ကျမ်းစာများ
အယ်လမာ ၁၉


အခန်းကြီး ၁၉

လာမောနိသည် ထာဝရ​တည်မြဲသော​အသက်၏​အလင်းကို ရရှိပြီး၊ ရွေးနှုတ်​ရှင်ကို မြင်၏—သူ၏​အိမ်သူ​အိမ်သားတို့သည် မိန်းမော၍ များစွာသော​သူတို့သည် ကောင်းကင်​တမန်တို့ကို မြင်ကြ၏—အမ္မုန်သည် အလွန်​အံ့ဩဖွယ်​ကောင်းစွာ၊ ကာကွယ်​စောင့်မခံရ၏—သူသည် များစွာသော​သူတို့ကို ဗတ္တိဇံ​ပေး၍ သူတို့၌ အသင်းတော်ကို တည်ထောင်၏။ ဘီစီ ၉၀ ခန့်။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ နှစ်ရက်နှင့် နှစ်ညကြာ​ပြီးနောက်၊ သူ၏​ကိုယ်ခန္ဓာကို သူတို့၏​အသေ​ကောင်များအား သင်္ဂြိုဟ်ခြင်းဟူသော ရည်ရွယ်ချက်​အတွက် ပြုထား​လေသော သင်္ချိုင်း​တွင်းထဲ၌ ယူ၍ ထားတော့မည်​ကဲ့သို့​ပြုကြ​လေ၏။

ယခုတွင်၊ မိဖုရားသည် အမ္မုန်၏​ကျော်ကြားမှု​အကြောင်းကို ကြား၏။ ထို့ကြောင့်၊ လူ​စေလွှတ်၍ သူ့ကို သူမထံသို့ ဝင်ရောက်ရမည့်အကြောင်း တောင်းဆို၏။

ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ အမ္မုန်သည် သူ့ကို မိန့်မှာသည့်​အတိုင်း​ပြုပြီး၊ မိဖုရားထံသို့ ဝင်၍၊ သူမအလို​ရှိသည့်၊ အဘယ်အမှုကို ပြုရမည့်​အကြောင်း​သိခြင်းငှာ တောင်းဆို၏။

သူမကလည်း ဆိုလေသည်ကား၊ သင်သည် သန့်ရှင်းတော်မူသော ဘုရားသခင်၏ ပရောဖက်​တစ်ပါး ဖြစ်ကြောင်းကို​လည်းကောင်း၊ သူ၏​နာမတော်​အားဖြင့် ကြီးစွာသော​အမှုများစွာကို ပြုရန် သင့်၌ တန်ခိုး​ရှိကြောင်းကို​လည်းကောင်း၊ ငါ့ခင်ပွန်း၏​ကျွန်တို့က ငါ့ကို ဖော်ပြ​ကြလေပြီ။

ထို့ကြောင့်၊ ဤသို့​ဆိုလျှင်၊ ငါ၏​ခင်ပွန်းကို သင်ဝင်၍​ကြည့်စေရန် ငါ​အလို​ရှိ၏။ အကြောင်းမူကား၊ သူ့ကို အိပ်ရာပေါ်​ချထား​သည်မှာ နှစ်ရက်နှင့် နှစ်ည ရှိလေပြီ။ သူမသေဟု အချို့သော​သူတို့က ဆို၏။ သို့ရာတွင်၊ သူသေ၍၊ အပုပ်နံ့​ထွက်သဖြင့် သင်္ချိုင်း​တွင်း၌ ထားသင့်ကြောင်း အခြားသော​သူတို့က ဆို၏။ သို့ရာတွင်၊ ငါ့အတွက်မူကား၊ ငါ့အနေဖြင့်၊ သူသည် အပုပ်နံ့​မထွက်။

