ကျမ်းစာများ
အယ်လမာ ၅၅


အခန်းကြီး ၅၅

မော်ရော်နိုင်းသည် စစ်အကျဉ်းသားများကို လဲလှယ်ရန် ငြင်းဆို၏—လာမန်​အမျိုးသား​အစောင့်များသည် ယစ်မူးစေရန် သွေးဆောင်​ခံရ၏၊ နီဖိုင်းအမျိုးသားတို့​လွတ်မြောက်ကြ၏—ဂိဒမြို့ကို အသွေး​သွန်းလောင်းခြင်း​မရှိဘဲနှင့် သိမ်းယူ၏။ ဘီစီ ၆၃–၆၂ ခန့်။

ယခုတွင်၊ အချိန်တန်​လာသော​အခါ၊ မော်ရော်နိုင်းသည် ဤအမှာစာကို လက်ခံရ​ရှိလေလျှင်၊ အမ်မော်ရုန်၌ စုံလင်သော​လှည့်စားခြင်း​အသိ​ပညာရှိလေကြောင်းကို သိသောကြောင့်၊ သာ၍ အမျက်​ထွက်လေ၏။ ထိုမှတစ်ပါး၊ နီဖိုင်း​လူမျိုးတို့ကို ဆန့်ကျင်၍ စစ်တိုက်​စေသည်မှာ ဖြောင့်မှန်သော အကြောင်းရင်း​မဟုတ်ကြောင်း အမ်မော်ရုန်​သိသည်ကိုလည်း သူသိ၏။

သူဆိုလေ​သည်ကား၊ ရှုလော့၊ ငါသည် အမ်မော်ရုန် သူ့အကြံ​အစည်ကို မစွန့်လွှတ်လျှင်၊ ငါ၏ အမှာစာ၌ ဖော်ပြလေသည့်​အတိုင်း၊ သူနှင့် စစ်အကျဉ်းသားချင်း လဲလှယ်မည်​မဟုတ်။ အကြောင်း​မူကား၊ ငါသည် သူ့မှာ​ရရှိပြီး​လေသည်ထက် နောက်ထပ်၍ အာဏာရရှိရန် အခွင့်​ပေးမည်​မဟုတ်။

ရှုလော့၊ လာမန်​အမျိုးသားတို့ ငါ၏​လူမျိုးတို့ကို စစ်အကျဉ်းသား​အဖြစ် သိမ်းယူ​သွား၍ စောင့်ကြည့်သည့်​အရပ်ကို ငါသိ၏။ ငါ၏​အမှာစာ​အတိုင်း အမ်မော်ရုန် အခွင့်​မပေးသောကြောင့်လည်း၊ ရှုလော့၊ ငါသည် သူ့ကို ငါ၏​စကားများ​အတိုင်း ပြုမည်။ ထိုမှတစ်ပါး၊ ငြိမ်းချမ်းခြင်းကို သူတို့​တောင်းဆိုသည့်​တိုင်အောင်၊ သူတို့၌ သတ်ခြင်းကို ကြိုးစား​အားထုတ်မည်။

ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ မော်ရော်နိုင်းသည် ဤစကားများကို ဆိုပြီးလျှင်၊ သူ့လူတို့​ကြား၌ လာမန်၏​အမျိုးအနွယ်​တစ်ဦးကို တွေ့ကောင်းတွေ့​နိုင်ခြင်းငှာ၊ သူတို့ကြား၌ ရှာဖွေခြင်းကို ပြုစေ၏။

ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် လာမန်ဟု​အမည်​ရှိသောသူ​တစ်ဦးကို တွေ့၏။ ထိုသူသည်ကား၊ အာမလိခိယ​အားဖြင့် အသတ်​ခံရလေသူ​မင်းကြီး၏​ကျွန်တို့​အထဲမှ တစ်ဦး​ဖြစ်လေ၏။

ယခုတွင်၊ မော်ရော်နိုင်းသည် လာမန်နှင့် အနည်းငယ်သော သူ၏​လူတို့ကို နီဖိုင်း​အမျိုးသားတို့​အပေါ်​စောင့်ကြည့်​နေသူများထံသို့ ထွက်​သွားစေ၏။

