ကျမ်းစာများ
အယ်လမာ ၅၀


အခန်းကြီး ၅၀

မော်ရော်နိုင်းသည် နီဖိုင်း​အမျိုးသားတို့၏​ပြည်များကို အင်အား​ခိုင်မာစေ၏—သူတို့သည် များစွာသော​မြို့အသစ်များကို တည်ဆောက်ကြ၏—စစ်တိုက်ခြင်းများနှင့် ပျက်စီးခြင်းတို့သည် နီဖိုင်း​အမျိုးသားတို့၌ သူတို့၏​ဆိုးညစ်ခြင်းနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုများ၏​ကာလများ၌ ဖြစ်ပျက်၏—မော်ရန်တန်နှင့် သူ၏​သဘော​ကွဲလွဲ​သူတို့သည် တေအန်ကမ်​အားဖြင့် အနိုင်​ခံရ၏—နီဖိုင်းဟ​သေ၍၊ သူ၏​သား ပါဟောရန်သည် တရား​ပလ္လင်၌ ထမ်းဆောင်၏။ ဘီစီ ၇၂–၆၇ ခန့်။

ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ မော်ရော်နိုင်းသည် စစ်တိုက်ခြင်း​အတွက်​ပြင်ဆင်ခြင်းများ သို့မဟုတ်၊ လာမန်​အမျိုးသားတို့ကို ဆန့်ကျင်၍ သူ၏​လူမျိုးတို့ကို ကာကွယ်ရန် ပြုလုပ်ခြင်းကို မရပ်ချေ။ အကြောင်းမူကား၊ တရား​သူကြီးများ​အုပ်စိုးခြင်း​နှစ်ဆယ်ပြည့်​နှစ်မြောက်၏​အစတွင် သူ၏​တပ်များကို စတင်​စေ၍၊ သူတို့ကို ထိုပြည်​တစ်လျှောက်လုံး​ရှိ၊ နီဖိုင်း​အမျိုးသားတို့​ပိုင်သည့် မြို့ခပ်သိမ်းတို့၏ ပတ်လည်၌ မြေကြီးကို တူး၍​စုပုံခြင်း စတင်စေ၏။

မြို့၏​ပတ်လည်၌၊ ထိုမြေကြီး​တာရိုးများ၏​ထိပ်၌လည်း၊ သစ်သားများ၊ အထူးသဖြင့်၊ သစ်သား​တန်းတို့ကို လူ့တစ်ရပ်​အမြင့်အထိ တည်ဆောက်စေ၏။

ထိုသစ်သား​တန်းများ​အပေါ်၌၊ ငုတ်ချွန်​ဘောင်တို့ကိုလည်း ပတ်လည်တွင်​ရှိသော သစ်သား​တန်းများ၏​အပေါ်၌ တည်ဆောက်စေ၏။ ၎င်းတို့သည် ခိုင်မာ၍၊ မြင့်မားလေ၏။

ထိုငုတ်ချွန်​တန်းများကို အပေါ်​စီးမှ​မြင်ရသည့် လင့်စင်များ​တည်ဆောက်စေလျက်၊ ထိုလင့်စင်များပေါ်၌ လုံခြုံရာ​နေရာတို့ကို​တည်ဆောက်စေသဖြင့်၊ လာမန်​အမျိုးသားတို့၏​ကျောက်ခဲများနှင့် မြားများ သူတို့ကို မထိခိုက်နိုင်ကြ။

သူတို့သည်လည်း ပြင်ဆင်ခဲ့​လေသဖြင့်၊ ထိုနေရာ၏​ထိပ်မှ​နေ၍ သူတို့​အလိုနှင့် အင်အား​ရှိသမျှ​အတိုင်း၊ ကျောက်ခဲနှင့်​ပစ်၍၊ မြို့တံတိုင်း​အနီးသို့ ချဉ်းကပ်ရန် ကြိုးစားမည့်​သူကို ကွပ်မျက်နိုင်ကြ၏။

