ကျမ်းစာများ
အယ်လမာ ၃၄


အခန်းကြီး ၃၄

ခရစ်တော်၌​ရှိသည့် နှုတ်ကပတ်တော်သည် ကယ်တင်ခြင်းကို ဖြစ်စေကြောင်း၊ အာမြူးလက်က သက်သေ​ခံ၏—အပြစ်ဖြေခြင်း​မင်္ဂလာကို ပြုထားခြင်း​မရှိလျှင်၊ လူသား​ခပ်သိမ်းတို့ ပျက်စီးရမည်—မောရှေ၏​ပညတ်တရား​တစ်ခုလုံးက ဘုရားသခင့်​သားတော်၏ ယဇ်ပူဇော်ခြင်းကို ညွှန်ပြ၏—ရွေးနှုတ်ခြင်းထာဝရ အစီအစဉ်သည် ယုံကြည်ခြင်းနှင့် နောင်တရခြင်းတို့​အပေါ်တွင် အခြေ​ပြု၏—ဇာတိ​ပကတိနှင့် ဝိညာဉ်​ပကတိ ကောင်းချီး​မင်္ဂလာများ​အတွက် ဆုတောင်းကြလော့—ယခု​ဘဝသည်ကား၊ လူသားတို့​အတွက် ဘုရားသခင်နှင့် တွေ့ရန်​ပြင်ဆင်ရာ အချိန်​ဖြစ်၏—သင်တို့၏​ကယ်တင်ခြင်း​အတွက် ဘုရားသခင်ရှေ့၌ ကြောက်ရွံ့သော​စိတ်နှင့် ကြိုးစား​အားထုတ်ကြလော့။ ဘီစီ ၇၄ ခန့်။

ယခုမူကား၊ အချိန်တန်​လာသော​အခါ၊ အယ်လမာသည် သူတို့အား ဤစကားများကို ပြောလေပြီးမှ၊ မြေကြီးပေါ်​ထိုင်လျှင်၊ အာမြူးလက်က​ထ၍​ဆိုလျက် သွန်သင်​လေသည်ကား၊

ငါ၏​ညီအစ်ကိုတို့၊ ဘုရားသခင်၏​သားတော်​ဖြစ်ကြောင်းကို ငါတို့က သင်တို့အား သွန်သင်ခဲ့သည့် ခရစ်တော်၏ ကြွလာ​တော်မူခြင်းနှင့်​စပ်လျဉ်း၍၊ ပြောထားလေသည့် အရာများ​အကြောင်းကို သင်တို့​မသိဘဲ​နေရမည်မှာ မဖြစ်နိုင်ဟု ငါ​တွေးမိ၏။ ထိုမှတစ်ပါး၊ ငါတို့ထံမှ သင်တို့​ကူးပြောင်းခြင်း​မတိုင်မီ သင်တို့အား ဤအရာတို့ကို များစွာ​သွန်သင်ခဲ့​သည်ကိုလည်း ငါသိ၏။

ထို့အတူ၊ သင်တို့၏​ဆင်းရဲ​ဒုက္ခများကြောင့်၊ သင်တို့ အဘယ်​သို့ပြု​ရမည်​အကြောင်း၊ ငါ၏​ချစ်လှစွာသော ညီအစ်ကိုထံမှ ဖော်ပြသည်ကို သင်တို့​အလို​ရှိသဖြင့်၊ သင်တို့​စိတ်ကို ပြင်ဆင်ရန် သူအတော်​အသင့် ပြောလေပြီ။ ထိုမှတစ်ပါး၊ သင်တို့ကို သူတိုက်တွန်း​သည်ကား၊ ယုံကြည်ခြင်း​ရှိစေရန်နှင့် သည်းခံကြ​စေကြောင်း—

ထိုမှတစ်ပါး၊ သင်တို့သည် နှုတ်ကပတ်တော်​ကောင်းမြတ်ခြင်း၏ လက္ခဏာ​သက်သေကို စမ်းသပ်ကြနိုင်​စေခြင်းငှာ နှုတ်ကပတ်တော်ကို သင်တို့​စိတ်နှလုံး၌ စိုက်စေသည့် တိုင်အောင် အလွန်များစွာသော ယုံကြည်ခြင်း ရှိကြ​စေကြောင်း​ပင်တည်း။