ယခုတွင် နီဖိုင်း​အမျိုးသားတို့ကို ဂိဒမြို့၌ လှောင်ထား၏။ ထို့ကြောင့်၊ မော်ရော်နိုင်းသည် လာမန်ကို ခန့်အပ်၍၊ အနည်း​ငယ်သော​လူတို့ကို သူနှင့်​အတူ သွားစေ၏။

ညဦးသို့​ရောက်သော​အခါ၊ လာမန်​သည်လည်း နီဖိုင်း​အမျိုးသားတို့ကို စောင့်ကြည့်​နေသောသူများ​ဆီသို့ သွား၏။ ရှုဦးလော့၊ သူတို့သည် သူလာနေသည်ကို မြင်လျှင် သူ့ကို ဟစ်အော်ကြ၏။ သို့ရာတွင်၊ သူတို့ကို ဆိုလေသည်ကား၊ ကြောက်ခြင်း​မရှိနှင့်။ ရှုလော့၊ ငါသည် လာမန်​အမျိုးသား​တစ်ဦး​ဖြစ်၏။ ရှုလော့၊ ငါတို့သည် နီဖိုင်း​အမျိုးသားတို့ထံမှ လွတ်ပြေးခဲ့ကြပြီ။ သူတို့​အိပ်ပျော်နေကြ၏။ ရှုဦးလော့၊ သူတို့၏​စပျစ်ရည်​အချို့ကို ယူ၍၊ ငါတို့နှင့်​အတူ ဆောင်ယူခဲ့ပြီ။

ယခုတွင်၊ လာမန်​အမျိုးသားတို့သည် ဤစကားများကို ကြားလျှင်၊ သူ့ကို ဝမ်းမြောက်စွာ လက်ခံကြ၏။ သူတို့ကလည်း ဆိုလေသည်ကား၊ ငါတို့​သောက်နိုင်ရန် သင်တို့၏​စပျစ်ရည်ကို ပေးပါလော့။ ငါတို့သည် သင်တို့ယခုလို သင်တို့နှင့်​အတူ စပျစ်ရည်များ ယူလာသည်ကို ဝမ်းသာကြ၏။ အကြောင်း​မူကား၊ ငါတို့​မောပန်းကြပြီ။

၁၀ သို့ရာတွင်၊ လာမန်က ငါတို့၏​စပျစ်ရည်ကို နီဖိုင်း​အမျိုးသားတို့နှင့် စစ်တိုက်သည့် အချိန်အထိ သိမ်းထားကြ​ကုန်အံ့ဟု သူတို့ကို ဆိုလေ၏။ သို့ရာတွင်၊ ဤသို့​ဆိုခြင်းက သူတို့အား စပျစ်ရည်ကို သောက်ရရန် ပို၍​သာ​အလို​ရှိစေ၏။

၁၁ အကြောင်းမူကား၊ သူတို့​ဆိုလေသည်မှာ၊ ငါတို့​မောပန်းကြ၏။ ထို့ကြောင့်၊ ငါတို့အား စပျစ်ရည်​အချို့ကို သောက်ခွင့်​ပြုပါ။ ငါတို့သည် နီဖိုင်း​အမျိုးသားတို့ကို သွား၍​တိုက်ခိုက်ရန်၊ ငါတို့၏​ရိက္ခာ​အဖြစ်၊ ငါတို့ကို ခွန်အား​ဖြည့်ပေးမည့် စပျစ်ရည်ကို မကြာမီ ရရှိလိမ့်မည်။

၁၂ လာမန်ကလည်း သင်တို့​အလို​ဆန္ဒများ​အတိုင်း သင်တို့​ပြုကြပေလော့ဟု ဆိုလေ၏။

၁၃ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့သည် စပျစ်ရည်ကို များစွာ သောက်ကြ၏။ ထိုစပျစ်ရည်မှာ သူတို့​အတွက် နှစ်သက်ဖွယ် အရ​သာရှိလေ၏။ ထို့ကြောင့် သူတို့သည် ပို၍​များစွာ​သောက်ကြ၏။ စပျစ်ရည်ကိုလည်း အထူး​ပြင်ဆင်​ထားလေရကား၊ အားပြင်းလေ၏။