ယခုတွင်၊ ဤအမှုသည်ကား၊ အမ္မုန်​အလို​ရှိသည့်​အမှု​ဖြစ်၏။ အကြောင်းမူကား၊ လာမောနိ​မင်းကြီးသည် ဘုရားသခင်၏​တန်ခိုး​တော်အောက်၌ ရှိလေကြောင်း သူသိ၏။ မယုံကြည်ခြင်း​ကန့်လန့်​ကာမှောင်​မိုက်ကို သူ၏​စိတ်မှ ဖယ်ရှား၍၊ အလင်း၊ သူ၏​စိတ်ကို လင်းစေသည့်၊ ဘုရားသခင့်​ဘုန်းတော်၏​အလင်း​ဖြစ်သည့်၊ သူ့​ကောင်းမြတ်ခြင်း၏ အံ့ဩဖွယ်​ကောင်းသော​အလင်း​ဖြစ်သည့်—အကယ်​စင်စစ်၊ ဤအလင်းက ထိုကဲ့သို့သော ဝမ်းမြောက်ခြင်းကို သူ၏​ဝိညာဉ်ထဲသို့ စီးဝင်​စေလေ၍၊ မှောင်မိုက်ခြင်းတိမ်တိုက်ကို လွင့်ပြယ်​စေလေကြောင်း၊ ထို့အတူ၊ ထာဝရ​တည်မြဲသော​အသက်၏ အလင်းက သူ၏​ဝိညာဉ်ထဲ၌ လင်း​စေကြောင်း သူသိ၏။ ထိုမှတစ်ပါး၊ ဤအမှုက သူ၏​ဇာတိ​ပကတိ​ကိုယ်ခန္ဓာကို လွှမ်းမိုး၍၊ ဘုရားသခင်​အားဖြင့် သယ်ဆောင်​သွားတော်မူခြင်း​ခံရကြောင်း သူသိ၏—

ထို့ကြောင့်၊ သူ့ထံမှ မိဖုရား​တောင်းဆိုသော​အရာသည် သူ၏​တစ်ခုတည်းသော​အလို​ဆန္ဒ ဖြစ်လေ၏။ ထို့ကြောင့်၊ သူ့ကို မိဖုရား​တောင်းဆိုသည့်​အတိုင်း မင်းကြီးကို ကြည့်ခြင်းငှာ ဝင်၍၊ မင်းကြီးကို မြင်လျှင်၊ မသေကြောင်း သိ၏။

သူမသေပါ၊ သို့ရာတွင် ဘုရားသခင်၌ အိပ်ပျော်လျက်​ရှိ၍ နက်ဖြန်နေ့၌ တစ်ဖန် ထလိမ့်မည်။ ထို့ကြောင့်၊ သူ့ကို သင်္ဂြိုဟ်ခြင်း​မပြုနှင့်ဟုလည်း မိဖုရားကို ဆို၏။

ဤအမှုကို သင်​ယုံကြည်သလောဟု အမ္မုန်ဆိုလျှင်၊ သင်၏​စကားနှင့် ငါတို့​ကျွန်များ၏​စကား​မှတစ်ပါး ငါ့၌ သက်သေ​မရှိ။ သို့သော်လည်း၊ သင်ပြောလေသည့်​အတိုင်း ဖြစ်မည်ကို ငါယုံကြည်​ပါ၏ဟု သူမဆို၏။

၁၀ အမ္မုန်ကလည်း ဆိုလေသည်ကား၊ သင်၏​ကြီးစွာသော​ယုံကြည်ခြင်းကြောင့် သင်သည် မင်္ဂလာ​ရှိ၏။ ငါဆိုသည်မှာ၊ အချင်း​မိန်းမ၊ နီဖိုင်း​အမျိုးသားတို့၏​လူများ၌ပင် ထိုမျှလောက် ကြီးစွာသော​ယုံကြည်ခြင်း မရှိ​ဖူးလေပြီ။

၁၁ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူမသည် ထိုအချိန်မှ​စ၍၊ ထလိမ့်မည်ဟု အမ္မုန်​ပြောလေသည့် နက်ဖြန်နေ့​ထိုအချိန်​အထိပင် မိမိခင်ပွန်း၏​အိပ်ရာကို စောင့်ကြည့်၏။