နှုတ်ကပတ်တော်သည် ဘုရားသခင်၏​သားတော်၌ ရှိမရှိ၊ သို့မဟုတ် ခရစ်တော်​မရှိဘဲ​နေမည် ဟုတ်​မဟုတ်ဟူသော သင်တို့၏​စိတ်ထဲရှိ ကြီးစွာသော​မေးခွန်းကိုလည်း ငါတို့​သိ​မြင်လေပြီ။

ခရစ်တော်၌​ရှိသည့် နှုတ်ကပတ်တော်သည် ကယ်တင်ခြင်းကို ဖြစ်စေကြောင်း၊ သင်တို့ကို ငါ၏​ညီအစ်ကို ကြိမ်ဖန်များစွာ​သက်သေ​ပြသည်ကိုလည်း သင်တို့​သိကြ၏။

ရွေးနှုတ်ခြင်းသည် ဘုရားသခင်၏​သားတော်​အားဖြင့် ဖြစ်​လာကြောင်းကို၊ ငါ၏​ညီအစ်ကိုသည် ဇေနုတ်၏ စကားများကို​လည်းကောင်း၊ ဇေနော့၏ စကားများကို​လည်းကောင်း ကိုးကား​ပြ၏။ ဤအရာများ မှန်ကန်ကြောင်း သက်သေ​ပြခြင်းငှာ၊ မောရှေ၏​စကားများကိုလည်း ရည်ညွှန်း​ကိုးကား၏။

ယခုမူကား၊ ရှုလော့၊ ဤအရာများ​မှန်ကန်ကြောင်းကို သင်တို့ထံသို့ ငါကိုယ်တိုင် သက်သေ​ခံမည်။ ရှုလော့၊ ငါ​ဆိုသည်ကား၊ ခရစ်တော်သည် သူ့​လူမျိုးတို့၏​လွန်ကျူးခြင်းများကို သူ့အပေါ်၌ ခံယူခြင်းငှာ၊ လူသားများသို့ ကြွလာ​တော်မူလိမ့်မည်ကို​လည်းကောင်း၊ လောကီ​သားတို့၏​အပြစ်များ​အတွက် အပြစ်​ဖြေတော်မူ​လိမ့်မည်ကို​လည်းကောင်း ငါ​သိ၏။ အကြောင်းမူကား၊ ထိုအမှုကို ကိုယ်တော်ရှင်​ဘုရားသခင်မိန့်​တော်မူလေပြီ။

အပြစ်​ဖြေခြင်း​မင်္ဂလာကို ပြုထားရန် လိုအပ်ပေ၏။ အကြောင်းမူကား၊ ထာဝရ​ဘုရားသခင်၏ ကြီးမြတ်သော အစီ​အစဉ်အရ၊ အပြစ်ဖြေခြင်း​မင်္ဂလာကို ပြုထား​ရပေမည်။ သို့မဟုတ်လျှင်၊ လူသား​ခပ်သိမ်းတို့သည် ရှောင်လွှဲ၍​မရဘဲ ပျက်စီး​ရပေမည်။ အကြောင်းမူကား၊ ခပ်သိမ်းသော​သူတို့သည် မာကျောကြလေပြီ။ ပြုထားရန် လိုအပ်လေသည့် အပြစ်​ဖြေခြင်းမင်္ဂလာ​အားဖြင့်​မဟုတ်လျှင်၊ ခပ်သိမ်းသော​သူတို့သည် ကျရှုံး၍ ပျောက်ဆုံးလျက်၊ ပျက်စီး​ရပေမည်။

၁၀ အကြောင်းမူကား၊ ကြီးမြတ်သော နောက်ဆုံး​ယဇ် ရှိရန်​လိုအပ်ပေ၏။ အမှန်စင်စစ်၊ လူသား​ယဇ်မဟုတ်။ သားရဲ​ယဇ်လည်း မဟုတ်၊ အဘယ်ငှက်၏​ယဇ်မျှလည်း​မဟုတ်ပေ။ အကြောင်းမူကား၊ ထိုအရာမှာ လူသား၏​ယဇ်မဖြစ်လတ္တံ့။ အတိုင်းမသိသော ထာဝရ​ယဇ်သာ​ဖြစ်​ရပေမည်။

