ကျမ်းစာများ
အယ်လမာ ၂၃


အခန်းကြီး ၂၃

ဘာသာရေး​လွပ်လပ်ခွင့်ကို ကြေညာ၏—ပြည်ခုနစ်​ပြည်နှင့် မြို့များရှိ လာမန်​အမျိုးသားတို့ ပြောင်းလဲကြ၏—သူတို့ကိုယ်ကို အန္တိနီဖိုင်းလေဟိ​အမျိုးသားများဟု ခေါ်ကြ၏၊ ကျိန်ခြင်းမှလည်း လွတ်မြောက်ကြ၏—အာမလက်​လူတို့နှင့် အာမြူလုန်​အမျိုးသားတို့သည် သမ္မာတရားကို ငြင်းပယ်ကြ၏။ ဘီစီ ၉၀–၇၇ ခန့်။

ရှုလော့၊ ယခုတွင် အချိန်တန်​လာသော​အခါ၊ လာမန်​အမျိုးသားတို့၏ မင်းကြီးသည် မိမိလူမျိုး​ခပ်သိမ်းတို့၌ အမ္မုန်ကို​ဖြစ်စေ၊ အာရုန်ကို​ဖြစ်စေ၊ ဩမနာကို​ဖြစ်စေ၊ ဟိမနိကို​ဖြစ်စေ မဖမ်းဆီးရမည့်​အကြောင်း၊ ဘုရားသခင်၏​နှုတ်ကပတ်တော်ကို သွား၍ ဟောပြောမည့် သူတို့၏​ညီအစ်ကိုတို့မှ အဘယ်သူ့ကို​မဆို၊ သူတို့​အဘယ် နေရာ၌ ရှိသည်​ဖြစ်စေ၊ မိမိတို့​ပြည်၏​အဘယ်​အရပ်၌ ရှိသည်​ဖြစ်စေ၊ မဖမ်းဆီးရမည့်​အကြောင်း၊ ကြေညာချက်ကို ထုတ်ပြန်၏။

ထိုမှတစ်ပါး၊ သူတို့ကို ချည်နှောင်ရန်၊ သို့မဟုတ် ထောင်ထဲ၌​လှောင်ထားရန်၊ မဖမ်းဆီးရမည့်​အကြောင်း၊ သူတို့ကို တံတွေးဖြင့်​ထွေးခြင်း၊ ပြင်းစွာ​ရိုက်ခြင်း၊ မိမိတို့၏​တရားဇရပ်များမှ​နှင်ထုတ်ခြင်း၊ ရိုက်ပုတ်ခြင်း မပြုရမည့်​အကြောင်း၊ သူတို့ကို ကျောက်ခဲနှင့် မပစ်ရမည့်​အကြောင်း၊ သို့ရာတွင် မိမိတို့​အိမ်များ၊ မိမိတို့​ဗိမာန်တော်များနှင့် မိမိတို့ ဝတ်ပြုရာ​ဌာနများသို့ လွတ်လပ်စွာ​ဝင်ရောက်ခွင့် ရှိစေရမည့်​အကြောင်း စီရင်ချက်ကို ထုတ်ပြန်၏။

ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် အလို​ဆန္ဒ​ရှိသည့်​အတိုင်း သွား၍ ဟောပြောနိုင်ကြ၏။ အကြောင်းမူကား၊ မင်းကြီးနှင့် သူ၏​အိမ်သူ​အိမ်သားခပ်သိမ်းတို့သည် ကိုယ်တော်ရှင်ထံသို့ ပြောင်းလဲ​ကြလေပြီ။ ထို့ကြောင့်၊ သူ၏​လူမျိုးတို့ကို၊ သူတို့​ဘိုးဘေးတို့၏ ဆိုးညစ်သော​နည်း​ဥပဒေသများ​အကြောင်း နားသွင်းနိုင်​စေခြင်းငှာ​လည်းကောင်း၊ သူတို့​အားလုံးသည် ညီအစ်ကိုများ​ဖြစ်၍၊ လူ့အသက်ကို သတ်ခြင်း၊ လုယက်ခြင်း၊ ခိုးယူခြင်း၊ သူ့​သားမယားအား ပြစ်မှားခြင်းကို ကျူးလွန်ခြင်း၊ တစ်စုံ​တစ်ခုသော ဆိုးညစ်ခြင်းကို​ကျူးလွန်ခြင်း မပြုသင့်ကြောင်း၊ သူတို့ကို နားသွင်းနိုင်ခြင်းငှာ​လည်းကောင်း၊ ဘုရားသခင်၏​နှုတ်ကပတ်တော်ကို အဆီးအတား မရှိစေဘဲ၊ ထိုပြည်​တစ်လျှောက်သို့ ရောက်နိုင်​စေခြင်းငှာ၊ သူ၏​ကြေညာချက်ကို ထိုပြည်​တစ်လျှောက်ရှိ သူ၏​လူမျိုးတို့ဆီသို့ ထုတ်ပြန်၏။

ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ မင်းကြီး ဤကြေညာချက်ကို ထုတ်ပြန်​ပြီးလေလျှင်၊ အာရုန်နှင့် သူ၏​ညီအစ်ကိုတို့သည် တစ်မြို့မှ တစ်မြို့၊ ကိုးကွယ်ရာ​တစ်အိမ်မှ တခြား​တစ်အိမ်သို့ သွား၍၊ ထိုပြည်​တစ်လျှောက် လာမန်​အမျိုးသားတို့၌၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောရန်နှင့် သွန်သင်​ပေးရန် အသင်းတော်များကို တည်ထောင်၍၊ ယဇ်ပုရောဟိတ်များနှင့် ဆရာများကို ခန့်ထားလျက်​ရှိကြ၏။ ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် ကြီးစွာသော​အောင်မြင်မှုရရှိ​စပြု၏။

ထို့အတူ၊ ထောင်ပေါင်း​များစွာတို့သည် ကိုယ်တော်ရှင်အကြောင်းကို သိခြင်းပညာသို့ ဆောင်ခြင်းကို ခံရကြ၊ အမှန်စင်စစ်၊ ထောင်ပေါင်း​များစွာတို့သည် နီဖိုင်း​အမျိုးသားတို့၏ နည်း​ဥပဒေသများကို ယုံကြည်စေရန် ဆောင်ခြင်းကို ခံရကြ၏။ မျက်မှောက်​ကာလ​အထိပင် လက်ဆင့်​ကမ်း၍ ပေးလေသည့်​မှတ်တမ်းများနှင့် ပရောဖက်​ပြု​ဟောချက်များကိုလည်း သူတို့အား သွန်သင်​ပေးလေ၏။

ကိုယ်တော်ရှင် ဧကန်အမှန် အသက်​ရှင်တော်မူသည့်​အတိုင်း၊ များစွာသော​သူတို့ ယုံကြည်ကြ​သကဲ့သို့၊ သို့မဟုတ် ဗျာဒိတ်တော်နှင့် ပရောဖက်​ပြုဟောချက်​ဝိညာဉ်၊ ထို့အတူ၊ သူတို့၌ အလွန်​တရာ​အံ့ဩဖွယ်​အမှုတို့ကို ပြုတော်မူလျက်​ရှိသည့် ဘုရားသခင်၏​တန်ခိုးတော်တို့​အတိုင်း၊​အမ္မုန်နှင့် သူ့ညီအစ်ကိုတို့၏ ဟောပြောခြင်း​အားဖြင့်၊ များစွာသော​သူတို့သည် သမ္မာ​တရားကို သိခြင်းသို့ ဆောင်ခြင်း​ခံရသကဲ့သို့—ထိုမှတစ်ပါး၊ သင်တို့ကို ငါဆိုသည်ကား၊ ကိုယ်တော်ရှင် အသက်​ရှင်တော်မူသည့်​အတိုင်း၊ သူတို့၏ ဟောပြောခြင်းများကို ယုံကြည်၍ ကိုယ်တော်ရှင်ထံသို့ ပြောင်းလဲသည့် များစွာသော လာမန်​အမျိုးသားတို့သည် အဘယ်တော့မျှ၊ မရွေ့လျော့ မဖောက်​ပြန်ကြ။

အကြောင်းမူကား၊ သူတို့သည် ဖြောင့်မတ်သော​လူမျိုးများ ဖြစ်လာကြ၏။ သူတို့သည် မိမိတို့​ပုန်ကန်ရာ​လက်နက်များကို ချပြီး၊ ဘုရားသခင်ကို ဆန့်ကျင်၍​သော်​လည်း​ကောင်း၊ မိမိတို့၏​ညီအစ်ကို​တစ်ဦးကိုမျှလည်း ဆန့်ကျင်၍​သော်​လည်း​ကောင်း နောက်ထပ် တိုက်ခိုက်ခြင်း​မရှိတော့။