ထိုကဲ့သို့​အားဖြင့်၊ မော်ရော်နိုင်းသည် သူတို့​ရန်သူများ​ရောက်လာခြင်းကို ကြိုတင်​မျှော်မှန်း၍ ထိုပြည်​တစ်ခုလုံးရှိ မြို့တိုင်း၏​ပတ်လည်၌ အခိုင်​အမာ​စခန်းများကို ပြင်ဆင်၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ မော်ရော်နိုင်းသည် သူ၏​တပ်များကို အရှေ့​တောရိုင်းထဲသို့ ထွက်​သွားစေ၏။ အမှန်စင်စစ်၊ သူတို့သည်လည်း ထွက်​သွား၍၊ အရှေ့​တောရိုင်းထဲ၌​ရှိလေသော လာမန်​အမျိုးသား​ခပ်သိမ်းတို့ကို ဇရဟင်မလပြည်၏ တောင်ဘက်​အရပ်၌​ရှိသော၊ သူတို့နေရင်း​ပြည်ထဲသို့ မောင်းထုတ်ကြ၏။

နီဖိုင်း​ပြည်သည်လည်း အရှေ့​ပင်လယ်မှ အနောက်​ပင်လယ်သို့ တစ်ဖြောင့်တည်း​ရှိ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ မော်ရော်နိုင်းသည် လာမန်​အမျိုးသား​ခပ်သိမ်းတို့ကို သူတို့​ကိုယ်ပိုင်​ပြည်၏ မြောက်​အရပ်၌​ရှိလေသည့် အရှေ့​တောရိုင်းထဲမှ မောင်းထုတ်​ပြီးလျှင်၊ ဇရဟင်မလ​ပြည်နှင့် ပတ်ဝန်းကျင်ပြည်တို့၌ နေထိုင်သူတို့အား၊ အရှေ့​တောရိုင်းထဲသို့၊ ပင်လယ်​ကမ်းနားရှိ နယ်နိမိတ်အထိပင် ထွက်​သွားစေ၏၊ ထိုပြည်ကိုလည်း ပိုင်ဆိုင်စေ၏။

၁၀ တောင်အရပ်တွင်၊ သူတို့​ပိုင်ဆိုင်ရာ​ပြည်၏​နယ်နိမိတ်၌ တပ်များကိုလည်း နေရာချ၍၊ သူတို့​တပ်များနှင့် သူတို့​လူများကို သူတို့​ရန်သူများ၏​လက်မှ ကာကွယ်နိုင်​စေခြင်းငှာ၊ ခံတပ်များကို တည်ဆောက်စေ၏။

၁၁ ထိုကဲ့သို့အားဖြင့်၊ သူသည် အရှေ့​တောရိုင်းထဲ၌​ရှိသော၊ ထိုမှတစ်ပါး၊ အနောက်​အရပ်တွင်လည်း​ရှိသော၊ လာမန်​အမျိုးသားတို့၏​အခိုင်​အမာ​စခန်းများကို ပယ်ရှင်း၍၊ နီဖိုင်း​အမျိုးသားများနှင့် လာမန်​အမျိုးသားများ​ကြား၌​ရှိသော၊ ဇရဟင်မလ​ပြည်နှင့် နီဖိုင်း​ပြည်တို့​ကြား၌​ရှိသော၊ အနောက်​ပင်လယ်မှ ဇိဒုန်​မြစ်ဖြား​အနီးသို့ တန်းလျက်​ရှိသော နယ်ခြား​စည်းကို ခိုင်မာစေလျက်—နီဖိုင်း​အမျိုးသားတို့သည် မြောက်ဘက်​လားရာ​အရပ်၌​ရှိသည့် ပြည်​ခပ်သိမ်းတို့ကို၊ အမှန်စင်စစ်၊ အလျှံပယ်​ပြည်၏​မြောက်ဘက်​လားရာ​အရပ်၌​ရှိသည့် ပြည်​ခပ်သိမ်းတို့ကိုပင် သူတို့​အလို​အတိုင်း ပိုင်ဆိုင်ကြ၏။

