ကျမ်းစာများ
အယ်လမာ ၄၈


အခန်းကြီး ၄၈

အာမလိခိယသည် နီဖိုင်း​အမျိုးသားတို့​တစ်ဖက်၌ လာမန်​အမျိုးသားတို့ကို လှုံ့ဆော်၏—မော်ရော်နိုင်းသည် ခရစ်ယာန်တို့၏​အမှုကို ကာကွယ်ခြင်းငှာ သူ၏​လူများကို ပြင်ဆင်၏—သူသည် လွတ်လပ်ခြင်းနှင့် လွတ်လပ်ခွင့်တို့၌ ရွှင်လန်း​ဝမ်းမြောက်လျက်၊ ဘုရားသခင်၏ အားကြီးသော​လူတစ်ဦး​ဖြစ်၏။ ဘီစီ ၇၂ ခန့်။

ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ အာမလိခိယသည် နိုင်ငံကို ရလျှင်ရချင်း၊ နီဖိုင်း​အမျိုးသားတို့ကို ဆန့်ကျင်၍ လာမန်​အမျိုးသားတို့၏ စိတ်နှလုံးကို လမ်းပြ​လှုံ့ဆော်​စပြု၏။ ထိုမှတစ်ပါး၊ သူသည် နီဖိုင်း​အမျိုးသားတို့ကို ဆန့်ကျင်လျက်၊ လာမန်​အမျိုးသားတို့ကို သူတို့၏​လင့်စင်များမှ​နေ၍ ဟောပြောစေရန် လူများကို ခန့်အပ်ထား၏။

ထိုကဲ့သို့အားဖြင့်၊ သူသည် နီဖိုင်း​အမျိုးသားတို့ကို ဆန့်ကျင်၍၊ သူတို့​စိတ်နှလုံးကို လမ်းပြ​လှုံ့ဆော်သဖြင့်၊ တရားသူကြီးများ​အုပ်စိုးခြင်း​တစ်ဆယ်ကိုး​နှစ်မြောက်နှစ်၏ နောက်ဆုံး​ပိုင်းကာလ၌၊ သူ့အကြံအစည်ကို ဤမျှအထိ ပြီးမြောက်၍၊ အထူးသဖြင့်၊ လာမန်​အမျိုးသားတို့​အပေါ် မင်းပြု၍၊ ထိုပြည်​တစ်လျှောက်လုံး၊ ထိုမှတစ်ပါး၊ ထိုပြည်ရှိ ခပ်သိမ်းသောလူမျိုး၊ နီဖိုင်း​အမျိုးသားများ၊ ထို့အတူ လာမန်​အမျိုးသားများ​အပေါ်၌လည်း အုပ်စိုးရန် ကြိုးစားအားထုတ်၏။

ထို့ကြောင့်၊ သူ၏​အကြံ​အစည်ကို ပြီးမြောက်လေ၏။ အကြောင်းမူကား၊ သူသည် လာမန်​အမျိုးသားတို့၏​စိတ်နှလုံးကို မာကျောစေလျက်၊ သူတို့၏​အသိ​စိတ်ကို ကွယ်စေလျက်၊ သူတို့ကို အမျက်​ထွက်စေရန် နှိုးဆော်၍၊ နီဖိုင်း​အမျိုးသားတို့ကို​ဆန့်ကျင်ပြီး၊ စစ်တိုက်​သွားရန် မြောက်မြားစွာသော ဗိုလ်ခြေတို့ကို အတူတကွ စုဝေး၏။

အကြောင်းမူကား၊ သူ၏​လူတို့ အရေ​အတွက်များခြင်းကြောင့်၊ နီဖိုင်း​အမျိုးသားတို့ကို အနိုင်ရရန်နှင့် ကျွန်ပြုခြင်းသို့ ဆောင်ယူရန် သန္နိဌာန်​ချ၏။

