ကျမ်းစာများ
အယ်လမာ ၄၄


အခန်းကြီး ၄၄

မော်ရော်နိုင်းသည် လာမန်​အမျိုးသားတို့အား ငြိမ်းချမ်းခြင်း​ပဋိညာဉ်ကို ပြုရန်၊ သို့မဟုတ်လျှင်၊ ဖျက်ဆီးခံရရန် အမိန့်​ပေး၏—ဇေရဟင်မနသည် ကမ်းလှမ်းခြင်းကို ငြင်းပယ်ပြီးလျှင်၊ စစ်တိုက်ခြင်း​ပြန်၍​စ၏—မော်ရော်နိုင်း၏​တပ်များသည် လာမန်​အမျိုုးသားတို့ကို အနိုင်​ရ၏။ ဘီစီ ၇၄–၇၃ ခန့်။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ရပ်တန့်၍၊ ထိုသူတို့ထံမှ အနည်းငယ်​ဆုတ်ခွာ၏။ မော်ရော်နိုင်းကလည်း ဇေရဟင်မနကို ဆိုလေသည်ကား၊ ရှုလော့၊ ဇေရဟင်မန၊ ငါတို့သည် အသွေး​သွန်းလောင်းသူများ မဖြစ်​လိုကြ။ ငါတို့​လက်၌ သင်တို့​ရှိလေကြောင်း သင်တို့​သိ၏။ သို့သော်လည်း ငါတို့သည် သင်တို့ကို ကွပ်မျက်ရန် အလို​မရှိကြ။

ရှုလော့၊ ငါတို့သည် အခွင့်အာဏာ​အတွက် သင်တို့၏​အသွေးကို​သွန်းလောင်းရန် သင်တို့ကို​ဆန့်ကျင် စစ်တိုက်ခြင်းငှာ၊ ထွက်​မလာလေကြ။ အဘယ်သူ​တစ်ဦး​တစ်ယောက်ကိုမျှ၊ ကျွန်ခံရာ​ထမ်းပိုးသို့ ဆောင်ယူ​လိုခြင်းလည်း​မရှိကြ။ သို့ရာတွင်၊ ဤအမှုမှာ၊ ငါတို့ကို သင်တို့​တိုက်ခိုက်ရန်​အကြောင်းရင်း အမှန်​ဖြစ်ပေ၏။ ထိုမှတစ်ပါး၊ သင်တို့သည် ငါတို့၏​ဘာသာ​တရားကြောင့်၊ ငါတို့ကို အမျက်​ထွက်ကြ၏။

သို့ရာတွင်၊ ယခုမူကား၊ ကိုယ်တော်ရှင်သည် ငါတို့နှင့်​အတူ​ရှိတော်မူကြောင်းကို သင်တို့​သိမှတ်၏။ သင်တို့ကို ငါတို့၏​လက်ထဲသို့ သူပေးအပ်​တော်မူခဲ့ကြောင်းကိုလည်း သင်တို့​သိမှတ်၏။ ယခုမူကား၊ ငါတို့ကို ဤကဲ့သို့​ပြုထား​တော်မူသည်မှာ ငါတို့၏​ဘာသာ​တရားနှင့်၊ ခရစ်တော်ကို ငါတို့၏​ယုံကြည်ခြင်းကြောင့်​ဖြစ်ကြောင်း၊ သင်တို့​နားလည်စေရန် ငါ​အလို​ရှိ၏။ ယခုမူကား၊ ငါတို့၏​ဤယုံကြည်ခြင်းကို သင်တို့​မဖျက်ဆီးနိုင်ကြောင်း သိ​မြင်ကြပေပြီ။

ယခုတွင်၊ ဤအရာသည် ဘုရားသခင်ကို မှန်ကန်သည့်​ယုံကြည်ခြင်း​ဖြစ်ကြောင်း သင်တို့​သိမြင်ကြ၏။ ထိုမှတစ်ပါး၊ ငါတို့သည် ဘုရားသခင်​အပါ်၌​လည်းကောင်း၊ ငါတို့၏​ယုံကြည်ခြင်း​အပေါ်၌​လည်းကောင်း၊ ငါတို့၏​ဘာသာ​တရား​အပေါ်၌​လည်းကောင်း၊ သစ္စာ​ရှိသမျှ​ကာလ​ပတ်လုံး၊ ငါတို့ကို သူထောက်​မတော်မူလျက်၊ ထိန်းသိမ်း၍ ကာကွယ်​စောင့်မတော်မူမည်​ဖြစ်ကြောင်းကို သင်တို့​သိမြင်ကြ၏။ ငါတို့သည် လွန်ကျူးခြင်းထဲသို့ မလဲကျ၊ ငါတို့၏​ယုံကြည်ခြင်းကို မငြင်းဆိုကြလျှင်၊ ဖျက်ဆီး​ခံရရန် အဘယ်တော့မျှ ကိုယ်တော်ရှင်အခွင့်​ပေးမည်​မဟုတ်။

