ကျမ်းစာများ
အယ်လမာ ၆၂


အခန်းကြီး ၆၂

မော်ရော်နိုင်းသည် ဂိဒေါင်​ပြည်ရှိ ပါဟောရန်ကို ကူညီခြင်းငှာ၊ ချီတက်၏—သူတို့​တိုင်းပြည်ကို ကာကွယ်ရန်​ငြင်းဆိုသည့် ဘုရင့်​လူများသည် အသေ​သတ်ခံရ၏—ပါဟောရန်နှင့်​မော်ရော်နိုင်းသည် နီဖိုင်းဟ​ပြည်ကို ပြန်လည်​သိမ်းယူကြ၏—များစွာသော​လာမန်​အမျိုးသားတို့သည် အမ္မုန်​လူမျိုးတို့နှင့် ပူးပေါင်းကြ၏—တေအန်ကမ်သည် အမ်မော်ရုန်ကို​ကွပ်မျက်၍၊ ပြန်ပြီး​ကွပ်မျက်​ခံရ၏—လာမန်​အမျိုးသားတို့သည် ထိုပြည်မှ နှင်ထုတ် ခံရ၏၊ ငြိမ်းချမ်းခြင်းကို တည်ဆောက်၏—ဟေလမန်သည် အမှုတော်​ဆောင်ခြင်းသို့ ပြန်လာ၍၊ အသင်းတော်ကို တည်ထောင်၏။ ဘီစီ ၆၂–၅၇ ခန့်။

ယခုမူကား၊ မော်ရော်နိုင်းသည် ဤအမှာစာကို လက်ခံ​ရရှိ​ပြီးလျှင်၊ ပါဟောရန်​သည်ကား၊ သူ့​တိုင်းပြည်၏ လွတ်လပ်ခွင့်နှင့် အမှုတို့၌ သစ္စာ​ဖျက်သော​သူ​မဟုတ်ဟူသော သူ၏​သစ္စာ​ရှိခြင်းကြောင့်၊ သူ့​စိတ်နှလုံးသည် ရဲရင့်၍ အလွန်​ကြီးစွာသော​ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံ၏။

သို့ရာတွင်၊ သူသည် ပါဟောရန်ကို သူ၏​တရား​ပလ္လင်မှ ဖယ်ရှားသော​သူတို့၏ ဒုစရိုက်ကြောင့်၊ ထိုမှတစ်ပါး၊ အချုပ်​အားဖြင့်၊ သူတို့​တိုင်းပြည်၊ ထို့အတူ၊ သူတို့​ဘုရားသခင်ကို ဆန့်ကျင်၍ ပုန်ကန်သော​သူတို့ကြောင့် လွန်စွာ​ငိုကြွေး​မြည်တမ်း၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ မော်ရော်နိုင်းသည် ပါဟောရန်၏​အလို​ဆန္ဒ​အတိုင်း အရေ​အတွက်​အနည်းငယ်သော​လူတို့ကို ခေါ်၍၊ လေဟိနှင့် တေအန်ကမ်တို့ကို သူ့တပ်၏​ကျန်ကြွင်းသော​သူတို့​အပေါ်​အုပ်ချုပ်​ကွပ်ကဲခွင့်​ပေးခဲ့လျက်၊ ဂိဒေါင်ပြည်​ဆီသို့ ချီတက်၏။

သူ​ဝင်သည့် အရပ်​မှန်သမျှတို့၌လည်း လွတ်လပ်ခြင်း​အလံကို​ထူ၍၊ ဂိဒေါင်ပြည်သို့ သူ၏​ချီတက်ခြင်း​တစ်လျှောက်​လုံးတွင်၊ ရနိုင်​သမျှသော တပ်အင်အားကို ရယူ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ထောင်ပေါင်း​များစွာတို့သည် သူ၏​အလံသို့ အတူတကွ​စုဝေး၍၊ ကျွန်ခံရာသို့​မရောက်နိုင်​စေခြင်းငှာ၊ သူတို့၏​လွတ်လပ်ခွင့်ကို ကာကွယ်ရာ၌ သူတို့၏ ဓားများကို စွဲကိုင်ကြ၏။