၁၁ ယခုတွင်၊ တခြားသူ​တစ်ဦး၏ အပြစ်များ​အတွက် အပြစ်​ဖြေမည့် မိမိကိုယ်တိုင်၏ အသွေးကို ယဇ်ပူဇော်နိုင်သူ တစ်စုံ​တစ်ဦးမျှ​မရှိ။ ယခုတွင်၊ အကြင်သူသည် လူ့အသက်ကို သတ်လျှင်၊ ရှုလော့၊ တရားမျှတသည့် ငါတို့၏​ဥပဒေသည် ထိုသူ့ ညီအစ်ကို၏​အသက်ကို နှုတ်ယူ​လိမ့်မည်လော။ မဟုတ်ပေဟု သင်တို့ကို ငါဆို၏။

၁၂ သို့ရာတွင်၊ ဥပဒေသည် လူ့အသက်ကို သတ်သော​သူ၏​အသက်ကို လိုအပ်၏။ ထို့ကြောင့်၊ လောကီ​သားတို့၏​အပြစ်များ​အတွက် လုံလောက်မည့် အတိုင်းမသိသော အပြစ်ဖြေခြင်းမင်္ဂလာ​ထက် သာ၍​ငယ်သော​အရာ​မရှိနိုင်။

၁၃ ထို့ကြောင့်၊ ကြီးမြတ်သော နောက်ဆုံးယဇ် ရှိရန်​လိုအပ်ပေ၏။ ထိုနောက်တွင် အသွေး​သွန်းလောင်းခြင်း၊ ရပ်တန့်ခြင်း ရှိလိမ့်မည်၊ သို့မဟုတ် ရှိရန်​လိုအပ်ပေလိမ့်မည်။ ထို့ကြောင့်၊ မောရှေ၏​ပညတ်တရားကို ပြီးပြည့်စုံ​စေလိမ့်မည်။ အမှန်စင်စစ်၊ အငယ်ဆုံးသော​စာလုံးနှင့် ဗိန္ဒုမှန်သမျှတို့ကို ပြီးပြည့်စုံ​စေလိမ့်မည်။ အဘယ်အရာမျှလည်း ကွယ်ပျောက်မ​သွားလတ္တံ့။

၁၄ ထို့အတူ၊ ဤအရာ​သည်ကား၊ အလုံးစုံတို့က ထိုကြီးမြတ်သည့် နောက်ဆုံး​ယဇ်ကို ညွှန်းဆိုလျက်​ရှိသည့် ပညတ်တရား၏​အနက်​တစ်ခုလုံး​ဖြစ်၏။ ထိုကြီးမြတ်သည့် နောက်ဆုံးသော​ယဇ်သည် ဘုရားသခင်၏​သားတော်၊ အမှန်စင်စစ် အတိုင်းမသိသော ထာဝရ​ယဇ်ဖြစ်လိမ့်မည်။

၁၅ ထိုကဲ့သို့​အားဖြင့်၊ သူသည် မိမိ​နာမတော်ကို ယုံကြည်မည့်​သူမှန်သမျှထံသို့ ကယ်တင်ခြင်းကို ဆောင်ယူ​လာလိမ့်မည်။ ဤအမှု​သည်ကား၊ အပြစ်​ပေးခြင်းကို အနိုင်​ရသည့် ကရုဏာတော်​ဝမ်းကို ဖြစ်​စေခြင်းငှာနှင့်၊ လူသားများသို့ နောင်တ​ရခြင်း​အလို့ငှာ၊ ယုံကြည်ခြင်း​ရှိနိုင်​စေကြောင်း နည်းလမ်းများကို ဖြစ်​စေခြင်းငှာဟူသော ဤနောက်ဆုံး​ယဇ်၏ ရည်ရွယ်ချက်ပေတည်း။

၁၆ ထိုကဲ့သို့​အားဖြင့်၊ ကရုဏာတော်က အပြစ်​ပေးခြင်း၏​လိုအပ်ချက်များကို ပြီးပြည့်စေ၍၊ နောင်တရခြင်း​အလို့ငှာ၊​ယုံကြည်မှုပြုခြင်း​မရှိသော​သူသည် အပြစ်ပေးခြင်း ဥပဒေ​တစ်ခုလုံး၏ လိုအပ်ချက်များနှင့် ရင်ဆိုင်​ရစဉ်မှာ၊ သူတို့ကို ဘေးလွတ်ရာ​လက်ဖြင့် ပွေ့ထား​တော်မူ၏။ ထို့ကြောင့်၊ နောင်တရခြင်း​အလို့ငှာ၊ ယုံကြည်ခြင်း​ရှိသူထံသို့​သာလျှင်၊ ရွေးနှုတ်ခြင်း​အတွက် ကြီးမြတ်သော ထာဝရ​အစီအစဉ်ကို ဖြစ်စေ၏။