ယခုမူကား၊ ဇေရဟင်မန၊ ငါတို့ကို သင်တို့​အပေါ် အစိုးရ​စေကြောင်း ငါတို့၏​လက်များကို ခွန်အား​ဖြည့်ပေး​တော်မူသည့် အလုံးစုံသော​တန်ခိုးနှင့်​ပြည့်စုံ​တော်မူသော ထိုဘုရားသခင်၏​နာမတော်အားဖြင့် သင့်ကို ငါအမိန့်​ပေးသည်ကား၊ ငါတို့၏​ယုံကြည်ခြင်း​အားဖြင့်၊ ငါတို့၏​ဘာသာ​တရား​အားဖြင့်၊ ထို့အတူ၊ ငါတို့၏​ကိုးကွယ်ရာ​ထုံးစံများ​အားဖြင့်၊ ထို့အတူ၊ ငါတို့၏​အသင်းတော်​အားဖြင့်၊ ထို့အတူ၊ ငါတို့၏​ဇနီးများနှင့် သားသမီးများ​အပေါ်၌ ငါတို့​ဆပ်​ရန်ရှိသည့် သန့်ရှင်း​မွန်မြတ်သည့် အထောက်​အမ​အားဖြင့်၊ ငါတို့ကို ငါတို့​မြေနှင့် ငါတို့​တိုင်းပြည်သို့ ချည်နှောင်​ထားသည့် လွတ်လပ်ခြင်း​အားဖြင့်၊ ထိုမှတစ်ပါး၊ ငါတို့၏ ခပ်သိမ်းသော​ပျော်ရွှင်ခြင်းတို့ကို ဆပ်​ရန်ရှိသည့် ဘုရားသခင်၏​သန့်ရှင်း​မွန်မြတ်သော နှုတ်ကပတ်တော်ကို ထိန်းသိမ်းခြင်း​အားဖြင့်၊ ထို့အတူ၊ ငါတို့​အပေါ်၌ အချစ်ဆုံး​ဖြစ်သော​သူ​ခပ်သိမ်းတို့​အားဖြင့်—

ထိုမှတစ်ပါး၊ ဤအရာ​သည်ကား၊ အလုံးစုံတို့​မဟုတ်သေး။ အသက်​ရှင်ရန်အတွက် သင်တို့မှာ​ရှိသည့် ခပ်သိမ်းသော​အလို​ဆန္ဒများ​အားဖြင့်၊ ငါသည် သင့်ကို အမိန့်ပေး၍ သင်တို့သည် သင်တို့၏​စစ်တိုက်ရာ​လက်နက်များကို ငါတို့ထံသို့​ပေးအပ်လျှင်၊ ငါတို့သည် သင်တို့၏​အသွေးကို​သွန်းလောင်းရန် ကြိုးစားမည်​မဟုတ်။ သို့ရာတွင်၊ သင်တို့ကိုယ့်လမ်းကို သွား၍၊ ငါတို့ကို စစ်တိုက်ရန်​တစ်ဖန်​ပြန်လာခြင်း​မရှိလျှင်၊ သင်တို့​အသက်ကို ချမ်းသာ​ပေးမည်။

ယခုမူကား၊ သင်တို့သည် ဤအမှုကို မပြုလျှင်၊ ရှုလော့၊ သင်တို့သည် ငါတို့​လက်ထဲ၌ ရှိ၍၊ ငါ၏​လူများကို ငါ​အမိန့်​ပေးလျက်၊ သင်တို့ကို တိုက်ခိုက်လျှင်၊ သင်တို့​ကိုယ်ခန္ဓာ၌ သေစေသည့် ဒဏ်ရာများ​ရစေ၍ သင်တို့​ဆိတ်သုဉ်း​သွားပေမည်။ ထို့နောက်တွင်၊ ဤလူမျိုးတို့​အပေါ်၌ အဘယ်သူ အစိုး​ရမည်ကို ငါတို့​သိမြင်လိမ့်မည်။ ထိုမှတစ်ပါး၊ အဘယ်သူသည် ကျွန်ပြုခြင်းသို့ ဆောင်ယူ​ခံရမည်ကို ငါတို့​သိမြင်လိမ့်မည်။

ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ ဇေရဟင်မနသည် ဤစကားများကို ကြားလျှင်၊ ထွက်လာ၍၊ သူ၏​ဓားနှင့် သူ၏​ဓားကောက်၊ ထို့အတူ၊ သူ၏​လေးတို့ကို မော်ရော်နိုင်း၏​လက်ထဲသို့ ပေးအပ်လျက်၊ ဆိုလေသည်ကား၊ ရှုလော့၊ သည်မှာ ငါတို့၏​စစ်တိုက်ရာ​လက်နက်များ ရှိပါ၏။ ငါတို့သည် ထိုလက်နက်များကို သင်တို့ထံ ပေးအပ်ကြမည်။ သို့ရာတွင်၊ ငါတို့နှင့် ငါတို့၏​သားသမီးတို့ ဖောက်ဖျက်​လိမ့်မည်ဖြစ်ကြောင်း ငါတို့သိသည့် ကျိန်ဆိုခြင်းကို သင်တို့နှင့်​ပြုရန်၊ ငါတို့ကိုယ်​ငါတို့ အခွင့်​ပေးမည်​မဟုတ်။ သို့ရာတွင်၊ ငါတို့၏​စစ်တိုက်ရာ​လက်နက်များကို ယူပါ၊ ထို့အတူ၊ တောရိုင်းထဲသို့ ထွက်ခွာ​သွားနိုင်ရန် ငါတို့ကို အခွင့်​ပေးပါလော့။ သို့မဟုတ်လျှင်၊ ငါတို့သည် ငါတို့၏ဓားများကို စွဲကိုင်လျက်၊ ပျက်စီးကြမည်။ သို့မဟုတ် အောင်နိုင်ကြမည်။

ရှုလော့၊ ငါတို့သည် သင်တို့နှင့်​ယုံကြည်ခြင်းတူသော​သူများ မဟုတ်ကြ။ ငါတို့ကို သင်တို့၏​လက်ထဲသို့ ပေးအပ်သူမှာ ဘုရားသခင်​ဖြစ်သည်ဟု မယုံကြည်ကြ။ သို့ရာတွင်၊ သင်တို့ကို ငါတို့၏​ဓားဘေးမှ ကာကွယ်​စောင့်မလေသည်မှာ သင်တို့၏​စဉ်းလဲခြင်း​ဖြစ်သည်ဟု ယုံကြည်၏။ ရှုလော့၊ သင်တို့ကို ကာကွယ်​စောင့်မလေသည်မှာ သင်တို့၏​ရင်အုပ်​တန်ဆာများနှင့် ဒိုင်းများ​ဖြစ်၏။

၁၀ ယခုမူကား၊ ဇေရဟင်မနက ဤစကားများ ပြောဆိုခြင်းကို လက်​စသတ်​ပြီးလေလျှင်၊ မော်ရော်နိုင်းသည် သူလက်​ခံရ​ရှိထားလေသည့် ဓားနှင့် စစ်တိုက်ရာ​လက်နက်များကို ဇေရဟင်မနသို့ ပြန်​ပေး၍၊ ဆိုလေသည်ကား၊ ရှုလော့၊ ငါတို့သည် တိုက်လှန်ခြင်းကို အဆုံး​သတ်ကြမည်။

၁၁ ယခုတွင်၊ ငါပြောလေ​ပြီးသည့် စကားများကို ငါ​ပြန်၍​မရုပ်သိမ်းနိုင်။ ထို့ကြောင့်၊ ကိုယ်တော်ရှင်​အသက်​ရှင်တော်မူသည့်​အတိုင်း၊ ငါတို့ကို သင်တို့ ဆန့်ကျင်ပြီး​စစ်တိုက်ရန် တစ်ဖန်​ပြန်လာ​လိမ့်မည်​မဟုတ်ဟူသော ကျိန်ဆိုခြင်းဖြင့်​မထွက်ခွာလျှင်၊ ထွက်ခွာ​မသွားရ။ ယခုတွင်၊ ငါတို့​လက်ထဲ၌ သင်တို့​ရှိသဖြင့်၊ သင်တို့​အသွေးကို မြေကြီးပေါ်သို့ ငါတို့​သွန်းကြမည်။ သို့မဟုတ်၊ ငါ​အဆို​ပြုလေသော ပြဌာန်းချက်များကို သင်တို့​လိုက်နာရမည်။