ထိုကဲ့သို့​အားဖြင့်၊ မော်ရော်နိုင်းသည် သူ၏​ချီတက်ခြင်း​တစ်လျှောက်လုံး၌ ရနိုင်သမျှသော​လူတို့ကို အတူတကွ​စုဝေး၍၊ ဂိဒေါင်ပြည်သို့ လာ၍၊ သူ၏​တပ်အင်အားကို ပါဟောရန်၏အင်​အားစုများနှင့် ပူးပေါင်းသဖြင့်၊ သူတို့သည်​အလွန်​အားကြီး​လာလျက်၊ လွတ်လပ်သော​သူများကို ဇရဟင်မလ​ပြည်မှ နှင်ထုတ်ရာ၊ ထိုပြည်ကို သိမ်းယူသော ထိုသဘော​ကွဲလွဲသော​သူတို့၏​ဘုရင်​ဖြစ်သူ ပါချု၏​လူများ​ထက်ပင် ပို၍​အားကြီး​လာကြ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ မော်ရော်နိုင်းနှင့်​ပါဟောရန်တို့သည် မိမိတို့​တပ်များနှင့်​အတူ၊ ဇရဟင်မလ​ပြည်ထဲသို့ ဆင်းလာ၍၊ မြို့ကို သွား၍​တိုက်၏၊ ပါချု၏​လူတို့နှင့် ရင်ဆိုင်၍ သူတို့သည် စစ်​တိုက်ကြ၏။

ရှုဦးလော့၊ ပါချုသည် ကွပ်မျက်​ခံရ၍၊ သူ၏​လူတို့​သည်လည်း စစ်​အကျဉ်းသား​အဖြစ် သိမ်းယူ​ခံရ၏။ ပါဟောရန်သည်လည်း သူ၏​တရား​ပလ္လင်သို့ ပြန်လည်​ပို့ဆောင်ခံရ၏။

ပါချု၏​လူများ၊ ဖမ်းဆီး၍ ထောင်ထဲ၌​လှောင်​ထား​ခံရသော ထိုဘုရင့်​လူများသည် ဥပဒေ​အတိုင်း စစ်​ဆေး​ခံရ၏။ ဥပဒေ​အတိုင်း သေဒဏ်​ပေးသည်​ကိုလည်း ခံရကြ၏။ အထူးသဖြင့်၊ ပါချု၏​ထိုလူများ၊ ထိုဘုရင့်​လူများ၊ သူတို့​တိုင်းပြည်ကို​ကာကွယ်ရာ၌ လက်နက်​စွဲကိုင်​လိုခြင်း​မရှိ​သော်လည်း သူတို့ကို ဆန့်ကျင်​တိုက်ခိုက်​လိုသော​သူများသည် အသေ​သတ်ခံရကြ၏။

၁၀ ထိုကဲ့သို့​အားဖြင့်၊ သူတို့​တိုင်းပြည်၏ ဘေးလွတ်ခြင်း​အတွက်၊ ဤဥပဒေကို တင်းကျပ်စွာ ကျင့်စောင့်ရန် လိုအပ်​လာ၏။ ထိုမှတစ်ပါး၊ သူတို့၏​လွတ်လပ်ခွင့်ကို ငြင်းဆိုလျက်​တွေ့ရသူ​မှန်သမျှသည် ဥပဒေ​အတိုင်း အလျင်​အမြန်​သေဒဏ်​ပေး​ခံရကြ၏။

၁၁ ထိုကဲ့သို့​အားဖြင့်၊ နီဖိုင်း​လူမျိုးတို့​အပေါ်​တရား​သူကြီးများ​အုပ်စိုးခြင်း သုံးဆယ်​နှစ်မြောက် ပြီးဆုံး၏။ မော်ရော်နိုင်းနှင့် ပါဟောရန်တို့သည် ဇရဟင်မလ​ပြည်သို့ ငြိမ်းချမ်းခြင်းကို ပြန်လည်​ဆောင်ယူလျက်၊ မိမိတို့၏​လူမျိုးတို့၌၊ လွတ်လပ်ခွင့်​အမှုတွင် သစ္စာ​မရှိသော​သူ​ခပ်သိမ်းတို့ကို သေ​ဒဏ်​ပေး၏။

၁၂ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ နီဖိုင်း​လူမျိုးတို့​အပေါ်တရား​သူကြီးများ​အုပ်စိုးခြင်း သုံးဆယ်တစ်​နှစ်မြောက်​အစတွင်၊ မော်ရော်နိုင်းသည် ရိက္ခာများ၊ ထို့အတူ၊ လူ​ခြောက်ထောင်​ရှိသည့်​တပ်​တစ်တပ်ကို ဟေလမန်​ထံသို့ ပြည်၏​ထိုအရပ်ကို ထိန်းသိမ်း​စောင့်ရှောက်ရာ၌ ကူညီခြင်းငှာ ချက်ချင်း​စေလွှတ်၏။

