ကျမ်းစာများ
အယ်လမာ ၅၉


အခန်းကြီး ၅၉

မော်ရော်နိုင်းသည် ပါဟောရန်အား ဟေလမန်၏​အင်အားစုများကို ခွန်အား​ဖြည့်ပေးရန် တောင်းဆို၏—လာမန်​အမျိုးသားတို့သည် နီဖိုင်းဟမြို့ကို သိမ်းယူ၏—မော်ရော်နိုင်းသည် အစိုးရကို အမျက်​ထွက်၏။ ဘီစီ ၆၂ ခန့်။

ယခုတွင်၊ အချိန်တန်​လာသော​အခါ၊ နီဖိုင်း​လူမျိုးတို့​အပေါ် တရား​သူကြီးများ​အုပ်စိုးခြင်း သုံးဆယ်​နှစ်မြောက်တွင်၊ မော်ရော်နိုင်းသည် ဟေလမန်၏​အမှာစာကို ဖတ်​ပြီးနောက်၊ ကောင်း​ကျိုးကြောင့်၊ အထူးသဖြင့်၊ ဆုံးရှုံးသည့် ပြည်တို့ကို ရယူခြင်း၌၊ ဟေလမန်​ရရှိလေသည့် ကြီးစွာသော​အောင်မြင်ခြင်းကြောင့် လွန်စွာ​ရွှင်လန်း​ဝမ်းမြောက်၏။

ထိုမှတစ်ပါး၊ သူ​ရှိလေရာ​အရပ်၏ ပတ်ဝန်းကျင်​ပြည်ခပ်သိမ်းတို့မှ သူ၏​လူမျိုး​ခပ်သိမ်းတို့​ကိုလည်း ရွှင်လန်း​ဝမ်းမြောက်နိုင်ကြ​စေခြင်းငှာ၊ ထိုအမှုကို ဖော်ပြ၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူသည် ပါဟောရန်​ထံသို့ အမှာစာ​တစ်စောင်ကို ချက်ချင်းပို့၍ တောင်းဆို​သည်ကား၊ ဟေလမန်သို့​မဟုတ်၊ ဟေလမန်၏​တပ်ကို ခွန်အား​ဖြည့်ပေးရန် လူတို့ကို အတူတကွ​စုဝေးစေရမည့်အကြောင်းပေတည်း၊ ထိုကဲ့သို့အားဖြင့် သူ​သည် ပြန်လည်​ရရှိရာ၌ အလွန်တရာ အံ့ဩဖွယ်​ကောင်းစွာ အောင်​မြင်ခဲ့သည့် ပြည်၏​ထို​အပိုင်းကို လွယ်ကူစွာ ထိန်းသိမ်းနိုင်​ပေမည်။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ မော်ရော်နိုင်းသည် ဤအမှာစာကို ဇရဟင်မလပြည်သို့ ပို့ပြီးလျှင်၊ မိမိတို့ထံမှ လာမန်​အမျိုးသားတို့ သိမ်းယူ​သွားခဲ့သည့် ကျန်ကြွင်းသော ထိုပိုင်ဆိုင်ရာများနှင့် မြို့များကို ရယူနိုင်ခြင်းငှာ၊ အကြံ​အစည်​တစ်ခုကို အစ​ပြု၏။

ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ မော်ရော်နိုင်းသည် လာမန်​အမျိုးသားတို့ကို ဆန့်ကျင်၍ စစ်တိုက်​သွားခြင်းငှာ ထိုကဲ့သို့​အားဖြင့် ပြင်ဆင်ခြင်းများ​ပြုလျက်​ရှိစဉ်တွင်၊ ရှုလော့၊ မော်ရော်နိုင်းမြို့၊ လေဟိမြို့နှင့် မော်ရန်တန်​မြို့များမှ အတူတကွ​စုဝေးကြသော နီဖိုင်းဟ​လူမျိုးတို့သည် လာမန်​အမျိုးသားတို့၏​တိုက်ခိုက်ခြင်းကို ခံရ၏။

အထူးသဖြင့်၊ မန်တိ​ပြည်မှ ထွက်ပြေးစေရန် အနိုင်​အထက်​စီရင်​ခံရလေသော​သူများနှင့် ပတ်ဝန်းကျင်​ပြည်မှ​လူတို့ပင် လာ၍ ပြည်၏ ဤအရပ်၌ လာမန်​အမျိုးသားတို့နှင့် ပူးပေါင်းကြ၏။

