ကျမ်းစာများ
အယ်လမာ ၃၆


အယ်လမာမှ သူ၏သား ဟေလမန်သို့ မိန့်မှာချက်များ

အခန်းကြီး ၃၆ နှင့် ၃၇ ဖွဲ့စည်းပါဝင်၏။

အခန်းကြီး ၃၆

အယ်လမာသည် ကောင်းကင်​တမန်​တစ်ပါးကို မြင်​ပြီးနောက်၌​ဖြစ်သည့် မိမိပြောင်းလဲခြင်းကို ဟေလမန်အား သက်သေ​ခံ၏—သူသည် အပြစ်​စီရင်​ခံရသော စိတ်ဝိညာဉ်၏ နာကျင်မှုများကို ခံစားရ၏။ သူသည် ယေရှု၏ နာမတော်ကို ပဌနာ​ပြုပြီးနောက်၊ ဘုရားသခင်​ဖြစ်​ဖွားစေ​တော်မူသောသူ ဖြစ်လေ၏—သာယာသော​ဝမ်းမြောက်ခြင်းက သူ၏​စိတ်ဝိညာဉ်ကို ပြည့်စေ၏—သူသည် ဘုရားသခင်ကို ချီးမွမ်းလျက်​ရှိသည့် ကောင်းကင်​တမန်​အစုအဝေးကို မြင်၏—များစွာသော​ပြောင်းလဲ​သူတို့သည် သူတွေ့ကြုံရ၊ မြင်ရသကဲ့သို့ တွေ့ကြုံရ၊ မြင်ရလေ၏။ ဘီစီ ၇၄ ခန့်။

ငါ့သား၊ ငါ၏​စကားများကို နားညောင်းလော့။ အကြောင်းမူကား၊ သင်သည် ဘုရားသခင်၏​ပညတ်တော်များကို စောင့်ထိန်းသမျှ ထိုပြည်၌​အောင်မြင်လိမ့်မည်​ဖြစ်ကြောင်း သင့်အား ငါ​ကျိန်ဆို၏။

ငါတို့၏​ဘိုးဘေးတို့​ဖမ်းဆီး​ချုပ်နှောင်​ခံရခြင်းအား သတိရခြင်းကို ငါ​ပြုလေသကဲ့သို့ သင်​ပြုစေရန် ငါ​အလို​ရှိ၏။ အကြောင်းမူကား၊ သူတို့သည် ကျွန်ခံရာ၌​ရှိ၍၊ အာဗြဟံ၏​ဘုရားသခင်၊ ဣဇာက်၏​ဘုရားသခင်၊ ယာကုပ်၏​ဘုရားသခင်​မှတစ်ပါး၊ အဘယ်သူကမျှ သူတို့ကို မကယ်လွှတ်နိုင်ခဲ့။ သူတို့​ဆင်းရဲ​ဒုက္ခရောက်စဉ်၌ ဧကန်အမှန် ကယ်လွှတ်​တော်မူခဲ့၏။

ယခုမူကား၊ အို ငါ့သား ဟေလမန်၊ ရှုလော့၊ သင်သည် ငယ်ရွယ်​နုပျို၏။ ထို့ကြောင့်၊ ငါ၏​စကားများကို ကြားနာ၍ ငါ့ထံမှ သင်ယူမည့်​အကြောင်း သင့်ကို ငါတိုးလျှိုးတောင်း​ပန်၏။ အကြောင်းမူကား၊ ဘုရားသခင်ကို ကိုးစားသော​သူမှန်သမျှ သူတို့၏​စုံစမ်း​ခံရခြင်းများ၊ သူတို့၏​ဒုက္ခများ၊ သူတို့၏​ဆင်းရဲ​ဒုက္ခများ​ကျရောက်ချိန်၌ ထောက်မ​တော်မူခြင်း​ခံရ၍၊ နောက်ဆုံးသော​နေ့ ၌ ချီးမြှောက်​တော်မူခြင်း ခံရလိမ့်မည်​ဖြစ်ကြောင်း ငါ​အမှန်​သိ၏။