၁၃ ထို့အတူ သူသည် လူခြောက်ထောင်​ရှိသည့် တပ်​တစ်တပ်​ကို လုံလောက်သော​စားစရာနှင့်​အတူ၊ လေဟိနှင့်​တေအန်ကမ်တို့၏​တပ်များဆီသို့လည်း ပို့စေ၏။ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာမန်​အမျိုးသားတို့​တစ်ဖက်တွင် ထိုပြည်ကို အင်အား​ခိုင်မာစေရန် ဤအမှုကို ပြု၏။

၁၄ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ မော်ရော်နိုင်းနှင့် ပါဟောရန်တို့သည် ဇရဟင်မလ​ပြည်၌ များစွာသော​လူတို့ကို ချန်ထားလျက်၊ များစွာသော​လူတို့နှင့်​အတူ၊ နီဖိုင်းဟ​မြို့ ၌ လာမန်​အမျိုးသားတို့ကို ဖျက်ဆီးရန် သန္နိဌာန်​ချလျက် ထိုပြည်​ဆီသို့ ချီတက်​သွားကြ၏။

၁၅ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ထိုပြည်​ဆီသို့ ချီတက်​စဉ်တွင်၊ လာမန်​အမျိုးသားတို့၏ များစွာသော​လူတစ်စုကို ဖမ်းဆီး၍၊ သူတို့​အထဲမှ များစွာကို ကွပ်မျက်၍၊ သူတို့၏​ရိက္ခာများနှင့် စစ်တိုက်ရာ​လက်နက်များကို သိမ်းယူ၏။

၁၆ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့ကို ဖမ်းဆီးပြီးမှ၊ နီဖိုင်း​အမျိုးသားတို့​တစ်ဖက်၌ သူတို့၏​စစ်တိုက်ရာ​လက်နက်များကို မစွဲကိုင်တော့​ဟူသော ပဋိညာဉ်ကို ပြုစေ၏။

၁၇ ဤပဋိညာဉ်ကို ပြုပြီးမှ၊ သူတို့ကို အမ္မုန်​လူမျိုးတို့နှင့်​အတူ နေထိုင်ရန်​စေလွှတ်၏။ ကွပ်မျက်​မခံရသော​သူတို့၏​အရေ​အတွက်မှာ လေးထောင်​ခန့်​ရှိ၏။

၁၈ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့ကို စေလွှတ်​ပြီးလျှင်၊ နီဖိုင်းဟ​ပြည်သို့ မိမိတို့၏​ချီတက်ခြင်းကို ဆက်၍​ပြုကြ၏။ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် နီဖိုင်းဟ​မြို့သို့ ရောက်လာလျှင်၊ နီဖိုင်းဟ​မြို့အနီး​ရှိ၊ နီဖိုင်းဟ​လွင်ပြင်၌ သူတို့​တဲများကို ဆောက်ကြ၏။

၁၉ ယခုတွင်၊ မော်ရော်နိုင်းသည် လာမန်​အမျိုးသားတို့ကို၊ လွင်ပြင်၌ မိမိတို့​ဆီထွက်​လာ၍ စစ်တိုက်စေရန် အလို​ရှိလေ၏။ သို့ရာတွင်၊ လာမန်​အမျိုးသားတို့သည် သူတို့၏​အလွန်​ကြီးစွာသော​ရဲရင့်ခြင်းကို သိ၍၊ သူတို့၏​အရေ​အတွက်​များခြင်းကို မြင်၍၊ ထို့ကြောင့်၊ သူတို့​ဆီသို့ ထွက်​မလာ​ဝံ့ကြချေ။ ထို့ကြောင့်၊ စစ်တိုက်ရန် ထိုနေ့တွင် ထွက်​မလာကြ။

၂၀ ညဉ့်​အချိန်သို့​ရောက်​လာသော​အခါ၊ မော်ရော်နိုင်းသည် ညဉ့်၏​မှောင်မိုက်​ထဲသို့ ထွက်​သွား၍၊ မြို့၏​အဘယ်​အရပ်၌ လာမန်​အမျိုးသားတို့ သူတို့၏​တပ်နှင့် တပ်စခန်း​ချသည်ကို စူးစမ်းခြင်းငှာ၊ တံတိုင်း​ထိပ်ပေါ်သို့​တက်၏။

