ကျမ်းစာများ
အယ်လမာ ၆၀


အခန်းကြီး ၆၀

မော်ရော်နိုင်းသည် တပ်များ​အပေါ် အစိုး​ရ၏​လျစ်လျူ​ရှုခြင်း​အကြောင်းကို ပါဟောရန်​ထံသို့ တိုင်ကြား၏—ကိုယ်တော်ရှင်သည် ဖြောင့်မတ်​သူတို့ ကွပ်မျက်​ခံရစေရန် အခွင့်​ပေး၏—နီဖိုင်း​အမျိုးသားတို့သည် မိမိတို့​ကိုယ်ကို မိမိတို့၏​ရန်သူများ​ထံမှ​လွတ်မြောက်စေရန် မိမိတို့​အစွမ်း​မှန်သမျှနှင့် နည်းလမ်းများကို အသုံး​ပြုရမည်—မော်ရော်နိုင်းသည် မိမိ​တပ်များ အကူ​အညီ​မရလျှင်၊ အစိုးရကို ဆန့်ကျင်​တိုက်ခိုက်မည်ဟု ခြိမ်းခြောက်၏။ ဘီစီ ၆၂ ခန့်။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူသည် ထိုပြည်၏​အုပ်ချုပ်သူ​ပါဟောရန်​ထံသို့ အမှာစာ​တစ်စောင်ကို တစ်ဖန်​ရေး၍၊ ဤအရာတို့​သည်ကား၊ သူရေးခဲ့သည့် စကားများဖြစ်၏၊ ဆိုလေသည်ကား၊ ရှုလော့၊ ပြည်​အပေါ်၌၊ တရား​သူကြီးချုပ်နှင့်​အုပ်ချုပ်​သူဖြစ်သော၊ ဇရဟင်မလ​မြို့ရှိ ပါဟောရန်နှင့်၊ ထို့အတူ၊ ဤစစ်တိုက်ခြင်း၏​အမှု​အမျိုးမျိုးကို အုပ်ချုပ်​စီမံစေရန် ဤလူတို့​အားဖြင့် ရွေးကောက်​ခံရသူ​ခပ်သိမ်းတို့ထံ လိပ်မူ၍ ငါ၏​အမှာစာကို ပို့ပါ၏။

အကြောင်းမူကား၊ ရှုလော့၊ အပြစ်​တင်ရာ​အဖြစ် သူတို့ကို​ပြောစရာ ငါ့မှာ​အတော်​အသင့်​ရှိ၏။ အကြောင်းမူကား၊ လူတို့ကို အတူတကွ​စုဝေး​စေခြင်းငှာ၊ ဓားများဖြင့်၊ ဓားကောက်များနှင့် အမျိုး​မျိုးသော​စစ်​တိုက်ရာ​လက်နက်​မှန်သမျှဖြင့် စွဲကိုင်​စေခြင်းငှာ၊ ငါတို့၏​ပြည်ထဲသို့ လာမန်​အမျိုးသားတို့​ဝင်လာမည့် အရပ်​မှန်သမျှသို့ စေလွှတ်ခြင်းငှာ သင်တို့​ခန့်အပ်​ခံရကြောင်းကို သင်တို့​ကိုယ်တိုင်​သိကြ၏။

ယခုမူကား၊ ရှုလော့၊ သင်တို့ကို ငါဆို​သည်ကား၊ ငါကိုယ်တိုင်နှင့်​အတူ ငါ၏​လူတို့၊ ထို့အတူ ဟေလမန်နှင့် သူ၏​လူတို့သည်လည်း အလွန်​ကြီးစွာသော ဒုက္ခ​ဝေဒနာ​ခံစားရခြင်း၊ အထူးသဖြင့်၊ အစာငတ်ခြင်း၊ ရေငတ်ခြင်း၊ ပင်ပန်းခြင်းနှင့် အမျိုးမျိုးသော​ဆင်းရဲ​ဒုက္ခ​မှန်သမျှကိုပင် ခံစား​ရ၏။

သို့ရာတွင်၊ ရှုလော့၊ ငါတို့​ခံစား​ရလေသည်မှာ ဤမျှ​သာဖြစ်လျှင်၊ မညည်းညူ၊ မတိုင်​ကြားလို။