၁၂ ယခုမူကား၊ မော်ရော်နိုင်းက ဤစကားများကို ပြောလျှင်၊ ဇေရဟင်မနသည် မော်ရော်နိုင်းကို အမျက်​ထွက်၍၊ ဓားကို စွဲကိုင်လျက်၊ မော်ရော်နိုင်းကို ကွပ်မျက်ခြင်းငှာ၊ တစ်ဟုန်တည်း​ထွက်လာ၏။ သို့ရာတွင်၊ သူ့ဓားကို​မြှောက်စဉ်၊ ရှုလော့၊ မော်ရော်နိုင်း၏​စစ်သူ​ရဲတို့မှ တစ်ဦးက မြေကြီးသို့​ကျအောင်ပင် ခုတ်ချသဖြင့်၊ ဓားရိုးနေရာမှ ပြတ်၍​ကျ၏။ ထိုသူက ဇေရဟင်မနကိုလည်း တိုက်ခိုက်၍၊ ဦးသျှောင်ကို ဖြတ်သဖြင့် မြေကြီးသို့​ကျ၏။ ဇေရဟင်မနသည်လည်း သူတို့ရှေ့မှ​နေ၍ မိမိစစ်သူရဲများ​အလယ်သို့ ပြန်ဝင်၏။

၁၃ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဇေရဟင်မန၏​ဦးသျှောင်ကို ခုတ်ဖြတ်ခဲ့သူ၏​အနီး၌ ရပ်သော​သူသည် ဦးသျှောင်ကို ဆံပင်မှ​ကိုင်ပြီး၊ မြေကြီးမှ​ယူ၍၊ မိမိ​ဓားအဖျား၌​ထားလျက်၊ သူတို့ထံသို့ ဆန့်ထုတ်၍၊ ကျယ်သော​အသံနှင့် ဆိုလေသည်ကား၊

၁၄ သင်တို့​ခေါင်းဆောင်၏ ဦးသျှောင်​ဖြစ်သည့် ဤဦးသျှောင်သည် မြေကြီးသို့ ကျလေသကဲ့သို့ပင်၊ သင်တို့သည်လည်း သင်တို့၏ စစ်တိုက်ရာ​လက်နက်များကို ငါတို့ထံသို့ ပေးအပ်၍၊ ငြိမ်းချမ်းခြင်း​ပဋိညာဉ်ဖြင့် ထွက်ခွာ​မသွားလျှင်၊ ထိုကဲ့သို့ မြေကြီးသို့ ကျလိမ့်မည်။

၁၅ ယခုတွင်၊ များစွာသော​သူတို့သည် ဤစကားများကို ကြား၍၊ ဓားဖျား၌​ရှိသည့် ဦးသျှောင်ကို​မြင်လျှင်၊ ရုတ်တရက်​ကြောက်လန့်ကြ၏။ ထို့အတူ၊ များစွာသော​သူတို့ ထွက်လာ၍၊ သူတို့​စစ်တိုက်ရာ​လက်နက်များကို မော်ရော်နိုင်း၏​ခြေရင်းသို့ ပစ်ချလျက်၊ ငြိမ်းချမ်းခြင်း​ပဋိညာဉ်ကို ပြုကြ၏။ ပဋိညာဉ်ပြုသူ​မှန်သမျှကိုလည်း တောရိုင်းထဲသို့​ထွက်ခွာ​သွားရန် သူတို့​အခွင့်​ပေးကြ၏။

၁၆ ယခုတွင်၊ အချိန်တန်​လာသော​အခါ၊ ဇေရဟင်မနသည် လွန်စွာ​အမျက်​ထွက်၍၊ ကျန်ကြွင်းသည့် မိမိ​စစ်သူရဲတို့ကို အမျက်​ထွက်​စေခြင်းငှာ၊ နီဖိုင်း​အမျိုးသားတို့ကို ဆန့်ကျင်ပြီး၊ ပို၍​အားကြီးစွာ တိုက်ခိုက်​စေခြင်းငှာ နှိုးဆော်၏။

၁၇ ယခုမူကား၊ မော်ရော်နိုင်းသည်အမျက်ထွက်၏၊ လာမန်​အမျိုးသားတို့၏​ခေါင်းမာခြင်းကြောင့် ဖြစ်၏။ ထို့ကြောင့်၊ သူတို့ကို တိုက်ခိုက်၍ ကွပ်မျက်ရမည့်​အကြောင်း သူ၏​လူတို့ကို အမိန့်​ပေး၏။ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ထိုသူတို့ကို ကွပ်မျက်​စပြုကြ၏။ ထိုမှတစ်ပါး၊ လာမန်​အမျိုးသားတို့ကလည်း သူတို့​ဓားများနှင့် သူတို့​အစွမ်း​ရှိသမျှ တိုက်ခိုက်ကြ၏။