၁၇ ထို့ကြောင့်၊ ငါ၏​ညီအစ်ကိုတို့ နောင်တရခြင်း​အလို့ငှာ၊ သင်တို့​၏ ယုံကြည်ခြင်းကို ကျင့်သုံးရန် အ​စပြုနိုင်​စေကြောင်း၊ သူ၏​သန့်ရှင်းသော​နာမတော်အား ပဌနာ​ပြုရန် အစ​ပြု၍၊ သင်တို့ကို ကရုဏာထား​တော်မူမည့်​အကြောင်း၊ သင်တို့ကို ဘုရားသခင်​အခွင့်​ပေးတော်မူပါစေ။

၁၈ ထိုမှတစ်ပါး၊ ကရုဏာတော်​အတွက်၊ သူ့ထံသို့ တောင်းလျှောက်လော့။ အကြောင်းမူကား၊ သူသည် ကယ်တင်ခြင်းငှာ တန်ခိုး​ကြီး၏။

၁၉ ထိုမှတစ်ပါး၊ သင်တို့​ကိုယ်သင်တို့ နှိမ့်ချ၍၊ သူ့ထံသို့ ဆုတောင်းခြင်း၌ အဆက်​မပြတ် ရှိကြလော့။

၂၀ သင်တို့၏​လယ်ကွင်းထဲ၌ သင်တို့ရှိသော​အခါ၊ သင်တို့၏​သိုးစုများ​အတွက်၊ သူ့ထံသို့ တောင်းလျှောက်ကြလော့။

၂၁ သင်တို့၏​အိမ်ထဲ၌ နံနက်၊ နေ့လည်၊ ညဦးတို့တွင် သင်တို့၏​အိမ်သူ​အိမ်သား​ခပ်သိမ်း​တို့အတွက် သူ့ထံသို့ တောင်းလျှောက်ကြလော့။

၂၂ ထိုမှတစ်ပါး၊ သင်တို့​ရန်သူတို့၏ အင်အားတစ်ဖက်၌၊ သူ့ထံသို့ တောင်းလျှောက်ကြလော့။

၂၃ ထိုမှတစ်ပါး၊ အလုံးစုံသော​ဖြောင့်မတ်ခြင်း၏​ရန်သူ​ဖြစ်သည့် နတ်ဆိုးတစ်ဖက်၌ သူ့ထံသို့ တောင်းလျှောက်ကြလော့။

၂၄ သင်တို့၏​လယ်ကွင်းထဲရှိ ကောက်ပဲ​သီးနှံတို့ဖြင့် အောင်မြင်နိုင်ကြစေခြင်းငှာ ထိုအသီး​အနှံတို့ အတွက် သူ့ထံသို့ တောင်းလျှောက်ကြလော့။

၂၅ သင်တို့၏​လယ်မှ သိုးစုများ​တိုးပွားနိုင်​စေခြင်းငှာ တောင်းလျှောက်ကြလော့။

၂၆ သို့ရာတွင်၊ ဤအရာသည်ကား အလုံးစုံတို့ မဟုတ်။ သင်တို့၏ ဆိတ်ညံရာ​အခန်းငယ်၊ သင်တို့၏ လျှို့ဝှက်သော​နေရာနှင့် သင်တို့၏​တောရိုင်းထဲ၌ သင်တို့၏​စိတ်ဝိညာဉ်ကို သွန်းလောင်း၍ ဆုတောင်း​ရမည်။

၂၇ ထိုမှတစ်ပါး၊ သင်တို့သည် ကိုယ်တော်ရှင်ထံသို့ မတောင်းလျှောက်သော​အခါ၌လည်း သင်တို့​စိတ်နှလုံးကို ပြည့်ဝစေ၍၊ သင်တို့၏​ကောင်းကျိုးနှင့် ထို့အတူ၊ သင်၏​ပတ်ဝန်းကျင်၌ ရှိသော​သူတို့၏ ကောင်းကျိုး​အတွက် သူ့ထံသို့​ဆုတောင်းခြင်း၌ အစဉ်​မပြတ်အာရုံ​ပြုကြလော့။