သို့ရာတွင်၊ ရှုလော့၊ ငါတို့၏​လူမျိုးတို့၌ ကြီးစွာသော​သိမ်းရုံး​သတ်ဖြတ်ခြင်း​ရှိလေပြီ။ ထောင်ပေါင်း​များစွာသော​သူတို့ ဓားဘေးဖြင့် ကျဆုံးလေပြီ။ သင်တို့သည် ငါတို့၏​တပ်များသို့ လုံလောက်သော​တပ်အင်​အားကို ပေး၍၊ ကူညီ​မစခဲ့​လေလျှင်၊ ထိုအမှုမှာ တစ်မျိုး​တစ်ဖုံ​ဖြစ်နိုင်ခဲ့​ပေမည်။ အမှန်စင်စစ်၊ ကြီးမှားလှလေသည်ကား ငါတို့​အပေါ် သင်တို့၏​လျစ်လျူ​ရှုခြင်းပေတည်း။

ယခုမူကား၊ ရှုလော့၊ ငါတို့သည် ဤအလွန်​ကြီးစွာသော​လျစ်လျူ​ရှုခြင်း၏​အကြောင်းရင်းကို သိလိုကြ၏။ ထိုမှတစ်ပါး၊ သင်တို့၏​မစဉ်းစား​မဆင်ခြင်သော​အဖြစ်၏​အကြောင်းရင်းကို သိ​လိုကြ၏။

သင်တို့သည် သင်တို့၏​ရန်သူများက သင်တို့​ပတ်ပတ်​လည်၌ အသေ​သတ်ခြင်း​အမှုကို ဖြန့်ကြက်လျက်​ရှိစဉ်၊ မစဉ်းစား​မဆင်ခြင်သော တွေဝေရာ​အခြေ​အနေ၌ သင်တို့၏​ပလ္လင်​ပေါ်မှာ​ထိုင်နေရန် တွေးနိုင်​ကြသလော။ ထိုမှတစ်ပါး၊ သူတို့​သတ်နေကြသော​သူများမှာ၊ သင်တို့၏​ထောင်ပေါင်း​များစွာသော​ညီအစ်ကိုများ—

အထူးသဖြင့်၊ အကာ​အကွယ်​အတွက်၊ သင်တို့ကို မှီခို​အား​ထားကြသော​သူများ၊ အထူးသဖြင့် သင်တို့​ကူညီ​မစနိုင်ခဲ့မည့်၊ ထိုမှတစ်ပါး၊ ခွန်အား​ဖြည့်ပေးရန် သူတို့​ထံသို့ တပ်များကို သင်တို့​စေလွှတ်​နိုင်ခဲ့မည့်၊ သူတို့၏​ထောင်ပေါင်း​များစွာတို့အား ဓားဘေးဖြင့်​ကျဆုံးခြင်းမှ သင်တို့​ကယ်တင်​နိုင်ခဲ့မည့် အခြေ​အနေ၌ သင်တို့ကို နေရာ​ပေးကြသူ​များပေတည်း။

သို့ရာတွင်၊ ရှုလော့၊ ဤအရာမှာ အလုံး​စုံတို့​မဟုတ်—သင်တို့၏​ရိက္ခာများကို သူတို့အား မပေးဘဲ​ထားလေ​သဖြင့်၊ များစွာသော​သူတို့သည် ဤလူတို့၏​ကောင်းကျိုး​အတွက် သူတို့မှာ​ရှိသည့် ကြီးစွာသော​အလို​ဆန္ဒများကြောင့် တိုက်ခိုက်၍၊ သွေးလွန်၍​သေကြလေပြီ။ ထိုမှတစ်ပါး၊ သူတို့​အပေါ်၌ သင်တို့၏​အလွန်​ကြီးစွာသော​လျစ်လျူ​ရှုခြင်းကြောင့် အစာ​ငတ်မွတ်ခြင်းဖြင့် သူတို့​ပျက်စီး​ခါနီး​အချိန်၌ ဤအမှုကို​ပြုကြလေပြီ။