၂၁ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် အရှေ့​ဘက်ပိုင်း၊ တံခါး​ပေါက်​အနီး၌ ရှိကြ၏၊ အားလုံး​အိပ်ပျော်လျက်​ရှိကြ၏။ ယခုမူကား၊ မော်ရော်နိုင်းသည် မိမိတပ်သို့ ပြန်လာ၍၊ တံတိုင်းထိပ်မှ​နေ၍ တံတိုင်း​အတွင်း​ပိုင်းထဲသို့​ဆင်းသွားရန် ခိုင်မာသော​ကြိုးများနှင့် လှေကားတို့ကို အလျင်​အမြန်​ပြင်ဆင်​စေ၏။

၂၂ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ မော်ရော်နိုင်းသည် သူ၏​လူတို့ကို၊ ရှေ့သို့​ချီတက်၍၊ တံတိုင်းထိပ်​ပေါ်သို့​တက်​စေ၍၊ သူတို့​ကိုယ်တိုင် မြို့​အတွင်း​ပိုင်း၊ အမှန်စင်စစ်၊ လာမန်​အမျိုးသားတို့ တပ်များနှင့် တပ်စခန်း​မချသည့်​နေရာ အနောက်​ဘက်ပိုင်း​သို့ပင် ဆင်း​သွားစေ၏။

၂၃ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့​အားလုံးသည် ညဉ့်​အချိန်တွင်၊ သူတို့၏​ခိုင်မာသော​ကြိုးများနှင့် သူတို့၏​လှေ​ကား​များဖြင့် မြို့တွင်းသို့ ဆင်းသွား​ကြ၏။ ထိုကဲ့သို့​အားဖြင့်၊ နံနက်သို့​ရောက်လာသော​အခါ၊ သူတို့​အားလုံး မြို့တံတိုင်း​များအတွင်း၌ ရှိကြလေပြီ။

၂၄ ယခုမူကား၊ လာမန်​အမျိုး​သားတို့သည် နိုးလာ၍၊ မော်ရော်နိုင်း၏​တပ်များ တံတိုင်းများအတွင်း၌ ရှိလေကြောင်းကို မြင်လျှင်၊ လွန်စွာ​ကြောက်လန့်ကြသည်မှာ၊ ဝင်ပေါက်မှ ထွက်​ပြေးကြသည့်တိုင်အောင်ပင်တည်း။

၂၅ ယခုမူကား၊ မော်ရော်နိုင်းသည် မိမိရှေ့မှ​သူတို့​ထွက်ပြေး​နေသည်ကို မြင်လျှင်၊ မိမိလူတို့ကို သူတို့​ဆီသို့ ချီတက်၍၊ များစွာသော​သူတို့ကို ကွပ်မျက်စေ၏၊ အခြား​များစွာသော​သူတို့ကိုလည်း ဝိုင်းထားလျက်၊ စစ်​အကျဉ်းသားများ​အဖြစ် ဖမ်းဆီး​စေ၏။ သူတို့​အထဲမှ ကျန်ကြွင်းသော​သူတို့သည်လည်း ပင်လယ်​ကမ်းနား​အနီး နယ်နိမိတ်​အရပ်ရှိ မော်ရော်နိုင်း​ပြည်သို့ ထွက်​ပြေးကြ၏။

၂၆ ထိုကဲ့သို့မော်ရော်နိုင်းနှင့် ပါဟောရန်တို့သည် တစ်ဦးတစ်ယောက်မျှမဆုံးရှုံးဘဲနှင့် နီဖိုင်းဟမြို့ကို ရရှိ၏။ လာမန်​အမျိုးသားတို့​၌မူကား ကွပ်မျက်​ခံရသောသူ များစွာ​ရှိလေ၏။

၂၇ ယခုတွင်၊ အချိန်တန်​လာသော​အခါ၊ စစ်​အကျဉ်းသား လာမန်​အမျိုးသား​များစွာတို့သည် အမ္မုန်​လူမျိုးတို့နှင့် ပူးပေါင်းရန်နှင့် လွတ်လပ်သော​လူများ​ဖြစ်လာရန် အလို​ရှိကြ၏။

၂၈ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အလို​ရှိသူ​မှန်သမျှကို၊ သူတို့​အလို​ဆန္ဒများ​အတိုင်း အခွင့်​ပေး၏။