၂၈ ယခုမူကား၊ ရှုလော့၊ ငါ၏​ချစ်လှစွာသော​ညီအစ်ကိုတို့၊ ဤအရာသည်ကား၊ အလုံးစုံ​ဖြစ်သည်ဟု သင်တို့​မထင်မှတ်ကြစေကြောင်း ငါဆို၏။ အကြောင်းမူကား၊ သင်တို့သည် ဤအရာခပ်သိမ်း​တို့ကို ပြုလေပြီးနောက်၊ ချို့တဲ့သော​သူနှင့် အဝတ်​မရှိသော​သူတို့ကို ငြင်းပယ်၍၊ ဖျားနာသော​သူနှင့် ဒုက္ခ​ရောက်သော​သူတို့ကို အကြည့်​အရှု​သွားခြင်း​မရှိ၊ သင်တို့၌ ရှိကြသော်လည်း၊ လိုအပ်လျက်​ရှိသော​သူများအား သင်တို့၏​ဥစ္စာတို့ကို မျှ၍​ပေးခြင်း​မရှိလျှင်—သင်တို့ကို ငါဆိုသည်ကား၊ ရှုလော့၊ သင်တို့၏​ဆုတောင်းခြင်းသည် အချည်း​နှီးဖြစ်၏၊ သင်တို့၌ အကျိုးမရှိ။ သင်တို့​သည်လည်း ယုံကြည်ခြင်းကို ငြင်းဆိုသည့် သူတော်ကောင်း​ယောင်ဆောင်သော သူများကဲ့သို့​ပင်တည်း။

၂၉ ထို့ကြောင့်၊ သင်တို့သည် ချစ်ခြင်း​မေတ္တာရှိဖို့ မှတ်မထားလျှင် သန့်စင်​အောင်ပြု​လုပ်သူများက (ထိုအရာ အဖိုး​မတန်သောကြောင့်) စွန့်ပစ်​လိုက်၍၊ လူတို့၏​ခြေအောက်၌ နင်းချေ​ခံရသည့် ချော်ကဲ့သို့ပင်​ဖြစ်၏။

၃၀ ယခုမူကား၊ ငါ၏​ညီအစ်ကိုတို့၊ သင်တို့သည် အလွန်များစွာသော သက်သေများ​ရရှိလေ​ပြီးနောက်၊ ဤအရာတို့​အကြောင်းကို သန့်ရှင်းသော​ကျမ်းစာများ သက်သေခံကြောင်း သိမြင်လျက်၊ ရှေ့သို့​ထွက်လာ၍၊ နောင်တရခြင်း၏​အကျိုးကို ဖြစ်စေရန် ငါ​အလို​ရှိ၏။

၃၁ ထိုမှတစ်ပါး၊ သင်တို့သည် ရှေ့သို့​ထွက်လာ၍၊ စိတ်နှလုံးကို နောက်ထပ်၍ မာကျော​စေခြင်း​မရှိ​စေကြောင်း ငါ​အလို​ရှိ၏။ အကြောင်းမူကား၊ ရှုလော့၊ ယခု​အချိန်သည်၊ သင်တို့​ကယ်တင်ခြင်း၏ ကာလ​ဖြစ်၏။ ထို့ကြောင့်၊ သင်တို့​နောင်တရ၍၊ စိတ်နှလုံးကို မာကျော​စေခြင်း​မရှိလျှင်၊ ကြီးမြတ်သည့် ရွေးနှုတ်ခြင်း အစီအစဉ်ကို သင်တို့​ထံသို့ ချက်ချင်း​ဖြစ်စေ​တော်မူလိမ့်မည်။

၃၂ အကြောင်းမူကား၊ ရှုလော့၊ ဤဘဝသည်၊ လူသား​အတွက် ဘုရားသခင်နှင့်​တွေ့ရန် ပြင်ဆင်ရာ အချိန်​ဖြစ်၏။ ထိုမှတစ်ပါး၊ ရှုလော့၊ ဤဘဝ​ကာလသည်၊ လူသား​အတွက် မိမိတို့၏ အလုပ်များကို ဆောင်ရွက်ရာ​ကာလပေတည်း။