သင်သည် ကိုယ်အလို​အလျောက် သိသည်ဟု ထင်​မှတ်စေရန် ငါ​အလိုမရှိ—ဇာတိ​ပကတိ​အားဖြင့်​မဟုတ် ဝိညာဉ်ပကတိ​အားဖြင့်သာ​သိ၏။ လောကီ​စိတ်​အားဖြင့်​မဟုတ်၊ ဘုရားသခင်​အားဖြင့်သာ သိ၏။

ယခုတွင်၊ ရှုလော့၊ ငါ​ဆိုသည်ကား၊ ငါ့ကို ဘုရားသခင်​ဖြစ်ဖွားစေ​တော်မူခြင်း မရှိလေလျှင်၊ ဤအရာတို့ကို သိ​ရမည်မဟုတ်။ သို့ရာတွင်၊ ဘုရားသခင်​သိတော်မူလေပြီ။ ငါကိုယ်တိုင်၏​ထိုက်တန်ခြင်း တစ်စုံ​တစ်ခုကြောင့်​မဟုတ်၊ သူ၏​သန့်ရှင်းသော ကောင်းကင်​တမန်တို့၏​နှုတ်အားဖြင့်၊ ဤအရာတို့ကို ငါ့အား ဖော်ပြ​တော်မူခဲ့လေပြီ။

အကြောင်းမူကား၊ ငါသည် ဘုရားသခင်၏​အသင်းတော်ကို ဖျက်ဆီးခြင်းငှာ၊ မောဇိယ၏​သားများနှင့် သွားခဲ့၏။ သို့ရာတွင်၊ ရှုလော့၊ ဘုရားသခင်သည် ငါတို့ကို ရပ်တန့်စေရန်၊ သူ၏​သန့်ရှင်းသော​ကောင်းကင်​တမန်ကို လမ်းတစ်လျှောက်၌ စေလွှတ်​တော်မူခဲ့၏။

ရှုဦးလော့၊ သူသည် ငါတို့ကို မိုးချုန်းသံကဲ့သို့​၊ မြွက်ဆို​လေသဖြင့်၊ ငါတို့​ခြေအောက်ရှိ မြေကြီး​တစ်ခုလုံး​တုန်၏။ ငါတို့​အားလုံးသည်လည်း မြေကြီးသို့ လဲကျခဲ့ကြ၏၊ အကြောင်းမူကား ကိုယ်တော်ရှင်ကို ကြောက်ရွံ့ခြင်းသည် ငါတို့​အပေါ် ကျရောက်​လာခဲ့၏။

သို့ရာတွင်၊ ရှုလော့၊ အသံက ငါ့ကို ထလော့ဟု မြွက်ဆို၏။ ငါသည်လည်း ထ၍​ရပ်လျှင်၊ ကောင်းကင်​တမန်ကို မြင်၏။

သူကလည်း ငါ့ကို မြွက်ဆိုသည်ကား၊ သင်သည် ကိုယ်တိုင် ဖျက်ဆီးခြင်း ခံလိုသော်လည်း၊ ဘုရားသခင်၏​အသင်းတော်ကို ဖျက်ဆီးရန် မကြိုးစားတော့နှင့်။

၁၀ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ငါသည် မြေကြီးသို့ လဲကျခဲ့၏။ သုံးရက်နှင့် သုံးည​ကြာအောင်ပင်၊ ငါ၏​နှုတ်ကို မဖွင့်နိုင်ခဲ့၊ ငါ၏​ခြေလက်တို့ကိုလည်း အသုံး​မပြုနိုင်ခဲ့။

