည်ကား၊ သင်၏​ညီအစ်ကို လာမန်​အမျိုးသားတို့ဆီသို့ သွား၍၊ သင်တို့၏​ဆင်းရဲ​ဒုက္ခများကို သည်းခံခြင်းနှင့် ခံယူကြလော့။ ငါသည် သင်တို့အား အောင်မြင်မှုကို ပေးမည်။

၂၈ ယခုမူကား၊ ရှုလော့၊ ငါတို့​လာလေပြီး၊ သူတို့၌ ပျံ့နှံ့ကြလေပြီ။ ငါတို့၏ ဒုက္ခ​ဝေဒနာ​ခံစားခြင်းတို့ကို သည်းခံ၍၊ ချို့တဲ့မှု​တိုင်းကို ငါတို့​ခံစားကြလေပြီ။ ထိုမှတစ်ပါး၊ ငါတို့သည် လောက၏​ကရုဏာများကို မှီခိုလျက်—လောက၏​ကရုဏာများကို​သာလျှင် မဟုတ်ဘဲ၊ ဘုရားသခင်၏​ကရုဏာတော်တို့ကိုလည်း မှီခိုလျက်၊ တစ်အိမ်မှ တစ်အိမ်သို့ ခရီး​သွားကြ၏။

၂၉ ငါတို့သည် သူတို့၏​အိမ်များထဲသို့ ဝင်၍၊ သူတို့ကို သွန်သင်​ပေးလေ၏။ သူတို့၏​လမ်းများထဲ၌လည်း သူတို့ကို သွန်သင်​ပေးလေ၏။ ထိုမှတစ်ပါး၊ ငါတို့သည် သူတို့၏​တောင်များ​ပေါ်၌လည်း သူတို့ကို သွန်သင်​ပေးလေ၏။ ငါတို့သည် သူတို့၏ ဗိမာန်တော်များနှင့် သူတို့၏​တရား​ဇရပ်များ​ထဲသို့လည်း ဝင်၍ သူတို့ကို သွန်သင်​ပေးလျက်၊ နှင်ထုတ်ခြင်း၊ ထို့အတူ ပြက်ရယ်​ပြုခြင်း၊ ထို့အတူ တံတွေးဖြင့်​ထွေးခြင်း၊ ထို့အတူ ပါးရိုက်ခြင်းတို့ကို ငါတို့​ခံရလေ၏။ ထို့အတူ၊ ကျောက်ခဲနှင့် ပစ်ခြင်း၊ ထို့အတူ၊ ဖမ်းဆီး၍ ခိုင်မာသော​ကြိုးများဖြင့် ချည်နှောင်ခြင်း၊ ထို့အတူ၊ ထောင်ထဲ၌ လှောင်ထားခြင်းတို့ကို ငါတို့​ခံရလေ၏။ ဘုရားသခင်၏ တန်ခိုးတော်နှင့် ဉာဏ်​ပညာတို့အားဖြင့် တစ်ဖန်​ကယ်လွှတ်​တော်မူခြင်း​ကိုလည်း ငါတို့​ခံရလေ၏။

၃၀ ငါတို့သည် အမျိုးမျိုးသော ဆင်းရဲ​ဒုက္ခများကို ခံစား​ရလေပြီး၊ ဤအမှုများ​သည်ကား၊ ငါတို့သည် အချို့သော​စိတ်ဝိညာဉ်ကို ကယ်တင်ခြင်း​အတွက် နည်းလမ်းများ ဖြစ်ကောင်း​ဖြစ်နိုင်​စေခြင်းငှာ​ပေတည်း။ ထို့အတူ၊ ငါတို့သည် အချို့သော​သူများကို ကယ်တင်ခြင်း​အတွက် နည်းလမ်းများ​ဖြစ်ကောင်း ဖြစ်နိုင်​ခဲ့လေလျှင်၊ ငါတို့၏​ဝမ်းမြောက်ခြင်း​ပြည့်စုံ​လိမ့်မည်ဟု ထင်မှတ်ခဲ့ကြ၏။

၃၁ ယခုတွင်၊ ရှုလော့၊ ငါတို့အလုပ်၏ အသီး​အပွင့်ကို ငါတို့​မြင်နိုင်​ကြပေပြီ။ ထိုအရာတို့မှာ၊ အနည်းငယ်သာ ဖြစ်လေသလော။ မဟုတ်ပေဟု သင်တို့ကို ငါဆို၏။ ထိုအရာတို့သည် များလှပေ၏။ ထိုမှတစ်ပါး၊ သူတို့၏​ညီအစ်ကိုများနှင့် ငါတို့​ထံသို့​လည်း ထားရှိသည့် သူတို့၏​ချစ်ခြင်း​မေတ္တာကြောင့် သူတို့၏​ရိုးသားခြင်းကို ငါတို့​သက်သေ​ခံနိုင်ပေ၏။

၃၂ အကြောင်းမူကား၊ ရှုလော့၊ သူတို့သည် သူတို့​ရန်သူ၏​အသက်ကို နှုတ်ယူရန်ထက် သူတို့​အသက်ကို​ပို၍ စွန့်လွှတ်​လိုကြလေ၏။ သူတို့​ညီအစ်ကိုများသို့ ထားရှိသော သူတို့၏​ချစ်ခြင်း​မေတ္တာကြောင့် သူတို့၏​စစ်တိုက်ရာ လက်နက်များကို မြေကြီးထဲ၌ နက်စွာ မြှုပ်ကြလေပြီ။