၁၀ ယခုမူကား၊ ငါ၏​ချစ်လှစွာသော​ညီအစ်ကိုတို့—သင်တို့သည် ချစ်ခြင်းကို ခံသင့်ပေ၏။ သင်တို့သည် ဤလူတို့၏​ကောင်းကျိုးနှင့် လွတ်လပ်ခွင့်​အတွက် သင်တို့ကိုယ်​သင်တို့ ပို၍​လုံလဝီရိယ​ထက်သန်စွာ နှိုးဆော်​သင့်ပေပြီ။ သို့ရာတွင်၊ ရှုလော့၊ သူတို့ကို သင်တို့ လျစ်လျူ​ရှုကြသဖြင့်၊ ထောင်ပေါင်း​များစွာသော​သူတို့၏​အသွေးသည် လက်တုံ့​ပြန်ခြင်း​အတွက် သင်တို့၏​ဦးခေါင်းပေါ် ကျရောက်​ပေလိမ့်မည်။ ထိုမှတစ်ပါး၊ ဘုရားသခင်​သိတော်မူ​လေသည်မှာ၊ သူတို့၏​အလုံးစုံသော အော်​ဟစ်​သံများနှင့် သူတို့၏​အလုံး​စုံသော ဒုက္ခ​ဝေဒနာ​ခံစားခြင်းတို့ ဖြစ်လေ​သော​ကြောင့်​ပေတည်း—

၁၁ ရှုလော့၊ သင်တို့သည် သင်တို့​ပလ္လင်များ​ပေါ်၌​ထိုင်နိုင်၍၊ ဘုရားသခင်၏ အလွန်​ကြီးစွာသော​ကောင်းမြတ်ခြင်းကြောင့် အဘယ်​အရာကိုမျှ​မပြုဘဲ​နေနိုင်လျက်၊ သင်တို့ကို ကယ်လွှတ်​တော်မူ​လိမ့်မည်ဟု ထင်မှတ်နိုင်​ကြသလော။ ရှုလော့၊ သင်တို့သည် ဤကဲ့သို့ ထင်မှတ်ကြလျှင်၊ အချည်းနှီး ထင်မှတ်​ကြလေပြီ။

၁၂ သင်တို့သည် သင်တို့၏​အလွန်​များစွာသော​ညီအစ်ကိုတို့ အသတ်​ခံရလေသောကြောင့်၊ ထိုအမှုမှာ သူတို့၏​ဆိုးညစ်ခြင်းကြောင့်​ဖြစ်သည်ဟု ထင်မှတ်​ကြသလော။ ငါဆို​သည်ကား၊ ဤကဲ့သို့ ထင်မှတ်​ကြလျှင်၊ အချည်းနှီး ထင်မှတ်​ကြလေပြီ။ အကြောင်းမူကား၊ သင်တို့ကို ငါဆိုသည်မှာ၊ ဓားဘေးဖြင့် ကျဆုံးလေသူများစွာရှိ၏။ ရှုဦးလော့၊ ထိုအမှုမှာ သင်တို့အပေါ်သို့ ပြစ်​ဒဏ်ချ​မှတ်ခြင်း​ပေတည်း။

၁၃ အကြောင်းမူကား၊ ကိုယ်တော်ရှင်သည် သူ၏​အပြစ်​ပေးခြင်းနှင့် တရား​စီရင်​တော်မူခြင်းကို ဆိုးညစ်သော​သူများ​အပေါ်သို့ ကျရောက်​စေခြင်းငှာ၊ ဖြောင့်မတ်သော​သူတို့အား ကွပ်မျက်​ခံရစေရန် အခွင့်​ပေးတော်မူ၏။ ထို့ကြောင့်၊ သင်တို့သည် ဖြောင့်မတ်သော​သူတို့သည် ကွပ်မျက်​ခံရသောကြောင့် ဆုံးရှုံး​ကြပြီဟု မထင်မှတ်ကြနှင့်။ သို့ရာတွင်၊ ရှုလော့၊ သူတို့သည် သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်၏​ချမ်းသာခြင်း​ထဲသို့ ဝင်ကြ၏။

