ကျမ်းစာများ
အယ်လမာ ၅၂


အခန်းကြီး ၅၂

အမ်မော်ရုန်သည် လာမန်​အမျိုးသားတို့၏​မင်းကြီး​အဖြစ်၊ အာမလိခိယ၏​အရိပ်​အရာကို ခံ၏—မော်ရော်နိုင်း၊ တေအန်ကမ်နှင့် လေဟိတို့သည် လာမန်​အမျိုးသားတို့ကို ဆန့်ကျင်၍ အောင်မြင်သော​စစ်တိုက်ခြင်းကို ဦးဆောင်၏—မြူးလက်မြို့ကို ပြန်လည်​သိမ်းယူ၏။ ဇော်ရမ်​အမျိုးသား ယာကုပ်​သည်လည်း ကွပ်မျက်​ခံရ၏။ ဘီစီ ၆၆–၆၄ ခန့်။

ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ နီဖိုင်း​လူမျိုးတို့​အပေါ်​တရား​သူကြီးများ​အုပ်စိုးခြင်း နှစ်ဆယ်ခြောက်​နှစ်မြောက်၌၊ ရှုလော့၊ ပထမ​ဦးဆုံးလ၏​ပထမ​ဦးဆုံး​နံနက်တွင် လာမန်​အမျိုးသားတို့သည် နိုးသော​အခါ၊ ရှုလော့၊ အာမလိခိယကို သူ၏​တဲထဲ၌ သေသည်ကို တွေ့​ရှိကြ၏။ ယင်းနေ့တွင် တေအန်ကမ်က သူတို့ကို စစ်တိုက်ရန် အဆင်​သင့်ဖြစ်သည်​ကိုလည်း သူတို့​မြင်တွေ့ကြ၏။

ယခုမူကား၊ လာမန်​အမျိုးသားတို့သည် ဤအမှုကို​မြင်တွေ့လျှင်၊ ကြောက်လန့်လေ၏။ မြောက်ဘက်​လားရာ​ပြည်ထဲသို့ ချီတက်ခြင်းဟူသော သူတို့​အကြံအစည်ကို စွန့်လွှတ်၍၊ သူတို့၏​တပ်ခပ်သိမ်းနှင့် မြူးလက်မြို့ထဲသို့ ဆုတ်ခွာ၍၊ သူတို့၏​ခံတပ်များ၌ အကာ​အကွယ်ကို ရှာကြ၏။

ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ အာမလိခိယ၏​ညီသည် လူတို့​အပေါ်၌ ရှင်ဘုရင်​အဖြစ်​ခန့်အပ်ထား​ခံရလေ၏။ သူ၏​အမည်မှာ အမ်မော်ရုန်​ဖြစ်၏။ ထိုကဲ့သို့​အားဖြင့် အာမလိခိယ​မင်းကြီး၏​ညီ၊ အမ်မော်ရုန်​မင်းကြီးသည် သူ၏​နေရာ၌ နန်းစံစေရန် ခန့်အပ်ထား​ခံရ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူ၏​လူတို့သည် အသွေး​သွန်းလောင်းခြင်း​အားဖြင့် သူတို့​သိမ်းယူလေသည့် ထိုမြို့များကို ထိန်းသိမ်း​ရမည့်​အကြောင်း သူ​အမိန့်​ပေး၏။ အကြောင်းမူကား၊ သူတို့သည် များစွာသော​အသွေးတို့ ဆုံးရှုံးလေသည်​မှတစ်ပါး၊ အဘယ်မြို့ကိုမျှ မသိမ်းယူ​ရလေခဲ့ချေ။

ယခုမူကား၊ တေအန်ကန်သည် လာမန်​အမျိုးသားတို့ သိမ်းယူလေသော မြို့များနှင့် ရယူလေသည့် ထိုပြည်၏​အစိတ်​အပိုင်းတို့ကို ထိန်းသိမ်းရန် သန္နိဌာန်​ချကြလေကြောင်း သိမြင်၏။ သူတို့၏​အရေ​အတွက် များပြားခြင်းကိုလည်း မြင်၍၊ တေအန်ကမ်သည် သူတို့၏​ခံတပ်များ​အတွင်း၌ တိုက်ခိုက်ရန်​ကြိုးစားခြင်းမှာ မသင့်လျော်ကြောင်း ဆင်ခြင်မိ၏။

