ကျမ်းစာများ
အယ်လမာ ၁၅


အခန်းကြီး ၁၅

အယ်လမာနှင့် အာမြူးလက်သည် ဇိဒုမ်သို့​သွား၍ အသင်းတော်ကို တည်ထောင်ကြ၏—အယ်လမာသည် အသင်းတော်သို့​ဝင်ရောက်သူ ဇေဇရုမ်ကို အနာ​ကင်းစေ၏—များစွာသော​သူတို့ ဗတ္တိဇံ​ခံကြပြီး အသင်းတော်အောင်မြင်၏—အယ်လမာနှင့် အာမြူးလက်သည် ဇရဟင်မလ​ပြည်သို့ သွားကြ၏။ ဘီစီ ၈၁ ခန့်။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အယ်လမာနှင့် အာမြူးလက်သည် ထိုပြည်မှ ထွက်ခွာ​သွားစေရန် မိန့်မှာ​ခံရ၍၊ ထွက်ခွာ​သွားပြီး၊ ဇိဒုမ်​ပြည်ထဲသို့ပင် ရောက်ကြ၏။ ရှုဦးလော့၊ အယ်လမာ၏​စကားများကို ယုံကြည်သော​ကြောင့်၊ နှင်ထုတ်​ခံရ၊ ကျောက်ခဲနှင့်​အပစ်​ခံရသူ၊ အမ္မုန်နိဟပြည်မှ ထွက်ခွာ​သွားသည့် လူခပ်သိမ်းတို့ကို ထိုနေရာ၌ တွေ့ကြ၏။

ထိုသူတို့၏​ဇနီးများနှင့် ကလေးများ၌ ဖြစ်ပျက်လေသည့်​အရာ​မှန်သမျှ၊ ထို့အတူ၊ သူတို့​ကိုယ်တိုင်နှင့် စပ်လျဉ်း၍ လည်းကောင်း၊ သူတို့၏​လွတ်မြောက်နိုင်သော​တန်ခိုးနှင့် စပ်လျဉ်း၍​လည်းကောင်း ပြန်လည်၍ ပြော​ပြကြ၏။

ဇေဇရုမ်သည်လည်း သူ၏​ဆိုးညစ်ခြင်းကြောင့်၊ သူ့စိတ်၏ ကြီးစွာသော​အတိဒုက္ခများက​ဖြစ်စေသည့် အပူပြင်းသော အဖျား​ရောဂါဖြင့် ဇိဒုမ်၌ ဖျားနာ၍ လဲ၏။ အကြောင်းမူကား၊ အယ်လမာနှင့် အာမြူးလက်တို့ မရှိကြတော့ဟု ထင်မှတ်၏။ သူ၏​ဒုစရိုက်များကြောင့်၊ သူတို့​ကွပ်မျက်​ခံရလေ​ပြီဟုလည်း ထင်မှတ်၏။ ထို့အတူ၊ ဤကြီးစွာသော​အပြစ်နှင့် သူ၏​အခြားသော​အပြစ်​များစွာတို့က သူ့စိတ်ကို လွတ်မြောက်ခြင်း​မရှိလေဘဲ အလွန်​ဝမ်းနည်း​ပူဆွေး​လာစေသည့်​တိုင်အောင် ညှဉ်းပန်း၏။ ထို့ကြောင့် သူသည် လောင်ကျွမ်းသောအပူ​ရှိန်နှင့် အလွန်ပြင်းစွာ​ဖျား​စပြု၏။

ယခုတွင်၊ အယ်လမာနှင့် အာမြူးလက်တို့ ဇိဒုမ်ပြည်၌ရှိသည်ဟု သူကြားသောအခါ၊ စိတ်နှလုံးရဲရင့်ခြင်းသို့ ရောက်စပြု၏။ သူတို့ကို သူ့ထံသို့ လာစေလို၍၊ သတင်းစကားကို သူတို့ထံသို့ ချက်ချင်း စေလွှတ်၏။

ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့​သည်လည်း မိမိတို့​ထံစေလွှတ်သည့် သတင်း​စကားကို နာခံလျက်၊ ချက်ချင်းသွား၍၊ အိမ်ထဲသို့​ရောက်လျှင် ဇေဇရုမ်ကို တွေ့၏။ အိပ်ရာ​ထက်၌ ဖျားနာ၍၊ အပူပြင်းသော အဖျား​ရောဂါနှင့် အလွန်​အားနည်းလျက်​ရှိသည်ကိုလည်း တွေ့ကြ၏။ သူ၏​စိတ်သည်လည်း၊ သူ့ဒုစရိုက်များကြောင့် အလွန်​ဝမ်းနည်း​ပူဆွေး၏။ သူတို့ကို မြင်လျှင်၊ လက်ကို ဆန့်၏၊ သူ့ကို အနာ​ကင်းစေ​ပါမည့်​အကြောင်းကိုလည်း သူတို့ကို တိုးလျှိုး​တောင်းပန်၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အယ်လမာသည် သူ့အား လက်ကို​ဆွဲ၍​ဆိုသည်ကား၊ ကယ်တင်ခြင်းကို ရောက်စေသည့် ခရစ်တော်၏ တန်ခိုးတော်ကို သင်​ယုံကြည်​သလော။

သူကလည်း ဟုတ်ကဲ့။ အသင် သွန်သင်​ပေးလေသော စကား​မှန်သမျှကို အကျွန်ုပ် ယုံကြည်ပါ၏ဟု​ဆို၍ ဖြေ၏။

သင်သည် ခရစ်တော်၏​ရွေးနှုတ်​ခြင်း၌ ယုံကြည်လျှင်၊ အနာ​ကင်းနိုင်၏ဟု အယ်လမာက ဆို၏။

သူကလည်း၊ ဟုတ်ကဲ့။ အကျွန်ုပ်သည် သင်၏​စကားများ​အတိုင်း ယုံကြည်ပါ၏ဟု ဆို၏။

၁၀ ထို့နောက်တွင်၊ အယ်လမာက ကိုယ်တော်ရှင်ထံသို့ တောင်းလျှောက်သည်မှာ အို အကျွန်ုပ်တို့၏​ဘုရားသခင်​ကိုယ်တော်ရှင်၊ ဤလူကို ကရုဏာထားတော်မူပါ၊ ခရစ်တော်၌​ရှိသော သူ၏​ယုံကြည်ခြင်း​အတိုင်း သူ့ကို အနာ​ကင်းစေ​တော်မူပါဟု ဆို၏။

၁၁ အယ်လမာက ဤစကားများကို ပြောပြီးလေလျှင်၊ ဇေဇရုမ်သည် သူ့ခြေဖြင့် ထခုန်၍​လှမ်းသွား​စပြု၏။ ဤအမှုကို ပြုလေ၍၊ ခပ်သိမ်းသော​လူတို့သည် ကြီးစွာ​အံ့ဩလေ၏။ ဤအကြောင်း​အရာ​သည်လည်း ဇိဒုမ်​ပြည်​တစ်လျှောက်​ပျံ့နှံ့​သွား၏။

၁၂ အယ်လမာ​သည်လည်း ဇေဇရုမ်ကို ကိုယ်တော်ရှင်ထံ ဗတ္တိဇံ​ပေးရာ၊ သူသည် ထိုအချိန်မှ​စ၍ လူတို့ကို ဟောပြော​စပြု၏။

၁၃ အယ်လမာသည် ဇိဒုမ်​ပြည်၌ အသင်းတော်ကိုလည်း တည်ထောင်၍၊ ဗတ္တိဇံ​ခံရန်​အလို​ရှိသော​သူမှန်သမျှကို ကိုယ်တော်ရှင်​ထံသို့ ဗတ္တိဇံ​ပေး​ရန်၊ ယဇ်ပုရောဟိတ်များနှင့် ဆရာများကို ခန့်ထား၏။

၁၄ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ထိုသူတို့​အလွန်များ​လေ၏။ အကြောင်းမူကား၊ သူတို့သည် ဇိဒုမ်ပတ်ဝန်းကျင်ဒေသ​တစ်ခုလုံးမှ အစုအဖွဲ့​လိုက် ဝင်လာ၍၊ ဗတ္တိဇံ​ခံကြလေ၏။

