ကျမ်းစာများ
အယ်လမာ ၁၆


အခန်းကြီး ၁၆

လာမန်​အမျိုးသားတို့သည် အမ္မုန်နိဟပြည်မှ လူတို့ကို ဖျက်ဆီးကြ၏—ဇော်ရမ်သည် နီဖိုင်း​အမျိုးသားတို့ကို လာမန်​အမျိုးသားတို့​အပေါ် အောင်နိုင်ခြင်းငှာ ဦးဆောင်၏—အယ်လမာ၊ အာမြူးလက်နှင့် များစွာသော​အခြား​သူတို့သည် နှုတ်ကပတ်တော်ကို ဟောပြောကြ၏—ခရစ်တော်သည် သူ၏​ရှင်ပြန်​ထမြောက်ခြင်း​နောက်၌ နီဖိုင်း​အမျိုးသားတို့​ထံသို့ ပေါ်လာ​တော်မူမည့်​အကြောင်း၊ သူတို့​သွန်သင်ကြ၏။ ဘီစီ ၈၁–၇၇ ခန့်။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ နီဖိုင်းလူမျိုးတို့​အပေါ် တရားသူကြီးများ​အုပ်စိုးခြင်း​တစ်ဆယ်တစ်နှစ်မြောက်၊ ဒုတိယလ၊ ငါးရက်နေ့တွင်၊ ဇရဟင်မလပြည်၌၊ များစွာသော​ငြိမ်းချမ်းခြင်း​ရှိပြီးနောက်၊ တစ်ဆယ်တစ်နှစ်မြောက်၊ ဒုတိယလ၊ ငါးရက်နေ့တိုင်​အောင်ပင်၊ နှစ်အရေအတွက်​အချို့​ကြာအောင်၊ စစ်တိုက်ခြင်းများ​သော်လည်းကောင်း၊ ရန်တွေ့ခြင်းများ​သော်လည်းကောင်း မရှိရာမှ၊ ပြည်​တစ်လျှောက်လုံးတွင် စစ်တိုက်ခြင်း​သတင်းကို ကြားရ၏။

အကြောင်းမူကား၊ ရှုလော့၊ လာမန်​အမျိုးသားတို့၏​တပ်များသည်၊ တောရိုင်း​ဘက်၌ ထိုပြည်၏​နယ်နိမိတ်ထဲသို့၊ အမ္မုန်နိဟ​မြို့ထဲသို့ပင် ဝင်၍၊ လူတို့ကို ကွပ်မျက်ပြီး၊ မြို့ကို ဖျက်ဆီး​စပြု၏။

ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ နီဖိုင်း​အမျိုးသားတို့က သူတို့ကို နှင်ထုတ်ရန် လုံလောက်သော​တပ်ကို မဖွဲ့​စည်းနိုင်မီတွင်၊ သူတို့သည် အမ္မုန်နိဟမြို့​ထဲ၌​ရှိကြသော​လူများ၊ ထို့အတူ၊ နောဧပြည်၏​နယ်နိမိတ်​ပတ်ဝန်းကျင်မှ အချို့သော​သူတို့ကိုလည်း ဖျက်ဆီး၍၊ အခြားသော​သူတို့ကို တောရိုင်းထဲသို့ ဖမ်းဆီး​ချုပ်နှောင်ပြီး သယ်ဆောင်​သွားကြ၏။

ယခုတွင်၊ အချိန်တန်​လာသော​အခါ၊ နီဖိုင်း​အမျိုးသားတို့သည် တောရိုင်းထဲသို့ ဖမ်းဆီး​ချုပ်နှောင်ပြီး သယ်ဆောင်​သွားခံရ​သူများကို ရယူ​လိုကြ၏။

ထို့ကြောင့်၊ နီဖိုင်း​အမျိုးသားတို့၏​တပ်များ၌ ဗိုလ်ချုပ်မင်း​အဖြစ် ခန့်အပ်ထား​ခံရလေသောသူ၊ (သူ၏​အမည်မှာ ဇော်ရမ်​ဖြစ်ပြီး၊ သူ့တွင် လေဟိနှင့် အာဟ သားနှစ်ယောက် ရှိ၏)—ယခုတွင်၊ ဇော်ရမ်နှင့် သူ၏​သားတို့က အယ်လမာကို အသင်းတော်၌ ယဇ်ပုရောဟိတ်​မင်းဖြစ်ကြောင်း သိ၍​လည်းကောင်း၊ သူ့၌ ပရောဖက်​ပြုဟောသော​ဝိညာဉ် ရှိလေကြောင်း ကြား၍​လည်းကောင်း၊ ထို့ကြောင့်၊ သူ့ထံသို့၊ သွား၍၊ လာမန်​အမျိုးသားတို့​အားဖြင့် ဖမ်းဆီး​ချုပ်နှောင်ပြီး ခေါ်ဆောင်​သွားခံရလေသည့် သူတို့၏​ညီအစ်ကိုများကို ရှာဖွေရန် သူတို့ကို တောရိုင်းထဲ၌ အဘယ်​အရပ်သို့ ကိုယ်တော်ရှင်​သွား​စေတော်မူ​လိုသည်ကို သိရခြင်းငှာ သူ့ကို မေးကြ၏။

ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ အယ်လမာသည် ထိုအမှုနှင့် စပ်လျဉ်း၍ ကိုယ်တော်ရှင်ထံ မေးလျှောက်၏။ ထို့အတူ၊ အယ်လမာသည် ပြန်လာပြီး၊ သူတို့ကို ဆိုလေသည်ကား၊ ရှုလော့၊ လာမန်​အမျိုးသားတို့သည် မန်တိပြည်၏​နယ်နိမိတ်​ထက်သာ၍​ဝေးရာ အထက်​ပိုင်းရှိ တောင်အရပ်​တောရိုင်း၌ ဇိဒုန်မြစ်ကို ဖြတ်ကူး​လိမ့်မည်။ ရှုဦးလော့၊ သင်တို့သည် ဇိဒုန်မြစ်၏​အရှေ့ဘက် ထိုအရပ်၌ သူတို့ကို တွေ့လိမ့်မည်။ ထိုအရပ်၌ပင်၊ လာမန်​အမျိုးသားတို့​အားဖြင့် ဖမ်းဆီးချုပ်​နှောင်ပြီး​ခေါ်ဆောင်​သွားခံရလေသည့် သင်တို့၏​ညီအစ်ကိုတို့ကို သင်တို့ထံ ကိုယ်တော်ရှင်​အပ်တော်မူ​လိမ့်မည်။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဇော်ရမ်နှင့် သူ၏​သားတို့သည် တပ်များနှင့်​အတူ၊ ဇိဒုန်​မြစ်ကို ဖြတ်ကူး၍ မန်တိ​ပြည်၏​နယ်နိမိတ်​ထက်သာ၍​ဝေးသော ဇိဒုန်​မြစ်၏​အရှေ့​ဘက်ရှိ တောင်​အရပ်​တောရိုင်းထဲသို့ ချီတက်​ကြ၏။

သူတို့သည် လာမန်​အမျိုးသားတို့၏​တပ်များကို တွေ့ပြီး​တိုက်ခိုက်၍၊ လာမန်​အမျိုးသားတို့သည် ကွဲပြား​ပြန့်ကျဲ၍၊ တောရိုင်းထဲသို့ နှင်ထုတ်​ခံရလေ၏။ သူတို့သည်လည်း လာမန်​အမျိုးသားတို့အားဖြင့် ဖမ်ဆီး​ချုပ်နှောင်ပြီး ခေါ်ဆောင်​သွား ခံရလေသည့် သူတို့၏​ညီအစ်ကိုများကို ခေါ်ဆောင်ကြ၏။ ဖမ်းဆီး​ချုပ်နှောင်ပြီး​ခေါ်ဆောင်သွား​ခံရသော သူတို့မှ တစ်ဦးမျှ မကျဆုံး။ သူတို့​သည်လည်း သူတို့နေရင်းပြည်ကို ပိုင်ဆိုင်စေရန် သူတို့​ညီအစ်ကိုများ​အားဖြင့် ခေါ်ဆောင် ခံရကြ၏။

ထိုကဲ့သို့​အားဖြင့်၊ တရားသူကြီးများ​အုပ်စိုးခြင်း တစ်ဆယ်တစ်နှစ်မြောက် ပြီးဆုံးခဲ့ပြီး၊ လာမန်​အမျိုးသားတို့သည် ထိုပြည်မှ နှင်ထုတ်​ခံရလေ၍၊ အမ္မုန်နိဟ​ပြည်မှ​လူတို့သည်လည်း ဖျက်ဆီး​ခံရ၏။ အမှန်စင်စစ်၊ အမ္မုန်နိဟိုက်​အမျိုးသားတို့မှ အသက်ရှင်သူတိုင်း ဖျက်ဆီး​ခံရလေ၏။ ကြီးမားခြင်းကြောင့် ဘုရားသခင်​မဖျက်ဆီးနိုင်ဟု သူတို့​ဆိုလေသည့် သူတို့၏​မြို့ကြီး​သည်လည်း ဖျက်ဆီး ခံရလေ၏။