၁၄ ယခုမူကား၊ ရှုလော့၊ သင်တို့ကို ငါဆို​သည်ကား၊ ငါသည် ဘုရားသခင်၏​တရား​စီရင်​တော်မူခြင်း​များ ဤလူတို့​အပေါ်သို့၊ သူတို့၏​အလွန်​ပျင်းရိခြင်း၊ အထူးသဖြင့်၊ ငါတို့​အစိုး​ရ၏​ပျင်းရိခြင်းနှင့် သူတို့၏​ညီအစ်ကိုတို့​အပေါ် ၊ အထူးသဖြင့် ကွပ်မျက်​ခံရလေ​ပြီဖြစ်သော​သူတို့​အပေါ် သူတို့၏​အလွန်​ကြီးစွာသော လျစ်လျူ​ရှုခြင်းတို့ကြောင့်၊ ကျရောက်​လာလိမ့်မည်ကို လွန်စွာ​စိုးရိမ်၏။

၁၅ အကြောင်းမူကား၊ ငါတို့၏​အကြီး​အကဲများ၌ ပထမ​ဦးဆုံး​စတင်သည့် ဆိုးညစ်ခြင်းကြောင့်​မဟုတ်လေလျှင်၊ ငါတို့သည် ငါတို့၏​ရန်သူတို့ကို ခုခံ​နိုင်ခဲ့မည်​ဖြစ်၍၊ သူတို့​သည်လည်း ငါတို့​အပေါ် အနိုင်​ရနိုင်ခဲ့​ကြလေမည်​မဟုတ်။

၁၆ ထိုမှတစ်ပါး၊ ငါတို့​အချင်းချင်း၌ ပြင်း​ထန်စွာ​ဖြစ်ပွားသည့် စစ်​တိုက်ခြင်းကြောင့် မဟုတ်ခဲ့​လေလျှင်၊ ထိုမှတစ်ပါး၊ ငါတို့၌ များစွာသော​အသွေး​သွန်း​လောင်းခြင်းကို ဖြစ်စေသူ ဘုရင့်​လူများကြောင့် မဟုတ်​လေလျှင်၊ ထိုမှတစ်ပါး၊ ငါတို့​အချင်းချင်း တိုက်​ခိုက်သော​အချိန်၌၊ ယခင်က​ပြုခဲ့လေ​သကဲ့သို့ ငါတို့၏​တပ်​အင်အား၌ ငါတို့​ညီညွတ်​လေလျှင်၊ ဘုရင့်​လူများက ငါတို့​အပေါ် တန်ခိုးနှင့် အခွင့်​အာဏာ​အတွက် ရှိလေသည့် အလို​ဆန္ဒကြောင့်​မဟုတ်​လေလျှင်၊ သူတို့သည် ငါတို့၏​လွတ်လပ်ခွင့်​အမှု၌ သစ္စာ​ရှိ၍၊ ငါတို့နှင့်​ပူးပေါင်းလျက်၊ ငါတို့၌ အလွန်​များစွာသော​အသွေး​သွန်းလောင်းခြင်း၏ အကြောင်း​ရင်း​ဖြစ်လေသည့် ငါတို့ကို​ဆန့်ကျင်၍ သူတို့၏​ဓားများကို စွဲကိုင်ခြင်း​အစား ငါတို့၏​ရန်သူများကို သွား၍​တိုက်​ခိုက်လေမည်​ဆိုလျှင်၊ ထိုမှတစ်ပါး၊ ငါတို့သည် ကိုယ်တော်ရှင်၏​ခွန်အားဖြင့် သူတို့ကို သွား၍​တိုက်ခိုက်​လေလျှင်၊ ငါတို့သည် ငါတို့​ရန်သူများကို အရပ်ရပ်သို့ ထွက်​ပြေးစေခဲ့​ပေလိမ့်မည်။ အကြောင်းမူကား၊ သူ၏​နှုတ်ကပတ်တော်ကို ပြီးပြည့်စုံ​စေခြင်း​အတိုင်း၊ ထိုအမှုကို ပြုတော်မူခဲ့​ပေလိမ့်မည်။