၁၁ ကောင်းကင်​တမန်က ငါ့အား ထပ်၍​ပြောသည့်​အရာတို့ကိုလည်း ငါ၏​ညီအစ်ကိုတို့​ကြား၏။ သို့ရာတွင်၊ ထိုအရာတို့ကို ငါမကြား။ အကြောင်းမူကား—သင်သည် ကိုယ်တိုင် ဖျက်ဆီးခြင်းကို​ခံလိုသော်လည်း၊ ဘုရားသခင်၏​အသင်းတော်ကို ဖျက်ဆီးရန် မကြိုးစားတော့နှင့်—ဟူသော စကားကို ငါ​ကြားရသော​အခါ၊ ငါသည် ဖျက်ဆီး​ခံရကောင်း​ခံရနိုင်သည်ဟု စိုးရိမ်၍၊ ထိုမျှ​လောက်​ကြီးစွာသော ကြောက်ရွံ့ခြင်းနှင့် အံ့အား​သင့်ခြင်းတို့ဖြင့် စိတ်ထိ​ခိုက်၍၊ မြေကြီးသို့ လဲကျသဖြင့်၊ မကြားရတော့။

၁၂ သို့ရာတွင်၊ ငါသည် ထာဝရ​စိတ်ဆင်းရဲ​ကိုယ်ဆင်းရဲ​ဖြစ်ခြင်းဖြင့် နှိပ်စက်​ခံရ၏။ အကြောင်း​မူကား၊ ငါ၏​စိတ်ဝိညာဉ်သည် ငါ၏​ခပ်သိမ်းသော​အပြစ်တို့​အားဖြင့် အကြီး​မားဆုံးသော ပမာဏ​အထိ ညှဉ်းပန်း​ခံရ၏။

၁၃ ထိုမှတစ်ပါး၊ ငါ၏​ခပ်သိမ်းသော​အပြစ်များနှင့် ဒုစရိုက်များကို ငါ​အောက်မေ့၏။ ထိုအမှုကြောင့်၊ ငရဲ၏​နာကျင်မှုများဖြင့် စိတ်ဆင်းရဲ​ကိုယ်ဆင်းရဲ​ဖြစ်ရ၏။ ထိုမှတစ်ပါး၊ ငါသည် ငါ၏​ဘုရားသခင်ကို ဆန့်ကျင်၍ ပုန်ကန်ကြောင်းနှင့် သူ၏သန့်ရှင်းသော ပညတ်တော်များကို မစောင့်ထိန်း​ကြောင်းကိုလည်း သိ၏။

၁၄ ထိုမှတစ်ပါး၊ ငါသည် သူ၏​သားသမီး​များစွာတို့ကို သတ်ခဲ့၊ သို့မဟုတ်၊ သူတို့ကို ပျက်စီးခြင်းသို့​တိုင်အောင် လှည့်ဖြား​ခေါ်ဆောင်​သွားခဲ့၏။ ထိုမှတစ်ပါး၊ အချုပ်​အားဖြင့်၊ ငါ၏​ဒုစရိုက်တို့​သည်ကား၊ အလွန်​ကြီးမားလေ​ပြီဖြစ်၍ ဘုရားသခင်၏​မျက်မှောက်သို့ ဝင်ရောက်ခြင်းဟူသည့် ငါ၏​အဆုံး​စွန်သော အတွေးက ငါ၏​စိတ်ဝိညာဉ်ကို ပြောမပြတတ်​အောင်ဖြစ်သော ထိတ်လန့်ခြင်းဖြင့် နှိပ်စက်၏။

၁၅ အို ငါသည် ငါ၏​အကျင့်များ​အတိုင်း တရားစီရင်ခံရစေရန် ဘုရားသခင်၏​မျက်မှောက်၌ ရပ်ရန် ပို့ဆောင် မခံရနိုင်​စေကြောင်း၊ နှင်ထုတ်​ခံရပြီးလျှင်၊ စိတ်ဝိညာဉ်နှင့် ကိုယ်ခန္ဓာ နှစ်ခုစလုံး​ဆိတ်သုဉ်း​ပါစေဟု တွေးမိပြီ။