၁၂ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အမ္မုန်၏​စကား​အတိုင်း သူထ၍၊ ထလျှင်​ထချင်း လက်ကို ထိုမိန်းမ​ဆီသို့ ဆန့်၍​ဆိုသည်ကား၊ ဘုရားသခင်၏​နာမတော်သည် မင်္ဂလာ​ရှိပါစေ​သတည်း။ သင်သည်လည်း မင်္ဂလာ​ရှိ၏။

၁၃ သင်ဧကန်​အမှန်​အသက်​ရှင်သည့်​အတိုင်း၊ ရှုလော့၊ ငါ၏​ရွေးနှုတ်ရှင်ကို ငါမြင်​လေပြီ။ သူသည် ကြွလာ​တော်မူ၍ မိန်းမ​တစ်ဦးမှ မွေးဖွား​လိမ့်မည်။ သူသည် မိမိနာမတော်ကို ယုံကြည်သည့်​လူသားမှန်သမျှကို ရွေးနှုတ်​တော်မူလိမ့်မည်ဟု ဖြစ်လေ​သတည်း။ ယခုတွင်၊ သူသည် ဤစကားများကို ပြောပြီးလေလျှင်၊ သူ့စိတ်နှလုံးသည် ကိုယ်တွင်း၌​ပြည့်၍၊ ဝမ်းမြောက်၍ တစ်ဖန် လဲပြန်လေ၏။ မိဖုရား​သည်လည်း လဲကျ၍ ဝိညာဉ်တော်​အားဖြင့် မွန်းလျက်​ရှိလေ၏။

၁၄ ယခုတွင်၊ နီဖိုင်း​အမျိုးသားတို့၌၊ သို့မဟုတ် ဘုရားသခင်၏ လူမျိုး​ခပ်သိမ်းတို့၌ များစွာသော ငိုကြွေး​မြည်တမ်းခြင်းတို့၏​အကြောင်းရင်း ဖြစ်လေသူ၊ သူ၏​ညီအစ်ကို လာမန်​အမျိုးသားတို့ အပေါ်သို့ သူတို့၏​ဒုစရိုက်များနှင့် နည်း​ဥပဒေသများကြောင့်၊ ကိုယ်တော်ရှင်၏​ဝိညာဉ်တော် သွန်းလောင်း​တော်မူသည်ကို အမ္မုန်သည် သူ၏​ဆုတောင်းခြင်းများ​အတိုင်း မြင်ရလျက်၊ ဒူးကို​ထောက်၍ ဘုရားသခင်အား၊ သူ၏​ညီအစ်ကိုတို့အဖို့ ပြုတော်မူခဲ့လေသည့် အရာအတွက်၊ ဆုတောင်းခြင်းနှင့် ကျေးဇူးတော်​ချီးမွမ်းခြင်းတို့၌ သူ၏စိတ်​ဝိညာဉ်ကို သွန်းလောင်း​စပြု၏။ သူသည် ဝမ်းမြောက်ခြင်း ဖြင့်လည်း မွန်းလေ၏။ ထိုကဲ့သို့​အားဖြင့်၊ သူတို့​သုံးဦးသည် မြေကြီးသို့ လဲလေ၏။

၁၅ ယခုတွင်၊ မင်းကြီး၏​ကျွန်တို့သည် ထိုသူတို့​လဲကျလေ​သည်ကို မြင်ခဲ့ရလေလျှင်၊ ကိုယ်တော်ရှင်ကို ကြောက်ရွံ့ခြင်းမှာ၊ သူတို့​အပေါ်သို့လည်း ကျရောက်​လေသောကြောင့်၊ သူတို့​သည်လည်း ဘုရားသခင်ထံသို့ တောင်းလျှောက်​စပြုကြ၏။ အကြောင်းမူကား၊ သူတို့သည် မင်းကြီးရှေ့၌​ရပ်၍၊ အမ္မုန်၏​ကြီးစွာသော​တန်ခိုး​အကြောင်းကို သက်သေခံသောသူများ ဖြစ်လေ၏။