သို့ရာတွင်၊ သူသည် စစ်တိုက်ခြင်း​အတွက် ပြင်ဆင်ခြင်းများ ပြုလုပ်နေသကဲ့သို့ မိမိလူများကို ပတ်ဝန်းကျင်​ဒေသတို့ ၌ ချထား၏။ ထိုမှတစ်ပါး၊ သူတို့​တစ်ဖက်၌ သူ့ကိုယ်ကို ကာကွယ်ခြင်းငှာ၊ ပတ်လည်၌ တံတိုင်းများ​တည်ဆောက်ခြင်းနှင့် မှီခိုရာ​နေရာများကို ပြင်ဆင်ခြင်း​အားဖြင့်၊ အမှန်ပင်​ပြင်ဆင်လျက်​ရှိလေ၏။

ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူသည် မော်ရော်နိုင်း သူ၏​တပ်ကို ခွန်အားဖြည့်​ပေးခြင်းငှာ များစွာသော​လူတို့ကို စေလွှတ်လေသည့်​အချိန်အထိ၊ ထိုကဲ့သို့​အားဖြင့်၊ ပြင်ဆင်ခြင်းကို ဆက်၍​ပြု၏။

မော်ရော်နိုင်းကလည်း သူ့လက်ထဲသို့ ကျရောက်ခဲ့သည့် စစ်အကျဉ်း​သားခပ်သိမ်းတို့ကို ထိန်းသိမ်း​ထားရမည့်​အကြောင်း သူ့ထံသို့ အမိန့်​ထုတ်ပြန်၏။ အကြောင်းမူကား၊ လာမန်​အမျိုးသားတို့က များစွာသော စစ်​အကျဉ်းသားတို့ကို သိမ်းယူ​သွားလေ​သကဲ့သို့၊ သူသည်လည်း ခပ်သိမ်းသော​လာမန်​အမျိုးသား​စစ်အကျဉ်းသားတို့ကို လာမန်​အမျိုးသားတို့ သိမ်းယူ​သွားလေသော သူများ​အတွက် ရွေးယူရာ​အဖြစ် ထိန်းသိမ်းထား​ရပေမည်။

အလျှံပယ်​ပြည်ကို အင်အား​ခိုင်မာစေ​ရမည့်​အကြောင်းနှင့် လာမန်​အမျိုးသားတို့ နေရာ​ရပြီး၊ သူတို့ကို အဘက်ဘက်မှ​တိုက်ခိုက်ရန် အခွင့်​မရစေခြင်းငှာ၊ မြောက်ဘက်​လားရာ​ပြည်သို့ သွားသည့် ကျဉ်းမြောင်းသော​လမ်းကို လုံခြုံ​စေရမည့်​အကြောင်းကိုလည်း သူ့ထံသို့ အမိန့်​ထုတ်ပြန်၏။

၁၀ ထို့အတူ၊ မော်ရော်နိုင်းက သူ့ထံသို့ စေလွှတ်၍ တောင်းဆိုလေ​သည်ကား၊ ပြည်၏​ထိုအရပ်ကို ထိန်းသိမ်းရာ၌ သစ္စာ​ရှိပါမည့်​အကြောင်း၊ မိမိတို့​လက်မှ သိမ်းယူ​သွားလေသည့် ထိုမြို့များကို ဥပါယ်တံမျဉ် သို့မဟုတ်၊ တစ်စုံ​တစ်ခုသော​အခြားနည်း အားဖြင့်၊ တစ်ဖန် သိမ်းယူ​ကောင်းသိမ်း​ယူနိုင်ခြင်းငှာ၊ ထိုအရပ်၌ လာမန်​အမျိုးသားတို့ကို နှောင့်ယှက်​တိုက်ခိုက်ရန် အခွင့်​အရေးမှန်သမျှကို သူ့အစွမ်း​ရှိသမျှ​ရှာဖွေပါမည့်​အကြောင်းနှင့် လာမန်​အမျိုးသားတို့၏​လက်ထဲသို့ မကျရောက်လေသည့် ပတ်ဝန်းကျင်​ဒေသရှိ​မြို့များကိုလည်း အင်အား​ခိုင်မာစေ၍၊ ခွန်အားဖြည့်​ပေးပါမည့်​အကြောင်းတို့ ဖြစ်လေ​သတည်း။