၁၆ ယခုမူကား၊ ငါသည် အပြစ်​စီရင်ခံရသော စိတ်ဝိညာဉ်၏​နာကျင်မှုများနှင့်​ကဲ့သို့ပင် သုံးရက်နှင့် သုံးည​ကြာအောင် နှိပ်စက်​ခံရ၏။

၁၇ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ငါ၏​အပြစ်​များစွာတို့ကို အမှတ်​ရှိခြင်း​အားဖြင့် ငါညှဉ်းပန်း​ခံရသော​အချိန်၌ ထိုကဲ့သို့သော စိတ်ဆင်းရဲ​ကိုယ်ဆင်းရဲ​ဖြစ်ခြင်းဖြင့် နှိပ်စက်ခံရ​စဉ်တွင် ရှုလော့၊ လောကီ​သားတို့၏​အပြစ်များ​အတွက် အပြစ်​ဖြေခြင်းငှာ၊ ဘုရားသခင်၏​သားတော် ယေရှုခရစ်တော်၏ ကြွလာတော်မူခြင်း​အကြောင်းနှင့်​စပ်လျဉ်း၍၊ လူတို့အား၊ ငါ့​အဘ၏​ပရောဖက်ပြု၍​ဟောခြင်းကို ကြားရသည်ကိုလည်း အောက်မေ့၏။

၁၈ ယခုတွင်၊ ငါ၏​စိတ်က ဤအတွေးအပေါ် အာရုံစိုက်မိသော​အခါ၊ ငါ၏​စိတ်နှလုံး၌ တောင်းလျှောက်သည်ကား၊ အို ဘုရားသခင်၏ သားတော်ယေရှု၊ ခါးစွာသော သည်းခြေ၌ရှိ၍၊ သေခြင်း၏ ထာဝရ​တည်မြဲသော​သံကြိုးများဖြင့် ရစ်ပတ်​ထားခံရသည့် အကျွန်ုပ်ကို ကရုဏာထား​တော်မူပါ။

၁၉ ယခုမူကား၊ ရှုလော့၊ ငါသည် ဤသို့​တွေးမိ​ပြီးနောက်၊ ငါ၏​နာကျင်မှုများကို မအောက်မေ့နိုင်တော့။ ထိုမှတစ်ပါး၊ ငါ့​အပြစ်များကို အမှတ်​ရှိခြင်း​ဖြင့် ညှဉ်းပန်း​ခံရခြင်း မရှိတော့။

၂၀ အို ဝမ်းမြောက်​ပေစွတကား၊ ငါမြင်ရသည့်​အလင်းသည် အံ့ဩဖွယ်​ကောင်းပေစွတကား၊ ထိုမှတစ်ပါး၊ ငါ၏​စိတ်ဝိညာဉ်သည် ငါ၏​နာကျင်မှုနှင့် လွန်စွာ​ပြည့်သကဲ့သို့ပင် ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံ​ပေစွတကား။

၂၁ ထိုမှတစ်ပါး၊ သင့်ကို ငါဆိုသည်ကား၊ ငါ့သား၊ ငါ၏​နာကျင်မှုများကဲ့သို့ အလွန်​ထူးကဲ၍၊ အလွန်​ခါးလေသော​အရာ တစ်စုံ​တစ်ခုမျှ မရှိနိုင်။ ထိုမှတစ်ပါး၊ သင့်ကို ငါ​တစ်ဖန်​ဆိုသည်ကား၊ ငါ့သား၊ အခြား တစ်ဖက်တွင်၊ ငါ၏​ဝမ်းမြောက်ခြင်းကဲ့သို့ အလွန်​ထူးကဲ၍၊ သာယာသော​အရာ တစ်စုံ​တစ်ခုမျှ​မရှိနိုင်။