၁၆ ဤသို့​အားဖြင့် အချိန်တန်​လာသော​အခါ၊ သူမအဘ၏ အံ့ဖွယ်သော​ရူပါရုံကြောင့်၊ ကိုယ်တော်ရှင်ထံသို့ နှစ်ပေါင်းများစွာ​ကြာအောင် ပြောင်းလဲခဲ့လေသည့် အဘိရှ​အမည်ရှိ လာမန်​အမျိုး​မိန်းမ​တစ်ဦး​မှတစ်ပါး၊ သူတို့​အားလုံးသည် မြေကြီးသို့ လဲကျလေသည့်​တိုင်အောင်ပင်၊ သူတို့၏​အစွမ်း​သတ္တိဖြင့်၊ ကိုယ်တော်ရှင်၏ နာမတော်ကို ပဌနာ​ပြုကြ၏—

၁၇ ထိုကဲ့သို့​အားဖြင့်၊ ကိုယ်တော်ရှင်ထံသို့ ပြောင်းလဲ၍၊ ထိုအမှုကို ဘယ်တုန်းကမျှ၊ မဖော်ပြ​လေရကား၊ ထို့ကြောင့်၊ လာမောနိ၏ ခပ်သိမ်းသောကျွန်တို့​၊ ထို့အတူ၊ သူမ၏​ကျွန်မ၊ မိဖုရား၊ မင်းကြီးနှင့် အမ္မုန်တို့ မြေကြီးသို့​လဲကျလေသည်ကို မြင်ရလျှင်၊ ထိုအမှုသည်၊ ဘုရားသခင်၏​တန်ခိုးတော်​ဖြစ်သည်ကို သူမသိ၏။ လူတို့အား သူတို့၌ ဖြစ်ပျက်လေသည့်​အရာကို ဖော်ပြခြင်းဟူသည့် ဤအခွင့်ကြောင့်၊ ဤမြင်ကွင်းကို မြင်ခြင်းအားဖြင့်၊ ဘုရားသခင်၏​တန်ခိုးတော်ကို သူတို့​ယုံကြည်​စေမည်ဟု တွေးမိသဖြင့်၊ ထို့ကြောင့်၊ သူမသည် ထိုအမှုကို လူတို့အား ဖော်ပြလျက် တစ်အိမ်မှ​တစ်အိမ်သို့ အပြေး​သွား၏။

၁၈ သူတို့သည်လည်း မင်းကြီး၏​အိမ်သို့ သူတို့ကိုယ်သူတို့အတူတကွ စည်းဝေး​စပြုကြ၏။ လူအစုအဝေး ရောက်လာပြီး၊ မင်းကြီး၊ မိဖုရားနှင့် ကျွန်တို့ မြေကြီးပေါ်၌ မှောက်၍၊ ထိုနေရာ၌ သူတို့​အားလုံး​သေလေသကဲ့သို့ လဲသည်ကို မြင်ရသဖြင့် အံ့ဩကြလေ၏။ အမ္မုန်ကိုလည်း မြင်၏။ ရှုဦးလော့၊ သူသည် နီဖိုင်း​အမျိုးသား​တစ်ဦး​ဖြစ်၏။

၁၉ ယခုမူကား၊ လူတို့သည် သူတို့၌ ညည်းညူ​အပြစ်တင်​စပြုကြ၏။ နီဖိုင်း​အမျိုးသားတို့ကို ထိုပြည်၌ ဆက်၍​နေထိုင်ရန် အခွင့်​ပေးသောကြောင့်၊ သူတို့​အပေါ် သို့မဟုတ် မင်းကြီးနှင့် သူ၏​မိသားစုအပေါ် ကြီးစွာသောမကောင်းမှု ကျရောက်​လေကြောင်း အချို့သော​သူတို့က ဆိုနေကြ၏။

