ကျမ်းစာများ
အယ်လမာ ၉


အမ္မုန်နိဟ​ပြည်၌​ရှိသော​လူတို့အား ဟောကြားသည့် အယ်လမာ၏​စကားများနှင့် ထို့အတူ အာမြူးလက်၏​စကားများ။ သူတို့​သည်လည်း ထောင်ထဲ၌​လှောင်​ထားခံရ၍ သူတို့​အထဲ၌​ရှိသည့် ဘုရားသခင်၏ အလွန်​တရာ​အံ့ဩ​ဖွယ်ကောင်းသော​တန်ခိုး​တော်​အားဖြင့်၊ ကယ်လွှတ်​တော်မူခြင်းကို ခံရလေ၏။ ဤအရာတို့​သည်ကား၊ အယ်လမာ၏​မှတ်တမ်း​အတိုင်း ဖြစ်ပေ၏။

အခန်းကြီး ၉ မှ ၁၄ အထိဖွဲ့စည်းပါဝင်၏။

အခန်းကြီး ၉

အယ်လမာသည် အမ္မုန်နိဟ၏​လူတို့အား နောင်တရရန် မိန့်မှာ၏—နောက်ဆုံးသော​ကာလ၌ ကိုယ်တော်ရှင်သည် လာမန်​အမျိုးသားတို့ကို ကရုဏာကြီး​တော်မူ​လိမ့်မည်—နီဖိုင်း​အမျိုးသားတို့သည် အလင်းကို စွန့်ပစ်လျှင်၊ လာမန်​အမျိုးသားတို့​အားဖြင့် ဖျက်ဆီး​ခံရလိမ့်မည်—ဘုရားသခင်၏​သားတော်သည် မကြာမြင့်မီ ကြွလာ​တော်မူ​လိမ့်မည်—သူသည် နောင်တရသော၊ ဗတ္တိဇံခံသော၊ သူ၏​နာမတော်ကို ယုံကြည်သော​သူများကို ရွေးနှုတ်​တော်မူ​လိမ့်မည်။ ဘီစီ ၈၂ ခန့်။

ထိုမှတစ်ဖန်၊ ငါ၊ အယ်လမာသည်၊ အာမြူးလက်ကို ငါခေါ်၍ သွားပြီး၊ ဤလူများ သို့မဟုတ်၊ အမ္မုန်နိဟမြို့၌​ရှိသော​လူတို့အား၊ တစ်ဖန်​ဟောပြော​ရမည်ဟု ဘုရားသခင်၏​မိန့်မှာ​တော်မူခြင်းကို ခံရ​လေသောကြောင့်၊ အချိန်တန်​လာသော​အခါ၊ သူတို့ကို ဟောပြောရန် အစ​ပြုလေလျှင်၊ ငါ့ကို သူတို့​ရန်တွေ့​စပြု၍ ဆိုလေ​သည်ကား၊

အသင်သည် အဘယ်သူနည်း။ မြေကြီး​ကွယ်ပျောက်​သွားလိမ့်မည်ဟု လူတစ်ဦးက ငါတို့ကို ဟောပြော​သော်လည်း၊ ငါတို့သည် ထိုသူ၏​သက်သေ​ခံချက်ကို ယုံကြည်​လိမ့်မည်ဟု သင်ထင်​မှတ်သလော။

ယခုတွင်၊ သူတို့သည် ကိုယ်ပြောသည့်​စကားကို နားလည်ခြင်း​မရှိကြ။ အကြောင်းမူကား၊ မြေကြီး​ကွယ်ပျောက်​သွားလိမ့်မည်ကို သူတို့​သိခြင်း​မရှိကြ။

သူတို့​တစ်ဖန်​ပြောလေ​သည်ကား၊ တစ်နေ့​တည်းတွင် ဤမြို့ကြီး​ဖျက်ဆီး​ခံရ​လိမ့်​မည်ဟု သင်ပရောဖက်​ပြု၍​ဟော​သော်​လည်း၊ သင်၏​စကားများကို ငါတို့​ယုံကြည်​လိမ့်မည်​မဟုတ်။