၁၈ သို့ရာတွင်၊ ရှုလော့၊ သူတို့၏​အဝတ်​မရှိသော အရေ​ပြားနှင့် အကာ​မရှိသော​ဦးခေါင်းတို့သည် နီဖိုင်း​အမျိုးသားတို့၏ ထက်သော​ဓားများသို့ ဖွင့်လှစ်​ပေးထားလေ၏။ ထိုမှတစ်ပါး၊ ရှုလော့၊ သူတို့သည် ထိုးဖောက်ခြင်းနှင့် ပြင်းစွာ​တိုက်ခိုက်ခြင်းကို ခံရသဖြင့်၊ နီဖိုင်း​အမျိုးသားတို့၏​ဓားရှေ့မှာ အလွန်​လျင်မြန်စွာ​ကျဆုံးကြ၏။ မော်ရော်နိုင်း၏​စစ်သူရဲ ကြိုတင်​ပြောထား​သကဲ့သို့ပင် သုတ်သင်​ပယ်ရှင်းခြင်းကို ခံရ​စပြုကြ၏။

၁၉ ယခုတွင်၊ ဇေရဟင်မနသည် သူတို့​အားလုံး ဖျက်ဆီး​ခံရတော့မည်ကဲ့သို့ ဖြစ်သည်ကို မြင်ရလေသော​အခါ၊ သူတို့မှ ကျန်ကြွင်းသော​သူတို့​အသက်ကို ချမ်းသာ​ပေးမည်​ဆိုလျှင် သူနှင့် သူ၏​လူတို့သည်လည်း ဆန့်ကျင်၍၊ စစ်တိုက်ရန် အဘယ်တော့မျှ​လာမည်​မဟုတ်ဟု ပဋိညာဉ်ပြု​လိုကြောင်း ကတိ​ပေးလျက်၊ မော်ရော်နိုင်းထံသို့ ကြီးစွာ​ဟစ်ကြွေး၏။

၂၀ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ မော်ရော်နိုင်းသည် လူတို့၌ အသေ​သတ်ခြင်း​အမှုကို တစ်ဖန်​ရပ်တန့်​စေပြန်၏။ လာမန်​အမျိုးသားတို့ထံမှ စစ်တိုက်ရာ​လက်နက်တို့ကိုလည်း သိမ်း​ယူ၏။ သူတို့သည်လည်း သူနှင့် ငြိမ်းချမ်းခြင်း​ပဋိညာဉ်ကို ပြုကြ​ပြီးနောက်တွင် တောရိုင်းထဲသို့ ထွက်ခွာ​သွားရန် အခွင့်​ပေး​ခံရ၏။

၂၁ ယခုတွင်၊ အရေ​အတွက်များ​လှခြင်းကြောင့်၊ သူတို့၏​အသေ​ကောင်များကို မရေတွက်ကြ။ ထိုမှတစ်ပါး၊ သူတို့​အသေ​ကောင်များ၏​အရေ​အတွက်မှာ နီဖိုင်း​အမျိုးသားတို့နှင့် လာမန်​အမျိုးသားတို့ နှစ်ဖက်​စလုံး၌ အလွန်​များ၏။

၂၂ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် မိမိတို့​အသေ​ကောင်များကို ဇိဒုန်​မြစ်ရေထဲသို့ ပစ်ချရာ၊ မျောသွားလေ၍ ပင်လယ်​ရေနက်၌ နစ်​မြုပ်ကြ၏။

၂၃ နီဖိုင်း​အမျိုးသားတို့၏၊ သို့မဟုတ်၊ မော်ရော်နိုင်း၏​တပ်များ​သည်လည်း ပြန်လာ၍၊ သူတို့​အိမ်နှင့် သူတို့​မြေသို့ လာကြ၏။

၂၄ ထိုကဲ့သို့​အားဖြင့်၊ နီဖိုင်း​လူမျိုးတို့​အပေါ် တရား​သူကြီးများ​အုပ်စိုးခြင်း တစ်ဆယ်ရှစ်နှစ်မြောက် ပြီးဆုံး၏။ ထိုကဲ့သို့​အားဖြင့်၊ နီဖိုင်း၏​ပုရပိုက်ပြားများ​ပေါ်၌ ရေးထားသော အယ်လမာ၏ မှတ်တမ်း​သည်လည်း ပြီးဆုံး၏။