၁၄ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့​သည် သောက်၍ ပျော်မွေ့လျက်၊ မကြာမီ အားလုံး ယစ်မူးလေ၏။

၁၅ ယခုမူကား၊ သူတို့​အားလုံး ယစ်မူး၌၊ ကြီးသော​အိပ်ခြင်းသို့ ရောက်လေကြောင်းကို လာမန်နှင့် သူ၏​လူတို့​မြင်လျှင်၊ မော်ရော်နိုင်းထံသို့ ပြန်လာပြီး၊ ဖြစ်ပျက်​လေသမျှသော​အရာတို့ကို ပြောပြကြ၏။

၁၆ ယခုမူကား၊ ဤအမှုမှာ မော်ရော်နိုင်း၏​အကြံအစည်​အတိုင်း ဖြစ်လေပြီ။ မော်ရော်နိုင်း​သည်လည်း မိမိလူတို့ကို စစ်တိုက်ရာ​လက်နက်များဖြင့် ပြင်ဆင်လေ၏။ လာမန်​အမျိုးသားတို့ ကြီးသော​အိပ်ခြင်းသို့ ရောက်၍၊ ယစ်မူးလျက်​ရှိစဉ်၊ သူသည်လည်း ဂိဒမြို့သို့ သွား၍ စစ်​အကျဉ်း​သားတို့၏​လက်ထဲသို့ စစ်တိုက်ရာ​လက်နက်များကို ပေးသဖြင့်၊ ထိုသူတို့​အားလုံး လက်နက်​စွဲကိုင်​ထားလေရာတွင်၊

၁၇ အမှန်စင်စစ်၊ သူတို့၏​မိန်းမများ​အပါအဝင်၊ စစ်အကျဉ်းသား​ခပ်သိမ်းတို့ကို မော်ရော်နိုင်း လက်နက်များ​ပေးသော​အချိန်တွင် စစ်တိုက်ရာ​လက်နက်ကို အသုံး​ပြုနိုင်​စွမ်းသမျှသော သူတို့၏​သားသမီးများလည်း​ပါဝင်၏။ ထိုခပ်သိမ်းသော​အမှုတို့ကို အလွန်​တိတ်ဆိတ်သော​အချိန်တွင် ပြုလေ၏။

၁၈ သို့ရာတွင်၊ အကယ်၍​လာမန်​အမျိုးသားတို့ကို နိုးစေလျှင်၊ ရှုလော့၊ ထိုသူတို့​ယစ်မူး​နေသဖြင့်၊ နီဖိုင်း​အမျိုးသားတို့က ကွပ်မျက်​နိုင်လေ၏။

၁၉ သို့ရာတွင်၊ ရှုလော့၊ ဤအမှုမှာ မော်ရော်နိုင်း၏​အလို​ဆန္ဒမဟုတ်။ သူသည် လူ့အသက်ကို​သတ်ခြင်း၊ သို့မဟုတ် အသွေး​သွန်းလောင်းခြင်း၌ မမွေ့လျော်၊ သူ့လူမျိုးတို့ကို ပျက်စီးခြင်းမှ ကယ်တင်ရာ၌သာ မွေ့လျော်၏။ သူ့အပေါ်၌ မတရားမှု​မဖြစ်ပေါ်နိုင်​စေခြင်းငှာဟူသော ဤအကြောင်းရင်းကြောင့်လည်း၊ လာမန်​အမျိုးသားတို့​ယစ်မူးလျက်​ရှိစဉ် မတိုက်ခိုက် မဖျက်ဆီးလိုပေ။

၂၀ သို့ရာတွင်၊ သူ၏အလို​ဆန္ဒများ​ပြည့်လေပြီ။ အကြောင်းမူကာား၊ သူသည် မြို့တံတိုင်း​အတွင်း၌ ရှိလေသော နီဖိုင်း​အမျိုးသား​စစ်အကျဉ်းသားတို့ကို လက်နက်​စွဲကိုင်​စေ၍၊ တံတိုင်း​များအတွင်းရှိ အရပ်တို့ကို သိမ်းပိုက်ရန် အခွင့်​ပေး၏။

