ကျမ်းစာများ
အယ်လမာ ၆၃


အခန်းကြီး ၆၃

ရှိဗလုန်နှင့် နောက်ပိုင်း​ဟေလမန်တို့သည် သန့်ရှင်း​မွန်မြတ်သော​မှတ်တမ်းများကို သိမ်းယူကြ၏—များစွာသော​နီဖိုင်း​အမျိုးသားတို့သည် မြောက်ဘက်​လားရာ​ပြည်သို့ ခရီး​သွားကြ၏—ဟာဂုတ်သည် သင်္ဘောများကို​တည်ဆောက်၏၊ ၎င်းတို့သည် အနောက်​ပင်လယ်သို့ ရွက်လွှင့်၏—မော်ရော်နိဟသည် လာမန်​အမျိုးသားတို့ကို တိုက်ပွဲ၌ အနိုင်​ရ၏။ ဘီစီ ၅၆–၅၂ ခန့်။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ နီဖိုင်း​လူမျိုးတို့​အပေါ်​တရား​သူကြီးများ​အုပ်စိုးခြင်း သုံးဆယ်​ခြောက်​နှစ်မြောက်​အစ​တွင်၊ ရှိဗလုန်သည် ဟေလမန်အား အယ်လမာ​ပေးအပ်​ခဲ့သည့် ထိုသန့်ရှင်း​မွန်​မြတ်သော​အရာတို့ကို သိမ်းယူ၏။

သူသည် ဖြောင့်​မတ်သော​သူ​တစ်ဦးလည်း​ဖြစ်၏၊ ဘုရားသခင်​ရှေ့၌ ဖြောင့်မတ်စွာ​ကျင့်၏။ ကောင်းမြတ်သော​အရာကို အစဉ်​မပြတ်လုပ်ဆောင်ခြင်းငှာ​လည်းကောင်း၊ သူ၏​ဘုရားသခင်​ကိုယ်တော်ရှင်၏​ပညတ်တော်များကို စောင့်ထိန်းခြင်းငှာ​လည်းကောင်း ကြိုးစား​အားထုတ်၏။ သူ၏​ညီ​သည်​လည်း ထိုနည်း​တူ​ပြု၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ မော်ရော်နိုင်း​သေ၏။ ထိုကဲ့သို့​အားဖြင့်၊ တရား​သူကြီးများ​အုပ်စိုးခြင်း သုံးဆယ်​ခြောက်​နှစ်မြောက် ပြီး​ဆုံး၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ တရား​သူကြီးများ​အုပ်စိုးခြင်း သုံးဆယ်ခုနစ်​နှစ်မြောက်တွင်၊ ငါးထောင်နှင့် လေးရာ​ပမာဏ​အထိပင်​ရှိသည့် ကြီးစွာသော​လူ​အလုံး​အရင်းသည် မိမိတို့၏​ဇနီးများ၊ မိမိတို့​သားသမီးများနှင့်​အတူ ဇရဟင်မလ​ပြည်မှ​နေ၍၊ မြောက်​ဘက်​လားရာ​အရပ်မှာ​ရှိသော​ပြည်ထဲသို့ ထွက်ခွာ​သွားကြ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဟာဂုတ်သည် အလွန်​စူးစမ်း​လိုသော​တစ်ဦး​ဖြစ်ရာ၊ ထို့ကြောင့်၊ သူသည် ထွက်​သွား၍၊ အလွန်​ကြီးသော​သင်္ဘော​တစ်စီးကို လူ​ဆိတ်ညံရာ​ပြည်​အနီး၊ အလျှံပယ်​ပြည်၏​နယ်နိမိတ်တို့၌ တည်​ဆောက်၏၊ မြောက်​ဘက်​လားရာ​ပြည်သို့​သွားသည့် ရှည်လျား​ကျဉ်း​မြောင်းသော​နေရာ​အနီးမှ အနောက်ပင်​လယ်ထဲသို့ လွှင့်​သွား၏။

ရှုဦးလော့၊ ထိုသင်္ဘော​ထဲသို့​ဝင်၍၊ များစွာသော​ရိက္ခာများ၊ များစွာသော​မိန်းမများ၊ ကလေးများနှင့်​အတူ ရွက်လွှင့်​သွားခဲ့ကြသော နီဖိုင်း​အမျိုးသား​များစွာ​ရှိ၏။ သူတို့သည် မြောက်ဘက်​လားရာသို့ ရွက်လွှင့်​ကြ၏။ ထိုကဲ့သို့​အားဖြင့်၊ သုံးဆယ့်​ခုနစ်​နှစ်မြောက် ပြီး​ဆုံး၏။