ထိုကဲ့သို့​အားဖြင့်၊ အလွန်​အမြောက်​အမြား​ရှိလျက်၊ ထိုမှတစ်ပါး၊ တပ်အင်အားကို နေ့တိုင်း​မပြတ် ရရှိလျက်၊ အမ်မော်ရုန်၏​အမိန့်​အားဖြင့် နီဖိုင်းဟ​လူမျိုးတို့ကို လာ၍​တိုက်ခိုက်လျက်၊ အလွန်​ကြီးစွာသော​သိမ်းရုံး​သတ်ဖြတ်ခြင်းဖြင့် ကွပ်မျက်​စပြုကြ၏။

သူတို့​တပ်များမှာ အလွန်​များ​ပြားသဖြင့်၊ နီဖိုင်းဟ​လူမျိုးတို့မှ ကျန်ကြွင်းသော​သူများသည် သူတို့​ရှေ့မှ ထွက်ပြေးစေရန် အနိုင်​ပြုခံရကြ၏။ ထိုသူတို့​သည်လည်း အကယ်​စင်စစ်၊ မော်ရော်နိုင်း၏​တပ်နှင့်​လာ၍ ပူးပေါင်းကြ၏။

ယခုမူကား၊ မြို့ကို​ထိန်းသိမ်းရာ၌၊ လူတို့ကို ကူညီစေရန် နီဖိုင်းဟ​မြို့သို့ စေလွှတ်ခဲ့သော​လူများ​ရှိမည်ဟု မော်ရော်နိုင်း​ဆင်ခြင်လျက်၊ မြို့ကို လာမန်​အမျိုးသားတို့​လက်ထဲသို့ ကျရောက်ခြင်းမှ ကာကွယ်ခြင်းက၊ သူတို့​ထံမှ ပြန်၍​သိမ်းယူ​ရခြင်းထက် ပို၍​လွယ်ကူကြောင်းကို သိ၍၊ ထိုမြို့ကို သူတို့​လွယ်ကူစွာ​ထိန်းသိမ်း​လိမ့်မည်ဟု ထင်မှတ်၏။

၁၀ ထို့ကြောင့်၊ သူ​ပြန်လည်​ရရှိသော ထိုအရပ်တို့ကို ကာကွယ်စောင့်ရှောက်ရန် သူ၏​ခပ်သိမ်းသောတပ်ဖွဲ့ကို ထိန်းသိမ်း​ထား၏။

၁၁ ယခုမူကား၊ မော်ရော်နိုင်းသည် နီဖိုင်းဟမြို့ ဆုံးရှုံး​ရသည်ကို မြင်လျှင်၊ အလွန်​ဝမ်းနည်း၍၊ လူတို့၏​ဆိုးညစ်ခြင်းကြောင့် သူတို့​ညီအစ်ကိုတို့၏​လက်ထဲသို့ သူတို့​ကျရောက်​သင့်မသင့်ကို ယုံမှား​သံသယ​ဖြစ်​စပြု၏။

၁၂ ယခုတွင်၊ ဤအမှု​သည်ကား၊ သူ၏ခပ်သိမ်းသော ဗိုလ်ချုပ်​မင်းတို့နှင့်​စပ်လျဉ်းသည့် အခြေ​အနေ​ပေတည်း။ လူတို့၏​ဆိုးညစ်ခြင်းကြောင့် သူတို့​သည်လည်း ယုံမှား​သံသယ​ဖြစ်၍၊ အံ့ဩလျက်၊ ဤသို့​ဖြစ်ရာ​သည်မှာ၊ သူတို့​အပေါ်၌ လာမန်​အမျိုးသားတို့၏ အောင်မြင်ခြင်းကြောင့်​ဖြစ်၏။

၁၃ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့​တိုင်းပြည်၏​လွတ်လပ်ခွင့်နှင့်​စပ်လျဉ်း၍ လျစ်လျူ​ရှုခြင်းကြောင့်၊ မော်ရော်နိုင်းသည် အစိုးရကို အမျက်​ထွက်၏။