၂၀ သို့ရာတွင်၊ အခြားသော​သူတို့က သူတို့ကို ဆို၍​အပြစ်​တင်ကြသည်မှာ၊ မင်းကြီးသည် ဤမကောင်းမှုကို သူ၏​မိသားစု​ဆီသို့ ဆောင်ခဲ့ပြီ။ အကြောင်းမူကား၊ သူသည် သေဗုရေ​ရှိရာ​အရပ်၌ သူတို့​သိုးစုများကို ကွဲပြား​ပြန့်ကျဲ​စေခဲ့သော သူ၏​ကျွန်တို့ကို ကွပ်မျက်ခဲ့၏။

၂၁ သေဗုရေရှိရာ​အရပ်၌ ရှိ၍၊ မင်းကြီးပိုင်သော​သိုးစုတို့ကို ကွဲပြား​ပြန့်ကျဲ​စေခဲ့သော​သူတို့၏ အပြစ်​တင်ခြင်းကိုလည်း သူတို့​ခံရ၏။ အကြောင်းမူကား၊ သေဗုရေ​ရှိရာ​အရပ်၌ မင်းကြီး၏​သိုးစုများကို စောင့်မ​နေစဉ်တွင် သူတို့​ညီအစ်ကို​များစွာတို့ကို ကွပ်မျက်​ခဲ့သောကြောင့် အမ္မုန်ကို အမျက်​ထွက်ကြ၏။

၂၂ ယခုတွင်၊ အမ္မုန်၏​ဓားဖြင့် ကွပ်မျက်​ခံခဲ့ရလေသူ၏​ညီတစ်ဦး​ဖြစ်သူ၊ သူတို့​အထဲမှ တစ်ဦးသောသူသည် အမ္မုန်ကို လွန်စွာ​အမျက်​ထွက်သဖြင့်၊ ဓားကို​ဆွဲပြီး အမ္မုန်ကို​ခုတ်၍ ကွပ်မျက်ခြင်းငှာ ထွက်လာ၏။ ခုတ်ရန် ဓားကို မြှောက်စဉ်၊ ရှုလော့၊ ထိုသူသည် လဲကျပြီး သေ၏။

၂၃ ယခုတွင်၊ အမ္မုန်ကို ကွပ်မျက်၍​မရနိုင်ကြောင်း ငါတို့​သိမြင်ကြပေပြီ။ အကြောင်းမူကား၊ သူ၏​အဘ​မောဇိယအား ကိုယ်တော်ရှင်က၊ ငါသည် သူ့ကို ချမ်းသာ​ပေးတော်မူ၍၊ သင်၏​ယုံကြည်ခြင်း​အတိုင်း သူ့၌​ဖြစ်လိမ့်မည်ဟု မိန့်တော်မူလေ၏—ထို့ကြောင့်၊ မောဇိယသည် သူ့ကို ကိုယ်တော်ရှင်ထံသို့ ဆက်ကပ်၏။

၂၄ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အမ္မုန်ကို​ကွပ်မျက်ခြင်းငှာ ဓားကို​မြှောက်သောသူ လဲကျပြီး​သေသည်ကို လူအစု​အဝေးတို့မြင်ကြလျှင်၊ ကြောက်ရွံခြင်းသည် သူတို့​အားလုံးအပေါ် ကျရောက်​လာ၍ သူ့ကို၊ သို့မဟုတ် လဲကျ​လေသူ​တစ်စုံ​တစ်ဦးကို ထိရန် သူတို့လက်ကို မထုတ်ဝံ့ကြ။ ဤကြီးစွာသော​တန်ခိုး၏ အကြောင်းရင်းကား၊ အဘယ်အရာ ဖြစ်နိုင်သည်၊ သို့မဟုတ်၊ ဤအရာခပ်သိမ်း​တို့​မှာ အဘယ်သို့ ဆိုလိုနိုင်​သည်ကို သူတို့​တစ်ဖန်​အံ့ဩကြ၏။