၁၀ သို့ရာတွင်၊ ရှုလော့၊ တစ်နေ့တွင်၊ ထိုမြို့သည် လူဆိတ်ညံ၏။ အသေ​ကောင်တို့ကို ခွေးများနှင့် တောသားရဲတို့ ကိုက်စား၍ ရုပ်ပျက်​ဆင်းပျက်​ဖြစ်လေ၏။

၁၁ အဘယ်သို့ပင်​ဖြစ်စေ၊ နေ့ပေါင်းများစွာ​ကြာပြီးနောက်တွင်၊ သူတို့၏​အသေ​ကောင်တို့ကို မြေကြီး​မျက်နှာ​ပြင်ပေါ် ၌ စုပုံ၍ တိမ်စွာ​မြှုပ်ထားလေ၏။ ယခုမူကား၊ ထိုအသေ​ကောင်တို့၏​အနံ့သည် အလွန်​ပြင်းသဖြင့် လူတို့သည် နှစ်ပေါင်း​များစွာ​ကြာအောင် အမ္မုန်နိဟ​ပြည်ကို ပိုင်ဆိုင်ရန် မဝင်ရောက်ခဲ့ကြ။ နေဟောလူ​ဆိတ်ညံရာ​အရပ်ဟုလည်း ခေါ်ကြ၏။ အကြောင်းမူကား၊ ကွပ်မျက်​ခံရလေသူများမှာ နေဟော၏​ဘာသာကို ယုံကြည်သူများ ဖြစ်၏။ သူတို့၏​ပြည်သည်လည်း၊ လူဆိတ်ညံရာ​အဖြစ် ဆက်၍​တည်ရှိခဲ့၏။

၁၂ နီဖိုင်းလူမျိုးတို့​အပေါ်​တရားသူကြီးများ​အုပ်စိုးခြင်း တစ်​ဆယ်လေး​နှစ်မြောက်သည့်​တိုင်အောင်ပင်၊ လာမန်​အမျိုးသားတို့​သည်လည်း နီဖိုင်း​အမျိုးသားတို့ကို ဆန့်ကျင်၍ တစ်ဖန်​စစ်တိုက်ရန် မလာကြ။ ထိုကဲ့သို့​အားဖြင့်၊ နီဖိုင်း​လူမျိုးတို့သည် ထိုပြည်​တစ်ခုလုံး၌ သုံးနှစ်​ကြာအောင် အဆက်​မပြတ် ငြိမ်းချမ်းခြင်း​ရှိ၏။

၁၃ အယ်လမာနှင့် အာမြူးလက်တို့​သည်လည်း၊ သွား၍ လူတို့အား သူတို့၏ ဗိမာန်တော်များထဲ၌​လည်းကောင်း၊ သူတို့၏ ဝတ်​ပြုရာဌာနများ အထဲ၌​လည်းကောင်း၊ ထို့အတူ၊ ယုဒ​လူမျိုးတို့၏​ထုံးစံ​အတိုင်း တည်ဆောက်​ထားသည့် သူတို့၏ တရား​ဇရပ်များ အထဲ၌​လည်းကောင်း နောင်တရခြင်းကို ဟောပြောလျက်​ရှိကြ၏။

၁၄ သူတို့၏​စကားကို ကြားလို​သူမှန်သမျှကိုလည်း လူမျက်နှာကို​မငဲ့ဘဲ ဘုရားသခင်၏​နှုတ်ကပတ်တော်ကို အစဉ်​မပြတ်​ဝေငှကြ၏။

၁၅ ထိုကဲ့သို့​အားဖြင့်၊ အယ်လမာနှင့် အာမြူးလက်တို့နှင့်​အတူ၊ အမှုတော်​အတွက် ရွေးကောက်​ထားခံရသည့် များစွာသော​သူတို့သည်လည်း ထိုပြည်​တစ်လျှောက်လုံး၌ နှုတ်ကပတ်တော်ကို ဟောပြောခြင်းငှာ သွားကြ၏။ အသင်းတော်၏ တည်ထောင်ခြင်း​သည်လည်း ထိုပြည်​တစ်လျှောက်၊ အလုံးစုံသော​ပတ်ဝန်းကျင်​ဒေသ၊ နီဖိုင်း​အမျိုးသားတို့၏ လူမျိုးခပ်သိမ်းတို့၌ ပျံ့နှံ့၍​လာ၏။