၁၁ ထို့အတူ၊ သူ့ကို ဆိုလေသည်ကား၊ သင့်ထံသို့ ငါ​လာလို၏။ သို့ရာတွင်၊ ရှုလော့၊ အနောက်​ပင်လယ်​အနီး ထိုပြည်၏​နယ်နိမိတ်တို့၌ လာမန်​အမျိုးသားတို့သည် ငါတို့ကို တိုက်ခိုက်လျက်​ရှိ၏။ ရှုလော့၊ ငါသည် သူတို့ကို တိုက်ခိုက်​ရ၏။ ထို့ကြောင့်၊ သင့်ထံသို့ မလာနိုင်။

၁၂ ယခုတွင်၊ မင်းကြီး (အမ်မော်ရုန်) သည် ဇရဟင်မလ​ပြည်မှ​ထွက်ခွာ၍၊ သူ့အစ်ကို၏ သေခြင်းကို မိဖုရားကို ဖော်ပြလျက်၊ အရေ​အတွက် များစွာသော​လူတို့ကို အတူတကွ​စုဝေး၍၊ အနောက်​ပင်လယ်အနီး နယ်နိမိတ်​အရပ်တို့၌​ရှိသော နီဖိုင်း​အမျိုးသားများဆီသို့ ချီတက်၏။

၁၃ ထိုကဲ့သို့​အားဖြင့်၊ သူသည် နီဖိုင်း​အမျိုးသားတို့ကို နှောင့်ယှက်ရန်နှင့် သူတို့၏အင်အားစု​တစ်ချို့ကို ပြည်၏​ထိုအရပ်သို့ သွေးဆောင်၍​ခေါ်သွားရန် ကြိုးစား​အားထုတ်လျက်​ရှိစဉ်တွင်၊ သူချန်ထားခဲ့​သူတို့အား သူသိမ်းယူခဲ့သည့် မြို့များကို နေထိုင်​အုပ်ချုပ်ရန်နှင့် အရှေ့​ပင်လယ်​အနီး​နယ်နိမိတ်​အရပ်တို့၌ နီဖိုင်း​အမျိုးသားတို့ကို နှောင့်ယှက်၍၊ ပြည်များကို သူတို့​တပ်များ၏​အင်အား​အတိုင်း သူတို့​အစွမ်း​ရှိသမျှဖြင့် သိမ်းယူရမည့်​အကြောင်း အမိန့်​ပေး၏။

၁၄ ထိုကဲ့သို့​အားဖြင့်၊ နီဖိုင်း​အမျိုးသားတို့​အပေါ် တရား​သူကြီးများ​အုပ်စိုးခြင်း နှစ်ဆယ်ခြောက်​နှစ်မြောက်၏ အဆုံး​ပိုင်းတွင် နီဖိုင်း​အမျိုးသားတို့သည် ထိုဘေး​အန္တရာယ်များ​လှသော အခြေ​အနေများ၌ ရှိလေ၏။

၁၅ သို့ရာတွင်၊ ရှုလော့၊ အချိန်တန်​လာသော​အခါ၊ တရား​သူကြီးများ​အုပ်စိုးခြင်း နှစ်ဆယ်ခုနစ်​နှစ်မြောက်၌၊ တေအန်ကမ်သည် မော်ရော်နိုင်း၏​အမိန့်​ဖြင့်—သူသည်ကား၊ ထိုပြည်၏​တောင်ဘက်နှင့် အနောက်​ဘက်​နယ်နိမိတ်တို့ကို ကာကွယ်ရန် တပ်များကို တည်ထောင်လျက်၊ သူတို့​ဆုံးရှုံးလေသည့် မြို့များကို ပြန်လည်​သိမ်းယူရာ၌ တေအန်ကမ်ကို သူ၏​လူတို့​အားဖြင့် ကူညီနိုင်ခြင်းငှာ၊ အလျှံပယ်​ပြည်ဆီသို့ ချီတက်​စပြုလေ​သူဖြစ်၏—