ထိုကဲ့သို့အားဖြင့်၊ သူသည် ဇော်ရမ်​အမျိုးသားတို့ကို၊ နီဖိုင်း​အမျိုးသားတို့၏​အင်အား၊ သူတို့၏​မှီခိုရာ​အရပ်များ၊ သူတို့​မြို့များ၏ အားအနည်းဆုံး​အပိုင်းတို့နှင့် အကျွမ်း​ဝင်ဆုံးဖြစ်လေသောကြောင့်၊ ဗိုလ်ချုပ်မင်းများ​အဖြစ်ခန့်အပ်ထား၏။ ထို့ကြောင့်၊ သူတို့ကို သူ့တပ်များ​အပေါ် ဗိုလ်ချုပ်မင်းများ​အဖြစ် ခန့်အပ်ထား၏။

ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့​ရိက္ခာတပ်ကို​ခေါ်၍၊ တောရိုင်းထဲ၌ ဇရဟင်မလပြည်သို့ ချီတက်ကြ၏။

ယခုတွင်၊ အချိန်တန်​လာသော​အခါ၊ အာမလိခိယသည် ထိုကဲ့သို့ လှည့်စားခြင်းနှင့် လှည့်ဖြားခြင်းတို့​အားဖြင့် အာဏာကို ရယူလျက်​ရှိစဉ်တွင်၊ အခြား​တစ်ဖက်တွင် မော်ရော်နိုင်းသည် လူတို့၏​စိတ်ကို သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်အား သစ္စာ​ရှိကြစေရန် ပြင်ဆင်လျက်​ရှိလေ၏။

ထိုမှတစ်ပါး၊ သူသည် နီဖိုင်း​အမျိုးသားတို့၏​တပ်များကို ခွန်အားဖြည့်​ပေးလျက်၊ သူတို့​မြို့များ​တစ်ဝိုက်နှင့် သူတို့​ပြည်၏​နယ်နိမိတ်၌၊ အမှန်စင်စစ်၊ ထိုပြည်​တစ်ဝိုက်လုံး၌​တပ်များကို ဝိုင်းကာခြင်းငှာ၊ မြေကတုတ်များပြုလျက်၊ သူတို့ကို ဝိုင်းပတ်ခြင်းငှာလည်း ကျောက်တံတိုင်းများကို​တည်ဆောက်လျက်၊ ငယ်သော​ခံတပ်များ သို့မဟုတ်၊ မှီခိုရာ​နေရာများကို ဆောက်စေ၏။

သူတို့၏​အား​အနည်းဆုံး ခံတပ်​နေရာများ၌၊ အရေ​အတွက်​ပို၍​များသော လူတို့ကို နေရာ​ချထား၏။ ထိုကဲ့သို့​အားဖြင့်၊ သူသည် နီဖိုင်း​အမျိုးသားတို့ ပိုင်ဆိုင်လေသည့် ပြည်ကို အင်အား​ခိုင်မာ​စေပြီး၊ ခွန်အား​ဖြည့်​ပေး၏။

၁၀ ထိုကဲ့သို့အားဖြင့်၊ သူသည် သူတို့၏​လွတ်လပ်ခြင်း၊ သူတို့၏​မြေများ၊ သူတို့၏​ဇနီးများ၊ သူတို့၏​သားသမီးများနှင့် သူတို့၏​ငြိမ်းချမ်းခြင်းကို ထောက်မရန် ပြင်ဆင်လျက်​ရှိ၏။ သူတို့၏ ဘုရားသခင်​ကိုယ်တော်ရှင်​အတွက် သူတို့​အသက်​ရှင်နိုင်ကြခြင်းငှာ၊ ထို့အတူ သူတို့၏​ရန်သူများခေါ်သည့် ခရစ်ယာန်တို့၏ အမှုကို သူတို့​ထိန်းသိမ်းနိုင်ခြင်းငှာပေတည်း။