၁၂ ထိုကဲ့သို့အားဖြင့်၊ မော်ရော်နိုင်းသည် မိမိအမှုများက ဖြစ်ထွန်း​စေခဲ့သည့် အကာ​အကွယ်​အာမခံချက်ကြောင့်၊ နေ့စဉ်​တိုးပွားလျက်​ရှိသည့် မိမိတပ်များ​အားဖြင့်၊ လာမန်​အမျိုးသားတို့အား မိမိတို့​ပိုင်ဆိုင်ရာ​ပြည်များ​အပေါ် အစိုးရခြင်း​မရှိရ​စေခြင်းငှာ၊ ထိုသူတို့၏​အင်အားနှင့် အစိုးရခြင်းကို မိမိတို့​ပိုင်ဆိုင်ရာ​ပြည်မှ ပယ်ရှင်းရန် ကြိုးစား၏။

၁၃ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ နီဖိုင်း​အမျိုးသားတို့သည် မြို့၏​အုတ်မြစ်ကို စတင်၍၊ ထိုမြို့အမည်ကို မော်ရော်နိုင်းဟု ခေါ်၏။ ထိုမြို့သည် အရှေ့​ပင်လယ်​အနီး၌​ရှိလေ၏။ လာမန်​အမျိုးသားတို့​ပိုင်ဆိုင်ရာ နယ်ခြား​စည်းအနီး တောင်ဘက်၌ ရှိလေ၏။

၁၄ သူတို့သည် မော်ရော်နိုင်းနှင့် အာရုန်​နယ်နိမိတ်တို့ကို ဆက်စပ်လျက်၊ မော်ရော်နိုင်းမြို့နှင့် အာရုန်မြို့​ကြားတွင် မြို့​တစ်မြို့​အတွက် အုတ်မြစ်ကိုလည်း စတင်ပြီး၊ ထိုမြို့ သို့မဟုတ်၊ ထိုပြည်၏​အမည်ကို နီဖိုင်းဟဟု ခေါ်၏။

၁၅ သူတို့သည် ထိုတစ်နှစ်​တည်းတွင်၊ မြောက်အရပ်၌လည်း များစွာသော​မြို့များကို တည်ဆောက်ခြင်းငှာ၊ စတင်၍၊ လေဟိဟု သူတို့​ခေါ်သည့်၊ ပင်လယ်ကမ်းနား နယ်နိမိတ်တို့​အနီး မြောက်အရပ်၌​ရှိလေသည့် မြို့တစ်မြို့ကို အထူး​နည်းလမ်းဖြင့် တည်ဆောက်၏။

၁၆ ထိုကဲ့သို့အားဖြင့်၊ နှစ်ဆယ်နှစ်မြောက် ပြီးဆုံး၏။

၁၇ ဤအောင်မြင်သော​အခြေအနေတို့၌၊ နီဖိုင်း​လူမျိုးတို့​ရှိလေသည်မှာ၊ နီဖိုင်း​လူမျိုးတို့​အပေါ် တရား​သူကြီးများ​အုပ်စိုးခြင်း နှစ်ဆယ်တစ်​နှစ်မြောက်၏ အစ၌​ဖြစ်၏။

၁၈ သူတို့သည်လည်း လွန်စွာ​အောင်မြင်၍၊ အလွန်​ကြွယ်ဝ​လာကြ၏။ ထိုမှတစ်ပါး၊ သူတို့သည် ပွားများ၍၊ ထိုပြည်၌ အင်အား​ကြီးလာကြ၏။

၁၉ ထိုကဲ့သို့​အားဖြင့်၊ ငါတို့​သိမြင်ကြသည်မှာ ကိုယ်တော်ရှင်၏ ခပ်သိမ်းသော​အမှုတော်တို့သည် လူသားများသို့ သူ၏​ခပ်သိမ်းသော​နှုတ်ကပတ်တော်များကို ပြီးပြည့်စုံ​စေသည့်​တိုင်အောင်၊ အဘယ်မျှလောက် ကရုဏာကြီး၍၊ တရား​မျှတတော်မူကြောင်း​ပေတည်း။ ထိုမှတစ်ပါး၊ လေဟိကို သူမိန့်တော်မူသည့် သူ၏​နှုတ်ကပတ်တော်များ ယခု​ကာလ၌ပင် ပြည့်စုံပြီ​ဖြစ်ကြောင်းကို ငါတို့ သိမြင်နိုင်ကြ၏။ မိန့်တော်မူလေ​သည်ကား၊