၁၇ သို့ရာတွင်၊ ရှုလော့၊ ယခုတွင်၊ လာမန်​အမျိုးသားတို့သည် ငါတို့ကို လာ၍​တိုက်ခိုက်လျက်၊ ငါတို့၏​ပြည်များကို သိမ်းယူလျက်​ရှိကြ၏။ ထို့အတူ၊ ငါတို့၏​လူများ၊ အမှန်စင်စစ်၊ ငါတို့၏​မိန်းမများနှင့် သားသမီးများကို ဓားဖြင့် သတ်လျက်၊ ဖမ်းဆီး​ချုပ်နှောင်၍လည်း ဆောင်ယူ​သွားလျက်၊ အမျိုးမျိုးသော​ဆင်းရဲ​ဒုက္ခများ ခံစား​စေလျက်​ရှိကြ၏။ ဤသို့​ဖြစ်ရသည်ကား၊ တန်ခိုးနှင့် အခွင့်​အာဏာကို ရရှိခြင်းငှာ ကြိုးစားအားထုတ်နေ​သူများ၊ အထူးသဖြင့်၊ ထိုဘုရင့်​လူများ၏ ကြီးစွာသော​ဆိုးညစ်ခြင်းကြောင့်​ပေတည်း။

၁၈ သို့ရာတွင်၊ ငါသည် ဤအမှု​အကြောင်းကို အဘယ့်ကြောင့် များစွာ​ပြောရ​မည်နည်း။ အကြောင်းမူကား၊ ငါတို့​မသိ​သော်လည်း၊ သင်တို့​ကိုယ်တိုင်သည် အခွင့်​အာဏာကို ရှာလျက် ရှိနိုင်ကြပေ၏။ ငါတို့​မသိသော်လည်း၊ သင်တို့သည် သင်တို့​တိုင်းပြည်ကို သစ္စာ​ဖျက်သော​သူများလည်း ဖြစ်နိုင်​ကြပေ၏။

၁၉ သို့မဟုတ်၊ သင်တို့သည် ငါတို့​တိုင်းပြည်​အလယ်၌​ရှိလျက်၊ လုံခြုံခြင်း​အားဖြင့် ဝန်းရံ​ထားသောကြောင့် ငါတို့ကို လျစ်လျူ​ရှုကြသလော၊ ငါတို့၏​တပ်များကို ခွန်အား​ဖြည့်ပေးရန် ငါတို့​ထံသို့ စားစရာနှင့် လူတို့​ကိုလည်း မပို့​စေကြ​သလော။

၂၀ သင်တို့သည် သင်တို့၏​ဘုရားသခင်​ကိုယ်တော်ရှင်၏​ပညတ်တော်များကို မေ့ကြလေ​ပြီလော။ ထိုမှတစ်ပါး၊ ငါတို့၏​ဘိုးဘေးတို့​ဖမ်းဆီး​ချုပ်နှောင်​ခံရခြင်းကို မေ့ကြလေ​ပြီလော။ ငါတို့​ရန်သူများ၏​လက်မှ ငါတို့​အကြိမ်များစွာ ကယ်လွှတ်ခြင်း​ခံရလေကြောင်းကို မေ့ကြလေ​ပြီလော။

၂၁ သို့မဟုတ်၊ ငါတို့သည် ငါတို့​၏ပလ္လင်များပေါ်၌ ထိုင်၍၊ ငါတို့​အတွက် ကိုယ်တော်ရှင် ပေးသနား​တော်မူလေသည့် အရာတို့ကို အသုံး​မပြုဘဲ​နေစဉ်၊ ငါတို့ကို ကိုယ်တော်ရှင် ကယ်လွှတ်​တော်မူ​ဦးမည်ဟု သင်တို့​ထင်မှတ်ကြ​သလော။

၂၂ ထိုမှတစ်ပါး၊ သင်တို့သည် ထောင်​ပေါင်း​မျာစွာသော​ထိုသူတို့၊ အမှန်စင်စစ်၊ ပျင်းရိစွာ​ထိုင်သည့် သောင်း​ပေါင်း​များစွာသော​သူတို့နှင့် ဝန်းရံလျက်​ရှိစဉ်တွင်၊ ဓားဘေးဖြင့်​ကျဆုံးလျက်​ရှိသည့်၊ ထိုမှတစ်ပါး၊ ဒဏ်ရာရ၍ သွေးသွန်လျက်​ရှိသူတို့ ထိုပြည်၏​နယ်နိမိတ်​ပတ်ဝန်း​ကျင်တို့၌ ထောင်​ပေါင်း​များစွာ​ရှိနေ​စဉ်တွင် ပျင်း​ရိစွာ​ထိုင်ကြ​မည်လော။