၂၉ ထို့ကြောင့်၊ လာမန်​အမျိုးသား​စစ်​အကျဉ်းသား​ခပ်သိမ်းတို့သည် အမ္မုန်​လူမျိုးတို့နှင့် ပူပေါင်း၍၊ လွန်စွာ​အလုပ်​လုပ်ခြင်း၊ မြေကြီးကို​ထွန်ယက်ခြင်း၊ အမျိုးမျိုးသော​စပါးနှင့် သိုးစု၊ နွားစု​အမျိုးမျိုးတို့ စိုက်ပျိုး​မွေးမြူခြင်းတို့ကို အစ​ပြုကြ၏။ ထိုကဲ့သို့​အားဖြင့်၊ နီဖိုင်း​အမျိုးသားတို့သည် ကြီးစွာသော​ဝန်မှ သက်သာရာ​ရ၏။ အမှန်စင်စစ်၊ လာမန်​အမျိုးသား စစ်​အကျဉ်းသားတို့နှင့်​စပ်လျဉ်းသည့်​ဝန်မှ သက်သာရာ​ရ၏။

၃၀ ယခုတွင်၊ အချိန်တန်​လာသော​အခါ၊ မော်ရော်နိုင်း နီဖိုင်းဟ​မြို့ကို ရရှိခဲ့​ပြီးနောက်၊ များစွာ​သော​စစ်​အကျဉ်း​သားတို့ကို ဖမ်းဆီးခြင်းက လာမန်​အမျိုးသားတို့၏​တပ်ကို လွန်စွာ​လျော့နည်း​စေ၏၊ စစ်​အကျဉ်းသားများ​အဖြစ် ဖမ်းဆီး​ခံရသော နီဖိုင်း​အမျိုးသားတို့ကို ပြန်လည်​ရရှိခြင်းက မော်ရော်နိုင်း၏​တပ်ကို လွန်စွာ​ခွန်အား​ဖြည့်ပေး၏။ ထို့ကြောင့်၊ မော်ရော်နိုင်းသည် နီဖိုင်းဟ​ပြည်မှ လေဟိပြည်သို့ ထွက်​သွား၏။

၃၁ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာမန်​အမျိုး​သားတို့သည် မိမိတို့ကို မော်ရော်နိုင်း လာ၍​တိုက်ခိုက်လျက်​ရှိသည်ကို မြင်လျှင်၊ တစ်ဖန်​ကြောက်လန့်၍၊ မော်ရော်နိုင်း၏​တပ်ရှေ့မှ ထွက်​ပြေးကြ၏။

၃၂ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ မော်ရော်နိုင်းနှင့် သူ၏​တပ်သည် သူတို့ကို မြို့တစ်မြို့မှ​တစ်မြို့သို့ လိုက်ကြ၏၊ လေဟိနှင့် တေအန်ကမ်တို့ တွေ့သည့်​တိုင်အောင်ပင်တည်း။ လာမန်​အမျိုးသားတို့​သည်လည်း ပင်လယ်​ကမ်းနား​အနီး နယ်နိမိတ်​အရပ်တို့၌​ပင်ဆင်း၍၊ မော်ရော်နိုင်း​ပြည်သို့ ရောက်လာသည့်​တိုင်အောင် လေဟိနှင့် တေအန်ကမ်တို့​ထံမှ ထွက်​ပြေးကြ၏။

၃၃ လာမန်​အမျိုးသားတို့၏​တပ်များ​သည်လည်း အားလုံး​အတူတကွ​စုဝေးသဖြင့်၊ မော်ရော်နိုင်း​ပြည်၌ အုပ်စု​တစ်စုတည်း​ရှိကြ၏။ ယခုတွင်၊ လာမန်​အမျိုးသားတို့၏ မင်းကြီး​အမ်မော်ရုန်​သည်လည်း သူတို့နှင့်​အတူ​ရှိ၏။

၃၄ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ မော်ရော်နိုင်း၊ လေဟိနှင့် တေအန်ကမ်​တို့သည် သူတို့၏​တပ်များနှင့်​အတူ၊ မော်ရော်နိုင်း​ပြည်၏ နယ်နိမိတ်​ပတ်ဝန်း​ကျင်တို့၌ စခန်းချသဖြင့်၊ လာမန်​အမျိုးသားတို့သည် တောင်ဘက်​အရပ်တွင် တောရိုင်း​အနီး​နယ်နိမိတ်တို့၌​လည်းကောင်း၊ အရှေ့​ဘက်​အရပ်တွင် တောရိုင်း​အနီး​နယ်နိမိတ်တို့၌​လည်းကောင်း ဝိုင်းပတ်​ထား ခံရကြ၏။