၂၀ သင်နှင့် သင်၏​အမျိုး​အနွယ်တို့သည် မင်္ဂလာ​ရှိ၏။ သူတို့သည်လည်း ကောင်းချီးခံစားရကြ​လိမ့်မည်။ ငါ၏​ပညတ်တော်များကို စောင့်ထိန်းသမျှ၊ ထိုပြည်၌ အောင်မြင်ကြလိမ့်မည်။ သို့ရာတွင်၊ သတိရလော့၊ သူတို့သည် ငါ၏​ပညတ်တော်များကို မစောင့်ထိန်းသမျှ၊ ကိုယ်တော်ရှင်၏​မျက်မှောက်မှ ပယ်ရှင်းခံရကြလိမ့်မည်။

၂၁ နီဖိုင်းလူမျိုးများသို့ ဤကတိတော်များ ပြည့်စုံလေပြီ​ဖြစ်ကြောင်းကိုလည်း ငါတို့​သိမြင်ကြ၏။ အကြောင်းမူကား၊ သူတို့​အပေါ်၌ သူတို့၏​စစ်တိုက်ခြင်းများနှင့် သူတို့၏​ပျက်စီးခြင်းတို့ကို ဖြစ်ပေါ်စေသည့် သူတို့၌​ရှိလေသည့် သူတို့၏​ရန်ဖြစ်ခြင်းများနှင့် တိုက်ခိုက်ခြင်းများ၊ ထိုမှတစ်ပါး၊ သူတို့၏​လူ့အသက်ကို​သတ်ခြင်းများ၊ သူတို့၏​လုယက်ခြင်းများ၊ သူတို့၏​ရုပ်တု​ကိုးကွယ်ခြင်းများ၊ သူတို့၏​မတရားသော​မေထုန်​အမှုများ၊ သူတို့၏​စက်ဆုပ်​ရွံရှာဖွယ်​အမှုများ ရှိလေပြီ။

၂၂ ကိုယ်တော်ရှင်၏​ပညတ်တော်များကို စောင့်ထိန်းရာ၌ သစ္စာ​ရှိလေသော​သူတို့သည် ခပ်သိမ်းသော​ကာလတို့ ၌ ကယ်လွှတ်တော်မူခြင်း ခံရလျက်၊ အခြား​တစ်ဖက်တွင်၊ ထောင်ပေါင်း​များစွာသော ဆိုးညစ်သည့် ညီအစ်ကိုတို့သည် ကျွန်ခံရာသို့၊ သို့မဟုတ်၊ ဓားဘေးဖြင့်​ပျက်စီးစေရန်၊ သို့မဟုတ် ယုံကြည်မှု​လျော့ပါး​ဆုတ်ယုတ်​လာစေရန် လွှဲအပ်​ပေးခြင်းကို ခံရလေ၏၊ လာမန်​အမျိုးသားတို့နှင့် သွေးနှောကြ၏။

၂၃ သို့ရာတွင်၊ ရှုလော့၊ နီဖိုင်း​လက်ထက်​ကတည်းက၊ မော်ရော်နိုင်း​လက်ထက်မှာထက်၊ အထူးသဖြင့်၊ ယခုကာလ၊ တရား​သူကြီးများ​အုပ်စိုးခြင်း​နှစ်ဆယ်တစ်​နှစ်မြောက်မှာထက် ပို၍​ပျော်ရွှင်ရသော အချိန်ကာလ နီဖိုင်း​လူမျိုးတို့၌ မရှိဖူးလေပြီ။

၂၄ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ တရားသူကြီးများ​အုပ်စိုးခြင်း နှစ်ဆယ်နှစ်​နှစ်မြောက်​သည်လည်းကောင်း၊ ထိုမှတစ်ပါး၊ နှစ်ဆယ်သုံး​နှစ်မြောက်​သည်လည်းကောင်း ငြိမ်းချမ်းစွာ​ပြီးဆုံး၏။