၁၆ သူတို့၌ မမျှတခြင်းလည်းမရှိ။ ကိုယ်တော်ရှင်သည် သူ၏​ဝိညာဉ်တော်ကို ထိုပြည်၏​မျက်နှာပြင်​တစ်ခုလုံးပေါ် သွန်းလောင်း​တော်မူ​သည်ကား၊ လူသားတို့၏​စိတ်ကို ပြင်ဆင်ခြင်းငှာ၊ သို့မဟုတ်၊ သူကြွလာ​တော်မူသည့်​အချိန်မှာ သူတို့၌​သွန်သင်​ပေးမည့် နှုတ်ကပတ်တော်ကို ရရှိစေရန် သူတို့​စိတ်နှလုံးကို ပြင်ဆင်ခြင်းငှာ—

၁၇ သူတို့သည် နှုတ်ကပတ်တော်ကို​ဆန့်ကျင်၍ မမာကျော​စေခြင်းငှာ၊ မယုံကြည်၍ ပျက်စီးသည့်​တိုင်အောင် သူတို့​ဆက်ပြီး မပြုနိုင်ကြ​စေခြင်းငှာ၊ သို့ရာတွင် သူတို့သည် နှုတ်ကပတ်တော်ကို ဝမ်းမြောက်စွာ​လက်ခံပြီး၊ မှန်သော စပျစ်​နွယ်ပင်သို့ အကိုင်း​ဆက်၍​စိုက်သည့်​အခက်​သဖွယ်ဖြစ်ကြ​စေခြင်းငှာ၊ သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်၏​ချမ်းသာထဲသို့ ဝင်နိုင်စေခြင်းငှာပေတည်း။

၁၈ ယခုတွင်၊ လူတို့ထံ ထွက်သွားသော​ထိုယဇ်ပုရောဟိတ်တို့သည် အလုံးစုံသော မုသားပြောခြင်း၊ လှည့်စားခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ ရန်ငြိုးထားခြင်း၊ ကဲ့ရဲ့ပြောဆိုခြင်း၊ ခိုးယူခြင်း၊ လုယူခြင်း၊ လုယက်ခြင်း၊ လူ့အသက်ကို​သတ်ခြင်း၊ သူ့သားမယားအား ပြစ်မှားခြင်းကို ကျူးလွန်ခြင်းတို့နှင့် အမျိုးမျိုးသော ကိလေသာ​လွန်ကျူးခြင်းတို့ကို ဆန့်ကျင် ဟောပြော၍၊ ဤအမှုများ​မဖြစ်​ကောင်းစေကြောင်း ဟစ်ကြော်လျက်—

၁၉ မကြာမြင့်မီ​ဖြစ်လာရမည့်​အမှုများ အကြောင်းကို ဟောပြောလျက်၊ အထူးသဖြင့်၊ ဘုရားသခင်၏​သားတော်​ကြွလာတော်မူခြင်း၊ သူ၏​ဒုက္ခဝေဒနာခံစားခြင်းနှင့် သေခြင်း၊ ထို့အတူ၊ သေသူတို့၏​ရှင်ပြန်​ထမြောက်ခြင်း​အကြောင်းကို ဟောပြောလျက်​ရှိကြ၏။

၂၀ များစွာသော​လူတို့ကလည်း၊ ဘုရားသခင်၏​သားတော် ကြွလာ​တော်မူမည့်​နေရာနှင့်​စပ်လျဉ်း၍ မေးမြန်းကြ၏။ သူ၏​ရှင်ပြန်​ထမြောက်ခြင်း​နောက်၌ သူတို့​ထံပေါ်​လာတော်မူလိမ့်မည့်​အကြောင်း၊ သူတို့ သွန်သင်​ခံရကြလေ၏။ ဤအမှုကို လူတို့သည် ကြီးစွာသော​ဝမ်းမြောက်ခြင်းနှင့် ဝမ်းသာခြင်းတို့ဖြင့် ကြားနာကြ၏။

၂၁ ယခုမူကား၊ အသင်းတော်ကို ထိုပြည်​တစ်လျှာက်လုံး၌ တည်ထောင်ကြလေ​ပြီးနောက်—နတ်ဆိုးကို အောင်နိုင်၍၊ ဘုရားသခင်၏​နှုတ်ကပတ်တော်ကို စင်ကြယ်သည့်အတိုင်း ထိုပြည်​တစ်ခုလုံး၌ ဟောပြောလျက်၊ ကိုယ်တော်ရှင်ကလည်း မိမိ​ကောင်းချီးမင်္ဂလာများကို လူတို့​အပေါ် သွန်းလောင်း​တော်မူလျက်​ရှိပေ၏—ထိုကဲ့သို့​အားဖြင့်၊ နီဖိုင်းလူမျိုးတို့​အပေါ် တရား​သူကြီးများ​အုပ်စိုးခြင်းတစ်​ဆယ်လေး​နှစ်မြောက် ပြီးဆုံး၏။