ယခုတွင်၊ ထိုကဲ့သို့​အံ့ဩဖွယ်​ကောင်းသော​အမှုများကို ဘုရားသခင်​ပြုနိုင်​တော်မူကြောင်း သူတို့​သိခြင်း​မရှိကြ။ အကြောင်းမူကား၊ သူတို့သည် စိတ်နှလုံး​မာကျော၍၊ လည်ပင်း​ခိုင်မာသော​လူများ​ဖြစ်ကြ၏။

ထိုကဲ့သို့သော ကြီးမြတ်၍ အံ့ဩဖွယ်​ကောင်းသော​အရာတို့၏​အမှန်တရားကို သူတို့အား ဟောကြားစေရန် အခွင့်​အာဏာကို ဤလူတို့၌ လူတစ်ဦး​ထက်ပိုပြီး မလွှဲအပ်သည့် ဘုရားသခင်​သည်ကား၊ အဘယ်သူ​နည်းဟုလည်း သူတို့​ဆိုလေ၏။

သူတို့သည် ငါ့ကို ဖမ်းဆီးခြင်းငှာ ရှေ့တိုး​လာကြ၏။ သို့ရာတွင်၊ ရှုလော့၊ သူတို့ မဖမ်းဆီးကြ။ ငါသည်လည်း သူတို့ကို ဟောကြားခြင်းငှာ၊ ရဲရင့်စွာ​ရပ်၍၊ ထိုမှတစ်ပါး၊ သူတို့ကို ရဲရင့်စွာ သက်သေခံ၍ ဆိုလေ​သည်ကား၊

ရှုလော့၊ အို အသင် ဆိုးညစ်ပြီး၊ ဖောက်ပြန်သော​အမျိုးတို့၊ အသင်တို့သည် သင်တို့​ဘိုးဘေးတို့၏ နည်း​ဥပဒေသများကို မေ့ကြ​လေပြီ​တကား။ ထိုမှတစ်ပါး၊ သင်တို့သည် ဘုရားသခင်၏​ပညတ်တော်တို့ကို လျင်မြန်စွာ မေ့ကြလေ​ပြီတကား။

ငါတို့​အဘ​လေဟိသည် ဘုရားသခင်၏​လက်တော်​အားဖြင့် ယေရုရှလင်မြို့မှ​ဝေးရာသို့ ဆောင်ယူ​တော်မူခြင်း​ခံရလေကြောင်း သင်တို့​မအောက်မေ့​ကြသလော။ သူတို့​အားလုံး သူ့အားဖြင့် တောရိုင်း​တစ်လျှောက်​ပို့ဆောင်​တော်မူခြင်း​ခံရလေကြောင်း သင်တို့​မအောက်မေ့​ကြသလော။

၁၀ ထို့အတူ၊ သူသည် ငါတို့​ဘိုးဘေးတို့ကို သူတို့၏​ရန်သူများ​လက်မှ အကြိမ်များစွာ ကယ်လွှတ်​တော်မူခဲ့ပြီး၊ သူတို့​ညီအစ်ကိုများ၏​လက်ဖြင့် ဖျက်ဆီး​ခံရခြင်းမှပင် ကာကွယ်​စောင့်မတော်မူခဲ့​ကြောင်းကို သင်တို့​အလွန်​လျင်​မြန်စွာ​မေ့ကြလေ​သလော။

၁၁ ထိုမှတစ်ပါး၊ သူ၏​အတု​မရှိသော​တန်ခိုးတော်၊ သူ၏​ကရုဏာတော်နှင့် သူ၏​စိတ်ရှည်​တော်မူခြင်းတို့ ငါတို့ထံသို့ မရှိလေလျှင်၊ ငါတို့သည် ယခု​အချိန်​မတိုင်မီ​ကြာမြင့်စွာ​ကတည်းက မြေကြီး​မျက်နှာ​ပြင်မှ ပယ်ရှင်းခြင်းကို ရှောင်လွှဲ၍ မရနိုင်ဘဲ ခံရပြီး​ဖြစ်လေ၍ အဆုံး​မရှိသည့်​ဝမ်းနည်း​ပူဆွေးမှုနှင့် အမင်္ဂလာသို့ လွှဲအပ်ခြင်းကို ခံရကောင်း ခံရပြီး​ဖြစ်လေမည်။