၁၆ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ တေအန်ကမ်သည် မြူးလက်မြို့ကို တိုက်ခိုက်ခြင်း​ပြုရန်နှင့် ဖြစ်နိုင်လျှင် ပြန်လည်​သိမ်းယူရန် အမိန့်ကို ရရှိလေ၏။

၁၇ ဤသို့​အားဖြင့်​အချိန်တန်​လာသောအခါ၊ တေအန်ကမ်သည် မြူးလက်မြို့ကို တိုက်ခိုက်ခြင်း​ပြုရန်နှင့်၊ လာမန်​အမျိုးသားတို့ကို ဆန့်ကျင်၍ သူ့တပ်များဖြင့် ချီတက်ရန် ပြင်ဆင်ခြင်း​ပြု၏။ သို့ရာတွင်၊ သူတို့ကို သူတို့၏​ခံတပ်များထဲ၌ ရှိနေစဉ် အနိုင်​ရနိုင်ရန်မှာ မဖြစ်နိုင်ကြောင်းကို သိမြင်၏။ ထို့ကြောင့်၊ သူ၏​အကြံကို စွန့်လွှတ်၍၊ သူ့တပ်ကို အင်အား​ရရှိစေရန်၊ မော်ရော်နိုင်း​လာမည်ကို စောင့်ခြင်းငှာ အလျှံပယ်မြို့သို့ တစ်ဖန်​ပြန်လာ၏။

၁၈ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ နီဖိုင်း​လူမျိုးတို့​အပေါ် တရား​သူကြီးများ​အုပ်စိုးခြင်း နှစ်ဆယ်ခုနစ်​နှစ်မြောက်၏​နောက်ဆုံး​ပိုင်း​ကာလ၌ မော်ရော်နိုင်းသည် သူ့တပ်များနှင့်​အတူ အလျှံပယ်​ပြည်သို့ ရောက်​လာ၏။

၁၉ ထို့အတူ၊ နှစ်ဆယ်ရှစ်​နှစ်မြောက်၏​အစ၌၊ မော်ရော်နိုင်း၊ တေအန်ကမ်နှင့် များစွာသော​ဗိုလ်ချုပ်​မင်းတို့သည် စစ်တိုက်ခြင်း​အတွက် တိုင်ပင်ကြလေ၏—လာမန်​အမျိုးသားတို့ ထွက်လာ၍ မိမိတို့ကို ဆန့်ကျင်၍ စစ်တိုက်​စေခြင်းငှာ၊ မိမိတို့​ပြုရမည့်​အရာ၊ သို့မဟုတ်၊ ထိုသူတို့​အပေါ် အခွင့်​သာခြင်းကို​ရ၍၊ မြူးလက်မြို့ကို တစ်ဖန်​သိမ်းယူ​နိုင်ခြင်းငှာ၊ ထိုသူတို့၏​အခိုင်​အမာ​စခန်း​အပြင်သို့ ထွက်လာစေရန် အချို့သော နည်းလမ်းများဖြင့်​သွေးဆောင်နိုင်မည့် အကြောင်းပေတည်း။

၂၀ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ မြူးလက်မြို့ကို ကာကွယ်သည့် လာမန်​အမျိုးသားတို့၏​တပ်ထံသို့၊ ထိုသူတို့၏​ခေါင်းဆောင် ယာကုပ်​အမည်​ရှိသောသူထံ သံတမန်တို့ကို စေလွှတ်၍၊ မြို့နှစ်မြို့​ကြားရှိ လွင်ပြင်၌ တွေ့ရန် ထွက်လာပါမည့်​အကြောင်း တောင်းဆိုကြ၏။ သို့ရာတွင်၊ ရှုလော့၊ ဇော်ရမ်​အမျိုးသား​ဖြစ်လေသော ယာကုပ်သည် လွင်ပြင်၌ သူတို့နှင့်​တွေ့ရန်၊ သူ၏​တပ်နှင့် ထွက်​မလာလိုပေ။