၂၃ သင်တို့သည် ထိုင်​နေလျက် ဤအမှုများကို ကြည့်​နေစဉ်တွင်၊ သင်တို့ကို အပြစ်​ကင်းသူအဖြစ် ဘုရားသခင်​မှတ်ယူ​တော်မူလိမ့်မည်ဟု ထင်မှတ်ကြ​သလော။ ရှုလော့၊ မဟုတ်ပေဟု သင်တို့ကို ငါဆို၏။ ယခုတွင်၊ ခွက်၏​အတွင်းကို ပထမ​ဦးစွာ သန့်စင်​စေပြီးမှ၊ ခွက်၏​အပြင်ကိုလည်း​သန့်စင်​စေရမည်​ဖြစ်ကြောင်း ဘုရားသခင်​မိန့်တော်မူ​လေသည်ကို သင်တို့​သတိရစေရန် ငါ​အလို​ရှိ၏။

၂၄ ယခုမူကား၊ သင်တို့သည် သင်တို့​ပြုလေသည့်​အရာတို့မှ​နောင်တရခြင်း၊ ထ၍​အလုပ်​လုပ်ရန်​အစ​ပြုခြင်း၊ ငါတို့​ထံသို့၊ ထို့အတူ၊ ဟေလမန်​ထံသို့လည်း သူပြန်​လည်ရ​ရှိသည့် ငါတို့​တိုင်းပြည်၏​ထိုအရပ်တို့ကို သူထောက်​မနိုင်​စေခြင်းငှာနှင့်၊ ဤအရပ်၌ ငါတို့​ပိုင်ဆိုင်ရာတို့မှ ကျန်ကြွင်းသော​အရာတို့​ကိုလည်း ငါတို့​ပြန်လည်​ရယူနိုင်​စေခြင်းငှာ၊ စားစရာနှင့် လူတို့ကို စေလွှတ်ခြင်းတို့​မရှိကြလျှင်၊ ရှုလော့၊ ငါတို့သည် ငါတို့၏​ခွက်​အတွင်း၊ အထူးသဖြင့်၊ ငါတို့​အစိုးရ၏​များစွာသော​အကြီး​အကဲတို့ကို ပထမ​ဦးစွာ သန့်စင်​စေခြင်း​မရှိမီ​အထိ၊ လာမန်​အမျိုးသားတို့နှင့် မတိုက်​ခိုက်ကြတော့မှ သင့်​လျော်ပေ​လိမ့်မည်။

၂၅ ထို့အတူ၊ သင်တို့သည် ငါ၏​အမှာ​စာ​အတိုင်း​အခွင့်​ပေးခြင်း၊ ထွက်​လာ၍ မှန်​ကန်သော လွတ်လပ်ခွင့်​စိတ်သဘောကို ငါ့အား ပြခြင်း၊ ငါတို့၏​တပ်များကို ခွန်အား​ဖြည့်ပေး၍ အင်အား​ခိုင်မာ​စေရန် ကြိုးစားခြင်း၊ သူတို့၏​အထောက်​အပံ့​အတွက် စားစရာ​ပေးခြင်းတို့​မရှိကြလျှင်၊ ရှုလော့၊ ငါသည် ငါ၏​လွတ်လပ်​သူများမှ အချို့ကို၊ ငါတို့​ပြည်၏​ဤအရပ်ကို​ထိန်းသိမ်းရန် ထားလိမ့်မည်၊ အခြား​အဘယ်​တန်ခိုးက​မျှသူတို့ကို ဆန့်ကျင်၍​မပြုနိုင်​စေခြင်းငှာ၊ ဘုရားသခင်​ထံမှ ခွန်အားနှင့် ကောင်းချီး​မင်္ဂလာများဖြင့် သူတို့ကို ကောင်းချီး​ပေးမည်—

၂၆ ဤအမှု​သည်ကား၊ သူတို့၏​ကြီးစွာသော​ယုံကြည်ခြင်း၊ ထို့အတူ သူတို့၏​အတိ​ဒုက္ခများ၌ သူတို့၏​သည်း​ခံခြင်းတို့ကြောင့်​ပေတည်း—