၁၂ ရှုလော့၊ ယခုတွင် သင်တို့ကို ငါဆိုသည်ကား၊ နောင်တရ​စေခြင်းငှာ သင်တို့ကို သူမိန့်မှာ​တော်မူ၏။ သင်တို့​သည်လည်း နောင်တမရလျှင်၊ ဘုရားသခင်၏​နိုင်ငံတော်ကို အလျှင်း​အမွေ​မခံနိုင်ကြ။ သို့ရာတွင်၊ ရှုလော့၊ ဤအရာ​သည်ကား၊ အလုံးစုံ​မဟုတ်သေး—နောင်တရ​စေခြင်းငှာ သင်တို့ကို သူမိန့်မှာ​တော်မူလေပြီး၊ သို့မဟုတ်လျှင်၊ သင်တို့ကို မြေကြီး​မျက်နှာပြင်မှ ရှင်းရှင်း​ဖျက်ဆီး​တော်မူ​လိမ့်မည်။ ထိုမှတစ်ပါး၊ သင်တို့ကို အမျက်တော်ဖြင့် ဆုံးမ၍၊ သူ၏​ပြင်းစွာသော​အမျက်တော်သည် မငြိမ်းလတ္တံ့။

၁၃ ရှုလော့၊ သင်တို့သည် ငါ၏​ပညတ်တော်များကို စောင့်ထိန်းသမျှ ထိုပြည်၌ အောင်မြင်​လိမ့်မည်ဟု ဆို၍ ငါတို့​အဘ​လေဟိကို သူမိန့်​တော်မူကြောင်း သင်တို့ သတိ​မရသလော။ သင်တို့သည် ငါ၏​ပညတ်တော်များကို မစောင့်ထိန်းသမျှ ကိုယ်တော်ရှင်၏​မျက်မှောက်မှ ပယ်ရှင်း​ခံရလိမ့်မည်ဟု တစ်ဖန်​မိန့်တော်မူ၏။

၁၄ ယခုတွင်၊ လာမန်​အမျိုးသားတို့သည် ဘုရားသခင်၏​ပညတ်တော်များကို မစောင့်ထိန်းလေ၍၊ ကိုယ်တော်ရှင်၏​မျက်မှောက်မှ ပယ်ရှင်း​ခံရလေကြောင်း သင်တို့​သတိရစေရန် ငါအလို​ရှိ၏။ ယခုတွင်၊ ဤအမှုနှင့်​စပ်လျဉ်း၍၊ ကိုယ်တော်ရှင်၏​နှုတ်ကပတ်တော်ကား၊ ပြည့်စုံလေပြီ​ဖြစ်ကြောင်း ငါတို့​သိမြင်ရပြီး၊ လာမန်​အမျိုးသားတို့သည် ထိုပြည်၌ သူတို့၏​လွန်ကျူးခြင်းများ အစ​ပြုစဉ်​ကတည်းက သူ၏​မျက်မှောက်မှ ပယ်ရှင်း​ခံရကြလေပြီ။

၁၅ သို့သော်လည်း၊ သင်တို့ကို ငါဆိုသည်မှာ၊ သင်တို့သည် သင်တို့၏​အပြစ်များ၌ ဆက်၍​ရှိနေကြလျှင်၊ တရား​စီရင်တော်မူရာ​နေ့၌၊ သူတို့​အတွက်မူကား၊ သင်တို့​အတွက်​ထက် သာ၍​သည်းခံနိုင်ဖွယ်၊ ထိုမှတစ်ပါး၊ သင်တို့သည် နောင်တမရလျှင်၊ သူတို့​အတွက်​မူကား၊ ယခု​ဘဝ၌၊ သင်တို့​အတွက်​ထက်၊ သာ၍​သည်းခံနိုင်​လောက်ဖွယ် ဖြစ်​ပေလိမ့်မည်။