၂၁ ထို့နောက်တွင်၊ သူနှင့်​အတူ​ရှိလေသော​သူတို့ကို ထိုသူတို့ထံမှ အနည်းငယ် ဆုတ်ခွာ​စေလျက်၊ လာမန်​အမျိုးသားတို့၏​တပ်များကို ဝိုင်းထားစေ၏။

၂၂ ယခုတွင်၊ ရှုလော့၊ ဤအမှုကို ညဉ့်​အချိန်၌ ပြုလေသဖြင့်၊ လာမန်​အမျိုးသားတို့သည် နံနက်ခင်း၌ နိုးကြသော​အခါ၊ မြို့ရိုး​အပြင်ရှိ နီဖိုင်း​အမျိုးသားတို့​အားဖြင့် ဝိုင်း​ထားခြင်း​ခံရလေ​သည်ကို​လည်းကောင်း၊ မြို့ရိုး​အတွင်း၌ သူတို့၏​စစ်အကျဉ်းသားတို့ လက်နက်​စွဲကိုင်​ထားကြလေ​သည်ကို​လည်းကောင်း တွေ့မြင်ကြ၏။

၂၃ ထိုကဲ့သို့​အားဖြင့်၊ နီဖိုင်း​အမျိုးသားများ သူတို့​အပေါ်​အစိုးရလေသည်ကို သိမြင်ကြ၍၊ ဤအခြေ​အနေ​မျိုး၌ နီဖိုင်း​အမျိုးသားတို့ကို တိုက်ခိုက်ရန် မသင့်လျော်ကြောင်းကို တွေ့​ရှိကြ၏။ ထို့ကြောင့်၊ သူတို့၏​ဗိုလ်ချုပ်​မင်းတို့သည် သူတို့၏​စစ်တိုက်ရာ​လက်နက်များကို တောင်း၍၊ ဆောင်ယူလျက်၊ နီဖိုင်း​အမျိုးသားတို့၏​ခြေရင်းသို့ ပစ်ချ၍ ကရုဏာအတွက် တောင်းပန်ကြ၏။

၂၄ ယခုတွင်၊ ရှုလော့၊ ဤအမှုသည်ကား၊ မော်ရော်နိုင်း၏​အလို​ဆန္ဒ​ဖြစ်၏။ ထိုသူတို့ကို စစ်အကျဉ်းသားများ​အဖြစ်​ဖမ်းဆီး၍ မြို့ကို သိမ်းယူလျက်၊ နီဖိုင်း​အမျိုးသား​စစ်အကျဉ်းသား​အားလုံးကို လွတ်မြောက်စေ၏။ ထိုသူတို့​သည်လည်း မော်ရော်နိုင်း၏​တပ်နှင့်​ပေါင်းသဖြင့်၊ သူ၏​တပ်အတွက် အလွန်​ကြီးသော​ခွန်အား​တစ်ခု​ဖြစ်လေ၏။

၂၅ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူသည် စစ်အကျဉ်းသားများ​အဖြစ် ဖမ်းဆီးခဲ့သော လာမန်​အမျိုးသားတို့ကို ဂိဒမြို့၏​ပတ်လည်တွင် ခံတပ်များကို ခွန်အားဖြည့်​ပေးခြင်း၌ စတင်၍ အလုပ်​လုပ်စေ၏။

၂၆ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူ၏အလို​ဆန္ဒ​အတိုင်း၊ ဂိဒမြို့ကို အင်အား​ခိုင်မာ​စေပြီးလျှင်၊ သူ၏​စစ်အကျဉ်းသားတို့ကို အလျှံပယ်​မြို့သို့ ခေါ်ယူ၏။ ထိုမြို့ကိုလည်း အလွန်​အားကောင်းသော​တပ်ဖွဲ့ဖြင့် ကာကွယ်၏။

၂၇ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာမန်​အမျိုးသားတို့၏ လျှို့ဝှက်​ကြံစည်မှုများ​ရှိသော်​ငြားလည်း၊ သူတို့ ဖမ်းဆီးခဲ့လေသည့် စစ်အကျဉ်းသားခပ်သိမ်းတို့ကို စောင့်ကြည့်၍​ကာကွယ်ကြ၏၊ သူတို့​ပြန်လည်​သိမ်းယူခဲ့လေသည့် အခွင့်​သာခြင်းရရာ ခပ်သိမ်းသော​မြေတို့ကိုလည်း ထိန်းသိမ်းကြ၏။