၂၁ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ မော်ရော်နိုင်းသည် သူတို့ကို မျှတသော​နေရာ၌​တွေ့ဆုံခြင်း​အတွက် မျှော်လင့်ခြင်း​မရှိ၍၊ ထို့ကြောင့်၊ လာမန်​အမျိုးသားတို့ကို သူတို့၏​အခိုင်အမာ​စခန်း၏​အပြင်သို့ မျှား၍​ခေါ်နိုင်ခြင်းငှာ အကြံ​အစည်​တစ်ခုကို ဆုံးဖြတ်၏။

၂၂ ထို့ကြောင့်၊ သူသည် တေအန်ကမ်ကို အနည်းငယ်သော​လူတို့အား ခေါ်၍၊ ပင်လယ်​ကမ်းနား​အနီးသို့ ချီတက်၍ ဆင်းသွားစေ၏။ မော်ရော်နိုင်းနှင့် သူ၏​တပ်သည်လည်း ညဉ့်​အချိန်၌ မြူးလက်မြို့၏​အနောက်ဘက်ရှိ တောရိုင်းထဲသို့ ချီတက်၏။ ထိုကဲ့သို့​အားဖြင့်၊ နက်ဖြန်​နေ့၌၊ လာမန်​အမျိုးသားတို့၏​အစောင့်များသည် တေအန်ကမ်ကို တွေ့လေလျှင်၊ သူတို့၏​ခေါင်းဆောင် ယာကုပ်ထံသို့ ပြေးသွား၍ ပြောပြကြ၏။

၂၃ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာမန်​အမျိုးသားတို့၏​တပ်များသည် တေအန်ကမ်၏ အရေ​အတွက်​နည်းခြင်းကြောင့်၊ သူတို့​အရေ​အတွက်​အားဖြင့် သူ့ကို အနိုင်​ရမည်ဟု ထင်မှတ်လျက်၊ တေအန်ကမ်ဆီသို့ ချီတက်၏။ တေအန်ကမ်​သည်လည်း လာမန်​အမျိုးသားတို့၏​တပ်များ မိမိကို​တိုက်ရန် ထွက်လာ​နေသည်ကို မြင်သော​အခါ၊ ပင်လယ်​ကမ်းနား​အနီးမှ မြောက်ဘက်ဆီသို့ ဆုတ်ခွာ​စပြု၏။

၂၄ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ လာမန်​အမျိုးသားတို့သည် သူထွက်​ပြေးစပြု​သည်ကို မြင်လေလျှင်၊ ရဲရင့်​လာ၍၊ အင်အားဖြင့် လိုက်ကြ၏။ တေအန်ကမ်သည် မိမိတို့​ကို အချည်း​အနှီး​လိုက်လာသော လာမန်​အမျိုးသားတို့ကို ထိုကဲ့သို့​အားဖြင့် ဝေးရာသို့ ခေါ်ဆောင်​သွားစဉ်၌၊ ရှုလော့၊ မော်ရော်နိုင်းသည် သူနှင့်​အတူ​ရှိလေသည့် သူ့တပ်၏​တစ်စိတ်​တစ်ပိုင်းကို မြို့ထဲသို့​ချီတက်၍၊ သိမ်းယူရန် အမိန့်​ပေး၏။

၂၅ ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် မြို့ကို ကာကွယ်ရန် ကျန်ရစ်​ခဲ့လေသူခပ်သိမ်း၊ အထူးသဖြင့်၊ စစ်တိုက်ရာ​လက်နက်များကို မပေးအပ်လို​သူခပ်သိမ်းတို့ကို ကွပ်မျက်ကြ၏။

၂၆ ထိုကဲ့သို့​အားဖြင့်၊ မော်ရော်နိုင်းသည် လာမန်​အမျိုးသားများ တေအန်ကမ်ကို လိုက်ရာမှ ပြန်လာသော​အခါ သူတို့ကို ရင်ဆိုင်ရန် ကျန်ကြွင်းသော​သူတို့ဖြင့် ချီတက်​စဉ်တွင်၊ သူ့တပ်၏​တစ်စိတ်​တစ်ပိုင်းဖြင့် မြူးလက်မြို့ကို ရရှိလေ၏။