၁၆ အကြောင်းမူကား၊ လာမန်​အမျိုးသားများသို့ ပေးထား​တော်မူသော ကတိတော်​များစွာ​ရှိ၏။ သူတို့ကို အသိ​တရားမဲ့ခြင်း​အခြေအနေ၌ ဆက်၍​တည်ရှိ​စေသည့် သူတို့​ဘိုးဘေးတို့၏ နည်း​ဥပဒေသများကြောင့်၊ ထိုအမှု ဖြစ်​ရလေ၏။ ထို့ကြောင့်၊ ကိုယ်တော်ရှင်သည် သူတို့ကို ကရုဏာကြီးတော်မူ၍၊ ထိုပြည်၌ သူတို့၏​အသက်​တာကို ရှည်​စေတော်မူ​လိမ့်မည်။

၁၇ အချို့သော​အချိန်​ကာလများတွင်၊ သူတို့သည် သူ၏​နှုတ်ကပတ်တော်ကို ယုံကြည်စေရန်နှင့် သူတို့​ဘိုးဘေးတို့၏​နည်း​ဥပဒေသများ၏​မမှန်ခြင်းကို သိစေရန် ဆောင်ခြင်း​ခံရ၍၊ သူတို့မှ များစွာသော​သူတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြပေလိမ့်မည်။ အကြောင်းမူကား၊ ကိုယ်တော်ရှင်သည် သူ၏​နာမတော်အား ပဌနာ​ပြုသော​သူမှန်သမျှကို ကရုဏာကြီးတော်မူ​လိမ့်မည်။

၁၈ သို့ရာတွင်၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သည် သင်တို့၏​ဆိုးညစ်ခြင်း၌ ဆက်၍​ပြုမြဲ​ပြုကြမည်​ဆိုလျှင်၊ ထိုပြည်၌ သင်တို့၏​အသက်​တာရှည်​လိမ့်မည်​မဟုတ်။ အကြောင်းမူကား၊ သင်တို့ကို တိုက်ခိုက်စေရန် လာမန်​အမျိုးသားတို့ကို စေလွှတ်​တော်မူလိမ့်မည်။ ထို့အတူ၊ သင်တို့သည် နောင်တရခြင်း​မရှိလျှင်၊ သင်တို့​မသိသည့်​အချိန်၌ လာမန်​အမျိုးသားတို့​ရောက်လာ၍၊ ရှင်းရှင်း​ဖျက်ဆီးခြင်းဖြင့် ဆုံးမခံရ​လိမ့်မည်။ ထိုအမှု​သည်လည်း၊ ကိုယ်တော်ရှင်၏​ပြင်းစွာသော​အမျက်တော်​အတိုင်း ဖြစ်​လိမ့်မည်။

၁၉ အကြောင်းမူကား၊ သူ၏​လူတို့ကို ဖျက်ဆီးရန် သင်တို့ကို သင်တို့၏​ဒုစရိုက်များ၌ ရှိနေကြ​စေခြင်းငှာ သူအခွင့်မ​ပေးလတ္တံ့။ မဟုတ်ပေဟု သင်တို့ကို ငါဆို၏။ နီဖိုင်း​လူမျိုးဟု​ခေါ်သည့် သူ၏​လူတို့ကို လာမန်​အမျိုးသားတို့​ဖျက်ဆီး​နိုင်စေခြင်းငှာ သူသာ၍​အခွင့်​ပေးလိုသည်မှာ သူတို့သည် အပြစ်များနှင့် လွန်ကျူးခြင်းများ​ထဲသို့ လဲကျနိုင်မည်​ဆိုလျှင်၊ သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်၏​အကြောင်းကို သူတို့အား ပေးထားသည့် များစွာသော​အလင်းနှင့် များစွာသော​အသိပညာ​ရှိနေကြ​ပြီးနောက်မှ၊