၃၃ ယခုမူကား၊ ရှုလော့၊ ခပ်သိမ်းသော​ပြည်တို့၌ ထိုကဲ့သို့ ကြီးစွာသော ချစ်ခြင်း​ရှိဖူးလေ​သလောဟု သင်တို့ကို ငါဆို၏။ ရှုလော့၊ မဟုတ်ပေဟု သင်တို့ကို ငါဆို၏။ နီဖိုင်း​အမျိုးသားတို့၌ပင် မရှိ​လေပြီ။

၃၄ အကြောင်းမူကား၊ ရှုလော့၊ သူတို့သည် သူတို့၏​ညီအစ်ကိုတို့ကို ဆန့်ကျင်၍ လက်နက်​စွဲကိုင်​လိမ့်မည်။ သူတို့​ကိုယ်သူတို့ ကွပ်မျက်​ခံရရန် အခွင့်​ပေးမည်​မဟုတ်။ သို့ရာတွင်၊ ရှုလော့၊ သူတို့မှ များစွာသော​သူတို့ အသက်​ပေးကြလေ​ပြီတကား။ သူတို့၏​ချစ်ခြင်းကြောင့်​လည်းကောင်း၊ အပြစ်နှင့်​စပ်လျဉ်းသည့် သူတို့၏​အမုန်း​တရားကြောင့်​လည်းကောင်း သူတို့၏​ဘုရားသခင်ထံသို့ သူတို့​သွားလေကြောင်း ငါတို့ သိပေ၏။

၃၅ ယခုတွင်၊ ငါတို့ ၌ ရွှင်လန်း​ဝမ်းမြောက်စရာ အကြောင်း မရှိလေသလော။ ဟုတ်ပေ၏ဟု သင်တို့ကို ငါဆို၏။ ငါတို့ကဲ့သို့ ထိုမျှ​လောက်ကြီးစွာသော ရွှင်လန်း​ဝမ်းမြောက်စရာ​အကြောင်း​ရှိသူ ကမ္ဘာ​ဦးကတည်းက မရှိဖူးလေ​ပြီတကား။ ထိုမှတစ်ပါး၊ ငါ၏​ဝမ်းမြောက်ခြင်းသည် ငါ၏​ဘုရားသခင်၌ ဝါကြွားခြင်းသို့​တိုင်အောင်ပင် သာလွန်လေပြီ။ အကြောင်းမူကား၊ သူ့၌ အလုံးစုံသော​တန်ခိုး၊ အလုံးစုံသော​ဉာဏ်ပညာနှင့် အလုံးစုံသော​နားလည်းခြင်းတို့ ရှိတော်မူ၏။ သူသည် အရာ​ခပ်သိမ်းတို့ကို သိနားလည်​တော်မူ၏။ နောင်တရ၍ သူ၏​နာမတော်ကို ယုံကြည်သော​သူများ​အတွက် ကယ်တင်ခြင်းသို့​တိုင်အောင်ပင် ကရုဏာ​ကြီးတော်မူသော ဘုရား​ဖြစ်၏။

၃၆ ယခုတွင်၊ ဤအမှုသည် ဝါကြွားခြင်း​ဖြစ်လျှင်၊ ငါသည် ထိုကဲ့သို့ပင် ဝါကြွားမည်။ အကြောင်း​မူကား၊ ဤအမှုသည် ငါ၏​အသက်၊ ငါ၏​အလင်း၊ ငါ၏​ဝမ်းမြောက်ခြင်း၊ ငါ၏​ကယ်တင်ခြင်း၊ ထာဝရ​တည်မြဲသော​အမင်္ဂလာမှ ငါ၏​ရွေးနှုတ်ခြင်း​ပေတည်း။ ထိုမှတစ်ပါး၊ ဣသရေလ​သစ်ပင်၏ အခက်​ဖြစ်၍၊ အကျွမ်း​မဝင်သော​ပြည်၌ ၎င်း၏​ပင်စည်မှ ကွဲကွာခဲ့သည့် ဤလူမျိုးတို့ကို အောက်မေ့​တော်မူသည့် ဘုရားသခင်၏​နာမတော်သည် မင်္ဂလာ​ရှိပါ၏။ ထိုမှတစ်ပါး၊ အကျွမ်း​မဝင်သော​ပြည်၌ အရပ်ရပ်သို့​လည်သည့်​ငါတို့ကို အောက်မေ့​တော်မူလေသည့် ဘုရားသခင်၏​နာမ​တော်သည် မင်္ဂလာ​ရှိပါစေ​သတည်းဟု ငါဆို၏။

၃၇ ယခုတွင်၊ ငါ၏​ညီအစ်ကိုတို့၊ ဘုရားသခင်သည် လူတိုင်းကို၊ သူတို့ အဘယ်​ပြည်၌ ရှိသည်​ဖြစ်စေ အောက်မေ့​တော်မူကြောင်း ငါတို့​သိမြင်​ကြပေပြီ။ ထိုမှတစ်ပါး၊ သူသည် မိမိ​လူမျိုးတို့ကို ရေတွက်​တော်မူ၍ သူ၏​ကရုဏာတော်​ဝမ်းသည် မြေကြီး​တစ်ခုလုံး​အပေါ်၌ ရှိ၏။ ယခုတွင်၊ ဤအမှု​သည်ကား ငါ၏​ဝမ်းမြောက်ခြင်းနှင့် ငါ၏​ကြီးစွာသော ကျေးဇူးတော်​ချီးမွမ်းခြင်း​ပေတည်း။ ထိုမှတစ်ပါး၊ ငါ၏​ဘုရားသခင်ကို ငါ​ကာလ​အစဉ်​အဆက် ကျေးဇူးတော်​ချီးမွမ်း​ပေမည်။ အာမင်။