သုံးဆယ်နှင့် ရှစ်​နှစ်​မြောက်တွင်၊ ဤလူသည် အခြားသော​သင်္ဘောများကို တည်​ဆောက်၏။ ပထမ​ဦးဆုံး​သင်္ဘော​သည်လည်း ပြန်​လာရာ၊ ပို၍​များစွာသော​လူတို့သည် အထဲသို့ ဝင်ကြ၏။ များစွာသော​ရိက္ခာများ​ကိုလည်း​ယူ၍၊ မြောက်​ဘက်​လားရာ​ပြည်သို့ တစ်ဖန် ခရီး​စတင်​ကြ​ပြန်၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့​အကြောင်းကို နောက်ထပ်၍ မကြား​ရတော့ပေ။ ငါတို့သည်လည်း သူတို့ပင်လယ်​ရေနက်၌ နစ်မြုပ်ကြ​လေပြီဟု ထင်မှတ်ကြ၏။ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အခြားသော​သင်္ဘော​တစ်စီး​သည်လည်း ရွက်​လွှင့်​သွား၏။ ထိုသင်္ဘော​အဘယ်​အရပ်သို့​သွားသည်ကိုလည်း ငါတို့​သိခြင်း​မရှိကြ။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဤနှစ်​အတွင်း၌၊ မြောက်ဘက်​လားရာ​ပြည်သို့ ထွက်​သွားသူ များစွာ​ရှိလေ၏။ ထိုကဲ့သို့​အားဖြင့်၊ သုံးဆယ်​ရှစ်​နှစ်မြောက် ပြီး​ဆုံး၏။

၁၀ ဤသို့​အားဖြင့်​အချိန်​တန်​လာသော​အခါ၊ တရား​သူကြီးများ​အုပ်စိုးခြင်း သုံးဆယ်ကိုး​နှစ်​မြောက်၌ ရှိဗလုန်လည်း သေ၍၊ ကော်ရန်တန်​သည် မြောက်​ဘက်​လားရာ​ပြည်သို့ သွားနှင့်​လေပြီ​ဖြစ်သော​လူတို့ထံ ရိက္ခာများကို သယ်ဆောင်​သွားခြင်းငှာ၊ ထိုပြည်သို့ သင်္ဘော​တစ်စီးဖြင့် ထွက်​သွား၏။

၁၁ ထို့ကြောင့်၊ ရှိဗလုန်​အတွက်၊ ထိုသန့်ရှင်း​မွန်မြတ်သော​အရာတို့ကို သူ​မသေမီ ဟေလမန်၏​သား၊ သူ့​အဘ၏​အမည်​အတိုင်း ခေါ်သူ၊ ဟေလမန်ဟု​ခေါ်သော​သူထံသို့ အပ်နှင်းရန်မဖြစ်​မနေ​လိုအပ်​လာ၏။

၁၂ ယခုတွင်၊ ရှုလော့၊ မဖြန့်ရဟု အယ်လမာ မှာထား​ခဲ့သော ထို​အစိတ်​အပိုင်းတို့​မှတစ်ပါး၊ ဟေလမန်၏​ထိန်းသိမ်းခြင်း​အောက်၌ ရှိလေသော ထိုရေး​ထွင်းခြင်းများကို ရေး၍၊ ထိုပြည်​တစ်လျှောက်​လုံးရှိ လူသားတို့၌ ပျံ့နှံ့​စေ၏။

၁၃ သို့သော်လည်း၊ ဤအရာတို့ကို သန့်ရှင်း​မွန်မြတ်စွာ​ထိန်းသိမ်း​ထား၍၊ မျိုးဆက်​တစ်ခုမှ တခြား​တစ်ခုသို့ လက်ဆင့်​ကမ်း၍​ပေးသွား​ရပေမည်။ ထို့ကြောင့်၊ ယခု​နှစ်၌၊ ရှိဗလုန်​မသေမီ ဟေလမန်​ထံသို့ အပ်နှင်း၏။

၁၄ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ယခု​နှစ်၌လည်း၊ လာမန်​အမျိုးသားတို့​ထံသို့ ထွက်​သွားကြသည့် သဘော​ကွဲလွဲသော​သူ​အချို့​ရှိ၏။ သူတို့သည်လည်း နီဖိုင်း​အမျိုး​သားတို့ကို​ဆန့်ကျင်၍ အမျက်​ထွက်​စေရန် နှိုးဆော်ခံရ​ကြ၏။

၁၅ ဤတစ်နှစ်တည်း၌လည်း သူတို့သည် မြောက်​မြားစွာသော​တပ်နှင့်အတူ၊ မော်ရော်နိဟ​လူမျိုးတို့ကို သို့မဟုတ်၊ မော်ရော်နိဟ၏​တပ်ကို စစ်တိုက်ခြင်းငှာ ဆင်း​လာစဉ်၊ နှိမ်နှင်းခံရ၍၊ သူတို့နေရင်း​ပြည်ထဲသို့ ပြန်​ပြီး​နှင်ထုတ်​ခံရလျက်၊ ကြီးစွာသော​ဆုံးရှုံးခြင်းကို ခံစား​ရ၏။

၁၆ ထိုကဲ့သို့​အားဖြင့်၊ နီဖိုင်း​လူမျိုးတို့​အပေါ် တရား​သူကြီးများ​အုပ်စိုးခြင်း သုံးဆယ်ကိုး​နှစ်မြောက် ပြီး​ဆုံး၏။

၁၇ ထိုကဲ့သို့​အားဖြင့်၊ အယ်လမာနှင့် သူ၏​သား​ဟေလမန်၊ ထို့အတူ သူ၏​သား​ဖြစ်သူ ရှိဗလုန်တို့၏​မှတ်တမ်း ပြီး​ဆုံး၏။