၂၀ ထိုမှတစ်ပါး၊ ဤမျှအထိ ကိုယ်တော်ရှင်​အလွန်​နှစ်သက်​တော်မူသော​လူမျိုးများ ဖြစ်လေ​ပြီးနောက်မှ၊ အမှန်စင်စစ်၊ အခြားသော​ပြည်သား၊ အမျိုးစု၊ အသီးသီး​ဘာသာစကားကို​ပြောသူ၊ သို့မဟုတ်၊ လူမျိုး​မှန်သမျှ​ထက် နှစ်သက်​တော်မူခြင်းကို ခံထားရလေ​ပြီးနောက်မှ၊ ဖြစ်လေ​ပြီးသော၊ ဖြစ်လျက်​ရှိသော၊ ဖြစ်လတ္တံ့သော အရာခပ်သိမ်းတို့ကို သူတို့၏​ဆန္ဒ၊ သူတို့၏​ယုံကြည်ခြင်းနှင့် ဆုတောင်းခြင်းများ​အတိုင်း ဖော်ပြ​ထားလေ​ပြီးနောက်မှ၊

၂၁ ဘုရားသခင်၏​ဝိညာဉ်တော်​အားဖြင့် အကြည့်​အရှုကြွလာ​တော်မူခြင်းကို ခံရလျက်၊ ကောင်းကင်​တမန်နှင့် စကား​ပြောလျက်၊ ကိုယ်တော်ရှင်၏​အသံ​အားဖြင့် ဟောတော်မူခြင်းကို ခံထားရလျက်၊ ထို့အတူ၊ ပရောဖက်​ပြုဟောသော​ဝိညာဉ်နှင့်၊ ဗျာဒိတ်တော်​ဝိညာဉ်​ရှိလျက်၊ များစွာသော​ဆုကျေးဇူးများ​ဖြစ်သည့်၊ အခြားသော​ဘာသာစကားများဖြင့် ပြောခြင်း​ဆုကျေးဇူး၊ ဟောပြောခြင်း​ဆုကျေးဇူး၊ သန့်ရှင်းသော​ဝိညာဉ်တော်၏​ဆုကျေးဇူးနှင့် ဘာသာပြန်ခြင်း​ဆုကျေးဇူးတို့လည်း​ရှိလျက်၊

၂၂ ထိုမှတစ်ပါး၊ ကိုယ်တော်ရှင်၏​လက်အားဖြင့်၊ ယေရုရှလင်​နယ်မြေမှ ဘုရားသခင်​ကယ်လွှတ်​တော်မူလေ​ပြီးနောက်မှ၊ ငတ်မွတ်​ခေါင်းပါးခြင်းဘေး၊ ဖျားနာခြင်း​ဘေးနှင့် အမျိုးမျိုးသော​ရောဂါ​မှန်သမျှတို့မှ ကယ်တင်ခြင်းကို ခံရလျက်၊ သူတို့သည် ဖျက်ဆီးခြင်းကို မခံရစေကြောင်း အားကြီး၍​လာခဲ့​ပြီးနောက်မှ၊ ကျွန်ခံရာမှ တစ်ကြိမ်ပြီး​တစ်ကြိမ်၊ ဆောင်ယူတော်မူခြင်းကို ခံရလျက်၊ ယခုတိုင်အောင် ထိန်းသိမ်း၍၊ ကာကွယ်​စောင့်မ​တော်မူခြင်းကို ခံရလေ​ပြီးနောက်မှ ဖြစ်လေ​သတည်း။ သူတို့​သည်လည်း၊ အမျိုးမျိုးသော​အရာတို့ဖြင့် ကြွယ်ဝသည့်​တိုင်အောင် အောင်မြင်​ကြ၏—

၂၃ ယခုမူကား၊ ရှုလော့၊ သင်တို့ကို ငါဆိုသည်မှာ၊ ကိုယ်တော်ရှင်၏​လက်တော်မှ များစွာသော​ကောင်းချီး​မင်္ဂလာများကို ရရှိ​လေပြီးသော​ဤလူတို့သည် သူတို့၌​ရှိထားပြီး​ဖြစ်လေသည့် အလင်းနှင့် အသိပညာကို ဆန့်ကျင်ပြီး၊ လွန်ကျူးကြလျှင်၊ သင်တို့ကို ငါဆိုသည်ကား၊ ဤကဲ့သို့သော​အခြေ​အနေမျိုး​ဖြစ်လျှင်၊ လွန်ကျူးခြင်းထဲသို့ သူတို့​လဲကျလျှင်၊ လာမန်​အမျိုးသားတို့​အတွက်မူကား၊ ထိုသူတို့​အတွက်​ထက် သာ၍ အတိုင်းထက်အလွန်သည်းခံနိုင်ဖွယ်​ဖြစ်ပေ​လိမ့်မည်။