၃၅ ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် ညဉ့်​အချိန်၌ စခန်း​ချကြ၏။ အကြောင်းမူကား၊ ရှုလော့၊ နီဖိုင်း​အမျိုးသားတို့နှင့်၊ လာမန်​အမျိုး​သားတို့​သည်လည်း ဝေးစွာ​ချီတက်​ရခြင်းကြောင့် မော​ပန်းကြ၏။ ထို့ကြောင့်၊ သူတို့​သည်လည်း တေအန်ကမ်​မှတစ်ပါး၊ ညဉ့်​အချိန်၌ အဘယ်​ဥပါယ်တံ​မျဉ်ကိုမျှ မဆုံး​ဖြတ်ကြ။ အကြောင်းမူကား၊ သူသည် အမ်မော်ရုန်ကို လွန်စွာ​အမျက်​ထွက်၏။ အမ်မော်ရုန်နှင့် သူ၏​အစ်ကို အာမလိခိယတို့မှာ၊ အလွန်​များစွာသော​စစ်တိုက်ခြင်းနှင့် အသွေး​သွန်းလောင်းခြင်း၊ ထိုမှတစ်ပါး၊ အလွန်​များစွာသော ငတ်မွတ်​ခေါင်းပါးခြင်း​ဘေးတို့၏ အကြောင်း​ရင်း​ဖြစ်သည့်၊ သူတို့နှင့် လာမန်​အမျိုးသားတို့​ကြားရှိ ကြီးမား၍၊ တာရှည်သည့်​စစ်တိုက်ခြင်း၏ အကြောင်း​ရင်း​ဖြစ်လေ​ပြီဟု မှတ်ယူ​သောကြောင့်​ပင်တည်း။

၃၆ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ တေအန်ကမ်သည် အမျက်​ထွက်၍ လာမန်​အမျိုးသားတို့၏​တပ်​စခန်း​အတွင်းသို့ ထွက်​သွား၏၊ မြို့တံတိုင်းများ​ပေါ်မှ ဆင်း၏။ ကြိုး​တစ်ချောင်းဖြင့် တစ်နေရာမှ တစ်နေရာသို့​သွား၍၊ မင်းကြီးကို တွေ့လျှင်၊ လှံတိုနှင့်​ပစ်ရာ နှလုံး​အနီး​သို့စူး၏။ သို့ရာတွင်၊ ရှုလော့၊ မင်းကြီးသည် မသေမီ၊ သူ့ကျွန်တို့ကို နှိုးသဖြင့် သူတို့​သည်လည်း တေအန်ကမ်ကို လိုက်၍ ကွပ်မျက်ကြ၏။

၃၇ ယခုတွင်၊ အချိန်တန်​လာသော​အခါ၊ လေဟိနှင့် မော်ရော်နိုင်းသည် တေအန်ကမ်​သေသည်ကို သိရလျှင်၊ အလွန်​ဝမ်းနည်းကြ၏။ အကြောင်းမူကား၊ ရှုလော့၊ သူသည်ကား၊ သူ၏​တိုင်းပြည်​အတွက်၊ ရဲရင့်စွာ​တိုက်ခိုက်​ခဲ့သူ​တစ်ဦး​ဖြစ်၏။ ထိုမှတစ်ပါး၊ လွတ်လပ်ခြင်း၌ စစ်​မှန်သော​အဆွေ​ခင်ပွန်း​တစ်ဦး​ဖြစ်၏။ အလွန်​ပြင်းထန်သော ဆင်းရဲ​ဒုက္ခ​များစွာတို့ကို ခံစား​ရ၏။ သို့ရာတွင်၊ ရှုလော့၊ သူသေ၍ မြေကြီး​ပေါ်၌ နေထိုင်သူ​ခပ်သိမ်းတို့၏ သွားရာ​လမ်းသို့ သွားလေပြီ။

၃၈ ယခုတွင်၊ အချိန်တန်​လာသော​အခါ၊ မော်ရော်နိုင်းသည် နက်ဖြန်​နေ့၌ ရှေ့သို့​ချီတက်၍ လာမန်​အမျိုးသားတို့​ထံသို့​ရောက်၍၊ သူတို့ကို ကြီးစွာသော​သိမ်းရုံး​သတ်ဖြတ်ခြင်းဖြင့် ကွပ်မျက်ကြ၏။ ထိုပြည်မှလည်း နှင်ထုတ်​ကြ၏။ သူတို့​သည်လည်း ထွက်​ပြေး၍၊ ထိုအချိန်တွင် နီဖိုင်း​အမျိုးသားတို့​ထံသို့ ပြန်၍​ပင်​မလာကြ။