၂၅ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ တရား​သူကြီးများ​အုပ်စိုးခြင်း နှစ်ဆယ်လေး​နှစ်မြောက်၏​အစတွင်၊ လေဟိပြည်နှင့် လေဟိပြည်၏​နယ်နိမိတ်တို့ဖြင့် ဆက်စပ်လျက်​ရှိသည့် မော်ရန်တန်​ပြည်နှင့်​စပ်လျဉ်း၍ နီဖိုင်း​လူမျိုးတို့၌ ဖြစ်ပွားခဲ့သော ငြင်းခုံခြင်း​မရှိလေလျှင်၊ သူတို့၌ ငြိမ်းချမ်းခြင်းလည်း​ရှိလိမ့်မည်။ ထိုပြည်​နှစ်ခုစလုံးသည် ပင်လယ်​ကမ်းနား​အနီး နယ်နိမိတ်တို့၌ ရှိလေ၏။

၂၆ အကြောင်းမူကား၊ ရှုလော့၊ မော်ရန်တန်​ပြည်ကို ပိုင်ဆိုင်သည့်​လူတို့သည် လေဟိ​ပြည်၏​တစ်စိတ်​တစ်ပိုင်းကို တောင်းဆိုကြ၏။ ထို့ကြောင့်၊ သူတို့​ကြား၌၊ အမျက်​ပါသော​ငြင်းခုံခြင်း​အစ​ပြုသဖြင့်၊ မော်ရန်တန်​လူမျိုးတို့သည် သူတို့၏​ညီအစ်ကိုတို့ကို ဆန့်ကျင်၍ လက်နက်​စွဲကိုင်လျက်၊ ဓားဖြင့် ကွပ်မျက်ရန် သန္နိဌာန်​ချလေ၏။

၂၇ သို့ရာတွင်၊ ရှုလော့၊ လေဟိ​ပြည်ကို ပိုင်ဆိုင်သည့်​လူတို့သည် မော်ရော်နိုင်း၏​တပ်စခန်းသို့ ထွက်​ပြေး၍၊ သူ့ကို အကူ​အညီ တောင်းခံ၏။ အကြောင်းမူကား၊ သူတို့သည် မမှားယွင်းလေကြ။

၂၈ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ မော်ရန်တန်ဟု​အမည်​ရှိသောသူ ဦးဆောင်သည့် မော်ရန်တန်​လူမျိုးတို့သည် လေဟိ​လူမျိုးတို့ မော်ရော်နိုင်း၏​တပ်စခန်းသို့ ထွက်​ပြေးသည်ကို တွေ့ရှိလျှင်၊ သူတို့ကို မော်ရော်နိုင်း၏​တပ်လာ၍​ဖျက်ဆီးမည်ကို လွန်စွာ​ကြောက်ရွံ့ကြ၏။

၂၉ ထို့ကြောင့်၊ မော်ရန်တန်သည် သူတို့ကို မြောက်ဘက်​လားရာ​အရပ်၌​ရှိလေသည့်၊ ကြီးစွာသော​ရေများဖြင့် ဝန်းရံ​ထားသည့် ပြည်သို့​ထွက်ပြေး၍၊ မြောက်ဘက်​လားရာ​အရပ်၌​ရှိလေသော​ပြည်ကို သိမ်းယူရမည့်​အကြောင်း သူတို့​စိတ်နှလုံးထဲသို့ သွင်း​ထား၏။

၃၀ ရှုဦးလော့၊ သူတို့သည် ထိုအကြံ​အစည်ကို ဆောင်ရွက်​လိုလေ၏။ (ထိုအမှုသည် မြည်တမ်း​ရခြင်း၏ အမှု​တစ်ခု ဖြစ်လိမ့်မည်) သို့ရာတွင်၊ ရှုလော့၊ မော်ရန်တန်သည် စိတ်လှုပ်ရှား​လွယ်သော​သူဖြစ်သဖြင့်၊ ထို့ကြောင့်၊ သူ၏​ကျွန်မငယ်​တစ်ယောက်ကို အမျက်​ထွက်၍ ထိုးနှက်၍ လွန်စွာ​ရိုက်၏။

၃၁ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူမသည် ထွက်​ပြေး၏၊ မော်ရော်နိုင်း၏ တပ်စခန်းသို့ လာ၍၊ ထိုအမှုနှင့်​စပ်လျဉ်းသည့်​အရာ​မှန်သမျှကို​လည်းကောင်း၊ မြောက်ဘက်​လားရာ​အရပ်သို့ ထွက်ပြေးဖို့ သူတို့၏​ရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍​လည်းကောင်း မော်ရော်နိုင်းကို ပြောပြ၏။