၂၇ ငါသည်လည်း၊ သင်တို့​ထံသို့​လာမည်၊ သင်တို့၌ လွတ်လပ်ခွင့်ကို အလို​ရှိသောသူ တစ်စုံ​တစ်ဦး​ရှိလျှင်၊ ထိုမှတစ်ပါး၊ လွတ်လပ်ခွင့်၏​မီးပွား​အနည်းငယ်မျှ၊ ကျန်ကြွင်းလျက်​ရှိနေလျှင်၊ ရှုလော့၊ ငါသည် တန်ခိုးနှင့် အခွင့်​အာဏာကို အနိုင်​အထက်​သိမ်းယူရန်​အလို​ဆန္ဒ​ရှိသောသူများ ဆိတ်​သုဉ်း​သွားသည့်​တိုင်အောင်ပင် သင်တို့၌​ထကြွ​သောင်း​ကျန်းခြင်းကို နှိုးဆော်မည်။

၂၈ ထိုမှတစ်ပါး၊ ရှုလော့၊ ငါသည် သင်တို့၏​အင်အား သို့မဟုတ် အခွင့်​အာဏာကို မကြောက်၊ သို့ရာတွင်၊ ငါ​ကြောက်​သော​သူမှာ ငါ၏​ဘုရားသခင်​ဖြစ်၏။ ငါ့​တိုင်းပြည်၏​အမှုကို ကာကွယ်ရန် ငါ၏​ဓားကို ငါ​ကိုင်​ဆောင်​သည်ကား၊ သူ၏​ပညတ်တော်များ​အတိုင်း ပေတည်း။ များစွာသော​ဆုံးရှုံးမှုကို ငါတို့​ခံစား​ရသည်မှာ၊ သင်တို့၏​ဒုစရိုက်ကြောင့်​ပေတည်း။

၂၉ ရှုလော့၊ အချိန်​ရောက်ပေပြီ။ အမှန်စင်စစ်၊ သင်တို့သည် သင်တို့​တိုင်းပြည်နှင့် သင်တို့၏ကလေးသူငယ်တို့ကို ကာကွယ်ရာ၌ သင်တို့​ကိုယ်သင်တို့ မလှုံ့​ဆော်လျှင်၊ အပြစ်​ပေးခြင်း​ဓား သင့်တို့​အပေါ်​မိုးသည့် အချိန်​နီးကပ်​လာပေပြီ။ ထိုမှတစ်ပါး၊ သင်တို့​အပေါ် ကျရောက်၍၊ ရှင်း​ရှင်း​ပျက်စီးခြင်းသို့ တိုင်​အောင်ပင် ဆုံးမ​လိမ့်မည်။

၃၀ ရှုလော့၊ ငါသည် သင်တို့​ထံမှ အကူ​အညီကို စောင့်မျှော်၏။ သင်တို့သည် ငါတို့၏​သက်သာခြင်း​အတွက် ကူညီ​ထောက်​မခြင်း​မရှိလျှင်၊ ရှုလော့၊ ငါသည် သင်တို့​ထံသို့ လာ၍၊ ဇရဟင်မလ​ပြည်၌ပင်၊ သင်တို့ကို ဓားနှင့်​ခုတ်၍၊ သင်တို့သည် ငါတို့၏​လွတ်လပ်ခွင့်​အမှု၌ ဤလူတို့၏​တိုးတက်ခြင်းကို ဟန့်တားရန် တန်ခိုး​ရှိတော့မည်​မဟုတ်။

၃၁ အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင်သည် သင်တို့ သူ၏ဖြောင့်မတ်သော​လူမျိုးတို့ကို ဖျက်ဆီးရန် အသက်​ရှင်လျက်၊ သင်တို့၏​ဒုစရိုက်များ၌ အားကြီး​လာစေ​မည်ကို အခွင့်​ပေးမည်​မဟုတ်။