၃၃ ယခုမူကား၊ ငါသည် သင်တို့ကို ယခင်က​ပြောခဲ့သကဲ့သို့ပင်၊ သင်တို့၌ အလွန်​များစွာသော သက်သေများ​ရရှိလေသဖြင့်၊ ထို့ကြောင့်၊ သင်တို့၏​နောင်တရခြင်း​ကာလကို အဆုံး​တိုင်အောင်၊ ဖင့်နွှဲခြင်း​မရှိရန် တိုးလျှိုးတောင်းပန်၏။ အကြောင်းမူကား၊ ထာဝရ​ကာလ​အတွက် ပြင်ဆင်ခြင်းငှာ၊ ငါတို့အား ပေးထားခဲ့သည့် ယခု​ဘဝ​ကာလ၏​နောက်၌၊ ရှုလော့၊ ငါတို့သည် ယခု​ဘဝ၌​ရှိစဉ်တွင်၊ ငါတို့၏​အချိန်ကို တိုးတက်အောင်​မပြုလျှင်၊ ထို့နောက်တွင်ကား၊ အလုပ် ဆောင်ရွက်နိုင်ခြင်း​မရှိသော မှောင်မိုက်ခြင်း၏​ညဉ့်​အချိန် ကျရောက်​လာ၏။

၃၄ သင်တို့သည် ထိုအလွန်​ဆိုးရွားသော အကျပ်​အတည်းသို့​ဆောင်ခြင်းကို ခံရသော​အချိန်ရောက်မှ ငါ​နောင်တရမည်ဟု​လည်းကောင်း၊ ငါ၏​ဘုရားသခင်ထံသို့ ငါ​ပြန်လာမည်ဟု​လည်းကောင်း မဆိုနိုင်ကြ။ မဟုတ်ပေ။ ဤသို့ မဆိုနိုင်ကြ။ အကြောင်းမူကား၊ ယခုဘဝမှ သင်တို့ ထွက်သွားသည့်​အချိန်၌ သင်တို့၏​ကိုယ်ခန္ဓာတို့ကို ပိုင်ဆိုင်သည့် ထိုတူသောဝိညာဉ်က၊ ထာဝရ​လောက၌ သင်တို့၏​ကိုယ်ခန္ဓာကို ထိုတူသောဝိညာဉ်က ပိုင်ဆိုင်ရန် တန်ခိုး​ရှိပေလိမ့်မည်။

၃၅ အကြောင်းမူကား၊ ရှုလော့၊ သင်တို့၏​နောင်တရခြင်း​ကာလကို သေခြင်းသို့​တိုင်အောင်ပင် ဖင့်နွှဲလေလျှင်၊ ရှုလော့၊ သင်တို့သည် နတ်ဆိုး​ဝိညာဉ်၏ ဩဇာခံများ ဖြစ်လာ၍၊ သူသည် သင်တို့ကို သူ့ ၌ စည်းနှောင်လိမ့်မည်။ ထို့ကြောင့်၊ ကိုယ်တော်ရှင်၏​ဝိညာဉ်တော်ကို သင်တို့​အထဲမှ နှုတ်ယူ၍၊ သင်တို့ ၌ နေရာ​မရှိသဖြင့်၊ နတ်ဆိုးသည် သင်တို့​အပေါ် အလုံးစုံသော​အစိုး​ရခြင်း ရှိလေ၏။ ဤအမှုသည်ကား၊ ဆိုးညစ်သော​သူတို့၏ နောက်ဆုံး​ဖြစ်ဟန်​ပေတည်း။

၃၆ ဤအရာကို ငါသိသည်မှာ၊ ကိုယ်တော်ရှင်သည် မသန့်ရှင်းသော​ဗိမာန်များ၌ မနေထိုင်၊ ဖြောင့်မတ်သော​သူတို့၏​စိတ်နှလုံး၌သာ နေထိုင်ကြောင်းကို မိန့်တော်မူလေသောကြောင့်ပေတည်း။ ထိုမှတစ်ပါး၊ ဖြောင့်မတ်သော​သူတို့သည် သူ၏​နိုင်ငံတော်၌ ထိုင်ကြလိမ့်မည်၊ ထွက်​မသွားကြတော့။၊ သို့ရာတွင် သူတို့၏ အဝတ်တန်ဆာများကို သိုးသငယ်၏​အသွေးတော်​အားဖြင့် ဖြူစင်​စေလိမ့်မည်​ဖြစ်ကြောင်းကိုလည်း သူ​မိန့်တော်မူလေ၏။