၂၇ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာမန်​အမျိုးသားတို့သည် တေအန်ကမ်ကို အလျှံပယ်​မြို့အနီးသို့​ရောက်သည်​အထိ လိုက်၍၊ ထို့နောက်တွင်၊ လေဟိနှင့်​အတူ၊ အလျှံပယ်​မြို့ကို ကာကွယ်ရန် ချန်ထားလေသည့် တပ်ငယ်ကို ရင်ဆိုင်​ရလေ၏။

၂၈ ယခုမူကား၊ ရှုလော့၊ လာမန်​အမျိုးသားတို့၏​ဗိုလ်ချုပ်မင်းတို့သည် လေဟိကို သူ၏​တပ်နှင့်​အတူ သူတို့ထံ​လာနေသည်ကို မြင်လေလျှင်၊ သူတို့ကို လေဟိ​မမီခင် မြူးလက်မြို့ကို မရရှိမည်ကို စိုးရိမ်၍၊ လွန်စွာ​ဖရိုဖရဲ​ဖြစ်ပြီး ထွက်​ပြေးကြ၏။ အကြောင်းမူကား၊ သူတို့သည် ချီတက်​လာရခြင်းကြောင့်၊ မောပန်းလေ၏၊ လေဟိ၏​လူတို့မှာ လန်းဆန်းစွာ​ရှိလေ၏။

၂၉ ယခုတွင်၊ လာမန်​အမျိုးသားတို့သည် မော်ရော်နိုင်းမှာ သူ့တပ်နှင့်​အတူ၊ သူတို့​နောက်၌ ရှိနေသည်ကို မသိကြ။ သူတို့​ကြောက်ရွံ့​သည်မှာလည်း လေဟိနှင့် သူ၏​လူများကိုသာ​ဖြစ်၏။

၃၀ ယခုတွင်၊ လေဟိသည် မော်ရော်နိုင်းနှင့် တပ်ကို သူတို့​မတွေ့မီအထိ လာမန်​အမျိုးသားတို့ကို မီရန်​အလို​မရှိ။

၃၁ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာမန်​အမျိုးသားတို့သည် ဝေးစွာ​မဆုတ်ခွာမီတွင်၊ နီဖိုင်း​အမျိုးသားတို့​အားဖြင့်၊ တစ်ဖက်တွင် မော်ရော်နိုင်း၏ လူတို့​အားဖြင့်​လည်းကောင်း၊ အခြား​တစ်ဖက်တွင် လေဟိ၏ လူတို့​အားဖြင့်​လည်းကောင်း၊ ဝိုင်းထား ခံရလေ၏။ ထိုသူ​ခပ်သိမ်းတို့မှာ လန်းဆန်း၍ ခွန်အား​ပြည့်လေ၏။ သို့ရာတွင်၊ လာမန်​အမျိုးသားတို့မှာ သူတို့၏ ဝေးစွာသော​ချီတက်ခြင်းကြောင့် မောပန်းလေ၏။

၃၂ မော်ရော်နိုင်းကလည်း၊ မိမိလူတို့သည် ထိုသူတို့​စစ်တိုက်ရာ​လက်နက်များကို ပေးအပ်လေသည့်​အချိန်ထိ တိုက်ခိုက်ရမည့်​အကြောင်း အမိန့်​ပေး၏။

၃၃ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ယာကုပ်သည်၊ သူတို့၏​အကြီး​အကဲ​ဖြစ်၍၊ ဇော်ရမ်​အမျိုးသား​တစ်ဦးလည်း​ဖြစ်၍၊ အနိုင်​မခံသော​စိတ်လည်း​ရှိ၍၊ မော်ရော်နိုင်းကို ဆန့်ကျင်၍၊ အလွန်​ပြင်းစွာသော အမျက်ဖြင့် စစ်တိုက်ခြင်းငှာ လာမန်​အမျိုးသားတို့ကို ဦးဆောင်၍ ထွက်၏။

၃၄ မော်ရော်နိုင်းသည် ချီတက်ရာ​လမ်းကြောင်း၌ ရှိလေ၍၊ ထို့ကြောင့်၊ ယာကုပ်သည် သူတို့ကို ကွပ်မျက်၍၊ မြူးလက်မြို့သို့ ထိုးဖောက်​ကျော်ဖြတ်​သွားမည်ဟု သန္နိဌာန်ချ၏။ သို့ရာတွင်၊ ရှုလော့၊ မော်ရော်နိုင်းနှင့် သူ၏​လူတို့သည် ပို၍​အားကြီးလေ၏။ ထို့ကြောင့်၊ လာမန်​အမျိုးသားတို့​ရှေ့မှ မဆုတ်ခွာကြ။