၁၁ မော်ရော်နိုင်းသည်လည်း သန်မာ၍၊ အားကြီးသော​သူတစ်ဦး​ဖြစ်၏။ သူသည် စုံလင်သော​နားလည်ခြင်း​ရှိသူ၊ ထိုမှတစ်ပါး၊ အသွေး​သွန်းလောင်းခြင်း၌ မမွေ့လျော်သော​သူတစ်ဦး၊ မိမိတိုင်း​ပြည်၏​လွတ်လပ်ခြင်းနှင့် လွတ်လပ်မှု ၊ ထို့အတူ၊ မိမိ​ညီအစ်ကိုတို့ ကျွန်ခံရာနှင့် ကျွန်​စနစ်တို့မှ လွတ်လပ်ခြင်းနှင့် လွတ်လပ်ခွင့်တို့ကြောင့် ဝမ်းမြောက်သည့်​စိတ်ဝိညာဉ်​ရှိသူ တစ်ဦး​ဖြစ်၏။

၁၂ ထိုမှတစ်ပါး၊ သူ့လူမျိုးတို့​အပေါ်၌ ပေးတော်မူခဲ့သည့် များစွာသောအထူးအခွင့်​အရေးများနှင့် ကောင်းချီး​မင်္ဂလာများ​အတွက် သူ၏ ဘုရားသခင်ကို ကျေးဇူးတော်​ချီးမွမ်းခြင်းဖြင့် ပြည့်သည့် စိတ်နှလုံးရှိသော​သူတစ်ဦး​ဖြစ်၏။ သူ့​လူမျိုးတို့၏​ကောင်းကျိုးနှင့် ဘေးလွတ်ခြင်း​အတွက် လွန်စွာ​အလုပ်လုပ်သော​သူတစ်ဦး​ဖြစ်၏။

၁၃ ထိုမှတစ်ပါး၊ သူသည် ခရစ်တော်ကို ယုံကြည်ခြင်း၌ ခိုင်မြဲသူ​တစ်ဦးလည်း​ဖြစ်ပြီး၊ သူ၏​လူမျိုး၊ သူ၏အခွင့်အရေးများ၊ သူ၏​တိုင်းပြည်နှင့် သူ၏​ဘာသာ​တရား​အတွက် သူ့​အသွေး​ခန်းသည့်​တိုင်အောင်ပင် ကာကွယ်ရန် ကျိန်ဆိုခြင်းဖြင့် ကျိန်လေ၏။

၁၄ ယခုတွင်၊ နီဖိုင်း​အမျိုးသားတို့သည် သူတို့​ရန်သူများ​တစ်ဖက်၌၊ လိုအပ်လေလျှင်၊ အသွေး​သွန်းလောင်းသည့်​တိုင်အောင်ပင် သူတို့​ကိုယ်ကို​ကာကွယ်စေရန် သွန်သင်ခံရလေ၏။ ထိုမှတစ်ပါး၊ သူတို့သည် အဘယ်တော့မျှ၊ မတိုက်ခိုက်ကြရန်၊ ထိုမှတစ်ပါး၊ ရန်သူကို ဆန့်ကျင်ရန်​မှတစ်ပါး၊ သူတို့​အသက်ကို ကာကွယ်​စောင့်ရှောက်ရန်​မှတစ်ပါး ဓားကို အဘယ်တော့မျှ မဝံ့စေရန်ကိုလည်း သွန်သင် ခံရလေ၏။

၁၅ သူတို့၏​ယုံကြည်ခြင်း​သည်ကား၊ ထိုကဲ့သို့​ပြုခြင်း​အားဖြင့်၊ ဘုရားသခင်သည် သူတို့ကို ထိုပြည်၌ အောင်မြင်​စေတော်မူလိမ့်မည်။ သို့မဟုတ်၊ တစ်နည်း​အားဖြင့်၊ သူတို့သည် ဘုရားသခင်၏​ပညတ်တော်များကို စောင့်ထိန်းရာ၌ သစ္စာ​ရှိလျှင်၊ ထိုပြည်၌ သူတို့ကို အောင်မြင်​စေတော်မူလိမ့်မည်။ ထိုမှတစ်ပါး၊ သူတို့၏​ဘေးအန္တရာယ်​အလိုက် ထွက်ပြေး​စေခြင်းငှာ၊ သို့မဟုတ် စစ်တိုက်ခြင်း​အတွက်​ပြင်ဆင်​စေခြင်းငှာ သူတို့ကို သတိပေး​တော်မူမည်။