၃၇ ယခုမူကား၊ ငါ၏​ချစ်လှစွာသော​ညီအစ်ကိုတို့၊ ငါအလို​ရှိသည်မှာ၊ သင်တို့သည် ဤအရာတို့ကို အောက်မေ့​ရမည့်​အကြောင်း၊ ဘုရားသခင်ရှေ့၌ ကြောက်ရွံ့သော​စိတ်နှင့် သင်တို့၏​ကယ်တင်ခြင်း​အတွက် ကြိုးစား​အားထုတ်​ရမည့်​အကြောင်းနှင့်၊ ခရစ်တော်၏​ကြွလာ​တော်မူခြင်းကို မငြင်းဆို​ရတော့မည့်​အကြောင်း၊

၃၈ သင်တို့သည် သန့်ရှင်းသော​ဝိညာဉ်တော်ကို ဆန့်ကျင်၍ မတွန်းလှန်ကြတော့စေကြောင်း၊ လက်ခံ​ရရှိ၍သာ၊ သင်တို့​အပေါ်၌ ခရစ်တော်၏​နာမတော်ကို ခံယူကြ​စေကြောင်း၊ သင်တို့​ကိုယ်သင်တို့ မြေမှုန့်သို့တိုင် နှိမ့်ချ၍၊ သင်တို့​အဘယ်​အရပ်၌​ရှိသည်​ဖြစ်စေ၊ စိတ်ဝိညာဉ်ဖြင့်​လည်းကောင်း၊ သမ္မာ​တရားဖြင့်​လည်းကောင်း ဘုရားသခင်ကို ကိုးကွယ်ကြ​စေကြောင်း၊ သင်တို့​အပေါ်၌ သူ​ပေးတော်မူသည့် များစွာသော ကရုဏာတော်များနှင့် ကောင်းချီး​မင်္ဂလာများ​အတွက်၊ ကျေးဇူးတော်​ချီးမွမ်းခြင်းဖြင့် နေ့စဉ်​အသက်​ရှင်ကြ​စေကြောင်းတို့ ပင်တည်း။

၃၉ ထိုမှတစ်ပါး၊ ငါ၏​ညီအစ်ကိုတို့၊ သင်တို့သည် နတ်ဆိုး၏ သွေးဆောင်​ဖြားယောင်းခြင်းများ​အားဖြင့်၊ လှည့်ဖြား​ခေါ်ဆောင်​သွား​မခံရနိုင်၍၊ သင့်တို့ကို သူ​အနိုင်​မရနိုင်သဖြင့်၊ နောက်ဆုံးသော​နေ့၌ သူ၏​ဩဇာခံများ ဖြစ်မလာစေရန် ဆုတောင်းခြင်းဖြင့် အစဉ်​မပြတ် စောင့်ကြည့်​စေကြောင်းကိုလည်း ငါတိုက်​တွန်း၏။ အကြောင်းမူကား၊ ရှုလော့၊ သူသည် သင်တို့ကို ကောင်းမြတ်သော​အရာဖြင့် အကျိုး​ကျေးဇူးကို မပေး။

၄၀ ယခုမူကား၊ ငါ၏​ချစ်လှစွာသော​ညီအစ်ကိုတို့၊ သင်တို့ကို ငါတိုက်တွန်း​လိုသည်မှာ၊ သည်းခံခြင်း​ရှိရန်နှင့် အမျိုးမျိုးသော​ဆင်းရဲ​ဒုက္ခများကို သင်တို့​သည်းခံနိုင်​စေကြောင်း၊ သင်တို့၏ အလွန်​ဆင်းရဲ​နွမ်းပါးခြင်းကြောင့် သင်တို့ကို နှင်ထုတ်ခဲ့​သူများကဲ့သို့ အပြစ်​ရှိသူများ ဖြစ်မလာ​စေခြင်းငှာ၊ သူတို့ကို ဆန့်ကျင်၍ ကဲ့ရဲ့​ပြောဆိုခြင်း​မရှိစေကြောင်း၊

၄၁ သို့ရာတွင်၊ သင်တို့သည် သည်းခံခြင်း​ရှိ၍၊ တစ်နေ့သော​အချိန်၌ သင်တို့၏​ခပ်သိမ်းသော ဆင်းရဲ​ဒုက္ခများမှ အနား​ရလိမ့်မည်ဟူသော ခိုင်မာသည့် မျှော်လင့်ခြင်းဖြင့်၊ ထိုဆင်းရဲ​ဒုက္ခများကို သည်းခံကြ​စေကြောင်းတို့ပင် ဖြစ်လေသတည်း။