၃၅ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့​နှစ်ဖက်စလုံး၌ အလွန်​ပြင်းစွာသော​အမျက်ဖြင့် တိုက်ခိုက်ကြ၏။ နှစ်ဖက်စလုံး၌ များစွာသော​သူတို့ ကွပ်မျက်​ခံရလေ၏။ ထိုမှတစ်ပါး၊ မော်ရော်နိုင်း​ဒဏ်ရာ​ရ၍၊ ယာကုပ်လည်း​အသတ်​ခံရလေ၏။

၃၆ လေဟိသည်လည်း သူတို့၏​နောက်ပိုင်း၌ သူ၏​အားကြီးသော​လူတို့ဖြင့် ထိုကဲ့သို့သော​အမျက်နှင့် ပြင်းပြင်း​ထန်ထန်​တိုက်ခိုက်သဖြင့်၊ နောက်ပိုင်းမှ လာမန်​အမျိုးသားတို့သည် သူတို့​စစ်တိုက်ရာ​လက်နက်များကို ပေးအပ်ကြ၏။ သူတို့​အထဲမှ ကျန်ကြွင်းသော​သူတို့သည်လည်း အလွန်​စိတ်ရှုပ်​ထွေး၍ အဘယ်​အရပ်သို့ ထွက်ပြေး​ရမှန်း၊ သို့မဟုတ် တိုက်ခိုက်​ရမှန်း သိခြင်း​မရှိကြ။

၃၇ ယခုတွင်၊ မော်ရော်နိုင်းသည် သူတို့၏​စိတ်ရှုပ်​ထွေးခြင်းကို မြင်ရသောအခါ၊ သင်တို့၏​စစ်တိုက်ရာ​လက်နက်များကို ယူလာပြီး၊ ပေးအပ်ကြလျှင်၊ ရှုလော့၊ သင်တို့၏​အသွေး​သွန်းလောင်းခြင်းကို ငါတို့​ရပ်တန့်မည်ဟု ဆို၏။

၃၈ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာမန်​အမျိုးသားတို့သည် ဤစကားများကို ကြားလေလျှင်၊ သူတို့၏​ဗိုလ်ချုပ်မင်းများ၊ ကွပ်မျက်​မခံရလေသော​သူခပ်သိမ်းတို့သည် ထွက်လာကြ၏၊ သူတို့၏​စစ်တိုက်ရာ​လက်နက်များကို မော်ရော်နိုင်း၏​ခြေရင်းသို့ ပစ်ချ၍၊ သူတို့၏​လူတို့ကိုလည်း ထိုနည်းတူ​ပြုရန် အမိန့်​ပေးကြ၏။

၃၉ သို့ရာတွင်၊ ရှုလော့၊ မပေးအပ်​လိုသောသူ များစွာ​ရှိလေ၏။ သူတို့၏​စစ်တိုက်ရာ​လက်နက်များကို မပေးအပ်လိုသော​သူတို့သည် ဖမ်းဆီး၍ ချည်နှောင် ခံရ၏၊ သူတို့၏​စစ်တိုက်ရာ​လက်နက်​များကိုလည်း သူတို့ထံမှ သိမ်းယူ၍၊ သူတို့​ညီအစ်ကိုများနှင့်​အတူ အလျှံပယ်​ပြည်ထဲသို့ ချီတက်စေရန် အနိုင်​အထက်​စီရင်​ခံရလေ၏။

၄၀ ယခုမူကား၊ ဖမ်းဆီး​ခေါ်ဆောင်​ခံရလေသည့် စစ်​အကျဉ်းသားတို့၏ အရေ​အတွက်မှာ၊ ကွပ်မျက်​ခံရလေသော​သူတို့၏​အရေ​အတွက်ထက် ပို၍​သာလွန်၏၊ အမှန်​စင်စစ်၊ နှစ်ဖက်​စလုံး၌ ကွပ်မျက်​ခံရလေသော​သူတို့ထက် ပို၍​များ၏။