ယခုတွင်၊ ကိုယ်တော်ရှင်ထံသို့ ပြောင်းလဲ​လေသောသူ ဤသူတို့​သည်ကား၊

ဣရှမေလ​ပြည်၌​ရှိလေသည့် လာမန်​အမျိုးသားတို့၏​လူများ၊

၁၀ ထို့အတူ၊ မိဒေါနိ​ပြည်၌​ရှိလေသည့် လာမန်​အမျိုးသားတို့၏​လူများ၊

၁၁ ထို့အတူ၊ နီဖိုင်းမြို့ ၌​ရှိလေသည့် လာမန်​အမျိုးသားတို့၏​လူများ၊

၁၂ ထို့အတူ၊ ရှိလုမ်​ပြည်၌​ရှိလေသူ၊ ရှေမလုန်​ပြည်၌​ရှိလေသူ၊ လေမွေလ​မြို့ ၌​ရှိလေသူ၊ ရှိမနိလုမ်​မြို့ ၌​ရှိလေသူ လာမန်​အမျိုးသားတို့၏ လူများ​ဖြစ်လေ၏။

၁၃ ဤအရာတို့​သည်ကား၊ ကိုယ်တော်ရှင်ထံသို့ ပြောင်းလဲလေသည့် လာမန်​အမျိုးသားတို့၏ မြို့အမည်များ ဖြစ်၏။ ထို့အတူ၊ ဤသူတို့​သည်ကား၊ သူတို့၏​ပုန်ကန်ရာ​လက်နက်များ၊ အထူးသဖြင့်၊ သူတို့၏ ခပ်သိမ်းသော​စစ်တိုက်ရာ​လက်နက်များကို ချလေသူများ​ပေတည်း။ သူတို့​အားလုံးသည် လာမန်​အမျိုးသားများ ဖြစ်လေ၏။

၁၄ တစ်ဦးတည်းသော​သူမှတစ်ပါး၊ အာမလက်​လူများသည်​လည်းကောင်း၊ အာမြူလုန်​အမျိုးသားတို့မှ တစ်ဦးမျှသော်​လည်းကောင်း၊ မပြောင်းလဲပေ။ သို့ရာတွင်၊ သူတို့သည် မိမိတို့​စိတ်နှလုံးကို​လည်းကောင်း၊ သူတို့​နေထိုင်ရာ ပြည်၏​ထိုအပိုင်း​ရှိအရပ်​မှန်သမျှ၊ အထူးသဖြင့်၊ သူတို့၏ ခပ်သိမ်းသော ရွာများနှင့် သူတို့၏ ခပ်သိမ်းသော​မြို့များမှ လာမန်​အမျိုးသားတို့၏ စိတ်နှလုံးကို​လည်းကောင်း မာကျော​စေကြ၏။

၁၅ ထို့ကြောင့်၊ ငါတို့သည် လာမန်​အမျိုးသားတို့ နောင်တရလျက်၊ သမ္မာတရားကို သိခြင်းသို့ ရောက်၍၊ ပြောင်းလဲလေရာ သူတို့​မြို့များ​အားလုံးကို အမည်​ပေးလေ၏။

၁၆ ယခုမူကား၊ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ မင်းကြီးနှင့် ပြောင်းလဲခဲ့သော​သူတို့သည် သူတို့၌ အမည်​တစ်ခုရှိနိုင်ခြင်းငှာ အလို​ရှိကြ၏။ ထိုနည်း​အားဖြင့်၊ သူတို့၏​ညီအစ်ကိုများနှင့် ခွဲခြားနိုင်​ပေမည်။ ထို့ကြောင့်၊ မင်းကြီးသည် သူတို့ကို ခွဲခြားနိုင်​စေခြင်းငှာ သူတို့​အပေါ်မှာ ခံယူမည့် အမည်နှင့်​စပ်လျဉ်း၍၊ အာရုန်နှင့်​အတူ၊ သူတို့၏​ယဇ်ပုရောဟိတ်တို့​အထဲမှ များစွာတို့နှင့် တိုင်ပင်၏။

၁၇ ဤသို့​အားဖြင့် အချိန်တန်​လာသော​အခါ၊ သူတို့သည် မိမိတို့​အမည်ကို အန္တိနီဖိုင်းလေဟိ​အမျိုးသားများဟု ခေါ်ကြ၏။ ဤအမည်​ဖြင့် အ​ခေါ်ခံ၍၊ လာမန်​အမျိုးသားများဟု အခေါ်မခံရတော့။

၁၈ သူတို့သည် အလွန်​လုံ့လဝီရိယ​ရှိသော လူများ​ဖြစ်​စပြု၏။ ထိုမှတစ်ပါး၊ သူတို့သည် နီဖိုင်း​အမျိုးသားများနှင့် ခင်မင်ကြ၏။ ထို့ကြောင့်၊ သူတို့သည် ခင်မင်​ရင်းနှီးသော​ဆက်ဆံရေးကို တည်​စပြု၍၊ ဘုရားသခင်၏​ကျိန်ခြင်းသည်လည်း သူတို့​အပေါ်၌​မရှိတော့။