၃၉ ထိုကဲ့သို့​အားဖြင့်၊ နီဖိုင်း​လူမျိုးတို့​အပေါ်​တရား​သူကြီးများ​အုပ်စိုးခြင်း သုံးဆယ်​တစ်​နှစ်မြောက် ပြီးဆုံး၏။ ထိုကဲ့သို့​အားဖြင့်၊ သူတို့၌ နှစ်ပေါင်း​များစွာ​ကြာအောင်၊ စစ်တိုက်ခြင်းများ၊ အသွေး​သွန်း​လောင်းခြင်းများ၊ ငတ်မွတ်​ခေါင်းပါးခြင်း​ဘေးနှင့် ဆင်းရဲ​ဒုက္ခ​ရှိလေ၏။

၄၀ နီဖိုင်း​လူမျိုးတို့၌ လူ့​အသက်ကို​သတ်ခြင်းများ၊ တိုက်ခိုက်ခြင်းများ၊ ငြင်းခုံခြင်းများနှင့် အမျိုးမျိုးသော​ဒုစရိုက်များလည်း ရှိလေ၏။ သို့သော်လည်း၊ ဖြောင့်မတ်သော​သူတို့၏​အကျိုး​အတွက်၊ အထူးသဖြင့်၊ ဖြောင့်မတ်သော​သူတို့၏​ဆုတောင်းခြင်း​များ​ကြောင့်၊ သူတို့သည် ချမ်းသာ​ရကြ၏။

၄၁ သို့ရာတွင်၊ ရှုလော့၊ နီဖိုင်း​အမျိုးသားတို့နှင့် လာမန်​အမျိုးသားတို့ကြား၌ စစ်တိုက်ခြင်း၏​အလွန်​တာရှည်သော​အချိန်ကြောင့်၊ များစွာသော​သူတို့သည် မာကျော​လာကြ၏။ စစ်တိုက်ခြင်း၏​အလွန်​တာရှည်သော​အချိန်​ကြောင့်ပင်​ဖြစ်၏။ များစွာသော​သူတို့မှာ ဆင်းရဲ​ဒုက္ခများကြောင့် ပျော့​ပျောင်း​လာ၍၊ ဘုရားသခင်​ရှေ့၌ သူတို့ကိုယ်​သူတို့ နက်လှစွာ​သော​နှိမ့်ချခြင်းဖြင့်ပင် နှိမ့်ချကြ၏။

၄၂ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ မော်ရော်နိုင်းသည် လာမန်​အမျိုးသားတို့​ရန်မှ အကာ​အကွယ်​အမဲ့​ဆုံးဖြစ်သော ထိုပြည်၏​အရပ်တို့ကို လုံလုံ​လောက်လောက်​အားကြီးသည့်​တိုင်အောင်၊ အင်အား​ခိုင်မာ​စေပြီးနောက်၊ ဇရဟင်မလ​မြို့သို့ ပြန်​လာ၏။ ဟေလမန်​သည်လည်း၊ သူ၏​အမွေ​ခံရာ​အရပ်သို့ ပြန်လာ၏။ နီဖိုင်း​လူမျိုးတို့၌ ငြိမ်းချမ်းခြင်းကို နောက်တစ်ကြိမ်ထပ်၍ တည်ဆောက်ခြင်း ရှိ၏။

၄၃ မော်ရော်နိုင်း​သည်လည်း မိမိတပ်များအား အုပ်ချုပ်​ကွပ်ကဲခွင့်ကို သူ၏သား မော်ရော်နိဟ​အမည်​ရှိသော​သူ၏​လက်ထဲသို့ ပေးအပ်၏။ သူ့​အသက်​တာ၏ကျန်ကြွင်းချိန်ကို ငြိမ်းချမ်းစွာ ကုန်​လွန်နိုင်​စေခြင်းငှာ၊ မိမိအိမ်သို့ ပြန်၍​အနား​ယူ၏။

၄၄ ပါဟောရန်​သည်လည်း သူ၏​တရား​ပလ္လင်သို့ ပြန်သွား၏။ ဟေလမန်​သည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လူတို့အား ဟောပြောခြင်းငှာ၊ သူ့အပေါ်၌ တစ်ဖန်​ခံယူ၏။ အကြောင်းမူကား၊ အလွန်​များစွာသော စစ်တိုက်ခြင်း​များနှင့် ရန်တွေ့ခြင်း​များကြောင့်၊ အသင်းတော်၌ စည်းမျဉ်း​တစ်ခုကို တစ်ဖန်​ပြုဖို့ရာ မရှိ​မဖြစ်​လိုအပ်​လာ၏။