၁၆ သူတို့​ရန်သူများ​တစ်ဖက်၌ သူတို့ကိုယ်ကို ကာကွယ်ရန် အဘယ်အရပ်သို့ သွားရမည်ကိုလည်း ဘုရားသခင်​ပြတော်မူလိမ့်မည်။ ထိုသို့​ပြုခြင်း​အားဖြင့်၊ သူတို့ကို ကိုယ်တော်ရှင် ကယ်လွှတ်​တော်မူလိမ့်မည်။ ဤအရာမှာ၊ မော်ရော်နိုင်း၏ ယုံကြည်ခြင်း ဖြစ်၏။ သူ့စိတ်နှလုံးသည် ထိုအမှု၌ ဝမ်းမြောက်သည်မှာ၊ အသွေး​သွန်းလောင်းခြင်း၌ မဟုတ်၊ ကောင်းမြတ်သည်ကို ပြုခြင်း၌၊ သူ၏​လူမျိုးတို့ကို ကာကွယ်​စောင့်မခြင်း၌၊ ထိုမှတစ်ပါး၊ ဘုရားသခင်၏ ပညတ်တော်တို့ကို စောင့်ထိန်းခြင်း၌၊ ထိုမှတစ်ပါး၊ ဒုစရိုက်ကို ဆီးတားရာ၌​သာ ဖြစ်လေ၏။

၁၇ ထိုမှတစ်ပါး၊ သင်တို့ကို ငါအမှန်၊ အမှန်​ဆိုသည်ကား၊ ရှိ​ပြီးလေသော၊ ယခု​ရှိသော၊ နောင်တွင်​ရှိလိမ့်မည်​ဖြစ်သော လူသား​ခပ်သိမ်းတို့သည် မော်ရော်နိုင်းကဲ့သို့ ဖြစ်လေလျှင်၊ ရှုလော့၊ ငရဲ၏​တန်ခိုးတို့သည် ကာလ​အစဉ်​အဆက် တုန်လှုပ်လတ္တံ့။ ထိုမှတစ်ပါး၊ နတ်ဆိုးသည် လူသားတို့၏​စိတ်နှလုံးကို အဘယ်တော့မျှ၊ အစိုးမ​ရလတ္တံ့။

၁၈ ရှုလော့၊ သူသည် မောဇိယ၏​သား အမ္မုန်ကဲ့သို့​သောသူ၊ ထိုမှတစ်ပါး၊ မောဇိယ၏​အခြားသော​သားများ၊ ထိုမှတစ်ပါး၊ အယ်လမာနှင့် သူ၏​သားများကဲ့သို့သော​သူလည်း ဖြစ်၏။ အကြောင်းမူကား၊ သူတို့​အားလုံးသည် ဘုရားသခင်၏​လူများ​ဖြစ်၏။

၁၉ ယခုတွင်၊ ရှုလော့၊ ဟေလမန်နှင့် သူ၏​ညီအစ်ကိုတို့သည် လူတို့​အတွက်၊ မော်ရော်နိုင်း​ထက်သာ၍​လျော့ပြီး​အသုံးဝင်သည် မဟုတ်။ အကြောင်းမူကား၊ သူတို့သည် ဘုရားသခင်၏​နှုတ်ကပတ်တော်ကို ဟောပြော၍၊ သူတို့​စကားများကို စေ့စေ့နားထောင်လိုသမျှသော လူခပ်သိမ်းတို့အား နောင်တရခြင်း​အလို့ငှာ၊ ဗတ္တိဇံ​ပေးကြ၏။

၂၀ ထိုကဲ့သို့​အားဖြင့်၊ သူတို့​သည်လည်း ထွက်​သွား၏။ သူတို့၏​စကားများကြောင့်၊ လူတို့သည် သူတို့​ကိုယ်ကို နှိမ့်ချသဖြင့်၊ ကိုယ်တော်ရှင်၏​အလွန်​နှစ်သက်​တော်မူခြင်းကို ခံရကြ၏။ ထိုကဲ့သို့​အားဖြင့်၊ သူတို့​အကြားရှိ စစ်တိုက်ခြင်းများနှင့် ရန်တွေ့ခြင်းများမှ၊ အထူးသဖြင့်၊ လေးနှစ်​ကြာအောင်ပင် လွတ်လပ်ကြ၏။