၂၅ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အမ္မုန်သည် ကြီးမြတ်သော​ဝိညာဉ်တော်​ဖြစ်ကြောင်း​ဆိုလေသူများစွာ သူတို့၌​ရှိ၏။ အခြားသော​သူတို့ကလည်း၊ သူ့ကို ကြီးမြတ်သော​ဝိညာဉ်တော်က​စေလွှတ်ခဲ့ကြောင်း ဆိုကြ၏။

၂၆ သို့ရာတွင်၊ အခြားသော​သူတို့က သူတို့အားလုံးကို အပြစ်​တင်၍၊ သူသည်ကား၊ မိမိတို့ကို စိတ်​ဆင်းရဲ​ကိုယ်ဆင်းရဲ​ဖြစ်စေရန် နီဖိုင်း​အမျိုးသားတို့ထံမှ လွှတ်လိုက်သော ဘီလူး​ဖြစ်သည်ဟု ဆိုကြ၏။

၂၇ သူတို့၏​ဒုစရိုက်များကြောင့်၊ သူတို့ကို ဒုက္ခပေးရန် ကြီးမြတ်သော​ဝိညာဉ်တော်က အမ္မုန်ကို စေလွှတ်​တော်မူခဲ့ကြောင်း၊ ထိုအရာ​သည်ကား၊ နီဖိုင်းအမျိုးသားတို့ကို အစဉ်အမြဲ ကြည့်ရှု​စောင့်ရှောက်၍ မိမိတို့၏​လက်မှ ကယ်လွှတ်ခဲ့​ဖူးလေသည့် ကြီးမြတ်သော​ဝိညာဉ်တော်​ဖြစ်ကြောင်း​ဆိုသူ​အချို့လည်း ရှိလေ၏။ ထိုအရာ​သည်ကား၊ မိမိတို့၏ အလွန်​များစွာသော ညီအစ်ကို၊ လာမန်​အမျိုးသားတို့ကို ဖျက်ဆီး​ခဲ့လေသူ၊ ဤကြီးမြတ်သော​ဝိညာဉ်တော်​ဖြစ်ကြောင်း​ကိုလည်း သူတို့​ဆိုကြ၏။

၂၈ ထိုကဲ့သို့အားဖြင့်၊ သူတို့၌ ငြင်းခုံခြင်းသည် အလွန်​ထင်ရှား​စပြု၏။ ထိုကဲ့သို့၊ သူတို့ ငြင်းခုံ​နေစဉ်တွင်၊ လူ​အစုအဝေးကို အတူတကွ​စုဝေး​စေခဲ့သော ကျွန်​မိန်းမ​သည်လည်း ရောက်လာ​ပြီး၊ လူ​အစုအဝေး၌ ရှိလေသည့် ငြင်းခုံခြင်းကို မြင်လျှင်၊ မျက်ရည်​ကျသည်​အထိပင် အလွန်​ဝမ်းနည်းလေ၏။

၂၉ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူမသည် သွား၍ မိဖုရားကို မြေကြီးမှ ထူကောင်း​ထူနိုင်ခြင်းငှာ လက်ကို ဆွဲလျှင်၊ ထိလျှင်​ထိချင်း ထ၍​ခြေထောက်ဖြင့်​ရပ်၍၊ ကျယ်သော​အသံနှင့်၊ ဟစ်ကြွေး​သည်ကား၊ အို ငါ့ကို ကြောက်ရွံ့ဖွယ်​ကောင်းသော​ငရဲမှ ကယ်တင်​တော်မူသည့် ယေရှုသည် မင်္ဂလာ​ရှိပါစေ​သတည်း။ အို ဘုရားသခင်သည် မင်္ဂလာ​ရှိတော်မူ​ပါစေသတည်း။ ဤလူတို့ကို ကရုဏာ​ထားတော်မူပါဟု ဆို၏။