၃၂ ယခုတွင်၊ ရှုလော့၊ အလျှံပယ်၊ သို့မဟုတ်၊ မော်ရော်နိုင်း​ပြည်၌ ရှိလေသော​လူတို့က၊ သူတို့သည် မော်ရန်တန်၏​စကားများကို စေ့စေ့နားထောင်၍၊ သူ၏​လူများနှင့် ပူးပေါင်းလျက်၊ ထိုကဲ့သို့​အားဖြင့်၊ ပြည်၏​ထိုအစိတ်​အပိုင်းတို့၏​ပိုင်ဆိုင်မှုကို သူ​ရရှိမည့်​အဖြစ်က၊ နီဖိုင်း​လူမျိုးတို့၌ ပြင်းထန်သော​အကျိုး​ဆက်များ၏၊ အမှန်စင်စစ်၊ သူတို့၏​လွတ်လပ်ခြင်းကို ဖျက်ဆီးခြင်းသို့ ပို့ဆောင်မည့်​အကျိုး​ဆက်များ၏ အုတ်မြစ်ကို​ချထားမည့်​အကြောင်း စိုးရိမ်ကြ၏။

၃၃ ထို့ကြောင့်၊ မော်ရော်နိုင်းသည် မော်ရန်တန်၏​လူများကို ဟန့်တားရန်နှင့် မြောက်ဘက်​လားရာ​ပြည်ထဲသို့ သူတို့၏​ပြေးခြင်းကို ရပ်တန့်စေရန် သူ၏​တပ်​တစ်တပ်ကို ရိက္ခာ​တပ်နှင့်​အတူ စေလွှတ်၏။

၃၄ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ လူဆိတ်ညံရာ​ပြည်၏​နယ်နိမိတ်များသို့ သူတို့​မရောက်မီ​အထိ၊ မဟန့်​တားနိုင်ခဲ့ကြ။ ထိုနေရာတွင်၊ ပင်လယ်​ဘေးမှ၊ အမှန်စင်စစ်၊ အရှေ့​ပင်လယ်နှင့် အနောက်ပင်လယ်တို့​ဘေးမှ မြောက်ဘက်​လားရာ​ပြည်ထဲသို့​သွားသည့် ကျဉ်းမြောင်းသော လမ်းအားဖြင့်၊ သူတို့ကို ဟန့်​တားနိုင်ကြ၏။

၃၅ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ မော်ရော်နိုင်း​စေလွှတ်လေသည့်၊ တေအန်ကမ်ဟု​အမည်​ရှိသောသူဦးဆောင်သည့်​တပ်သည် မော်ရန်တန်၏​လူများနှင့် ရင်ဆိုင်ကြ၏။ မော်ရန်တန်၏​လူတို့သည် အလွန်​ခေါင်းမာသဖြင့် (သူ၏​ဆိုးညစ်ခြင်းနှင့် သူ၏​မြှောက်ပင့်သော စကားများ​အားဖြင့် လမ်းပြ​လှုံ့ဆော်​ခံရသောကြောင့်) သူတို့​ကြား၌ တိုက်ပွဲ​စတင်၏။ ထိုတိုက်ပွဲ၌၊ တေအန်ကမ်သည် မော်ရန်တန်ကို ကွပ်မျက်၍၊ တပ်ကို အနိုင်ရလျက် သူတို့ကို ဖမ်းဆီး​သိမ်းယူ၍၊ မော်ရော်နိုင်း၏​တပ်စခန်းသို့ ပြန်လာ၏။ ထိုကဲ့သို့​အားဖြင့်၊ နီဖိုင်း​လူမျိုးတို့​အပေါ် တရား​သူကြီးများ​အုပ်စိုးခြင်း နှစ်ဆယ်လေး​နှစ်မြောက် ပြီးဆုံး၏။