၃၂ ရှုလော့၊ သင်တို့သည် လောက၏​ချီးမွမ်းခြင်းနှင့် အချည်း​နှီးသော​အရာများကို သင်တို့၏ ချစ်ခြင်းကြောင့် သင်တို့၏​ဒုစရိုက်​ရှိနေစဉ်၊ လာမန်​အမျိုးသားတို့​ဘိုးဘေးတို့၏ နည်း​ဥပဒေသများက သူတို့၏​မုန်းတီးမှု၊ ထိုမှတစ်ပါး၊ ငါတို့​ထံမှ ခွဲ​ထွက်​သူတို့က ထို​မုန်းတီးမှုကို ပြင်းထန်​စေသော​အခါ၊ ကိုယ်တော်ရှင်က သင်တို့ကို ချမ်းသာ​ပေး၍၊ သူတို့ကို တရား​စီရင်​တော်မူခြင်းဖြင့်၊ ကြွလာ​တော်မူ​လိမ့်မည်ဟု ထင်မှတ်​နိုင်ကြ​သလော။

၃၃ သင်တို့သည် ဘုရားသခင်၏​ပညတ်​တရားများကို လွန်ကျူး​ကြောင်း သိကြ၏။ ၎င်းတို့ကို သင်တို့​ခြေအောက်၌ အမှန်နင်း​ချေကြောင်း​ကိုလည်း သိကြ၏။ ရှုလော့၊ ငါ့ကို ကိုယ်တော်ရှင် မိန့်တော်မူ​လေ​သည်​ကား၊ သင်တို့၏​အုပ်ချုပ်​သူများ​အဖြစ် သင်တို့​ခန့်အပ်​ထားသော​သူတို့သည် သူတို့၏​အပြစ်များနှင့် ဒုစရိုက်များမှ နောင်တ​မရကြလျှင်၊ သင်တို့သည် သူတို့ကို​ဆန့်ကျင်၍ စစ်တိုက်​သွားရမည်။

၃၄ ယခုမူကား၊ ရှုလော့၊ ငါ​မော်ရော်နိုင်းသည် ငါ့​ဘုရားသခင်၏​ပညတ်​တော်များကို စောင့်​ထိန်း​စေရန်၊ ငါ​ပြုသည့် ပဋိညာဉ်​အတိုင်း အတင်း​စေခိုင်းခံရ၏။ ထို့ကြောင့်၊ သင်တို့သည် ဘုရားသခင်၏​နှုတ်ကပတ်တော်ကို နာခံလျက်၊ သင်တို့၏​ရိက္ခာများနှင့် သင်တို့​၏လူတို့ကို ငါ့ထံသို့၊ ထို့အတူ ဟေလမန်​ထံသို့လည်း အလျင်​အမြန်​စေလွှတ်​ကြလော့။

၃၅ ရှုဦးလော့၊ သင်တို့ ဤသို့​မပြုလျှင်၊ ငါသည် သင်တို့ထံ အလျင်​အမြန်​လာမည်။ အကြောင်းမူကား၊ ရှုလော့၊ ဘုရားသခင်သည် ငါတို့အား အစာ​ငတ်​မွတ်ခြင်းကြောင့် ပျက်စီး​ရမည်ကို အခွင့်​ပေးတော်မူမည်​မဟုတ်။ ထို့ကြောင့်၊ သင်တို့၏​စားစရာကို၊ ငါတို့အား ဓားဖြင့်ပင် ပေး​တော်မူ​လိမ့်မည်။ ယခုတွင်၊ သင်တို့သည် ဘုရားသခင်၏​နှုတ်ကပတ်​တော်ကို​ဧကန်​အမှန်​ပြီးပြည့်စုံ​စေကြလော့။

၃၆ ရှုလော့၊ ငါသည် သင်တို့၏​ဗိုလ်ချုပ်မင်း မော်ရော်နိုင်း​ဖြစ်၏။ ငါသည် အခွင့်အာဏာကို ရရှိခင်းငှာ​မဟုတ်၊ အဆုံး​သတ်ခြင်းငှာသာ ကြိုးစား​အားထုတ်၏။ လောက၏​ဂုဏ်​အသ​ရေအတွက်​မဟုတ်၊ ငါ့​ဘုရားသခင်၏​ဘုန်းတော်​အတွက်၊ ထို့အတူ၊ ငါ့​တိုင်းပြည်၏​လွတ်လပ်​ခွင့်နှင့် ကောင်းကျိုးတို့​အတွက်သာ ကြိုးစား​အားထုတ်၏။ ထိုကဲ့သို့​အားဖြင့်၊ ငါ၏​အမှာစာကို အဆုံး​သတ်၏။