၂၂ ထိုမှတစ်ပါး၊ ငါတို့​အဘ​လေဟိ​မြင်သကဲ့သို့ပင်၊ ဘုရားသခင်သည် သူ၏​ပလ္လင်တော်ပေါ်၌ ထိုင်တော်မူလျက်၊ မရေမတွက်နိုင်သော ကောင်းကင်​တမန်​အစုအဝေးတို့က သူတို့၏​ဘုရားသခင်အား ဝန်းရံ၍ ချီမွမ်း၊ ထောမနာ​သီချင်းဆိုလျက်​ရှိသည်ကို ငါမြင်ရသည်ဟု ထင်မိ၏။ ထိုမှတစ်ပါး၊ ငါ၏​စိတ်ဝိညာဉ်ကလည်း ထိုနေရာ၌ နေလို၏။

၂၃ သို့ရာတွင်၊ ရှုလော့၊ ငါ၏​ခြေလက်တို့သည် တစ်ဖန်​အင်အား​ရရှိ၍၊ ငါသည် ခြေပေါ်မှာ​ရပ်၍ ငါ့ကို ဘုရားသခင်​ဖြစ်ဖွား​စေတော်မူလေကြောင်း လူတို့အား ထင်ရှားစွာ ပြ၏။

၂၄ ထိုမှတစ်ပါး၊ ယင်းအချိန်မှ​စ၍ ယခု​အထိ​တိုင်အောင်ပင်၊ ငါသည် မရပ်​မနားဘဲ​အလုပ်လုပ်လေ​သည်ကား၊ လူတို့ကို နောင်တရခြင်းသို့ ဆောင်ယူနိုင်​စေကြောင်း၊ ငါ​တွေ့ကြုံခဲ့သည့် အလွန်​ဝမ်းမြောက်ခြင်းကို ကြုံစေရန် သူတို့ကိုဆောင်ယူနိုင်​စေကြောင်း၊ သူတို့ကိုလည်း ဘုရားသခင်​ဖြစ်ဖွား​စေတော်မူ၍ သန့်ရှင်းသော​ဝိညာဉ်တော်နှင့် ပြည့်နိုင်ကြ​စေကြောင်းတို့ပေတည်း။

၂၅ ထိုမှတစ်ပါး၊ ယခုမူကား၊ ရှုလော့၊ အို ငါ့သား၊ ကိုယ်တော်ရှင်သည် ငါ့အား ငါ့လုပ်အား၏ အသီး​အပွင့်၌ အလွန်​ကြီးစွာသော​ဝမ်းမြောက်ခြင်းကို ပေးတော်မူ၏။

၂၆ အကြောင်းမူကား၊ ငါ့ကို သူ​ပေးတော်မူခဲ့သော နှုတ်ကပတ်တော်ကြောင့်၊ ရှုလော့၊ များစွာသော​သူတို့ကို ဘုရားသခင်​ဖြစ်ဖွား​စေတော်မူလေပြီ။ ထို့အတူ၊ ငါတွေ့ကြုံလေသည့်​အတိုင်း တွေ့ကြုံ၍၊ ငါ​မြင်လေသည့်​အတိုင်း ကိုယ်တိုင်​မြင်ရကြလေပြီ။ ထို့ကြောင့်၊ သူတို့သည် ငါ​ပြောလေသည့် ဤအရာများ​အကြောင်းကို ငါသိသည့်​အတိုင်း သိကြ၏။ ငါ့၌ ရှိသည့် အသိပညာ​သည်လည်း ဘုရားသခင်ထံမှ ဖြစ်လေသတည်း။

၂၇ ငါသည် စုံစမ်း​ခံရခြင်းများနှင့် ဒုက္ခအမျိုးမျိုး​ရှိစဉ်၌၊ ထိုမှတစ်ပါး၊ အမျိုးမျိုးသော​ဆင်းရဲ​ဒုက္ခများ​ရောက်စဉ်၌ ထောက်မတော်မူခြင်းကို ရလေပြီ။ ထိုမှတစ်ပါး၊ ဘုရားသခင်သည် ငါ့ကို ထောင်ထဲမှလည်းကောင်း၊ အချည်​အနှောင်များမှ​လည်းကောင်း၊ သေခြင်းမှ​လည်းကောင်း ကယ်လွှတ်​တော်မူလေ၏။ အကြောင်းမူကား၊ ငါသည် သူ့ကို ကိုးစားသဖြင့်၊ ငါ့ကို ယခု​တိုင်အောင် ကယ်လွှတ်​တော်မူလိမ့်မည်။