၃၀ သူမသည် ဤသို့​ဆိုပြီးလေလျှင်၊ မိမိလက်ကို ဆုပ်ကိုင်၍ ဝမ်းမြောက်ခြင်းနှင့်​ပြည့်စုံလျက်၊ နားမလည်နိုင်သော​စကား​များစွာတို့ကို ပြော၏။ ဤသို့​ပြုပြီးလျှင်၊ သူမသည် လာမောနိ​မင်းကြီးကို လက်မှ ဆွဲလျှင်၊ ရှုဦးလော့၊ သူသည် ထ၍​ခြေထောက်ဖြင့်​ရပ်၏။

၃၁ သူသည်လည်း ရုတ်တရက်​ထ၍၊ သူ၏​လူများ၌ ငြင်းခုံခြင်းကို မြင်လျှင်၊ သွားပြီး သူတို့ကို ဆုံးမ၍၊ အမ္မုန်၏​နှုတ်မှ သူကြားနာခဲ့သော​စကားများကို သူတို့အား သွန်သင်​ပေး​စပြု၏။ သူ၏​စကားများကို ကြားနာပြီး​ယုံကြည်သူ​မှန်သမျှ​သည်လည်း ကိုယ်တော်ရှင်​ထံသို့ ပြောင်းလဲကြ၏။

၃၂ သို့ရာတွင်၊ သူတို့၌ သူ၏​စကားကို မကြားနာ​လိုကြသော​သူများစွာ​ရှိ၏။ ထို့ကြောင့်၊ သူတို့သည် သူတို့​လမ်းသူတို့​သွားကြ၏။

၃၃ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အမ္မုန်သည် ထပြီးလျှင်၊ သူတို့အား အကူအညီ​ပေး၍၊ လာမောနိ၏​ကျွန်တို့​သည်လည်း ထိုသို့ ပြုကြ၏။ သူတို့​အားလုံး​သည် တူညီသော​အရာကို လူတို့အား ဟောကြား​သည်မှာလည်း—သူတို့​စိတ်နှလုံး​ပြောင်းလဲ၍၊ မကောင်းမှုကို​ပြုရန် အလို​ဆန္ဒ​မရှိ​ကြတော့ကြောင်း​ပေတည်း။

၃၄ ရှုဦးလော့၊ များစွာသော​သူတို့သည် ကောင်းကင်​တမန်တို့ကို မြင်ခဲ့ရ​လေပြီး၊ စကား​ပြောရကြောင်း၊ လူတို့ကို ဟောကြား၏။ ထိုကဲ့သို့​အားဖြင့်၊ ကောင်းကင်​တမန်တို့သည် ဘုရားသခင်၏​အမှုတော်များ အကြောင်းနှင့် သူ၏​ဖြောင့်မတ်​တော်မူခြင်း​အကြောင်း သူတို့ကို မြွက်ဆိုကြ၏။

၃၅ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့၏​စကားကို ယုံကြည်သော​သူများစွာ​ရှိလေ၏။ ယုံကြည်သူ​မှန်သမျှ​သည်လည်း ဗတ္တိဇံခံကြ၏။ ထိုသူတို့​သည်လည်း ဖြောင့်မတ်သော​လူမျိုးများ​ဖြစ်လာကြပြီး၊ သူတို့၌ အသင်းတော်ကို တည်ထောင်ကြ၏။

၃၆ ထိုကဲ့သို့​အားဖြင့်၊ ကိုယ်တော်ရှင်၏​အမှုတော်ကို လာမန်​အမျိုးသားတို့၌ စတင်၏။ ထိုကဲ့သို့​အားဖြင့်၊ ကိုယ်တော်ရှင်သည် မိမိဝိညာဉ်တော်ကို သူတို့​အပေါ် သွန်းလောင်း​တော်မူရန် အစပြု​တော်မူ၏။ နောင်တရ၍ သူ၏​နာမတော်ကို ယုံကြည်မည့်​သူမှန်သမျှ​ထံသို့ သူ၏​လက်တော်ကို ဆန့်တော်မူ​ကြောင်းကိုလည်း ငါတို့​မြင်ကြ​ပေပြီ။