၂၈ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ နီဖိုင်း​အမျိုးသားတို့သည် တစ်ဖန်​အောင်မြင်​စပြုလျက်၊ သူတို့၏အခွင့်အရေးများနှင့် အထူးအခွင့်​အရေးများကို ပြန်လည်​ရရှိ​စပြုကြ၏။

၂၉ အကြိမ်များစွာပင် လာမန်အမျိုးသားတို့သည် သူတို့ကို ဝိုင်းပတ်ရန် ကြိုးစားအားထုတ်​သော်လည်း၊ ဤကြိုးစား​အားထုတ်ခြင်းတို့ ၌၊ စစ်အကျဉ်းသား​များစွာကို ဆုံးရှုံးကြ၏။

၃၀ ထို့အတူ၊ အကြိမ်​များစွာပင်၊ သူတို့သည် နီဖိုင်း​အမျိုးသားတို့ကို အဆိပ်ဖြင့်၊ သို့မဟုတ် မူးယစ်ခြင်းဖြင့် ဖျက်ဆီးနိုင်ခြင်းငှာ၊ သူတို့၏​စပျစ်ရည်ကို ပေးရန် ကြိုးစား​အားထုတ်ကြ၏။

၃၁ သို့ရာတွင်၊ ရှုလော့၊ နီဖိုင်း​အမျိုးသားတို့သည် ဤဆင်းရဲ​ဒုက္ခ​ရောက်ရာ​အချိန်၌ သူတို့၏​ဘုရားသခင်​ကိုယ်တော်ရှင်ကို အောက်မေ့ရန် မနှေးကွေးကြ။ ထိုသူတို့၏​ထောင်ချောက်များဖြင့် ဖမ်းဆီး၍​မရနိုင်ကြ။ အထူးသဖြင့်၊ ထိုသူတို့၏​စပျစ်ရည်ကို လာမန်​အမျိုးသား​စစ်အကျဉ်းသား​အချို့အား ပထမ​ဦးဆုံး မပေးရလျှင်၊ မသုံး​ဆောင်ကြ။

၃၂ သူတို့၌ အဆိပ်ခပ်​မခံရ​စေခြင်းငှာ ထိုကဲ့သို့ သတိ​ရှိလေ၏။ အကြောင်းမူကား၊ သူတို့၏​စပျစ်ရည်သည် လာမန်​အမျိုးသားကို အဆိပ်​သင့်စေလျှင်၊ နီဖိုင်း​အမျိုးသားကိုလည်း အဆိပ်သင့်​စေလိမ့်မည်။ ထိုကဲ့သို့​အားဖြင့်၊ သူတို့၏​အရည်​မှန်သမျှကို စမ်းသပ်ကြ၏။

၃၃ ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ မော်ရော်နိုင်း​အတွက်၊ မော်ရန်တန်​မြို့ကို တိုက်ခိုက်ခြင်းငှာ၊ ပြင်ဆင်ခြင်းများ​ပြုလုပ်ရန် မဖြစ်မနေ​လိုအပ်ပေ၏။ အကြောင်းမူကား၊ ရှုလော့၊ လာမန်အမျိုးသားတို့သည် သူတို့၏​လုပ်အားဖြင့် မော်ရန်တန်မြို့ကို အလွန်​ခိုင်မာသော​စခန်း​တစ်ခု​ဖြစ်လာသည်​အထိ အင်အား​ခိုင်မာ​စေကြလေပြီ။

၃၄ ထို့အတူ၊ အင်အားစုအသစ်များနှင့် ရိက္ခာ​အထောက်​အပံ့​အသစ်​များကိုလည်း မြို့ထဲသို့ အစဉ်မပြတ်ဆောင်​ယူလာလျက် ရှိကြလေ၏။

၃၅ ထိုကဲ့သို့အားဖြင့်၊ နီဖိုင်း​လူမျိုးတို့​အပေါ် တရား​သူကြီးများ​အုပ်စိုးခြင်း နှစ်ဆယ်ကိုး​နှစ်မြောက် ပြီးဆုံး၏။