၂၈ ထို့အတူ၊ ငါ့ကို သူနှင့်​အတူ ဘုန်းတော်၌ နေထိုင်​စေခြင်းငှာ၊ နောက်ဆုံးသော​နေ့၌ ချီးမြှောက်​တော်မူလိမ့်မည်။ ထိုမှတစ်ပါး၊ ငါသည်လည်း သူ့ကို ကာလ​အစဉ်အဆက် ချီးမွမ်းမည်။ အကြောင်းမူကား၊ သူသည် ငါတို့​ဘိုးဘေးတို့ကို အဲဂုတ္တု​ပြည်မှ ဆောင်တော်မူ၍၊ အဲဂုတ္တု​လူတို့ကို ဧဒုံပင်လယ်ထဲ၌ နှစ်မြှုပ်ခဲ့၏။ ငါတို့​ဘိုးဘေးတို့ကို သူ၏​တန်ခိုးတော်​အားဖြင့် ကတိတော်​မြေထဲသို့လည်း ပို့ဆောင်တော်မူခဲ့၏။ ထိုမှတစ်ပါး၊ သူတို့ကို ကျွန်ခံရာနှင့် ဖမ်းဆီး​ချုပ်နှောင်ခြင်းတို့မှ အချိန်နှင့်​အမျှ ကယ်လွှတ်​တော်မူခဲ့၏။

၂၉ ထိုမှတစ်ပါး၊ သူသည် ငါတို့​ဘိုးဘေးတို့ကို ယေရုရှလင်​နယ်မြေမှလည်း ဆောင်တော်မူခဲ့၏။ သူတို့ကို ကျွန်ခံရာနှင့် ဖမ်းဆီး​ချုပ်နှောင်ခြင်းတို့မှလည်း သူ၏​ထာဝရ​တည်မြဲသော တန်ခိုးတော်​အားဖြင့် မျက်မှောက်​ကာလ​အထိပင်၊ အချိန်နှင့်​အမျှ ကယ်လွှတ်​တော်မူခဲ့၏။ ငါ​သည်လည်း သူတို့​ဖမ်းဆီး​ချုပ်နှောင်​ခံရခြင်းကို အောက်မေ့ခြင်းဖြင့် အစဉ်​သတိရလေပြီ။ ထိုမှတစ်ပါး၊ သင်သည် သူတို့​ဖမ်းဆီး​ချုပ်နှောင်ခံရခြင်းကို ငါကဲ့သို့ပင် အောက်မေ့ခြင်းဖြင့် သတိရ​သင့်ပေ၏။

၃၀ သို့ရာတွင်၊ ရှုလော့၊ ငါ့သား၊ ဤအရာ​သည်ကား၊ အလုံးစုံ​မဟုတ်။ အကြောင်းမူကား၊ သင်သည် ဘုရားသခင်၏​ပညတ်တော်များကို စောင့်ထိန်းသမျှ ထိုပြည်၌ အောင်မြင်လိမ့်မည်​ဖြစ်ကြောင်းကို ငါ​သိသကဲ့သို့ သိသင့်၏။ သင်သည် ဘုရားသခင်၏​ပညတ်တော်များကို မစောင့်ထိန်းသမျှ သူ၏​မျက်မှောက်မှ ပယ်ရှင်းခံရ​လိမ့်မည်​ဖြစ်ကြောင်းကိုလည်း သိသင့်၏။ ယခုတွင်၊ ဤအမှု​သည်ကား၊ သူ၏​နှုတ်ကပတ်တော်​အတိုင်း ဖြစ်လေ​သတည်း။