၃၆ ထိုကဲ့သို့အားဖြင့်၊ မော်ရန်တန်​လူမျိုးတို့သည် ပြန်၍ ခေါ်ဆောင်​ခံရ၏။ ငြိမ်းချမ်းရေးကို စောင့်ထိန်းရန် သူတို့​၏ပဋိညာဉ်​ပြုခြင်းပြီးလျှင်၊ မော်ရန်တန်​ပြည်သို့ ပြန်၍​နေရာချ​ထားခံရပြီး၊ သူတို့နှင့် လေဟိ​လူမျိုးတို့​အကြား၌ စည်းလုံးခြင်း​ဖြစ်ပေါ်၏။ သူတို့၏​ပြည်များသို့လည်း ပြန်၍ နေရာချ​ပေးသည်ကို သူတို့​ခံရကြ၏။

၃၇ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ နီဖိုင်း​လူမျိုးတို့ထံသို့ ငြိမ်းချမ်းခြင်းကို ပြန်လည်​ထူထောင်သည့် ထိုတစ်နှစ်တည်းတွင်၊ ထိုနီဖိုင်းဟ၊ ဒုတိယ​တရား​သူကြီး​ချုပ်သေ၏၊ သူသည် ဘုရားသခင်​ရှေ့၌ စုံလင်သောတော်တည့်ဖြောင့်မတ်ခြင်းဖြင့် တရား​ပလ္လင်၌ ထမ်းဆောင်ခဲ့၏။

၃၈ သို့သော်လည်း၊ သူသည် ထိုမှတ်တမ်းများနှင့်​အတူ၊ အယ်လမာနှင့် သူ၏​ဘိုးဘေးတို့က အသန့်ရှင်း​အမွန်မြတ်ဆုံး​အဖြစ် မှတ်​ယူလေသည့်​အရာတို့ကို သိမ်းယူရန် အယ်လမာကို ငြင်းဆို၏။ ထို့ကြောင့်၊ အယ်လမာသည် ထိုအရာတို့ကို မိမိသား​ဟေလမန်ထံသို့ အပ်နှင်း၏။

၃၉ ရှုလော့၊ အချိန်တန်​လာသော​အခါ၊ နီဖိုင်းဟ၏​သားသည် သူ့အဘ​နေရာ၌၊ တရား​ပလ္လင်၌ ထမ်းဆောင်ရန် ခန့်အပ်​ခံရ၏။ အထူးသဖြင့်၊ သူသည် လူတို့​အပေါ် တရား​သူကြီးချုပ်နှင့် အုပ်ချုပ်သူ​အဖြစ်၊ ဖြောင့်မတ်စွာ​တရား​စီရင်​စေခြင်းငှာ၊ ထို့အတူ၊ လူတို့၏​ငြိမ်းချမ်းခြင်းနှင့် လွတ်လပ်ခွင့်ကို ထိန်းသိမ်း​စေခြင်းငှာ၊ ထို့အတူ၊ သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်အား ကိုးကွယ်ရန် သူတို့၏​သန့်ရှင်း​မွန်မြတ်သော အထူး​အခွင့်​အရေးများကို ပေး​စေခြင်းငှာ၊ ထိုမှတစ်ပါး၊ သူ၏​လက်ထက်​တစ်လျှောက်လုံး၌ ဘုရားသခင်၏​အမှုတော်တို့ကို ထောက်မ၍၊ ထိန်းသိမ်း​စေခြင်းငှာနှင့်၊ ဆိုးညစ်သောသူ​တို့ကို သူတို့​ပြစ်မှု​အတိုင်း အပြစ်​ပေးခြင်းသို့ ဆောင်​စေခြင်းငှာ ကျိန်ဆိုခြင်းနှင့် သန့်ရှင်း​မွန်မြတ်သော ဘိသိက်မင်္ဂလာတို့ဖြင့် ခန့်အပ်​ထားခံရလေ၏။

၄၀ ယခုတွင်၊ ရှုလော့၊ ထိုသူ၏​အမည်မှာ ပါဟောရန် ဖြစ်၏။ ပါဟောရမ်သည် သူ့​အဘ၏​ပလ္လင်၌ ထမ်းဆောင်၏၊ နီဖိုင်း​လူမျိုးတို့​အပေါ် သူ၏​အုပ်စိုးခြင်းကို နှစ်ဆယ်လေး​နှစ်မြောက်​ပြီးဆုံးချိန်၌ စတင်၏။