၄၅ ထို့ကြောင့်၊ ဟေလမန်နှင့် သူ၏​ညီအစ်ကို​တို့သည် ထွက်​သွား၍၊ ဘုရားသခင်၏​နှုတ်​ကပတ်တော်ကို များစွာသော​တန်ခိုးဖြင့်​ဟော​ပြောလျက်၊ များစွာသော​လူတို့ကို သူတို့၏​ဆိုးညစ်ခြင်း​အကြောင်း နားသွင်းခြင်းက၊ သူတို့​အပြစ်များမှ​နောင်တရ၍ သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်​ထံသို့ ဗတ္တိဇံ​ခံစေ၏။

၄၆ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် ထိုပြည်​တစ်လျှောက်လုံး၌ ဘုရားသခင်၏​အသင်းတော်ကို တစ်ဖန် တည်​ထောင်​ကြ၏။

၄၇ ထိုမှတစ်ပါး၊ ဥပဒေနှင့်​စပ်လျဉ်း၍၊ စည်းမျဉ်းတို့ကိုလည်း ပြု၏။ သူတို့၏ တရား​သူကြီးများနှင့် တရား​သူ​ကြီးချုပ်တို့သည်လည်း ရွေး​ကောက်ခံရ​ကြ၏။

၄၈ နီဖိုင်း​လူမျိုးတို့​သည်လည်း ထိုပြည်၌ တစ်ဖန်​အောင်မြင်​စပြု၏၊ ထိုပြည်၌ တစ်ဖန် ပွားများ​စပြုလျက်၊ အလွန်​အင်အားကြီး​စပြု​လာ၏။ အလွန်​ကြွယ်ဝ​ဖွံ့​ဖြိုး​စလည်း​ပြု၏။

၄၉ သို့ရာတွင်၊ သူတို့၏​စည်းစိမ်​ဥစ္စာများ၊ သို့မဟုတ် သူတို့၏​ခွန်အား၊ သို့မဟုတ် သူတို့၏​အောင်မြင်ခြင်း ရှိသော်​ငြားလည်း သူတို့၏​မာန​မျက်လုံး​များ​ဖြင့်​ဘဝင်​မမြင့်ကြ။ သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်ကို အောက်မေ့ရန်လည်း မနှေးကွေး​ကြ။ ရှေ့တော်၌ သူတို့​ကိုယ်​သူတို့​လွန်စွာ နှိမ့်ချခြင်းသာရှိ​ကြ၏။

၅၀ ထိုမှတစ်ပါး၊ သူတို့​အတွက် အဘယ်သို့​ကြီးစွာသော​အမှုများကို ကိုယ်တော်ရှင် ပြု​တော်မူ​လေကြောင်း၊ သူတို့ကို သေခြင်းမှ​လည်းကောင်း၊ အနှောင်​အဖွဲ့များမှ​လည်းကောင်း၊ အကျဉ်း​ထောင်များမှ​လည်းကောင်း၊ အမျိုးမျိုးသော​ဆင်းရဲ​ဒုက္ခများမှ​လည်းကောင်း သူ​ကယ်လွှတ်​တော်မူ​လေပြီးလျှင်၊ သူတို့​ရန်သူများ၏​လက်မှ ကယ်လွှတ်​တော်မူ​လေကြောင်း​ကို​လည်း သတိ​ရကြ၏။

၅၁ ထို့အတူ၊ သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်​ထံသို့ အစဉ်​မပြတ် ဆုတောင်း၍၊ ကိုယ်တော်ရှင်က သူ၏​ကတိ​အတိုင်း သူတို့ကို ကောင်းချီး​ပေးတော်မူသဖြင့် သူတို့သည် ထိုပြည်၌ အားကြီးလျက် အောင်မြင်​လာကြ၏။

၅၂ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဤအရာခပ်သိမ်းတို့ ဖြစ်​ပျက်လေ၏။ နီဖိုင်း​လူမျိုးတို့​အပေါ် တရား​သူကြီးများ​အုပ်စိုးခြင်း သုံးဆယ်ငါး​နှစ်မြောက်တွင် ဟေလမန်သေ၏။