၂၄ အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင်၏​ကတိတော်များကို လာမန်​အမျိုးသားတို့အား ပေးထား​လေ၏။ သို့ရာတွင်၊ သင်တို့​လွန်ကျူး​ကြလျှင်၊ သင်တို့​ထံသို့​ပေးမည်​မဟုတ်။ အကြောင်းမူကား၊ သင်တို့သည် သူ့ကို​ဆန့်ကျင်၍ ပုန်ကန်မည်​ဆိုလျှင်၊ မြေကြီး​မျက်နှာပြင်မှ ရှင်းရှင်း​ဖျက်ဆီး​ခံရမည်ကို ကိုယ်တော်ရှင်​အတည့်​အလင်း ကတိ​ပေးထား၍၊ ခိုင်မြဲစွာ စီရင်​ဆုံးဖြတ်​ထားခြင်း မရှိလေ​သလော။

၂၅ ယခုမူကား၊ ဖျက်ဆီးခြင်းကို သင်တို့​မခံရ​စေခြင်းငှာ​ဟူသော ဤအကြောင်းကြောင့်၊ ကိုယ်တော်ရှင်သည် သူ၏​ကောင်းကင်​တမန်တို့ကို သူ၏​များစွာသော​လူတို့ထံသို့ အကြည့်​အရှု​ကြွရောက်​စေခြင်းငှာ၊ စေလွှတ်​တော်မူ၍၊ သူတို့အား ဟောကြားလျက်၊ သူတို့က ဤလူတို့ထံ​သွားပြီး​ဆို၍ ဟစ်ကြော်​ရမည်ကား၊ သင်တို့ နောင်တရ​ကြလော့။ အကြောင်းမူကား၊ ကောင်းကင်​နိုင်ငံတော်သည် နီးကပ်လာပေပြီ။

၂၆ ယခု​အချိန်မှ​စ၍၊ များစွာသော​နေ့များ​မကြာမီတွင်လည်း၊ ဘုရားသခင်၏​သားတော်သည် မိမိဘုန်းတော်ကို​ဆောင်၍ ကြွလာ​တော်မူ​လိမ့်မည်။ သူ၏​ဘုန်းတော်သည်ကား၊ ကျေးဇူးတော်၊ ဖြောင့်မှန်ခြင်း၊ သမ္မာ​တရားတို့နှင့်​ပြည့်သည့်၊ သည်းခံခြင်း၊ ကရုဏာတော်၊ စိတ်ရှည်ခြင်းတို့နှင့်​ပြည့်သည့် ဘုရားသခင်၏ တစ်ပါးတည်းသော သားတော်၏ ဘုန်းတော်​ဖြစ်၍၊ သူ့လူမျိုးတို့၏​တောင်းလျှောက်ခြင်းကို နားညောင်း​တော်မူရာ၌ လည်းကောင်း၊ သူတို့၏​ဆုတောင်းခြင်းများကို ဖြေကြား​တော်မူရာ၌ လည်းကောင်း၊ လျင်မြန်၏။

၂၇ ရှုဦးလော့၊ သူ၏​နာမတော်၌​ယုံကြည်ခြင်း​အားဖြင့်၊ နောင်တရခြင်း​အလို့ငှာ၊ ဗတ္တိဇံ​ခံမည့်​သူတို့ကို ရွေးနှုတ်​တော်မူခြင်းငှာ၊ သူကြွလာ​တော်မူ၏။