၂၁ သို့ရာတွင်၊ ငါပြောလေသကဲ့သို့ပင်၊ တစ်ဆယ်ကိုး​နှစ်မြောက်၏ နောက်ဆုံးပိုင်း​ကာလ၌၊ အမှန်စင်စစ်၊ သူတို့၌ ငြိမ်းချမ်းခြင်း ရှိသော်ငြားလည်း၊ သူတို့၏​ညီအစ်ကို လာမန်​အမျိုးသားတို့နှင့် တိုက်ခိုက်ရန် စိတ်မပါဘဲနှင့် အနိုင်​အထက်​စီရင်​ခံရလေ၏။

၂၂ ထိုမှတစ်ပါး၊ အချုပ်​အားဖြင့်၊ သူတို့၏​များစွာသော တွန့်ဆုတ်ခြင်း ရှိသော်ငြားလည်း လာမန်​အမျိုးသားတို့နှင့် သူတို့၏​စစ်တိုက်ခြင်းများသည် နှစ်ပေါင်းများစွာ​ကြာအောင် ရပ်တန့်​မသွားခဲ့။

၂၃ ယခုတွင်၊ သူတို့သည် အသွေးသွန်းလောင်းခြင်း၌ မမွေ့လျော်သောကြောင့် လာမန်အမျိုးသားတို့ကို ဆန့်ကျင်ပြီး လက်နက်စွဲကိုင်ရမည်ကို ဝမ်းနည်းလေ၏။ ထိုမှတစ်ပါး၊ ဤအမှုသည်ကား၊ အလုံးစုံတို့ မဟုတ်—သူတို့သည် အလွန်များစွာသော သူတို့ညီအစ်ကိုတို့ကို သူတို့၏ဘုရားသခင်နှင့်တွေ့ရန် ပြင်ဆင်ခြင်းမရှိဘဲနှင့် ထာဝရလောကထဲသို့ ပို့ရာ၌ လက်နက်များ ဖြစ်ရသောကြောင့် ဝမ်းနည်းလေ၏။

၂၄ သို့သော်လည်း၊ သူတို့၏​ဇနီးများနှင့် သူတို့​သားသမီးများကို တစ်ချိန်က သူတို့၏​ညီအစ်ကိုများ​ဖြစ်လေသူ၊ အမှန်စစ်စစ်၊ သူတို့​အသင်းတော်မှ ခွဲထွက်​သွားလေသော၊ သူတို့ကို ချန်ထား၍၊ လာမန်​အမျိုးသားတို့နှင့် ပူးပေါင်းခြင်း​အားဖြင့် သူတို့ကို ဖျက်ဆီးရန် ထွက်​သွားလေသော​သူတို့၏ ခက်ထန်သော ရက်စက်​ကြမ်းကြုတ်ခြင်းတို့​အားဖြင့် သိမ်းရုံး​သတ်ဖြတ်ခြင်း ခံရ​စေကြောင်း၊ သူတို့​အသက်ကို စွန့်စေရန် အခွင့်​မပေးနိုင်ခဲ့ကြ။

၂၅ ထိုမှတစ်ပါး၊ သူတို့သည် ဘုရားသခင်၏​ပညတ်တော်များကို စောင့်ထိန်းမည့်သူ တစ်စုံ​တစ်ဦး​ရှိနေသမျှ၊ သူတို့​ညီအစ်ကိုများက နီဖိုင်း​အမျိုးသားတို့၏​အသွေးနှင့်​စပ်လျဉ်း၍ ရွှင်လန်း​ဝမ်းမြောက်မည့်​အကြောင်းကို သည်း​မခံနိုင်ကြ။ အကြောင်းမူကား၊ ကိုယ်တော်ရှင်၏​ကတိတော်မှာ၊ သူတို့သည် သူ၏​ပညတ်တော်များကို စောင့်ထိန်းမည်​ဆိုလျှင်၊ ထိုပြည်၌ အောင်မြင်လိမ့်မည်ဟု ဖြစ်လေသတည်း။