၁၅ သို့ရာတွင်၊ အမ္မုန်နိဟ​ပြည်၌ရှိသော လူတို့နှင့်​စပ်လျဉ်း၍​မူကား၊ သူတို့သည် စိတ်နှလုံး​မာကျောပြီး၊ လည်ပင်း​ခိုင်မာသော​လူများ​အဖြစ် ဆက်၍​ရှိလျက်​နေသေး၏။ အယ်လမာနှင့် အာမြူးလက်တို့၏ တန်ခိုး​မှန်သမျှကို နတ်ဆိုး​ထံမှ​လာသည်ဟု ယိုးစွပ်လျက်၊ သူတို့၏​အပြစ်များမှလည်း နောင်တရခြင်း​မရှိကြ။ အကြောင်းမူကား၊ သူတို့သည် နေဟော၏​ဘာသာကို ယုံကြည်သူများ​ဖြစ်၍၊ သူတို့၏​အပြစ်များမှ နောင်တရခြင်းကို မယုံကြည်ကြ။

၁၆ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ အယ်လမာနှင့် အာမြူးလက်တွင်၊ အာမြူးလက်သည် ဘုရားသခင်၏​နှုတ်ကပတ်တော်​အတွက်၊ အမ္မုန်နိဟ​ပြည်၌​ရှိသည့် သူ၏​ရွှေ၊ ငွေနှင့် အဖိုး​ထိုက်သော​အရာ​မှန်သမျှတို့ကို စွန့်ပစ်သဖြင့် ယခင်က သူ၏​မိတ်ဆွေ​ဖြစ်ခဲ့ဖူး​သူများနှင့် ထို့အတူ၊ သူ၏​အဘနှင့် သူ့ဆွေမျိုးတို့၏ ငြင်းပယ်ခြင်းကို ခံရလျက်​ရှိ၏။

၁၇ ထို့ကြောင့်၊ အယ်လမာသည် ဇိဒုမ်၌ အသင်းတော်ကို တည်ထောင်လေ​ပြီးနောက်တွင်၊ ကြီးစွာသော​စစ်ဆေးခြင်းကို မြင်လျက်၊ ထိုမှတစ်ပါး၊ လူတို့သည် စာတန်ထံမှ​သော်​လည်း​ကောင်း၊ သေခြင်းမှ​သော်လည်းကောင်း၊ ဖျက်ဆီးခြင်းမှ​သော်​လည်း​ကောင်း၊ ကယ်လွှတ်​ခံရ​စေခြင်းငှာ၊ ယဇ်ပလ္လင်ရှေ့၌ ဘုရားသခင်ကို ကိုးကွယ်ရန်၊ စောင့်လျက်၊ အစဉ်​မပြတ်​ဆုတောင်းလျက်၊ သူတို့၏​ဝတ်ပြုရာ​ဌာနများတွင်၊ မိမိမာနစိတ်နှလုံးနှင့်​စပ်လျဉ်း၍၊ စစ်ဆေး​ခံရသည်ကို​လည်းကောင်း၊ ဘုရားသခင်ရှေ့၌ သူတို့​ကိုယ်သူတို့ နှိမ့်ချ​စပြုသည်ကို​လည်းကောင်း၊ သူတို့​ကိုယ်သူတို့ အတူတကွ​စည်းဝေး​စပြု​ကြသည်ကို​လည်းကောင်း မြင်လျက်​ရှိ၏—

၁၈ ယခုတွင်၊ ငါပြောလေသည့်​အတိုင်း၊ အယ်လမာသည် ဤအရာ​ခပ်သိမ်းတို့ကို မြင်လေ​ပြီးသောကြောင့် အာမြူးလက်ကို ခေါ်၍၊ ဇရဟင်မလ​ပြည်သို့ လာ၍ သူ့အိမ်သို့ ခေါ်ပြီး၊ သူအတိဒုက္ခ​ရောက်နေချိန်၌ အကူအညီ​ပေး၍ ကိုယ်တော်ရှင်ကို ယုံကြည်ခြင်း၌ ခွန်အား​ဖြည့်စေ၏။

၁၉ ထိုကဲ့သို့​အားဖြင့်၊ နီဖိုင်းလူမျိုးတို့​အပေါ် တရား​သူကြီးများ​အုပ်စိုးခြင်း​ဒဿမမြောက်နှစ် ပြီးဆုံး၏။