၂၈ ထို့ကြောင့်၊ ကိုယ်တော်ရှင်၏​လမ်းကို ပြင်ဆင်ကြလော့၊ အကြောင်းမူကား၊ ခပ်သိမ်းသော လူသား​တို့သည် ရှိကြပြီး​လေသည့်​အတိုင်း၊ မိမိတို့​အကျင့်များ၏​အကျိုး​ကျေးဇူးကို ရိတ်သိမ်းရမည့်​အချိန်သည် နီးကပ်​လာ​ပေပြီ—ထိုသူတို့သည် ဖြောင့်မတ်လျက်​ရှိကြလေလျှင်၊ ယေရှုခရစ်တော်၏​တန်ခိုး​တော်နှင့် ကယ်လွှတ်ခြင်းတို့​အတိုင်း၊ မိမိတို့​စိတ်ဝိညာဉ်များ၏ ကယ်တင်ခြင်းကို ရိတ်သိမ်းရ​လိမ့်မည်။ ဆိုးလျက်​ရှိလေလျှင်လည်း၊ နတ်ဆိုး၏​တန်ခိုးနှင့် ဖမ်းဆီး​ချုပ်နှောင်ခြင်းတို့​အတိုင်း၊ သူတို့​ဝိညာဉ်များ၏​အပြစ်ဒဏ်ရောက်ခြင်းကို ရိတ်သိမ်း​ရလိမ့်မည်။

၂၉ ယခုတွင်၊ ရှုလော့၊ ဤအရာ​သည်ကား၊ လူတို့ကို ဟစ်ကြော်လျက်​ရှိသည့် ကောင်းကင်​တမန်၏​အသံ​ဖြစ်၏။

၃၀ ယခုမူကား၊ ငါ၏​ချစ်လှစွာသော​ညီအစ်ကိုတို့၊ သင်တို့သည် ငါ၏​ညီအစ်ကိုများ​ဖြစ်၍၊ ချစ်ခြင်းကို ခံသင့်လျက်၊ နောင်တရခြင်းနှင့်​ထိုက်တန်သည့် အကျင့်တို့ကို ဖြစ်စေသင့်​သည်မှာ၊ သင်တို့​စိတ်နှလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆန့်ကျင်၍ အလွန်​မာကျော​လေသောကြောင့်၊ ထို့အတူ သင်တို့သည် ပျောက်ဆုံးပြီး၊ ကျရှုံးသည့်​လူများ​ဖြစ်ကြ​သောကြောင့်​ပေတည်း။

၃၁ ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ ငါအယ်လမာသည် ဤစကားများကို ပြောလေပြီးလျှင်၊ ရှုလော့၊ သူတို့သည် စိတ်နှလုံး​မာကျောပြီး၊ လည်ပင်း​ခိုင်မာသော​လူများ​ဖြစ်ကြ​သည်ဟု ဆိုသောကြောင့် ငါ့ကို လူတို့​အမျက်​ထွက်ကြ၏။

၃၂ သူတို့သည် ပျောက်ဆုံးပြီး၊ ကျရှုံးသည့်​လူများ​ဖြစ်၏ဟု ငါဆိုသောကြောင့်လည်း ငါ့ကို အမျက်​ထွက်၍၊ ထောင်ထဲ၌​လှောင်ထားခြင်းငှာ၊ ဖမ်းဆီးရန် ကြိုးစား​အားထုတ်​ကြ၏။

၃၃ သို့ရာတွင်၊ အချိန်တန်​လာသော​အခါ၊ ထိုကာလ၌ ငါ့ကို​ဖမ်းဆီး၍၊ ထောင်ထဲ၌​လှောင်ထားစေကြောင်း သူတို့ကို ကိုယ်တော်ရှင်​အခွင့်​ပေးတော်​မမူခဲ့။

၃၄ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အာမြူးလက်​သည်လည်းထွက် သွား၍​ရပ်ပြီး၊ သူတို့ကို ဟောပြောခြင်းငှာ အစပြု၏။ ယခုမူကား၊ အာမြူးလက်၏​စကားများကို အလုံးစုံ​ရေးထားခြင်း​မဟုတ်။ သို့သော်လည်း၊ သူ့စကားများ၏​တစ်စိတ်​တစ်ပိုင်းကို ဤကျမ်း၌ ရေးထား၏။